ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၁၈/နိဂုံး)
October 2, 2013 at 5:50am
အိုင်ယာလန်ခရီးစဉ်ကအပြန် နော်ဝေနိုင်ငံ အော်စလိုကို ခနပြန်ဝင်ပြီး နောက်ပိုင်းလေးငါးရက်နေပြီး ပြန်ထွက်ခဲ့တယ်။ သူများဖိနပ်ကြီးကိုချောင်ချောင်ကြီးစွပ်ပြီး လျှောက်သွားနေတဲ့ကျနော့ကို မကြည့်ရက်လို့ ကိုဖိုးခွားက သားရေဖိနပ်တရံ ၀ယ်ပေးလိုက်သေးတယ်။ ရာသီဥတုကြောင့် ခရီးစဉ်ရွှေ့ဆိုင်းတာနဲ့ ကြုံလို့ ဒိန်းမတ်နိုင်ငံရဲ့မြို့တော် ကိုပင်ဟေဂင်ကို တရက် ညအိပ်ဝင်နားရသေးတယ်။ လေယာဉ်ကုမ္ပဏီက ဟိုတယ်မှာတညတည်းဖို့ အခမဲ့စီစဉ်ပေးတဲ့အပြင်။ ဟိုတယ်ကိုအသွားအပြန်လုပ်ဖို့ တက္ကစီလက်မှတ် နှစ်စောင်လည်း ထည့်ပေးထားတယ်။ အပြင်မှာ တက္ကစီထွက်ရှာတော့ တော်တော်နဲ့မတွေ့ဘူး။ လက်လျှော့ခါနီးမှ အသက်ကြီးကြီး အဖိုးကြီးတယောက်က လာမေးတယ်။ သူက တက္ကစီဒရိုင်ဘာဘဲလေ။ ကားခေါင်မိုးပေါ်မှာ တက္ကစီဆိုတဲ့ဆိုင်းဘုတ်မတတ်ထားဘူး။ ကားထဲရောက်မှ မီတာကိုတွေ့တယ်။ အဲ… သူတို့တက္ကစီကားက မာစီးဒီးဘန့်ဇ် တွေ။ ကောင်းရော… ထိုင်းလို နိုင်ငံတွေမှာတောင် သူဌေးတွေလောက် ဇိမ်ခံစီးကြတာ၊ ဒိန်းမတ်လို ချမ်းသာတဲ့နိုင်ငံက တက္ကစီပါ လုပ်ပစ်လိုက်ကြတယ်။ ကျနော့ တက္ကစီလက်မှတ် တစောင်သူ့ကိုပေးလိုက်တယ်။ အလကားပေးနေတယ်သာဆိုတယ် ဟိုတယ်ကလည်း အကောင်းစား။ ကျနော့လို တောထဲကသူပုန်အနေနဲ့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးဘူး။ အပြန်ကတော့ တက္ကစီရှာရ လွယ်သွားပါတယ်။ မီတာတတ်ထားတဲ့ မာစီဒီးကားတွေ ကို လိုက်ရှာတတ်သွားလို့။
နောက်နေ့ လေယာဉ်ပျံနဲ့ ကိုပင်ဟေဂင်ကနေ ပါကစ္စတန်နိုင်ငံရဲ့ အစ္စလန်မဘတ်မြို့ကိုရောက်တယ်။ လေယာဉ်ကွင်းကထွက်ပြီး လေဆိပ်မှာပဲ နောက်နေ့လေယာဉ်နဲ့ ဘန်ကောက်ကိုပြန်ရမှာဆိုတော့ အဲဒီည အိပ်ဖို့ တည်းခိုခန်း စီစဉ်ရတယ်။ တည်းခိုခန်းက ကားလာကြိုပါတယ်။ အဲ… လမ်းကျတော့ နောက်က မော်တော် ဆိုင်ကယ်နဲ့ ရဲနှစ်ယောက် လိုက်လာတယ်။ သူတို့က ကားသမားနဲ့စကားပြောနေရင်းက ကျနော့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြတယ်။ နောက်တော့ ကြာလာတာနဲ့… ခင်ဗျားတို့ ဘာပြဿနာရှိလဲလို့ အင်္ဂလိပ်လိုမေးတော့။ ရဲတွေက အင်္ဂလိပ်စကားမတတ်တော့ ဒရိုင်ဘာက ကျနော့ကို ကျနော့ကားက လိုင်စင်မရှိသေးလို့ (၀စ်သောက်ဖြစ်နေ) သူတို့က ပြဿနာရှာနေတာပါတဲ့။ အဲ.. ရဲတယောက်က ဒရိုင်ဘာကို ဘာဝင်ပြောလိုက်တယ်မသိဘူး ဒရိုင်ဘာက ကျနော့ဖက်ပြန်လှည့်ပြီး ခင်ဗျားအိပ်တွေကို ရှာချင်တယ်လို့ပြောတယ်။ ကျနော်က ရပါတယ်ဆိုတော့ တယောက်က ကားနောက်ဖုံးဖွင့်ခိုင်းပြီး အနောက်က ကျနော့အိတ်ကြီးကို သွားစစ်နေတဲ့အချိန်၊ တယောက်က ကျနော့ကို လက်ထဲက လက်ဆွဲအိပ်ကို ကားခေါင်းခန်းမှာ ဖွင့်ခိုင်းတယ်။ ကျနော် နဲနဲစိတ်တိုသွားပြီး ကားတံခါးဖွင့်ထွက်ပြီး ကားနောက်ဖက်ကို လျှောက်သွားပြီး အိတ်တွေအားလုံး တစုတည်းပုံပေးလိုက်ပြီး “စစ်… မင်းတို့ ငါ့မျက်စေ့ရှေ့မှာပဲအားလုံးကိုစစ်” လို့လုပ်ထည့်လိုက်တယ်။ ဟုတ်တယ်လေ… တကယ်လို့ သူတို့ ကိုယ်မမြင်ခင် ပေါက်ကရတွေထည့်ပြီး ပြဿနာရှာနှိုင်တာရယ်၊ ပစ္စည်းတွေပျောက်နှိုင်တာရယ် ရှိတယ် မဟုတ်လား။ အ၀တ်အစားအသုံးအဆောင်လောက်ပဲဆိုတော့ သူတို့က “အိုကေ” လို့ပြောတယ်။ ဒီတော့ကျနော်က မကြည်မလင်မျက်နှာနဲ့ ဒရိုင်ဘာကို အဲဒါဆိုရင် ခင်ဗျားကားကို တည်းခိုခန်းကို အရင်မောင်းပြီး သူတို့ကို နောက်ကလိုက်ခိုင်း ဟိုရောက်မှရှင်းဗျာ၊ ကျနော်လဲ ရှစ်နာရီလောက် လေယာဉ်စီးခဲ့တာ သိပ်ပင်ပန်းနေပြီ။ အနားယူချင်ပြီ၊ ဒါမှမဟုတ် ကျနော့ကို မကျေနပ်လို့ ထပ်စစ်ဆေးချင် သေးရင်လဲ ကျနော့သံရုံးကိုပါ ခေါ်ပေးမယ်လို့ အတည်ပေါက်ပြောတော့မှ သူတို့ ရှေ့ကမောင်းတဲ့လူမောင်း၊ နောက်ကလိုက်တဲ့လူလိုက်နဲ့ အဆင်ပြေသွားတယ်။ တည်းခိုခန်းပိုင်ရှင်နဲ့ ရဲနဲ့ အကြိတ်အနယ် ဆက်လုံးနေ တဲ့အချိန် ကျနော်လည်း အပေါ်ထပ်က ကျနော့အတွက်အခန်းဆီကို တက်၊ ရေတ၀ချိုးပြီး နားရတော့တယ်။ သူတို့ တည်းခိုခန်းရှိတဲ့နေရာက ကိုယ့်ဆီက ဟိုခေတ်ဝင်ဒါမီယာလို အတော်လေးသန့်တယ်။ ညနေပိုင်း အပြင်ထွက်လည်ဖြစ်သေးတယ်။ ဖာတာဗလီဆိုတဲ့ ကြီးကျယ်လွန်းတဲ့ ဗလီကိုရောက်ခဲ့တယ်။ ကြီးကျယ် တယ်ဆိုတာ အလကားပြောတာမဟုတ်ဘူး၊ ခပ်လှမ်းလှမ်းက လှမ်းကြည့်ရင် ဗလီက ဟိုတယ်ကြီးလောက် ဖြစ်နေတဲ့မြင်ကွင်းထဲမှာ လူတွေက မီးချစ်ဆံလောက်အရွယ်ပဲ မြင်ရတယ်။ ဘယ်လောက်ကြီးမားတဲ့ ဘာသာရေးအဆောက်အအုံလဲဆိုတာ မြင်သာအောင်ပါ။ အဲ… အဲဒီအချိန်က ပါကစ္စတန်နိုင်ငံမှာလဲ ကိုယ့်နိုင်ငံနဲ့ အလားတူ စစ်အာဏာသိမ်းအုပ်ချုပ်ရေးနဲ့သွားနေကြပြန်သတဲ့။
ဆုံးဖြတ်ချက်
အခြေအနေအရပ်ရပ်ကြောင့် အဲဒီနှစ်အကုန်လောက်မှာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့တယ်။ ကျနော် ဒီဆုံးဖြတ် ချက်လိုမျိုး ဆုံးဖြတ်ချက်တွေ ချရတဲ့အခြေအနေကို ရောက်လာတိုင်း အတော်ချီတုံချတုံဖြစ်ရတယ်။ အိမ်က နေ တောခိုမယ်လို့ စဉ်းစားတဲ့ အချိန်ကလည်း ဆုံးဖြတ်ချက်မှာ လွန်ဆွဲမှုတွေအများကြီးရင်ဆိုင်ရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကျအောင် အစစထည့်တွေးရတာတွေရှိတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ အပါအ၀င် ကိုယ်က အမှန်တကယ် ထဲထဲဝင်ဝင် ဆက်လုပ်နှိုင်မလုပ်နှိုင်ဆိုတာမျိုးကိုပါ စဉ်းစားရတယ်။ အဖွဲ့အစည်းကို ကျနော်တို့ ၀ိုင်းပြီးထမ်းချင်တယ်။ အနေအထားတွေအရ အဖွဲ့အစည်းက ကိုယ့်ကိုထမ်း နေရတာမျိုးကိုလည်း မလိုလားဘူး။ ABSDF ကျောင်းသားတပ်မတော်က ထွက်ခဲ့ကြတဲ့ ရဲဘော်တွေ အများစုမှာလည်း အဲဒီလိုခံစားမှုတွေရှိမှာဘဲ။ အဲဒီအချိန်မှာ နိုင်ငံရေး၊ စစ်ရေးအရ အဖွဲ့အတွင်း ရှုပ်ထွေးမှု တွေ အများကြီးရှိခဲ့တာလည်း အမှန်။ နောက်တခုက လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် လက်တွေ့ကျကျလုပ်နှိုင်တဲ့ နိုင်ငံရေးအလုပ်တွေကိုလည်း စည်းနှောင်မှုကင်းကင်းနဲ့ လွတ်လွတ် လပ်လပ် လုပ်ချင်တာတွေလည်းရှိတယ်။ လူငယ်တယောက်အနေနဲ့ သိပ်ပြီးတာဝန်ကြီးတဲ့ ဖြတ်သန်းမှု တခုကို ကိုယ်လုပ်နှိုင်နေတဲ့အချိန်မှာ လုပ်သင့်တယ်လို့ထင်လို့ ၀င်ပြီးတာဝန်ယူခဲ့တာအတွက် ကိုယ့်ကိုယ် ကိုယ် ကျေနပ်နေမိတယ်။ ကျောင်းသားသမဂ္ဂနောက်ပိုင်း ကျနော်တို့ညီအကိုမောင်နှမတွေ ခပ်ကြမ်းကြမ်း၊ ခပ်ရဲရဲ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားတပ်မတော်က ကျနော်တို့ရဲ့ မိခင်အဖွဲ့အစည်းလို့ ဒီနေ့အထိ ခံယူ သံယောဇဉ် ဖြစ်နေရသေးသလို ဖြစ်စဉ်တွေကို အချိန်အတိအကျ မမှတ်မိတာကလွဲလို့ ကျနော်တို့ရဲ့ အိပ်မက်ရှည် ဖြတ်သန်းမှုကိုစဉ်းစားလိုက်တိုင်း မျက်စေ့ထဲမှာ ဖြတ်ကနဲ၊ ဖြတ်ကနဲ အပိုင်းအစလေးတွေကို အမြဲတမ်း ပြန်မြင်နေရဆဲ။
ထာဝရကျောင်းသားများ
ကျနော်တို့ရဲ့ ပြင်ပလှုပ်ရှားမှုမှာ နိုင်ငံတကာက ကျောင်းသားအဖွဲ့အစည်းပေါင်းစုံရဲ့ ကျောင်းသားတွေနဲ့ ဆက်ဆံခဲ့ရတယ်။ တချို့ဆိုရင် ကိုယ့်လူမျိုးလို့တောင် ထင်ပြီး ဗမာလိုတွေ မေ့ပြီး လျှောက်ပြောနေမိတဲ့ အထိ ရင်းနှီးခဲ့တာတွေရှိတယ်။ အာရှကျောင်းသားများအဖွဲ့ကြီး Asian Student Association (ASA) အပါအ၀င် အာရှနဲ့ အနောက်တိုင်း ကျောင်းသားတွေထဲကဆိုရင် သီရိလင်္ကာမှာ မားကပ်စ်ပေါ့။ အရင် တလောက သူက ၀န်ကြီးဖြစ်နေပြီတဲ့။ ထိုင်းကျောင်းသား သမဂ္ဂခေါင်းဆောင် စူရိယဆိုင် ဆိုရင် အခု လွှတ်တော်အမတ်တယောက်ပေါ့။ ဘင်္ဂလားဒေ့ရှ်ဖက်မှာလည်း ချူးနူးဘိုင် (သူ့ကို ချူးနူးဘိုင်လို့ တခြားကျောင်းသားငယ်တွေခေါ်သလို ကျနော်လိုက်ခေါ်ပေမယ့် သူက ကျနော့ထက်ငယ်သေးတယ်) က လွှတ်တော်အမတ်ဖြစ်လာပြီ။ ကျနော်မသိသေးတဲ့ တခြားလူငယ်၊ကျောင်းသားခေါင်းဆောင်တွေ အဲဒီလို အမတ်ဖြစ်နေကြတာတွေ ရှိသေးတယ်။
ကျနော်တို့က ထိုင်းနိုင်ငံအပါအ၀င် အာရှနိုင်ငံတွေမှာလုပ်တဲ့ အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေတက်တိုင်း ဗမာကျောင်းသားလို့ပြောပြီး မိတ်ဆက်လေ့ရှိတဲ့အခါ နောက်ပိုင်း ထိုင်းကျောင်းသားတွေက ကျနော်တို့ကို နောက်ပြီး Forever Students (ထာဝရကျောင်းသားတွေ) လို့ခေါ်ကြတယ်။ ဟုတ်တယ်လေ နှစ်တွေသာကြာလို့ သူတို့က ဘွဲ့ရ ကျောင်းတွေကထွက်၊ အလုပ်ရတဲ့လူရ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ ဖြစ်တဲ့လူဖြစ် ဖြစ်သွားကြတဲ့အခါ သူတို့အဖွဲ့အစည်းတွေမှာ လူသစ်တွေဝင်ပြီး တာဝန်ယူလာကြပေမယ့် ကျနော်တို့ဗမာကျောင်းသားတွေက ဒီလူကဒီလူပဲ။ လူသိပ်ပြောင်းသွားတာမရှိတော့ ထာဝရကျောင်းသား ကြီးတွေပဲ ဖြစ်ရတော့တာပေါ့။ တကယ်တော့ ကျောင်းသားစိတ်ဓာတ်ရှိတယ်ဆိုပေမယ့် အသက်အရွယ်က ကျောင်းသားအရွယ်တွေ မဟုတ်ကြတော့ဘူး။ ဒါပေမယ့်လဲ အခုအချိန် ကျောင်းသားလှုပ်ရှားမှုတွေထဲ ပါခဲ့တဲ့ အသက် ၇၀-၈၀ အဖိုးကြီးတွေသွားမေးရင်လည်း သူတို့ကျောင်းသားစိတ်ဓာတ်ရှိနေတုန်းပဲလို့ ပြောကြလိမ့်မယ်။ ဟုတ်တယ် ကျနော်တို့အားလုံး အိပ်မက်ရှည်ကြီးတခုထဲမှာ ခုချိန်ထိ အတူရှိနေကြတာ ဘဲလေ…။
မုန်တိုင်း၂၀ ကျော်
တော်လှန်ရေးမုန်တိုင်းက နှစ် (၂၀) ကျော်လာခဲ့တဲ့အခါ အပြောင်းအလဲတွေ ထဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျောင်းသားခေါင်းဆောင်တွေကို နှစ်ရှည်အကျဉ်းစံဘ၀က ရုပ်တရက် လွှတ်ပေးပြီး အခုဆိုရင် အန်တီစုတောင် ပါလီမန်ထဲကို ရောက်နေပြီ။ ဒါကိုလည်း တအံ့တသြ ကြိုဆိုမိကြတယ်။ ရွှေပြည်တော်မျှော်တိုင်းဝေးဘ၀တွေက ကျနော်တို့လူထု လွတ်မြောက်မယ့် ကံဇာတာများလား။ လူထုအခြေပြုတဲ့ နိုင်ငံရေးစံနစ်ဖက်ကို အရင်က စစ်အစိုးရထဲက ခေါင်းဆောင်တွေဖြစ် ပေမယ့် လက်ရှိအစိုးရထဲမှာပါတဲ့ စစ်ခေါင်းဆောင်တချို့က ဦးဆောင်ပြီး အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးအပြောင်းအလဲတွေ လုပ်လာကြတယ်။ အားနည်းချက်တွေရှိတယ်ဆိုပေမယ့် ပြောင်းလဲရေး လိုလားတဲ့ ခေါင်းဆောင်ဆိုရင် စစ်တပ်ကဖြစ်ဖြစ်၊ အတိုက်အခံဒီမိုကရေစီခေါင်းဆောင်နဲ့ ကျောင်းသား ခေါင်းဆောင်တွေဖြစ်ဖြစ် လူထုအကြိုးရှိမယ့်၊ အနာဂတ်မျိုးဆက်အတွက် တန်ဘိုးရှိမယ့်၊ သဘာဝကျပြီး ဖြစ်သင့်တဲ့လုပ်ငန်းတွေလုပ်နေတယ်ဆိုရင် ၀န်းရံသင့်တယ်လို့လည်း နားလည်မိတယ်။ လက်တွေ့ အနေအထားကလည်း “ခြုံဖုတ်ထဲက ငှက်တွေထက် လက်ထဲက ငှက်တကောင်က သေချာနေသလို” ဖြစ်နေတာ။ နောက်ကြောင်း ပြန်လှည့်ခြင်း မလှည့်ခြင်းထက် နှစ်ဖက်စလုံးက သံသယတွေနဲ့ ရှေ့ကိုရောက်မလာကြသေးတာတွေကိုလည်း တွေ့နေရတယ်။ ကဲ ကျနော်တို့ ဘာလုပ်ကြမလဲ။ သူတို့ လုပ်နေလို့ အရင်ကအတိုင်း ဖြစ်လာမှာမဟုတ်ပါဘူးကွာဆိုပြီး ထားလိုက်ကြမလား။ မဟုတ်သေးဘူး ထင်တယ်။ တပ်မတော်ကို အာဏာသိမ်းဖိနှိပ်အုပ်ချုပ်ခဲ့ကြတဲ့ ခေါင်းဆောင်တွေကြောင့် ကျနော်တို့ လူထုရဲ့ ရန်သူအဖြစ်သဘောထားပြီး ဆယ်စုနှစ် ၂ ခုကျော် တိုက်ခဲ့ကြတယ်။ တကယ်တော့ ပြည်တွင်းစစ်တို့လို ပဋိပက္ခတွေက တိုင်းပြည်ကို ချွတ်ခြုံကျတဲ့အနေအထားကို တွန်းပို့ပေးနေတာ။ အခုကျနော်တို့ပြောနေတဲ့ စစ်ခေါင်းဆောင်တွေက အပြောင်းအလဲတစုံတရာအတွက် ဖိတ်ခေါ်လာတာတွေလဲ ရှိနေပြန်တယ်။ ကျနော်တို့ အားလုံးက စစ်အစိုးရကို တချိန်လုံး နိုင်ငံရေးပဋိပက္ခ တွေကို စားပွဲပေါ်မှာတန်းတူရည်တူ ဖြေရှင်းဖို့ တောင်းဆိုလာခဲ့ကြတာ အခု လုံးလုံးပြည့်မီတဲ့အခြေအနေ မဟုတ်ရင်တောင် တစုံတရာတော့ ဖြစ်လာပြီ။ တိုင်းရင်းသားအဖွဲ့အစည်းတွေအများစု အပါအ၀င် ABSDF ကျောင်းသားတပ်မတော်ကိုယ်တိုင် အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေကြပြီကော…။
အနှစ် (၂၀) ကျော်ဖြတ်သန်းခဲ့တဲ့လူခြင်းအတူတူ တယောက်ကိုတယောက် ဘယ်လိုသဘောထားသလဲ ဆိုတဲ့ ယုံကြည်မှုတွေကိုလည်း မေးခွန်းထုတ်စရာဖြစ်လာနေတယ်။ ဒီနေရာမှာ ဒီမိုကရေစီကျင့်စဉ်တခုဖြစ် တဲ့ လွတ်လပ်စွာယုံကြည် ရပ်တည်ပိုင်ခွင့် ဆိုတာကိုလည်း ထည့်စဉ်းစားရမှာဘဲ။
ညီညွတ်ရေးကိစ္စ။ ကျောင်းသားအဖွဲ့အစည်းတွေကြားညီညွတ်ရေး၊ အတိုက်အခံ ပါတီတွေ၊ အုပ်စုတွေ အချင်းချင်းညီညွတ်ရေး၊ ဖြတ်သန်းမှုတွေကြားထဲမှာ လက်နက်ကိုင်သူပုန်လုပ်တာ၊ ထောင်ထဲဝင် သူပုန် လုပ်တာ ဘယ်သူကပိုသာသလဲဆိုတာမျိုးကို မခွဲပဲ လက်ခြင်းချိတ်ထားပြီး ဒီတခါတော့ ငါတို့ဘယ်လို စုစုစည်းစည်းနဲ့ အနာဂတ်အတွက် ပြောင်းလဲရမယ့်ကိစ္စတွေကို လူထုလူတန်းစားအားလုံးနဲ့ ဘယ်လို လက်တွဲပြီးလုပ်ကြမလဲ။ တပ်မတော်အပါအ၀င် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကိုလည်း ဒီ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်မှာ အောက်ခြေကအစ ပူးပေါင်းဆောင်ရွက်မှုတွေရ လာအောင် ဘယ်လိုလုပ်မလဲ။ ဥပမာ- ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံသားတဦးချင်း အနာဂတ်လုံခြုံရေးအာမခံရှိရမယ့် ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ပေါ်ပေါက်လာရေးဆိုတာတွေကို နားလည်မှုတည်ဆောက်ရင်း အချိန် တစုံတရာ ဖြတ်သန်းရတော့မယ် လို့မြင်တယ်။ ရှစ်ဆယ့်ရှစ်က ၈၈၈၈ လှုပ်ရှားမှု ဆိုတာက ငါတို့ညီညွတ် တဲ့အတွက် လူထုယုံကြည်မှုကို အကြွင်းမဲ့ရခဲ့ကြတာမဟုတ်လားလေ။ လူထုမပါဘဲ တို့… ဘာလုပ်လို့ရမလဲ။ လူထုအားကို မေ့ထားလို့ မရဘူး။ လက်ရှိအပြောင်းအလဲကလည်း အနာဂတ်စံနစ် အတွက် မဖြစ်မနေ ပြင်ရမယ့်ကိစ္စတွေအတွက် တစုံတရာ လုပ်လို့ရတယ်လို့မြင်တယ်။ ဒီလောက်အထိ ခရီးရှည်သွားတွေအနေ နဲ့ တချို့ကိစ္စတွေမှာ စိတ်ရှည်ရှည်နဲ့ ထိမ်းထိမ်းသိမ်းသိမ်းဖြတ်သန်းသင့်တာပါဘဲ။ အဲ… ကိုယ်နဲ့ အသက်ပေး ပြီးလက်တွဲလာတဲ့ လူတွေကိုတော့ အတွေးအခေါ်မတူတာနဲ့ လက်တွဲဖြုတ်ပြီး ဆက်သွားနေကြသေးရင် အင်အားဆုံးရှုံးရုံကလွဲပြီး ဘာမှဖြစ်လာမယ်မထင်…။ မထင့်… မထင်…။
နိဂုံး (၀ါ) အစ
ဒီ အနှစ် (၂၀) ကျော်ကာလအတွင်းမှာ ဖြစ်ပျက်သွားတာတွေအများကြီးဘဲ။ တော်လှန်ရေးဖြတ်သန်းမှု ကာလမှာ ကိုယ်မြင်ရသလောက်၊ ကြားရသလောက်ကိုသာ ကိုယ်သိနေခဲ့ပေမယ့် နောင်အဆက်အစပ်တွေ အရ စုံစမ်းကြည့်တော့ မြို့မှာ ကျန်ခဲ့တဲ့သူငယ်ချင်းတွေ အတော်များများမရှိကြတော့ဘူး။ ဆုံးပါးကြပြီတဲ့။ ကျနော့အမေလည်း ကျနော့စိတ်နဲ့ ဆုံး၊ ကျနော့အဖိုးဖြစ်တဲ့ ဘဘလည်း အသက်အရွယ်အရ လူကြီးရောဂါ နဲ့ မရှိတော့။ ကျနော့ကို သင်္ကန်းပရိက္ခရာ တွေနဲ့ ရဟန်းခံပေးချင်ခဲ့တဲ့ အသက် ၈၆ နှစ် အဖွားလဲ လွန်ခဲ့တဲ့ နှစ်တွေထဲ ဆုံးသွားခဲ့ပြီ။ အရင်တလောက ငယ်ငယ်က ဂစ်တာသင်ပေးခဲ့တဲ့ အကိုတယောက်နဲ့ ဖုန်းရတယ်။ သူကျနော်နဲ့ စကားပြောနေတော့ အတော်ဝမ်းသာနေပုံ။ သူလည်း မကြာသေးခင်လေးကပဲ ဆုံးသွားပြီတဲ့။ ကျနော်ကိုယ်တိုင် အသက် ၄၅ နှစ်ကျော်သွား ပါပကော။ ရင့်ရော်ခြင်းနဲ့အတူ ပါလာတဲ့ ကျန်းမာရေးပြဿနာတွေကိုလည်း ရင်ဆိုင်ဂရုစိုက်နေရသေးတယ်။
ကျနော်တို့အားလုံး ဖြစ်ချင်တဲ့ လောဘတွေ၊ နောက်ဆက်တွဲ ဒေါသတွေနဲ့ ဖြတ်သန်းနေကြတာပါလား။ တကယ်တော့ လူ့လောကကြီးဆိုတာ ကျနော်တို့အားလုံးရဲ့ နားခိုရာတစ်ခုပဲလေ။ ကျနော်လည်း ထွက်သွားရမှာ…. အိုချင်း၊ နာချင်းအပြင် သေချင်းတရားက လည်းစောင့်ကြိုနေပြန်တယ်။ သင်္ခါရကို မေ့ နေကြပါလား။ ပြင်ပမှာရှိနေကြတဲ့ လုပ်ဖော်ကိုင်ဖက် ရဲဘော်မိတ်ဆွေတွေလဲ တဖြုတ်ဖြုတ်ဆိုသလို ကြွေနေတာရှိတယ်။
ကျနော် အဖြစ်ချင်ဆုံးဆန္ဒထဲမှာ ကျနော်တို့မြန်မာနိုင်ငံသားအားလုံး လွတ်လွတ်လပ်လပ် ခုန်ပေါက်ပျော်ရွှင် နေတာကို ငယ်ငယ်တုန်းကလို ပြန်တွေ့ချင်တယ်။ ဒါကလည်း လွတ်လပ်မှု၊ တရားမျှတမှုတွေ တကယ်ဖြစ်လာပြီး လောကပါလတရားထွန်းကားတဲ့ ဒီမိုကရေစီခေတ်ကိုရောက်မှ ဖြစ်မှာ။ တိုးတက် ထွန်းကားမှုဆိုတာက ပဋိပက္ခတွေကင်းလေ တိုးတက်ထွန်းကားလေပဲ ဖြစ်မှာပါ။
ကျနော် နယ်စပ်ကို ရောက်တဲ့အခါ တဖက်နိုင်ငံမှာ ကိုယ့်ထက်အရင်ရောက်ပြီး ခိုလှုံနေကြတဲ့ နိုင်ငံရေးသမား ဟောင်းကြီးတွေက ပြောပြကြတယ်။ ထိုင်းလူမျိုးတွေက ဟိုးအရင်က မော်တော်ကား မမြင်ဖူးလို့ မြန်မာပြည် ဖက်ကိုတောင် သွားပြီးကြည့်ရတယ်တဲ့။ အခုတော့လည်း ကျနော်တို့လူမျိုးတွေ သူများနိုင်ငံတွေမှာ မျက်နှာငယ်ငယ်နဲ့ အစုလိုက်အပြုံလိုက် ကျွန်ခံနေကြရတုန်း။
ကျနော်က မြန်မာနိုင်ငံမှာ စနစ်ဆိုးတခုကနေ စနစ်ကောင်းတခုကို ပြောင်းလဲသွားဖို့ လိုက်ပါလှုပ်ရှားနေတဲ့ Activist တယောက်ပါ။ နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ Activist တွေရှိကြတယ်။ Activist တွေက လူ့အဖွဲ့အစည်းတိုင်းမှာ အုပ်ချုပ်သူတွေရဲ့အမှားကို ဝေဖန်ကြတယ်၊ ထောက်ပြကြတယ်။ အခုအချိန်အထိ ကျနော်တို့ ABSDF တပ်ဖွဲ့ဝင်တွေ၊ တပ်ဖွဲ့ဝင်ဟောင်းတွေဟာ လက်ရှိအစိုးရရဲ့ ချွတ်ချော်မှုတွေကို၊ သူတို့ရဲ့ ကျွမ်းကျင်မှုနယ်ပယ်အလိုက် ထောက်ပြနေကြတာရှိတယ်။ ဒီမိုကရေစီစနစ်မှာ အဲဒီလိုလွတ်လွတ်လပ်လပ် ထောက်ပြနှိုင်ခွင့်တွေရှိရတယ်။ အတိုက်အခံမရှိတဲ့အစိုးရအောက်မှာ တိုင်းပြည်နဲ့လူမျိုး တိုးတက်မှုမရှိပါ ဘူး။ ဝေဖန်မှုရှိလေ တိုးတက်လေဆိုတာကို လက်ခံရမှာပါ။
အဖေက ကျနော့ကို သူမသေခင်လာတွေ့ပါဦးကွာလို့မှာတော့ ကျနော်မရှိတဲ့အချိန် အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းကြရတဲ့ ကျနော့အဖေနဲ့ ညီညီမတွေကို တွေ့ချင်လာတယ်။ တကယ်တော့ အခုဆိုရင် ကျနော်အိမ်ပြန်မရောက်တာ အနှစ်နှစ်ဆယ်ကျော်ရှိပြီ။ ကျနော် အဖွဲ့အစည်းကထွက်ပြီးနောက်ပိုင်း နယ်စပ် မှာ ပညာရေး အလုပ်တွေ၊ လူမှုရေးအလုပ်တွေနဲ့ ဖြတ်သန်းတာရှိတယ်။ ကျနော် ဒီအလုပ်တွေကို အခွင့်သာတဲ့ အခါ မြန်မာပြည်မှာ ပြန်ပြီးလုပ်ချင်တယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ တွေ့ချင်တဲ့ အမျိုးတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေလဲ ရှိတယ်။ သူတို့နဲ့ စကားတွေ တ၀ကြီးပြောချင်တယ်။
သွားတဲ့လူတွေလဲ သွားနေကြတယ်။ ပြန်တဲ့လူတွေလဲ ပြန်နေကြတာကြားရတယ်။ ဖောက်ပြန်ရေးသမားလို့ လွယ်လွယ်ခေါင်းစဉ်တပ်ရင်လည်း ဘာမှပြန်ပြောစရာမရှိပါ။ ကျနော်ကတော့ တခြားသူကို ပြောချင်ရင် စောင့်ကြည့်ပြီးမှ အပြုသဘောနဲ့ပြောမှာ ဝေဖန်မှာပါ။ တကယ်တော့ ကျနော်တို့ ကိုယ့်ဆုံးဖြတ်ချက် နဲ့ ကိုယ်လာကြတာဖြစ်တယ်။ လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတယ်။ ကမ္ဘာမှာမရှိသလောက်ဖြစ်တဲ့ ကျောင်းသားလက်နက်ကိုင် တော်လှန်ရေးက ဒီအပြောင်းအလဲမှာ တစုံတရာအရေးပါတယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေရဲ့ ဒုက္ခနဲ့ခံစားချက်တွေကို အနီးကပ်ရှိနေတဲ့ကျောင်းသားတပ်မတော်သားတွေက အတူတူ နှစ်နဲ့ချီပြီးဖြတ်သန်းခဲ့ကြတာဖြစ်လို့ နားလည်ကြတယ်။ ဒီတောတွင်းရောက်ကျောင်းသားတွေဟာ တိုင်းရင်းသားအရေးကို ကြားခံ ညှိနှိုင်းပေးကြရမယ့် ကဏ္ဍမှာ အဓိကကျတယ်။ နှစ်ဖက် အပြုသဘော ဆောင်တဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုတွေဟာ လူတွေကိုသေကြေထိခိုက်နှိုင်တဲ့ စစ်လက်နက်တွေမပါဘဲ အောင်မြင်မှုဆီကို ဦးဆောင် သွားနှိုင်ပါတယ်။ ပဋိပက္ခမရှိရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့မြန်မယ်။ ထိုင်းနိုင်ငံ က စီးပွားရေးပညာရှင်တွေက မြန်မာနိုင်ငံဟာ ထိုင်းကို ၅ နှစ်အတွင်း အမီလိုက်နှိုင်တယ်လို့ သုံးသပ်ထား တယ်။
မှုန်ဝါးဝါးကြားထဲကနေ တိုးတက်မှုဖြစ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲအခြေအနေမှာ သူများတွေ ပြောနေကြတာထက် ကိုယ့်မျက်စေ့နဲ့ကိုယ်မြင်ရအောင်၊ ကိုယ်တိုင်ကြုံရအောင် ကျနော်လည်း ကိုယ်တိုင်ပြန် ကြည့်ဦးမယ်။ ဒီ အပြန်ခရီးက ကျနော့ကို စကားတွေအများကြီးပြောပြလိမ့်မယ် ထင်ပါတယ်။ ကြားချင်၊ မြင်ချင်တာတွေကိုသာ မြင်ရ၊ ကြားရပါလို၏….
xxxxxxxxx
No comments:
Post a Comment