Tuesday, September 25, 2012

“သမိုင်းပါးစပ်တွေ ဘယ်တော့မှ မပိတ်ဘူး”

 (ဦးဝင်းတင်)

၂၀၀၆ မှာ ကျုပ်ကို ထောင်ကလွှတ်တယ်။ ထောင်ဘူးရောက်တယ်။
ကိုယ်အင်္ဂါအမှတ်အသားတွေ စစ်တယ်။ လွှတ်ဝရမ်းပေးတယ်။
အခြားအကျဉ်းသား ၁၀၀ ကျော်နဲ့ အတူ အကျဉ်းဦးစီးညွှန်ချုပ်ရဲ့ 

နှစ်သိမ့်စကား၊ မျက်ဖြေစကား၊ ထောင်ဘူးဝ ညွှန်မှူးရုံးမှာ နားပူရတယ်။
ကျန်တဲ့သူတွေကို လွှတ်လိုက်တယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသား
၉ ယောက်ကို ၀န်ကြီးက တွေ့ ချင်တယ်၊ စောင့်ပါဦးတဲ့။ နာရီဝက်
ကြာတယ်။ နောက်ကျုပ်ကို သံတိုင်ခန်းထဲ ပြန်သွင်းတယ်။
ကျုပ်ကို ဘယ်တရားသူကြီး၊ ဘယ်ထောင်အရာရှိကမှ ဘာပုဒ်မသစ်မှ
မကပ်ဘူး။ ဘာပြစ်မှုသစ်မှ မစွဲဘူး။ ဖဆပလ ခေတ်က ပြည်တဲရေးဝန်ကြီး
ဗိုလ်ခင်မောင်ကလေးက သတင်းစာဆရာကြီး လူထုဦးလှတို့ ကို
လွှတ်ဝရမ်းပေး၊ ပုဒ်မသစ်ကပ်၊ ထောင်ထဲပြန်ထည့်တာမျိုး မဟုတ်။
ကျုပ်နဲ့ တစ်တိုက်တည်း အတူတူနေတဲ့ ပြည်သူ့ တိုးတက်ရေးပါတီက
ဦးခင်မောင်မြင့်တို့ ၊ ဗကပ က ကိုသက်ခိုင်တို့ ကို လွှတ်ဝရမ်းပေး၊
၁၀ (ဃ) ပုဒ်မသစ် ကပ်တာမျိုးနဲ့ လည်း မတူဘူး။

ကျုပ်ကို စတုတ္ထအကြိမ် ထောင်ပြန်ချပုံကတော့ အသားလွတ်ကြီးဗျ။

ဗြောင်ကြီးဗျ။ ဘလိုင်းကြီးဗျ။ အဲဒီအချိန်က စစ်အာဏာရှင်အစိုးရ
အကြီးအကဲက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဗျ။ အစိုးရ၀န်ကြီးချုပ်က
ဘယ်သူဆိုလားဘဲ။ ပြည်ထဲရေးဝန်ကြီးက ဗိုလ်ချုပ်မောင်ဦးဗျ။
အကျဉ်းဦးစီး ညွှန်ကြားရေးမှူးချုပ်က ဗိုလ်မှူးကြီးဇော်မင်းဗျ။
အဲဒီ လူ့ ငရဲ ယမမင်းတွေထဲမှာ ဘယ်သူတွေက ကျုပ်အတွက်
တာဝန်ယူမှာလဲ။ ကျုပ်က အခုထိ အသည်းနာတုန်းဗျို့ ။ ထောင်သောင်းချီရှိတဲ့
လူ့ အခွင့်အရေးချိုးဖောက်မှုတွေ၊ အရိုးတွန်ကိစ္စတွေ၊ သမိုင်းကြွေးတွေ၊
သမိုင်းတရားခွင်တွေကိစ္စက မပြီးသေးရုံမဟုတ်ဘူးဗျာ။ မဆုံးသေးဘူးဗျ။
တာဝန်ရှိသူတွေ ဒဏ်ယူရမယ်ဗျ။ ဒဏ်ခံရမယ်ဗျ။ တော်တန်တိတ်ခိုင်းလို့ 
မရဘူးဗျ။ သမိုင်းပါးစပ်တွေက ဘယ်တော့မှ မပိတ်ဘူးဗျ။

ဗမာပြည်ဆိုတာကြီး ထောင်ကျနေတုန်းဘဲ...

ဒီမိုကရေစီဆိုတာကြီး ရေတိမ်နစ်နေတုန်းဘဲ...
လူ့ အခွင့်အရေးဆိုတာကြီး ပြန်ပေးဆွဲခံနေရတုန်းဘဲ...
ပြည်သူ့ လွတ်လပ်ခွင့်ဆိုတာကြီး ပြက်လုံးဖြစ်နေတုန်းဘဲ...

No comments: