(ဖိုးသံ-လူထု)
ဘယ်တိုင်းပြည်မဆို
ဒီလိုပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ တိုင်းပြည်တခုရဲ့နိုင်ငံရေးမှာ
အပေါ်မှာပေါ်လွင်နေတဲ့နိုင်ငံရေးအခြေအနေနဲ့
အလွယ်တကူမမြင်သာတဲ့နိုင်ငံရေးအခြေအနေဆိုပြီး တည်ရှိနေတတ်ပါတယ်။
တကယ်နိုင်ငံရေးလုပ်သူ၊ နိုင်ငံရေးအကဲခတ် လေ့လာသူတွေဟာ
အဲဒီကွယ်ဝှက်နေတဲ့နိုင်ငံရေးကိုရှာဖွေကြည့်တတ်ဖို့နဲ့
မပြတ်စောင့်ကြည့်နေဖို့လိုပါတယ်။ အကြောင်းက တိုင်းပြည်ရဲ့နိုင်ငံရေးကို
တကယ်အဆုံးအဖြတ်ပေးတာဟာ အဲဒီအပေါ်လွှာအောက်က တကယ့်နိုင်ငံရေးအနှစ်
နိုင်ငံရေးပဋိပက္ခဖြစ်နေတတ်လို့ပါပဲ။
တချိန်ထဲမှာထောက်ပြသင့်တာတခုက
တချို့သောအာဏာရအစိုးရတွေဟာ တကယ့်နိုင်ငံရေးကိုဖုံးကွယ်ထားတာ၊ အားလုံးက
အပေါ်ယံနိုင်ငံရေးဆီကို အာရုံရောက်နေအောင် အခြေအနေတွေဖန်တီးထားတာတွေ
လုပ်လေ့ရှိတယ်ဆိုတာပါပဲ။
အခုလိုအစပျိုးနေတာက ဒီနေ့ဗမာပြည်မှာ
အကြိတ်အနယ်ဖြစ်နေတဲ့အားပြိုင်ပွဲကြီးတခုကို ထောက်ပြချင်လို့ဖြစ်ပါတယ်။
ဒါကိုသတိထားမိသူလည်းရှိ၊ သတိမထားမိသူလည်းရှိပါမယ်။ ဒါပေမယ့်
အာဏာရအစိုးရအတွက်တော့ ဒီကိစ္စဟာ သေရေးရှင်ရေး၊ အသက်တမျှအရေးကြီးနေပါတယ်။
သတင်းစာမျက်နှာဖုံးတွေမှာကတော့
အာစီယံဥက္ကဋ္ဌဖြစ်တာ၊ “အပစ်ရပ်ဆွေးနွေးပွဲ”ကျင်းပတာစတာတွေက
လွှမ်းမိုးနေပါတယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ဒီကိစ္စတွေမတည်ရှိ၊ ဒါမှမဟုတ်မအောင်မြင်လည်း လက်ရှိအာဏာရ စစ်ဗိုလ်ချုပ်တွေကို နည်းနည်းမှခြိမ်းခြောက်ရာရောက်မှာမဟုတ်ပါဘူး။
ဒီလိုနဲ့
ဗိုလ်သိန်းစိန်စစ်အစိုးရဟာ လက်တွေ့လုပ်ရင်းလုပ်ရင်းနဲ့
သူတို့ရဲ့၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အခက်အခဲ၊
အကြပ်အတည်းတွေကိုကြုံတွေ့ရတဲ့ပြဿနာနဲ့ ကြုံတွေ့လာရပါတယ်။ ဒီအခါမှာ
ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တွေကိုပြင်ဖို့ဆိုတဲ့ကိစ္စကို ပြောဆိုဆွေးနွေးလာကြပါတယ်။ ဒီလိုနဲ့ဒီ
ကနေဆက်ပြီး ဘယ်အချက်တွေကိုပြင်မှာလဲ၊ အသစ်ရေးဆွဲတာပဲကောင်းတယ် စတဲ့အယူအဆတွေလည်း
ပေါ်ထွက်လာပါတယ်။
ဒီအခါမှာ ဗမာပြည်စစ်အုပ်စုဝံသာနုသစ္စာကို စောင့်သိရိုသေရသူများ ကိုယ့်နည်းနဲ့ကိုယ် တုန့်ပြန်ကြပါတော့တယ်။
ဗိုလ်မင်းအောင်လှိုင်၊
ဗိုလ်ရွှေမန်း၊ ဗိုလ်ဌေးဦး၊ ဦးအောင်မင်း၊ ဦးဟန်ရွှေ(တစညပါတီ) စသူတွေက
အကြောင်းကိစ္စအမျိုးမျိုးရှာပြီး သူတို့သဘောထားတွေကို ပြောထွက်လာကြတာကို
အားလုံးပဲသတိထားမိမယ်ထင်ပါတယ်။
ဗိုလ်မင်းအောင်လှိုင်က
တိုင်းပြည်ကိုချုပ်ကိုင်ထားတဲ့ စစ်တပ်ကြီးကိုယ်စား၊ ဗိုလ်ရွှေမန်းက
အဲဒီစစ်ဗိုလ်တွေရဲ့အစိုးရကိုယ်စား၊ ဗိုလ်ဌေးဦးက ကြံ့ဖွတ်ပါတီကိုယ်စား၊
နောက်ပြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးပြဇာတ်ဒါရိုက်တာကြီးအနေနဲ့ပြောတာ
လို့ဆိုနိုင်ပါတယ်။ တစညပါတီကတော့ အရင်စစ်အုပ်စုရဲ့အကြွင်းအကျန်တွေကို
ကိုယ်စားပြုတယ်လို့ ဆိုနိုင်ပါတယ်။ အရေးကြီးပြီဆိုတော့
သွေးနီးရာစုစည်းကြတော့တာ ဖြစ်ပါတယ်။
အထက်ကပြောခဲ့တဲ့သူတွေပြောကြတာတွေထဲမှာ
တယောက်နဲ့တယောက် လေသံတွေကွဲကောင်းကွဲကြပေမယ့် အဓိပ္ပာယ်ကတော့
အတူတူပဲဖြစ်ပါတယ်။ အဲဒါကတော့ ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခြေခံအချက်တွေကို ပြင်မယ်မကြိုးစားနဲ့လို့
သတိပေးကြတာပါပဲ။ အခြေခံအချက်ဆိုတာက တိုင်းပြည်နဲ့လွှတ်တော်ကို
စစ်တပ်ကပဲချုပ်ကိုင်သွားနိုင်စေမယ့် အခန်း(၃)-ပုဒ်မ၅၉၊
အခန်း(၅)-ပုဒ်မ၂၀၁တို့လို အချက်တွေ(တခြားလည်းရှိပါသေးတယ်) ဖြစ်ပါတယ်။
တချို့ကဆိုရင် ဖွဲ့စည်းပုံကိုပြင်ရင်၊ အသစ်ပြန်ရေးရင်
စစ်တပ်ကပြန်အာဏာသိမ်းလိမ့်မယ်လို့တောင် မျက်ကလဲဆံပြာ ပြောကြပါတယ်။
သူ့တို့အထင်မှာ ဒီလိုအဆိုးဆုံးအန္တရာယ်နဲ့လှန့်လိုက်ရင် အဲဒီပြင်ချင်၊
အသစ်ရေးချင်သူတွေလန့်သွားမယ်၊ တုန့်သွားမယ်လို့ ယူဆဟန်တူပါတယ်။
ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ စစ်တပ်ကအာဏာသိမ်းတာကို
တရားဝင်အတည်ပြုပေးထားတဲ့ကိစ္စမျိုးတွေပါနေလို့
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့လိုတယ်၊
ဖျက်ပစ်ဖို့လိုတယ်လို့ပြောဆိုနေကြချိန်မှာ ဒီလို
စစ်တပ်ကအာဏာသိမ်းလိမ့်မယ်လို့ ထောက်ပြတဲ့လူဟာ သူကိုယ်တိုင်တော့ဖြင့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့/ဖျက်ဖို့
မပြောဝံ့ပါဘူးလို့ဝန်ခံလိုက်တာဖြစ်သလို တခြားလူတွေကိုလည်း
မိုးခါးရေသောက်ခိုင်းသလိုဖြစ်နေပါတယ်။
သူတို့နဲ့မတူ
ပိုမိုပြတ်သားတယ်လို့ပြောရမယ့် နောက်ပြောနည်းတခုကတော့ ကာလုံအကြီးအကဲကြီး
ဗိုလ်မင်းအောင်လှိုင်ပြောသလို “တပ်မတော်က
ဒီအခြေခံဥပဒေကိုကာကွယ်သွားမယ်”လို့ ပြောတာပါပဲ။ ဆိုလိုတာ ဒီအခြေခံဥပဒေကိုထိရင် ငါတို့စစ်တပ်
နဲ့တွေ့မယ်လို့ ခြိမ်းခြောက်တာဖြစ်ပါတယ်။
ဒီလိုအချိန်မှာပဲ ဗိုလ်ရွှေမန်းဟာ သူ့သမတလုပ်ချင်တယ်ဆိုတာကို ပီပီပြင်ပြင်၊တိတိလင်းလင်း
ထပ်မံပြောသံလည်း ထွက်လာပြန်ပါတယ်။ ဒါလည်း တိုက်ဆိုင်မှုမဟုတ်နိုင်ဘူး
ထင်ပါတယ်။ သူတို့တပ်ကို သူ့အနေနဲ့တောင့်ထားပါကြောင်း၊ အားတင်းထားပါကြောင်း၊ သူတို့ကို
ယုံကြည်အောင်
အာမခံချက်ပေးနေတာဖြစ်နိုင်ပါတယ်။
သေချာတာကတော့
အခုလိုသူတို့စစ်အုပ်စုတည်တံ့ရေး၊ အာဏာတည်မြဲရေးပြဿနာနဲ့ပတ်သက်လာရင်
သူတို့တတွေ တပြုံတမကြီး ရှေ့ထွက်ပြီးအသံပေးကြ၊ မာန်ဖီပြကြတယ်ဆိုတာပါပဲ။
နောက်ပြီး သူတို့တတွေဟာ ဘယ်အသွင်နဲ့ပဲရပ်တည်နေနေ တသွေးထဲတသား
ထဲရှိကြောင်းဖော်ပြကြတာလည်း ဖြစ်ပါတယ်။ စစ်တပ်ကဆိုရင် မိုးပေါ်ကိုသေနတ်ထောင်
ပစ်မပြရုံတမယ်ပါ။
တကယ်ကတော့ ဒီဗိုလ်သန်းရွှေတို့ စိတ်တိုင်းကျရေးဆွဲအတည်ပြုခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံအုပ်ချုပ်ပုံကိုဖျက်ဖို့မပြောနဲ့ ပြင်ဖို့(အရေးပါတဲ့ပုဒ်မတွေ)ဆိုတာတောင် မဖြစ်နိုင်ဘူးဆိုတာ ပြည်တွင်းပြည်ပက နိုင်ငံရေးအကဲခပ်တိုင်းသိကြပါတယ်။ ဥပဒေကို အများကြီးနားမလည်သူတောင်မှ ဒါကိုသတိထားမိကြပါတယ်။ ဒီလိုအနေအထားရှိနေလျက်နဲ့ အခုလို
အငြင်းအခုံတွေ၊ ကြောင်ရေချိုးတာတွေဖြစ်ကုန်တော့ ဗိုလ်သိန်းစိန်-ဗိုလ်ရွှေမန်းတို့တတွေရဲ့အကွက်ထဲကို ဂွဲကနဲဝင်သွားတယ်လို့ပဲ ပြောရပါလိမ့်မယ်။
ဒီလိုပြောရတဲ့အကြောင်းက ဒီလိုအဖြေမထွက်မယ့်အငြင်းပွားမှုတွေကို
ခွင့်ပြုလိုက်ခြင်းအားဖြင့် သူတို့အနေနဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ခွင့်ပြုထားတယ်ဆိုတဲ့နာမည်ကောင်း
လည်းရသွားပြီး တဘက်မှာကျတော့ သူတို့နဲ့ တဖွဲ့တည်းမဟုတ်သူတွေအကြားမှာ အငြင်းအခုံတွေနဲ့
အက်ကြောင်းတွေထပ်ပေါ်။ သူတို့စစ်တပ်အတွင်းမှာကျတော့ သူတို့စစ်ခေါင်းဆောင်တွေဟာ စစ်တပ်
အကျိုးအတွက်လုပ်နေတယ်ဆိုတဲ့ ယုံကြည်မှုတည်ဆောက်ခွင့်
ထပ်ရသွားပါတယ်။
ဒါ့အပြင်စစ်အစိုးရအနေနဲ့ သူတို့နဲ့မတူသူတွေထဲမှာ ဘယ်သူကတော့မာတယ်၊ ဘယ်သူကတော့ပျော့တယ်၊
ဘယ်သူကတော့
မာတယ်ဆိုတာလည်း တချီထပ်စမ်းသပ်ခွင့်ရသွားပါတယ်။
စစ်အစိုးရဘက်က
ပြတ်ပြတ်ရပ်သူတွေအပြင်မဟုတ်တာမခံဘူးဆိုတဲ့လူလည်းတွေ့ရ၊
ရေလိုက်ငါးလိုက်ပေါ့ဆိုတဲ့လူလည်းတွေ့ရ၊နှာစေးတဲ့လူလည်းတွေ့ရပါ။
ဖိုးသံ(လူထု)
No comments:
Post a Comment