တခါတုန်းက ရွာတရွာမှာ မုဆိုးမ မိသားစု တစု ရှိတယ်။ မိသားစုထဲမှာ
မလုံး ဆိုတဲ့ သမီးတယောက်လဲပါတယ်။ မလုံးက သမီးမိန်းကလေးဆိုပေမယ့်
ဒေါင်းတည်မောင်းတည် ကျားကျားယားယား မဟုတ်မခံ ယောင်္ကျားလျာတယောက်၊ မလုံး ရဲ့
အထက်အောက် မောင်နှမတွေက ပျော့စိစိ အေစစ ဆိုတော့ မိခင်မုဆိုးမကြီးက
ဖအေတူသမီး မလုံး ကိုပဲ သားတ ယောက်လို အားကိုးအားထားပြုနေရတယ်။ တခါတော့
အများကဝိုင်းတောင်းဆိုတာကြောင့် မလုံး ကိုယ်တိုင်ဦးစီးပြီး ဇာတ်ထောင်တယ်၊
မိခင်လုပ်သူကလည်း မလုံး ကို ယုံကြည်တော့ ရှိသမျှထုခွဲပြီး
အရင်းနှီးထုတ်ပေးလိုက်တယ်။
ဇာတ်ရယ်လို့သာ အများတောင်းဆိုလို့ထောင်လိုက်ရတာ ဇာတ်စီးလည်းမယ်မယ်ရရ
မရှိသလို ပါလာသမျှဇာတ်သမား ဇာတ်သမတွေကလည်း ဝါသနာပါတာကလွဲလို့ ဘာမှမတတ်ဘူး၊
ဆိုင်းသံကြားလို့ထွက်လာကြတာ၊ ခေါင်းခါးခြေလက် ကွဲသူက အတော်ဆုံးပဲ။
ဘာပဲဖြစ်ဖြစ် ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ဆိုတော့ တပွဲမှမကသေးပေမယ့်
လက်ခုပ်သံဖျောင်း ဖျောင်းနဲ့ အားပေးကြတာပဲ။ ဇာတ်သမား ဇာတ်သမတွေကို ဟိုက ဒီက
ဖိတ်ခေါ်အားပေးဧည့်ခံကြရတာ အလုအယက်။
ဒီလိုနဲ့ အချိန်တွေသာကြာလာတယ် ဇာတ်စီး မလုံး မအားတာလိုလို
ပွဲမိန့်မရတာလိုလိုနဲ့ တပွဲမှမကရဘဲ ဇာတ်သမား တွေက ဟိုရောက်ဒီရောက်
ဖားကောက်သူကောက် ငါးနှိုက်သူနှိုက်၊ ဇာတ်နဖူးစီးတွေ ကာလိပ်တွေက ဆေးရောင်တွေ
ပြယ် ဖုံးတွေတက် အရောင်မှိန်ကုန်ပြီ။ ဘာပဲဖြစ်ဖြစ် ဇာတ်ကတော့
ကအုန်းမှာပဲဆိုတော့ အရပ်ကလဲ အားပေးကြတုန်း ပါပဲ။ ဘာပဲဖြစ်ဖြစ်
ဇာတ်ထောင်လိုက်တာတခုတော့ အမြတ်ထွက်တယ်ပြောရမယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် မလုံး အ
တွက် တက်ညီလက်ညီ အပေးအယူမျှတဲ့ လုပ်ဖော်ကိုင်ဖက် တယောက်ရလာတယ်။ သူကတော့
ကိုပြား တဲ့၊ အနုပညာ ကို တကယ်ဝါသနာပါတယ်လို့ပြောပြီး နောက်ဆုံးမှ
ကပ်ပြီးဇာတ်ထဲပါလာတာ၊ သူက ကိုပြား ဆိုပေမယ့် လုံးရာကပြား ချင်တဲ့ ဘုန်းကညာ
မိန်းမလျာတပါးပေါ့။
ဒီတော့ မလုံး နဲ့တော့ တိုင်းယက်ထားတဲ့ ပက်ကလာ မိုးရွာတာနဲ့
အဆင်သင့်နေတာပေါ့။ အရပ်ကလည်းသဘောကျ ဓါတ်တိုက်နတ်ကြိုက် အကိုက်ပေါ့။
ဒီတော့ကာ ကိုလုံးနဲ့မပြား အဲလေ ကိုပြားနဲ့မလုံးတိုင်ပင်တယ်။ တခြားဇာတ်သမား
တွေ ဟိုရောက် ဒီရောက် ဖားကောက်သူကောက် ငါးနှိုက်သူနှိုက်နေချိန်
ဇာတ်လည်းတိတိကျကျမကရသေးတဲ့ အတူတူ မလှူနိုင်ဈေးရောင်း ဆိုတဲ့စကားအတိုင်း
ငတ်ပြတ်နေတဲ့ ရွာသားတွေအတွက် စေတနာရှေ့ထားပြီး ဟင်းဆိုင် ဖွင့်ကြမယ် ပေါ့။
အရပ်ထဲက ကိုတုတ်ကြီးတို့ ကိုမုတ်ဆိတ်တို့ကလည်း မဖြစ်စလောက်အရင်းအနှီး
ထုတ်ပေးတယ်။ ကိုလုံးနဲ့ မပြား အဲ လေ ကိုပြားနဲ့ မလုံးတို့ ရွာသားတွေအတွက်
ဟင်းဆိုင်ကလေးဖွင့်လိုက်တယ် ဆိုပါတော့။ ဒါပေမယ့် ဟင်းဆိုင်က တပင် တိုင်
သီးစုံကုလားဟင်းတခွက်ပဲ ရောင်းတယ်။
ရွာသားတွေ ဈေးပေါပေါနဲ့ဝယ်လည်းစားနိုင်အောင် တွက်ချေလည်းကိုက်အောင်
ကိုမုတ်ဆိတ်ပွဲရုံက အာလူး ဘူးသီး ခရမ်းချဉ်စတဲ့ လွှင့်ပစ်ရတော့မယ့်
တခြမ်းပုပ်တဝက်ကောင်းတွေ ပုံတိုက်ယူပြီး အပုပ်ကိုဖယ် အကောင်းကို အသေအချာ
သန့်စင်ပြီး ငါးခြောက်ရိုးလေး ပါလေကာနဲ့ချက်တယ်။ ပြီးတော့
မုဆိုးမမျက်ရေပေါက်လောက် ဆီနဲ့သတ် ကိုမုတ်ဆိတ်ရဲ့ မဆလာနဲ့အုပ်လိုက်တော့
ကိုလုံးနဲ့ မပြား အဲလေ ကိုပြားနဲ့ မလုံးတို့ရဲ့ သီးစုံကုလားဟင်းဟာ
အပေါ်ယံဆီလိုလို ရေလို လို ဝေ့ပြီး မဆလာနံ့လေးသင်းနေတော့ အငတ်ရွာသားတွေ
ဘာခံနိုင်မလဲ သွားရေတမျှားမျှားနဲ့ပေါ့။
ရောင်းကောင်းလိုက်ပုံများ လက်ခုပ်သံ တဖျောင်းဖျောင်း အဲလေ ဇာတ်ကတာနဲ့
ရောသွားပြီ၊ ရောင်းကောင်းတာများ လက်တောင်မလည်ဘူး။ တသက်လုံး ဟင်းရယ်လို့
တူတူတန်တန်မစားဖူးတဲ့ ရွာသားတွေအတွက်တော့ ကိုလုံးနဲ့ မပြား အဲလေ
ကိုပြားနဲ့ မလုံးတို့ရဲ့ သီးစုံကုလားဟင်းစားလိုက်ရတော့ နတ်သုဒ္ဓါကိုစာရသလို
ကျေးဇူးတွေ တင်လို့မဆုံးတော့ ဘူး။ ကံဆိုးကံကောင်း
ငါးခြောက်ရိုးလေးတဖတ်လောက် ကိုယ့်ထဲပါလာလို့ကတော့ အာဂပါးစပ်
လူဖြစ်ကျိုးနပ်လှချည့် လို့ အားရကျေနပ်ကြလို့ပေါ့။ ကိုလုံးနဲ့ မပြား အဲလေ
ကိုပြားနဲ့ မလုံး ကလဲ တောက်ရှောက်မှားနေတော့တာပဲ။ ထားပါ လေ လုံးလုံး
ပြားပြား မထူးပါဘူး။ ဘယ်သူတွေဘာပြောပြော ကိုလုံးနဲ့ မပြား တို့
သီးစုံကုလားဟင်းကတော့ ရွာကလေး မှာ လက်မလည်အောင်း ရောင်းကောင်းနေတုန်းပါပဲ။
ဒါကြောင့် ပြောကြတာပေါ့ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အံကိုက်တာပါပဲ။
(ကာလပေါ်ပုံပြင်၊ ပုံပြင်ကို ပုံပြင်လိုပဲ သဘောထားဖတ်ပါ)
ရဲဘော်ကျော်သန်း
No comments:
Post a Comment