Saturday, September 29, 2012

မြန်မာ့ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲတော့ ဘာကို အရင်ဆုံး ပြင်သင့်ပါသလဲ


by Lwin Aung Soe on Saturday, September 29, 2012 at 1:25am ·


မြန်မာ့ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲတော့ ဘာကို အရင်ဆုံး ပြင်သင့်ပါသလဲ

ကျင့်သုံးနေဆဲ ပညာရေးစနစ်ကို ရုတ်တရက် ချက်ချင်းဆိုသလို ပြောင်းလဲပစ်တာမျိုးကို ကျနော်ကတော့ လုံးဝ ဆန့်ကျင်ပါတယ်။

အခြေခံပညာ အထက်တန်းကို (၃) နှစ်ကြာအောင် သင်ယူစေပြီး ပညာရေးအဆင့်မီအောင် လုပ်မယ်လို့ ပညာရေးဝန်ကြီးဋ္ဌာနက ပြောဆိုတာ ကြားလိုက်ရပါတယ်။

ဒီလိုမျိုး (၃) နှစ်ကြာအောင် သင်ယူစေတဲ့ ပညာရေး စနစ်သစ်ကို သတ်မှတ်နိုင်ဖို့အတွက် ဘယ်နှစ်နှစ်ကြာအောင် ပညာရေးနဲ့ လူမှုရေး သုတေသန လုပ်ထားပြီးပြီလဲ.. အမျိုးသားစီမံကိန်းနဲ့ ကိုက်ညီနေရဲ့လား.. ဆိုတဲ့ မေးခွန်း ၂ ခွန်းကို ပညာရေး ဝန်ကြီးကို ကျနော် အရင်ဆုံး မေးချင်ပါတယ်။ ဒီနောက်မှာ မေးစရာတွေ တပုံကြီး ရှိတယ် ဆိုတာလည်း ဝန်ကြီး သဘောပေါက်လောက်ပါလိမ့်မယ်။

ဒီနေ့ခေတ် မြန်မာနိုင်ငံရဲ့ စားဝတ်နေရေးစရိတ်ပေါ် မူတည်ပြီး ပညာရေးကို မရရအောင် ခြစ်ကုတ်သင်ယူနေရသူတွေ သန်းပေါင်းများစွာ ရှိနေမယ်ဆိုတာ သိထားဖို့ ကောင်းပါတယ်။

(၃) နှစ်တက်ရတာ ချမ်းသာတဲ့သူ၊ ငွေကြေး လုံလောက်တဲ့သူတွေအတွက် ဘာမှ မထောင်းတာဘူး ဆိုရင်တောင် နောက်ထပ် တနှစ် အချိန်ပေးလိုက်ရတာကြောင့် ကောင်းကျိုး ရှိနိုင်သလို ဆိုးကျိုးလည်း ရှိနေတတ်ပါတယ်။ ဘယ်လောက်များများ တွက်ချက် ပြင်ဆင်ထားပြီးပြီလဲလို့ မေးစရာ ရှိပါတယ်။

ဒါဟာ ငွေကြေးချို့တဲ့နေရတဲ့ ကျောင်းသားတွေကို ပညာရေးလောကထဲက မောင်းထုတ်လိုက်သလို ဖြစ်နေပါတယ်။ အခမဲ့ ပညာရေးစနစ် ဖြစ်တယ် ဆိုရင်တောင် ကျောင်းမရှိတဲ့ ဒေသက ကျောင်းသားတွေဟာ ကျောင်းရှိတဲ့ အရပ်ဒေသကို လာရောက် နေထိုင်ရတဲ့ ပြဿနာမျိုးတွေကအစ တွက်ချက် စဉ်းစားယူရပါလိမ့်မယ်။ သမ္မတ ဦးသိန်းစိန်တောင် ငယ်စဉ်ဘဝက ဒီလို အခက်အခဲမျိုးတွေ ကြုံခဲ့ရဖူးတာ ဟိုတလောက သိလိုက်ရပါတယ်။

ပညာရေးကောင်းစေချင်ရင် အဓိက လိုအပ်ချက်ဟာ အရည်အသွေးမြင့်တဲ့ သင်ကြားမှု စနစ်သာ ဖြစ်ပါတယ်။ အချိန်ထပ်တိုးတာ မဟုတ်ပါဘူး။

ပြုပြင်ပြောင်းလဲရေး ဆိုတိုင်း စိတ်ကူးထဲ ပေါ်လာတာကို ကောက်လုပ်လို့ မရပါ။ အထူးသဖြင့် ပညာရေးစနစ်မှာ စိတ်ကူးမိတာကို အရင်ဆုံး ကွင်းဆင်း သုတေသန လုပ်ကြည့်ပြီး ကာလတို တခုမှာ (သို့) ပိုကောင်းစေချင်ရင် စံပြလေ့ကျင့်ရေးလို ကျောင်းတွေမှာ စမ်းသပ်ကြည့်ရပါတယ်။ အောင်မြင်တယ်လို့ အထပ်ထပ် အတည်ပြုနိုင်မှ တနိုင်ငံလုံး ကျင့်သုံးတဲ့ စနစ်မျိုး ဖြစ်စေရပါတယ်။

ပညာရေးစနစ်ဟာ တနိုင်ငံလုံးမှာ တပြေးညီ မပိုမလို အတိအကျ ကျင့်သုံးရတာကြောင့် နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်လိုမျိုးပဲ သိပ်ကို အရေးကြီးပါတယ်။ ပညာရေးမှာ စိတ်ထင်တာလေးတခုနဲ့ ပြီးပြီးရော လုပ်ချလိုက်တဲ့ အစဉ်အလာမျိုးကို ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတဲ့နောက်ပိုင်း ၁၉၆၄ ခုနှစ်လောက်မှာ ကျောင်းတွေကို ပြည်သူပိုင် သိမ်းလိုက်ကတည်းက စတင် ကျင့်သုံးလာလိုက်တာ ဒီနေ့ထိဆိုရင်  နှစ်ပေါင်း ၅ဝ လောက် ဖြစ်နေပါပြီ။ မပြောင်းလဲနိုင်သေးတဲ့ ကိစ္စကြီးပါ။

အဲဒီ နှစ်ပေါင်း ၅ဝ လောက်အတွင်းမှာ ပညာရေး အစမ်းသပ်ခံ ဖြစ်ရသူတွေ ရရှိလိုက်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ဘယ်လိုရှိနေတာကို နိုင်ငံတကာ စံချိန်နဲ့ တိုင်းလိုက်ရင် အသိသာကြီးပါ။

သမ္မတနဲ့တကွ ဝန်ကြီးတွေလည်း အမေရိကားရောက်နေတုန်း မြန်မာတွေ အင်္ဂလိပ်လို ဘယ်လောက် တတ်သလဲ ဆိုတာ အနည်းဆုံး သတိပြုမိကြမှာပါ။

ဥရောပ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ သြစတြေလျ၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ ပညာရေးစနစ်ရဲ့ အောင်မြင်မှုတွေကိုချည်း ကြည့်မနေဘဲ အောင်မြင်မှုရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးပမ်းးနေကြသလဲ ဆိုတာကို ကျနော်တို့ လေ့လာပြီး ကိုယ့်ရေမြေသဘာဝ အခြေအနေနဲ့ ကိုက်ညီအောင် ပြုပြင်ပြောင်းလဲယူရမှာ ဖြစ်ပါတယ်။

တကယ်တော့ နှစ်ပေါင်း ၅ဝ လောက် တပုံစံတည်း ကျင့်သုံးလာနေတဲ့ “စိတ်ထင်တာလေးတခုနဲ့ ပြီးပြီးရော လုပ်ချလိုက်တဲ့ အစဉ်အလာမျိုး” ကိုသာ ပညာရေးဝန်ကြီးဋ္ဌာနအနေနဲ့ အရင်ဆုံး ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

လွင်အောင်စိုး
၂၉-၉-၂ဝ၁၂

No comments: