Friday, November 2, 2012

ကိုဆလိုင်းယောအောင်နဲ့ ကျွန်တော်တို့ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့မကဒတခင်ဗျား



ရှစ်လေးလုံးပြည်သူ့လှုပ်ရှားမှုမှာသာမန်ကျောင်းသားအဖြစ်ပါခဲ့ပြီး မကဒတမှာ တပ်သားတဦးသာဖြစ်ခဲ့တဲ့ ကျွန်တော်လဲ မကဒတတခုလုံးက မဟုတ်တာလုပ်နေတာဖြစ်နေတာပြောတာမျိုးခံရရင် စိတ်မကောင်းဖြစ်ရတာပါပဲ။  ထို့အတူပဲ ပြည်တွင်း မှာကောပြည်ပမှာကော အခြေအနေအမျိုးမျိုးကြောင့်အကွဲကွဲအပြားပြားရောက်နေကြတဲ့ မကဒတအဖွဲ့ဝင်အားလုံးလဲ သူတို့ ကျွန်တော်တို့ တိုက်ပွဲဝင်တာဟာ အလဟသနေရာလုနေတဲ့သူတွေပေါက်တတ်ကရလုပ်တာလုပ်ဘို့အတွက် နွားကျခဲ့ကြတယ် လို့ ထင်တာမျိုးခံချင်မှာမဟုတ်တာသေချာပါတယ်။  အခုအခြေအနေကို အခွင့်ကောင်းယူပြီး မကဒတကို မြောင်းထဲပို့ဘို့ ကြိုး စားချင်တဲ့သူတွေလဲ ရှိမှာ အမှန်ပါပဲ။  ဘယ်လိုတွေပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံး ဒီမိုကရေစီတိုက်ပွဲအတွက် လုပ်မယ်လို့ ယုံ ကြည်ဝင်ရောက်ခဲ့တဲ့မကဒတဟာ တကယ်သူရပ်တည်ခဲ့တဲ့ ခံယူခဲ့တဲ့ ယုံကြည်မှုတွေအတွက် အသက်၊ ဘဝတွေပေးခဲ့သူတွေ တကယ်မှန်မှန်ကန်ကန် ယုံကြည်ချက်နဲ့ ရုန်းကန်စွန့်လွှတ်ခဲ့ကြတဲ့ အဖွဲ့ဝင်တွေမျက်နှာကို ပိုအလေးထားပြီး ဘာမဟုတ်တဲ့ ပွဲစားလခပေးထားသူ နိုင်အောင်တို့မျက်နှာမနာနေပဲ မှန်မှန်ကန်ကန်ရပ်တည်ပြရင်တော့ မကဒတရဲ့ဂုဏ်သိက္ခာဟာ တည်ကျန် နေဘို့လမ်းများမှာပါ။  ဒီလိုမဟုတ်ပဲ မဟုတ်တာလုပ်ခဲ့ကြသူတွေကို အခုသူတို့ပွဲစားလုပ်မျောက်ပြဆန်တောင်း လုပ် ပေးနေတဲ့ လာဘ်လာဘအဘိုးအခတွေအတွက် အကာအကွယ်ပေးနေဦးမယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံးယုံ ကြည်ခဲ့ရတဲ့ မကဒတဟာ လက်ရှိတာဝန်ယူနေတဲ့သူတွေရဲ့ ရပ်တည်မှုမခိုင်မာတာကြောင့် ရေစုန်ပဲမြောရနိုင်တဲ့အန္တရာယ် ရှိ တာလဲ သတိပြုမိမယ်နဲ့တူပါတယ်။ 


အောင်ပွဲမဆွတ်ခူးနိုင်တိုင်း ရုန်းကန်လှုပ်ရှားမှုတွေနဲ့မတရားမှုတွေကို တွန်းလှန်ဘို့ကြိုးစားသူတွေဟာလူဆိုးဖြစ်ကြရမယ်လို့ ယူဆမရပါဘူး။  အခုဖြစ်နေတာကို ကျွန်တော်တို့အောင်ပွဲမဆွတ်ခူးနိုင်လို့သာ ဒီလိုဖြစ်ကြရတယ်လို့ ယူဆရင်လဲ မှားပါလိမ့် မယ်။  ဆရာစံတို့ ဆရာတော်ဦးဥတ္တမတို့ ဟာနယ်ချဲ့ဆန့်ကျင်ရေးမှာ အသက်ပေးခဲ့ရပြီး အဲ့ဒီအချိန်အခါမှာလွတ်လပ်ရေး အောင်မြင်မှု မဆောင်ကျဉ်းနိုင်ခဲ့သေးသော်လဲ  ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ သူရဲ ကောင်းတွေအနေနဲ့ ရှိနေကြတာကို အမှတ်ရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။  ချီခွေဗားယားဟာလဲ သူ့ယုံကြည်တဲ့ လှုပ်ရှားမှုမှာ အောင်မြင်တဲ့အထိမလုပ်သွားနိုင်ခဲ့ပဲ အသက်ပေးခဲ့ရပေမဲ့ အမေရိကန်မှာကော၊ ကမ္ဘာတဝှမ်းလုံးမှာပါ သူ့ပုံရိပ်နဲ့ သူ့လှုပ်ရှားမှုက ဆက်လက်လွှမ်းမိုးနေဆဲပါပဲ။  ဆလိုင်းကိုတင်မောင်ဦးနဲ့ မဝင်းမော်ဦးတို့လဲ လှုပ်ရှားမှုထဲမှာ အသက်ပေးခဲ့ ရပေမဲ့ သူတို့ကို ပြည်သူတရပ်လုံးက ရင်ထဲအသဲထဲမှာ ဘယ်လိုသတ်မှတ်ကြသလဲ သိသာနိုင်ပါတယ်။  နိုင်ခဲ့ပေမဲ့ ဦးနေဝင်း တို့၊ အောင်ကြီးတို့ကို လူထုက ဘယ်လိုသတ်မှတ်ခဲ့ကြသလဲဆိုတာလဲ သူတို့သေတဲ့အချိန်အထိဘယ်လိုမျိုးနဲ့နောက်ဆုံးခ ရီး သွားကြရသလဲ ပြောစရာမလိုပဲ ရှင်းနေအောင်ပြနေတာပါပဲ။  မြောက်ပိုင်းမှာ ယုံကြည်ချက်အတွက် လှုပ်ရှားရင်းက မသမာတဲ့ သွေးဆာနေတဲ့သူတွေကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ ကိုထွန်းအောင်ကျော်တို့ အပေါ်လူထုအမြင်နဲ့ အဲ့ဒီအချိန်ကမောက်မောက်မာမာနဲ့ လူမဆန်လုပ်ခဲ့ပြီး အခုမှ အတိတ်တစ္ဆေခြောက် ခံနေရတဲ့   နိုင်အောင်တို့၊   အောင်နိုင်တို့၊   အောင်ထူးတို့ အခြေအနေကလဲ မီးမောင်းထိုးပြနေသလိုပါပဲ။ 


ကိုဆလိုင်းယောအောင်နဲ့ မကဒတလက်ရှိတာဝန်ယူထားတဲ့သူတွေအနေနဲ့ နိုင်အောင်၊ အောင်နိုင်၊ အောင်ထူးနဲ့တကွ ပါတ် သက်သူတွေကို တကယ် သူတို့လက်ဝေစားအရိုးအရင်းကိုက်နေရတဲ့သူတွေမပါတဲ့ တကယ်မျှတမှန်ကန်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပွင့်လင်းထင်သာစွာစစ်ဆေးပြီး အမှန်တရားဖေါ်ထုတ်မယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံး ရဲ့မကဒတဂုဏ်သိက္ခာ ပြန်ဆယ်နိုင်မှာပါ။  အခုလက်ရှိစုံစမ်းစစ်ဆေးရေးကော်မရှင်က ဘာတွေလုပ်ပြီးပြီ၊ ဘယ်အဆင့်ရောက် နေတယ်ဆိုတာ မညာပဲနဲ့ ပြောရင် ဒီလက်ရှိစုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ဘာလဲဆိုတာ အားလုံး သိနေကြတာပါပဲ။  ဘယ်အခြေအနေများရောက်နေပါပြီလဲ။ 


အရေးကြီးတာက စုံစမ်းစစ်ဆေးရေး ယောင်ပြလေးပဲလုပ်နေသည်ဆိုစေဦးတော့ အခုလောလောဆယ်အထိ မကဒတတခုလုံး အနေနှင့် သူ့ရပ်တည်ချက်ကို ပြတ်ပြတ်သားသားလုပ်ပြရမဲ့အခြေအနေကို ဖေါ်ဆောင်ရမှာပါ။  မကဒတဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားပေါင်းစုံညီမျှရေးတို့အတွက် တိုက်ပွဲဝင်တဲ့နေရာမှာ ဒီမိုကရေစီမဆန်၊ တရားမျှတမှုကင်းမဲ့တဲ့ ထောက်လှမ်းရေးစွပ်စွဲပြီး နှိပ်စက်ညှဉ်းပန်းမှုတွေကျူးလွန်တာ၊ လူမဆန်စွာ လုပ်တာ၊ ပက်ပက်စက်စက် သတ်ဖြတ်တာတွေကို ဥပဒေအရ လုပ်ပိုင်ခွင့်ပေးသလားဆိုတာပါပဲ။  ဒီလိုသာ ရန်သူ့လူမိရင်၊ ရန်သူ့လူလို့ သံသယရှိရင် အဲ့ဒီမကြားဝန့်မနာသာတွေအားလုံးလုပ်ခွင့်ရှိတယ်ဆိုတာလက်ခံရင် ကျွန်တော်တယောက်အနေနဲ့ မကဒတအဖွဲ့ဝင်မိတာ အရမ်းမှားသွားသလိုပါပဲ။  ဒီလိုလုပ်ရပ်တွေကို လက်မခံတဲ့မကဒတဟာ ဘာလို့အဲ့ဒီလုပ်ရပ်တွေအတွက် ရှုံ့ချတာတော့ အခု အချိန်အထိ တရားဝင်မလုပ်သေးသလဲဆိုတာကလဲ စဉ်းစားစရာဖြစ်စေပါတယ်။  မကဒတဟာ ဟိုလူတွေကို သူတို့ပါဝင်မှုတွေ ကို စုံစမ်းစစ်ဆေးတုံးမို့ တိတိကျကျမဆုံးဖြတ်သေးဘူးဆိုရင်တောင်မှ မကဒတမူဝါဒ၊ ယုံကြည်ချက်တွေကို ရိုက်ချိုးပြီး အခုလို အခြေအနေအထိတွန်းပို့ခဲ့တဲ့ ဒီမိုကရေစီမဆန်၊ တရားမျှတမှုကင်းမဲ့တဲ့ လုပ်ရပ်တွေကိုတော့ အခုအချိန်အထိ ရှုံ့ချတာမလုပ် သေးတာ အတော်အံ့အားသင့်စရာကောင်းပါတယ်။  မဆလ၊ နအဖစစ်အစိုးရဟာ သူတို့ရဲ့လူ့အခွင့်အရေး ကျူး လွန်မှုတွေကို သူတို့စုံစမ်းစစ်ဆေးရေးမလုပ်တာနဲ့ (သူတို့က တကယ်လူထုအတွက်၊ ဒီမိုကရေစီအတွက်လုပ်နေတယ်လို့ မကဒတက ယုံကြည်ပါသလား) ကိုယ်က ဒီမိုကရေစီအတွက်၊ တရားမျှတမှုအတွက် တိုက်ပွဲဝင်တယ်ဆိုတဲ့အဖွဲ့က ကိုယ့်ယုံ ကြည်ချက်ထားသလို လုပ်သင့်တဲ့ဒီမိုကရေစီကျကျ၊ တရားမျှတမှုရှိရှိ စုံစမ်းစစ်ဆေးရေးကို မလုပ်သင့်ပါဘူးလား။  ဒါမှမဟုတ် မကဒတဟာလဲ စစ်အစိုးရနဲ့တတန်းတည်းဖြစ်တယ်လို့ သတ်မှတ်ပြီး သူတို့မလုပ်သမျှငါတို့လဲ မလုပ်သင့်ဘူးလို့ သတ်မှတ်မယ်လား။  စဉ်းစားပါ။ 


ကျောချမှဓါးမြမှန်းသိပြီး ညိုဦးမြင့်တို့ ဘာကောင်တွေဖြစ်တယ်ဆိုတာ နားလည်တာ ကောင်းပါတယ်။  ဒါပေမဲ့ ညိုဦးမြင့်တို့နဲ့ ဖင်ရက်ခေါင်းရက်ဆက်လုပ်နေပြီးတော့ ပြည်တွင်းကို ညိုဦးမြင့်တို့အမြှီးဆွဲပြီးပါသွားတဲ့နိုင်အောင်လိုကောင်မျိုးတွေကို ဆက်ပြီး အဖေခေါ်နေရင်တော့ မကဒတအနေနဲ့ဆက်ပြီး ဘာဖြစ်မယ်ဆိုတာ မမှန်းတတ်အောင်ပါပဲ။  ဘာပဲဖြစ်ဖြစ် သမိုင်းမှာတော့ မက ဒတရဲ့သမိုင်းအရေးဟာ လက်ရှိတာဝန်ရှိသူတွေ ဘယ်လိုလုပ်ခဲ့လို့ ဘာဖြစ်ခဲ့တယ်ဆိုတာ ပေါ်နေမှာပါပဲ။   


ငြိမ်းချမ်း


မ.က.ဒ.တ အစ ၈၈၈၈ လုံးက

No comments: