Saturday, September 29, 2012

သူပုန်ကျောင်းသားဘ၀ (၁)


ခြေလှမ်းတွေနှေးခဲ့ရတယ်
ကျနော်တို့ ဘာကြောင့်လက်နက်ကိုင်ခဲ့ကြပါသလဲ မိမိကိုယ်မိမိ ပြန်မေးကြည့်တယ်။ လူငယ်တို့ သဘာဝ လဘက်ရည် ဆိုင်ထိုင်ပြီး ကြိုက်နှစ်သက်ရာသီချင်းလေးကို နားထောင်ချင်သူတွေ။ အချစ်အကြောင်းတွေကို အပေါင်းအသင်းများနဲ့ ထပ်ကာတလဲလဲပြောပြီး ဘ၀ကိုငြိမ်းချမ်း စွာကျော်ဖြတ်လိုသူတွေပါ။ ခုတော့ တခါမျှမစဉ်းစားမိခဲ့တဲ့ သူပုန်ဘ၀ကို ရောက်ခဲ့ကြရတယ်။ တကယ်ဆိုရင် ကျနော်တို့ရဲ့ဘ၀တွေဟာ ကဗျာလှလှတွေကိုသီ စာလှလှတွေကိုစီပြီး နူးနူးညံ့ညံ့ မြူးမြူးကြွကြွ သီချင်းတွေနဲ့အတူ အချစ်ကိုစဉ်းစားရင်း ရင်ခုန်နေရမဲ့အရွယ်တွေပါ။ နောက်ဆုံးတော့ စနစ်ဆိုးကြီးရဲ့ ကံကြမ္မာမုန်တိုင်းအောက်မှာ လက်နက်ကိုမကိုင်ချင်သော် လည်းကိုင်ခဲ့ရတဲ့ စနစ်ရဲ့သားကောင်များ ဖြစ်ခဲ့ရတယ်။
ကျနော် နောက်ဆုံးတောခိုဖို့ ဆုံးဖြတ်ခဲ့ချိန်ကတော့ ဗကသ ဖွဲ့စည်းပြီးကာစ စစ်အာဏာမသိမ်းမီကာလ ဖြစ်ပါတယ်။ ရန် ကုန်တက္ကသိုလ်ဓမ္မာရုံတွင် ကျောင်းအသီးသီးက ကျောင်းသားလှုပ်ရှားမှု များတွင်ပါဝင်ကြသူများစုစည်းပြီး ရှေ့လုပ်ငန်း စဉ်များအတွက် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်တဲ့အတွက် ကျောင်းအသီးသီးမှ ကျောင်းသားများအင်တိုက် အားတိုက် ရောက်လာကြတာတယ်။
မင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တော်တော်များများ တက်ရောက်လာကြတယ်။ ကျနော်နဲ့ ဖွဲ့စည်းပြီးခါစ NIDF အဖွဲ့ဝင် များလည်းတော်တော်များများတက်ရောက်ခဲ့ကြပါတယ်။ ကျောင်းသားတို့သဘာဝ တက်တက်ကြွကြွနဲ့ ကိုယ်သန်ရာသန်ရာကို ဆွေးနွေးကြသော်လည်း အားလုံးကမူ ဗကသ ဥက္ကဋ္ဌ ဖြစ်ပြီးခါစ ကိုမင်းကိုနိုင်ကို ဦးတည်ပြီး ဆွေးနွေးခဲ့ကြတာကို တွေ့ခဲ့ရတယ်။ နောက်ဆုံး ကျနော်တို့အကြားတွင် အမြင်သုံးမျိုး အသွင်သုံးမျိုးနဲ့ ရှေ့ဆက်သွားကြ ဖို့ ကို နားလည်မှုရခဲ့ကြတယ်။ စစ်တပ်က အာဏာသိမ်းတော့မယ် ဆိုတာကိုလည်း အားလုံးကချွင်းချက်မရှိ သဘော ပေါက်ခဲ့ကြတယ်။
မည်သည့်နည်းနဲ့မဆို ကျနော်တို့သည် လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေလုပ်ကိုလုပ် ရတော့မည်။ အလားတူစွာ ဗကသကို မြေပေါ်မှာမားမားမတ်မတ် ဆက်လက်ရပ်တည်နိုင် အောင်ကိုလည်း ကြိုးစားရမည့်အပြင်။ ဥပဒေတွင်း နိုင်ငံ ရေး (ပါတီအသင်းအဖွဲ့များ) တွင်လည်း ၀င်ရောက်လှုပ်ရှားရတော့မည်။ ဤသုံးချက်အပေါ် ကျနော်တို့အားလုံး ညီညွတ် ခဲ့ကြတယ်။ ကျနော့်ကိုယ်ကျနော် သူပုန်ဖြစ်တော့မဲ့ အတွေးစိတ်နဲ့အတူ လူကြမ်းမင်းသား ကိုအံ့ကျော်။ ကိုစံတင်ပုံရိပ် စိတ်ထဲမှာပေါ်လာလို့ ကိုယ်ဖါသာကိုယ်ပြုံးလိုက်မိသေးတယ်။
ကျနော်နဲ့ ၀င်းမိုးကတော့ အတော်တွဲမိခဲ့တယ်။ ဘာဖြစ်လဲဆိုတော့ ဗကသ ဖွဲ့စည်းပြီးကာစကာလတွေမှာ ကျောင်းသား ထုအတွင်း ဖြစ်ပေါ်လာခဲ့တဲ့ အထွေထွေမကျေနပ်များကို သူနဲ့အတူ အတော်များများကို အတူတကွညှိနှိုင်း ဖြေရှင်းခဲ့ကြ လို့ ဖြစ်ပါတယ်။ အများစုကတော့ တောခိုဖို့ ဆုံးဖြတ်ချက်ခဲ့သည့်ဘက်မှာ အလေးသာခဲ့ကြတယ်။ နောက်နေ့မှာ ပြန်ဆုံ ကြမယ့်နေရာကို အချိန်းအချက်လုပ်ပြီး လှည်းတန်းဘက်က ဈေးပေါပေါထမင်းဆိုင်ဘက်ကို ခြေဦးလှည့်ခဲ့ကြတယ်။ တော်ရိယော်ရိ နှစ်ကျပ်ခွဲထမင်းဆိုင် ပိုင်ရှင်တွေကတော့ ကျနော်တို့အတွက် အလွန်ကိုစေတနာရှိသော အလွန်ကို တာ ၀န်ကျေခဲ့သော အခြေခံပြည်သူတွေ ဖြစ်ခဲ့ပါတယ်။
တခါတလေ ရယ်စရာလေးတွေလည်း ပါလာခဲ့ကြတယ်။ အစည်းအဝေးခန်းမထဲက ထွက်လာတုန်း ကျနော့် လုပ်ဖေါ်ကိုင် ဖက် ကိုဘိုဟိန်း (ပဲခူးဖက်မှာ လက်နက်နဲ့အတူအဖမ်း ခံခဲ့ရသူ) က မျက်နှာထားကသိပ်မကောင်းတော့ ဒီကောင်တခုခု ဖြစ်နေပြီဆိုတာ သိလိုက်တယ်။ ကျနော်က သူငယ်ချင်း မင်းဘာများ မကျေမနပ်ဖြစ်နေတာလားကွာလို့ မေးကြည့်လိုက် ပါတယ်။ ဟိုးဟိုး တက်တက်စင်အောင် လွဲတော့တာပါပဲ။ ဘယ်ဟုတ်လိမ့်မလဲ။ အစည်းအဝေးလုပ်တုန်းက ကိုမင်းကိုနိုင် ဘေးမှာ လက်ရေးတိုမှတ်စုရေးပေးနေတဲ့ ကောင်မလေး ချောချောလှလှလေးက ဒီကောင့်ညီမ၀မ်းကွဲ ဖြစ်နေပါရော လား။ ဖြစ်နိုင်ရန်ကော သူငယ်ချင်းရယ်။ ကျနော်က သူ့ကို ထပ်ပြီးစလိုက်တယ်။ နောက်တခါဆို မင်းညီမလေးကို ပိုပြီး စိတ်ချလက်ချဖြစ်အောင် မင်းအနားခေါ်ထားလိုက်လေကွာ ဒို့အတွက်လည်း ပိုပြီးအဆင်ပြေတာပေါ့ စရင်းပြောင်ရင်း တ၀ါးဝါး ရယ်မောရင်းနဲ့ ကျနော်တို့ရဲ့ ရန်ကုန်သားဘ၀ရဲ့နောက်ဆုံးနေ့ကို ကျော်ဖြတ်ခဲ့ကြတယ်။
အာဏာသိမ်းတော့မည်မှာ မြေကြီးလက်ခတ်မလွဲပေ။ မည်သူကမှ အထူးအထွေ စောဒက မတက်ကြ။ ရှစ်လေးလုံးနေ့ က အဖြစ်အပျက်တွေက အားလုံးရင်မှာ မှတ်မှတ်ရရထိမိရှိမိပြီး တနင့်နင့်ရှိနေကြဆဲပါ။ တပ်မတော်သားတွေ ပြည်သူ တွေနဲ့ လက်တွဲဖို့ ကတ္တရာလမ်းမကြီးပေါ် ရှစ်ခိုးဦးချခဲ့ကြတဲ့ ကျောင်းသားတွေ ပြည်သူတွေကို မြင်ခဲ့ရသူတွေပါ။ စစ်တပ် က လူထုဘက်ကိုမပါသည့်အပြင် ရက်ရက်စက်စက် ပြစ်သတ်ခဲ့တဲ့အတွက် ဒီစစ်တပ်ကို လက်နက်ကိုင် တိုက်မှရတော့ မယ်လို့ ထိုစဉ်အခါဆုံးဖြတ်ချခဲ့တဲ့ ကျောင်းသားလူငယ်တွေအပေါ် မည်သူ တဦးတယောက်ကမှ အပြစ်ပြောခဲ့သည်ကို ထိုစဉ်က ကျနော် မကြားမိခဲ့ပါ။
ဝင်းမိုး။ အောင်နိုင်။ ကျနော်အပါအ၀င် အယောက်နှစ်ဆယ်လောက်ရှိတဲ့ ကျနော်တို့အုပ်စုက ရန်ကုန်မြို့ကနေ စက်တင် ဘာ (၇) ရက်နေ့က စထွက်လာခဲ့ကြတယ်။ လမ်းမှာအဆင့်ဆင့်သော စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ပြီး မော်လမြိုင် ကို ရောက်ခဲ့ကြတယ်။ ကျနော်ကမော်လမြိုင် မှာမွေးခဲ့တဲ့ မော်လမြိုင်သားဆိုတော့ အတော်ပျော်သလို ခံစားရပါတယ်။ မုတ္တမရောက်တော့ (ရ) မိုင်မျှသာဝေးတဲ့ ကျနော်ကြီးပြင်းခဲ့ရာ ကျနော်အထက်တန်းပညာကိုသင်ကြားခဲ့ရာ ကျနော့်ဇာတိ ဖြစ်တဲ့ ကတိုး။ ကော့နှပ် ရွာဖက်ကိုမျှော်ကြည့်ရုံမျှသာ မျှော်ကြည့် နိုင်ခဲ့ပါတယ်။ ငယ်စဉ် ဘ၀က ပျော်ရွှင်ကြီးပျင်းခဲ့ရာ ကျနော်၏ချစ်လှစွာသော မွေးရပ်မြေလေးကို လွမ်းတသသဖြစ်ခဲ့ ရင်း အဝေးမှအမေနဲ့အဖေကို ဦးခိုက်ခဲ့ပါတယ်။ ကျနော် ဘ၀တဆစ်ချိုးကွေ့ရတော့ မယ်ဆိုတာကို ကောင်းကောင်းသိလိုက်ပါပြီ။
မုတ္တမကနေ မော်လမြိုင်ဘက်ကို ဇက်သင်းဘောဖြစ်ကူးတော့ အရင်တုန်းကမြင်တွေ့နေကျ ခေါင်းဆေးကျွန်းနဲ့ ကျိုက်သံ လံတောင်တန်းတွေကို နောက်ဆုံးအနေနဲ့ကြည့်နေမိတယ်။ စိတ်ထဲကတော့ ပြန်လာခဲ့မယ် မွေးရပ်မြေရယ်လို့သာ တမ်း တနောက်ဆုံး ဖြစ်ခဲ့ရတယ်။
မော်လမြိုင်ကိုရောက်တော့ ဦးမျိုးချစ် (သီပေါဘိုး) နဲ့အဖွဲ့က လာရောက်ကြိုဆိုပြီး ကျိုက်ဖနဲ ဘက်က သူ့မိတ်ဆွေတွေ အိမ်မှာ နေရာချထားပေးတယ်။ မနက်ကျတော့ လူသိပ်များနေလို့ (၂) စုခွဲပြီးသွားဖို့စီစဉ်ကြတော့ ကိုဝင်းမိုး၊ ကိုအောင်နိုင် တို့ ကော့ဘိန်းဘက်ကနေတဆင့်သွားဖို့ ကျနော်ကနေ ထားဝယ်ဖက်က လာခေါ်တဲ့ ကျောင်းသားတွေနဲ့အတူ မုဒုံ။ သံဖြူ ဇရပ်ဘက်ကနေသွားဖို့ စီစဉ်လိုက်ကြတယ်။ အခု သြစတေးလျှမှာ နေထိုင်တဲ့ ကိုကျော်စွာဟာ ထားဝယ်ဘက်ကနေလာ ခေါ်တဲ့အထဲက တဦးဖြစ်ပါတယ်။ မွန်နယ်မြေဖြတ်တော့ စစ်ဆေးရေးဂိတ်တွေက အတော်ကိုစိစစ်လာကြတယ်။ မဆလ စစ်ဆေးရေးခေတ် မဟုတ်တော့ပါ။ သပိတ်ခေါင်းဆောင်များ ဦးဆောင်သော စစ်ဆေးရေးဂိတ်များသာ ဖြစ်ပါတယ်။ ကျနော်က မွန်စကားကို တော်တော်များများ ပြောနိုင်သေးတာမို့ အတော်အဆင်ပြေခဲ့ပါတယ်။
နောက်တနေ့တော့ သံဖြူဇရပ်က သပိတ်ခေါင်းဆောင်တွေက ကျနော်တို့ကို လှေတစ်စီးနဲ့ တင်ပေးဖို့ စီစဉ်ပေးခဲ့ကြတယ်။ လှေပေါ်မှာ ကျနော်တို့ ရန်ကုန်ကလာသော ကျောင်းသားများပါသလို မုဒုံသံဖြူဇရပ်မှ တောခိုကြမည့်သူအများစုက လည်း ပါလာခဲ့ကြတယ်။ ထိုစဉ်အခါက တယောက်ကိုတယောက် မသိကြသေးပါ။ နောက်အခါတွင် ပြန်စဉ်းစားရင်း သိ လာခဲ့ရတာကတော့ မုဒုံကထွက်လာသည့်အုပ်စုမှာ ဒေါက်တာနိုင်အောင်နဲ့ ကိုတင်စိုးနောင်တို့ ပါလာခြင်းပင် ဖြစ်တယ်။ ထိုစဉ်အခါက မှတ်မှတ်ရရ ရှိနေတာကတော့ ၎င်းတို့၏ရင်ဘတ်တွင်ထိုးထားတဲ့ အသေခံတံဆိပ်လေးပဲ ဖြစ်ပါတယ်။ ၎င်း အပြင် မုဒုံသပိတ်ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ကိုတင်စိုးနောင်က မွန်စကားနဲ့ပင် ကျနော်ကို မိတ်ဆက်ပြီး လှေပေါ်မှာ စကားဖေါင်ဖွဲ့လာခဲ့ကြတယ်။ ဘေးကလူက ဆရာဝန်တယောက်ပါလို့ စကားစပ်ရင်း ပြောပြလာလို့ မှတ်မိနေခဲ့တာ ဖြစ် ပါတယ်။
အများစုကတော့ မွန်တော်လှန်ရေးနယ်မြေကို သွားဖို့အတွက် ကဗျာဝမှာ ဆင်းကြတယ်။ ကျန်တဲ့သူတွေကတော့ နောက် ဆုံး လောင်းလုံပင်လယ်ကမ်းခြေမှာ ဆင်းကြရတယ်။ လောင်းလုံမှာ သပိတ်ခေါင်းဆောင် ကျောင်းဆရာတွေနဲ့ တွေ့ခဲ့ကြ ပြီး ထားဝယ်ကိုစီစဉ်ပို့ ပေးခဲ့ကြတယ်။ သူတို့ဟာ ကျနော်တို့ကိုအားတက်သရော ကူညီကြသူများဖြစ်သလို တကယ်ကို တော်လှန်လိုသူများအဖြစ် တွေ့ခဲ့ရတယ်။ ထားဝယ်ကိုရောက်တော့ ကိုတင်လေး (မင်းသမီးစခန်း ကျဆုံး အသတ်ခံရ) က ကျနော်တို့ကို နေရေးထိုင်ရေးအစအစ အရာရာကို စီစဉ်ပေးပါတယ်။
ဆရာမ တင်ထွေးမူ (သခင်ဗသိန်းတင် သမီး) နဲ့ ကိုထိန်လင်း မိသားစုက ကျနော်တို့အတွက် အစစအရာရာ လိုလေသေး မရှိအောင် အကူအညီပေးခဲ့ပါတယ်။ ထိုစဉ်အခါ ထားဝယ်မြို့ဟာ သပိတ်ခေါင်းဆောင်တွေ ကြီးစိုးထားတဲ့ကာလမို့ အ တော်လေးကို လွတ်လွတ်လပ်လပ် ရှိခဲ့ပါတယ်။ စစ်အာဏာတွေ့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်လည်း ပြိုလဲနေချိန်ဆိုတော့ အား လုံးက ကိုယ့်ဖက်မှာရှိနေသလို ပါပဲ။ တကယ်ဆိုရင် ထိုအချိန်က စစ်အစိုးရက အာဏာသိမ်းဖို့ စီစဉ်နေတဲ့ ကာလပဲ မ ဟုတ်လား။ ဒါပေမဲ့ အခြေအနေကတော့ ဒီမိုအင်အားစုတွေကို အလေးပေးနေတုန်းပဲ။ ယုတ်အစွဆုံး ထားဝယ်မြို့ ရဲမှူး လားမသိပါ။ သူ့သမီးချောချောလေးနှစ်ဦးက ဖိတ်ကြားတဲ့ လက်လက်ရည်ဝိုင်းလေးကိုပင် မိုးဇော်အောင်(မင်းသမီးစခန်း) ကဦးဆောင်ပြီး ထားဝယ် ကျောင်းသားအချို့နဲ့အတူ သွားရောက်စားသောက်ပြီး လူငယ်ပီပီ ဖွန်ကြောင်ခဲ့ကြသေးတယ်။
ပျော်စရာလည်းအကောင်းသား ကြည်နူးစရာလည်းအကောင်းသားပါ။ မြန်မာပြည်မှာ နေရမဲ့ နောက်ဆုံးနေ့မို့လည်း အား လုံးကရင်ထဲက ဘာမှန်းမသိတဲ့ ခံစားမှုတွေနဲ့ နင့်နေခဲ့တယ်။ ညကျတော့ ကိုတင်လေးက ကျနော်တို့ကိုလာခေါ်ပြီး အ ခြေအနေအတော်ကို ဆိုးနေပြီဖြစ်လို့ သူက ကျနော်တို့ကိုနေရာပြောင်းပြီး လက်ပစ်ဗုံးတလုံးပေးထားကာ အသင့်ရှိနေ ကြဖို့ ပြောခဲ့တယ်။ ကျနော်တို့ ဆောက်လက်စတိုက်တခုရဲ့ အပေါ်ထပ်မှာ နေခဲ့ရတယ်။
နောက်နေ့ ကျနော်နဲ့ကိုတင်လေးကနေပြီး တောခိုမည့်လမ်းကြောင်းအတွက် ကေအင်ယူကို အရင်ဆုံးဆက်သွယ်ဖို့ အ တွက် တောင်သုံးလုံးဖက်ကို ထွက်လာခဲ့ကြတယ်။ ဦးဆောင်လမ်းပြ အနေဖြင့် ကိုလေဘေး (ကိုသောင်းညွန့်- မင်းသမီး စခန်း) က ကျနော်တို့နဲ့အတူ ကေအင်ယူရှေ့ တန်းစခန်းတခုကိုရောက်ခဲ့ကြတယ်။ အဲဒီမှာ ကေအင်ယူက ဗိုလ်မှူး ဒါး ကျော်နဲ့ ဗိုလ်ရစ်ချတ် အေအယ်ပီက ဗိုလ်မှူးခိုင်ရာဇာ (အိန္ဒိယစစ်တပ်ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရသူ) တို့နဲ့ တွေ့ဆုံဆွေး နွေးခဲ့ ကြတယ်။ ကျနော်ဘ၀မှာ ပထမဦးဆုံးမြင်ဖူးသော တော်လှန်ရေးသမားတွေဆိုရင်လည်း မမှားပါဘူး။
ကျနော်တို့ ဆွေးနွေးပြီးအပြန်မှာ ကေအင်ယူကတပ်စုတပ်စုက ပြန်လိုက်ပို့ပါတယ်။ သူတို့ ပိုင်နက်ကျော်တာနဲ့ ကျနော် တို့ကို ကိုယ့်ဟာကိုယ်သွားတော့လို့ပြောတော့ ကျနော်တို့ရှေ့ ဆက်လျှောက်ပြီး ၁၀ မိနစ်မျှအကြာမှာ သေနတ်ကိုယ်စီနဲ့ မဆလစစ်သားတွေကို စစ်ဆင်ရေး အနေအထားနဲ့တွေ့လိုက်ရတယ်။ ဖြစ်ပုံက ကေအင်ယူစစ်သားတွေကို ဖြတ်တိုက်ဖို့ ထွက်လာဖြစ်မှာပါ။ ကျနော်တို့အားလုံးကို ထိုင်ခိုင်လိုက်ပြီး လက်ကိုခေါင်းပေါ်တင်ထားခိုင်းပြီး ဆဲရေး တိုင်းထွာမှုအ နည်းငယ်လုပ်ပြီး မင်းတို့ဘယ်ကလာသလဲ။ ဘာသွားလုပ်သလဲ စစ်မေးပါတော့တယ်။ ကိုသောင်းညွန့်က ဂန်သားဖြစ်တဲ့ ကျနော်ကို ဘာမှာအသံမထွက်မပြောဖို့ တိုးတိုးလေး ပြောလာတယ်။ သူကပဲ ဦးဆောင်ပြီး မိမိတို့ဟာ ကွမ်းသီးကုန် ရောင်းပြီး ပြန်လာကြတဲ့သူတွေဖြစ်တယ်။ အခုရောင်းပြီး ပြန်လာတဲ့လို့ပြောလို့ အဆင်ပြေသွားပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ သူငယ်ချင်း ကိုလေဘေး သာ မပါရင်တော့ တခုခုတော့ ကံဆိုးသွားနိုင်ပါတယ်။ အခုတော့ ကံကောင်းစွာပဲ ကျနော်တို့ ထားဝယ်မြို့ကို ပြန်ရောက်လာခဲ့ကြပါတယ်။
နောက်နေ့ ကျနော်တို့သွားခဲ့တဲ့ တောင်သုံးလုံးမှာ တိုက်ပွဲတွေဖြစ်ပြီး မဆလစစ်တပ်ဖက်က (၆) ဦးလောက် ကျတဲ့သ တင်းကြားရတော့ ကျနော်တို့ မူလ ကရင်နယ်မြေဖက် တောခိုဖို့အစီအစဉ်ကို ဖျက်လိုက်ရပြီး အစီအစဉ်သစ်ကို ချက်ခြင်း အကောင်အထည်ဖေါ်ရပါတယ်။ ကိုတင်လေး အစီအစဉ်နဲ့ တောင်ပိုင်း ဗကပ နယ်မြေဘက်က ထွက်ဖို့ဖြစ်လာတယ်။ အာဏာမသိမ်းခင် မူလကထွက်ဖို့ လူအများကြီးမဟုတ်သေးပါဘူး။ ဒါပေမဲ့ (၁၉) ရက်နေ့မှာ ကျနော်တို့ သရက်ချောင်း ကိုရောက်တော့ တောခိုလိုသူရော မလိုသူရော သုံးရာလောက်ကိုဖြစ်နေတယ်။ စားရေးသောက်ရေးကိုတော့ ဘုန်းကြီး ကျောင်းမှာပဲ အဆင်ပြေပြေ ဖြစ်ခဲ့ပါတယ်။
စားရေးသောက်ရေးပြီးတော့ ကျနော်တို့စက်လှေလေးတွေနဲ့ အုပ်လိုက်အုပ်လိုက်ထွက်လာ ခဲ့ကြတယ်။ တောခိုလာတာနဲ့ မတူဘဲ ရွာဘုရားပွဲအလယ်လာကြသလို ဖြစ်နေတယ်။ ထားဝယ်မှာလည်း သေတဲ့လူဒဏ်ရာရသူတွေကျန်ခဲ့ သွေးသံရဲရဲ မြင်ပြီးကာစမို့ အားလုံးစိတ်ထဲမှာ မခံချင်ခြင်းကြောက်လန့်ခြင်းများရောပြွန်းနေပေမဲ့ အပြုံးမပျက်ရှေ့ဆက်လာခဲ့ကြတယ်။ အမည်မမှတ်မိတော့ပါ။ ရွာတရွာကိုရောက်တော့နည်းနည်းနေစောင်းလာပြီ။ နောက်ထပ် ခရီးအဆက်ဖို့အလုပ်မှာ ထား ၀ယ်ဖက်မှကျောင်းသားများလိုက်လာပြီး သူတို့သားသမီးတွေ လာခေါ်ကြောင်းကြားရပါတယ်။ အဲဒီမှာ ကျနော်တို့ရဲ့ ဇတ်လိုက်ကျော်ကြီး- ဒီဗွီဘီသတင်း ထောက်ဟောင်း ကိုထက်အောင်ကျော်ရဲ့ ချစ်ဒုက္ခ ဦးဘညွန့်ဇတ်လမ်းတိုလေး ဖြစ် ခဲ့ရတယ်။
မိဘတွေပြန်လာခေါ်တော့ ထားဝယ်က ကျောင်းသူတော်တော်များများ မိဘတွေနဲ့ပြန်ပါသွားတယ်။ လူငယ်ပီပီ အားလုံး ဟာ ဒီလိုမဟေသီလေးတွေကို အတူပါလာစေချင်တာပေါ့လေ။ဒါပေမဲ့ မိဘကိုယ်တိုင်ပြန်ခေါ်တော့ အားလုံးက နားလည် ပေးကြရပေမဲ့ ရင်ထဲမှာ ဟာတာတာဖြစ်သွားသူတွေ အချစ်အတွက်မျှော်လင့်ချက် ရောင်ချည်ညှိုးမှိန်ခဲ့သူတွေ ပါခဲ့ကြမှာ ပါ။ ကျနော် ချစ်ဘော်ဒါကြီး ကိုထက်အောင်ကျော် အတွက်ကိုတော့ ကျနော်အတော်မှတ်မှတ်ရရ ရှိခဲ့တယ်။ ဆေး ကျောင်းသူလေး စန်းစန်းမူဟာ တော်တော်လေး လှပမွန်ရည်သူလေးဖြစ်ပါလိမ့်မယ်။ ကျနော်ပင်မြင်မြင်ချင်းပင် အတော် လှတဲ့ မိန်းကလေးပဲလို့ စိတ်ထဲကအသိအမှတ်ပြုခဲ့မိတယ်။ ထားဝယ်မှာတုန်းက လက်ဘက်ရည်ဝိုင်း အတူထိုင်ခဲ့ ခဏ တာ ရင်နှီးကြည်နူးခွင့်ရခဲ့တဲ့ မေသူ တို့ ညီအမထက်ပင် လှနေပါတယ်။ ကျနော်တို့ ဇတ်လိုက်ကျော်ကြီး စွဲလည်းစွဲ လောက်ပါပေတယ်။
မိဘများခေါ်ဆောင်ရာနောက်ကိုပါသွားတဲ့ စန်းစန်းမူကိုကြည့်ရင်း ဇတ်လိုက်ကျော်ကြီးခြေ လှမ်းတွေကလည်း နှေးခဲ့ရ တယ်။ သူလိုပဲ ကျနော်တို့အထဲမှာ ခြေလှမ်းတွေ နှေးခဲ့ရသူတွေ အများကြီးပါမှာပါ။ အမှန်အတိုင်းပြောရရင် ကျနော့် စိတ် ထဲမှာ မေသူလည်း ကျနော်နဲ့အတူ ပါခဲ့ပါတယ်။ စိတ်ကူးယဉ်ခြင်း၌ ကြည်နူးတတ်သူပီပီ ကျနော်လဲ ခြေလှမ်းနှေးခဲ့သူ ဖြစ်ခဲ့ရတယ်။
ယုဇနပင်နဲ့ ဖဲကြိုးဝါ သီချင်းစာသားလေးကို ညည်းတွားရင်းနဲ့ပေါ့။
အိမ်ပြန်လ တပေါင်းချစ်စရာနွေ… ခြေလှမ်းတွေ နှေးခဲ့ရတယ်.. တကယ်ပဲကွယ်…..

ကိုကိုဦး (တပ်ရင်း ၁၀၂)
စက်တင်ဘာလ (၂၈) ရက်။ ၂၀၁၂ ခုနှစ်

No comments: