Thursday, October 10, 2013

“မောင် ဘယ်သူ့ကိုမှ အပြစ်လည်း မတင်လိုပေ”


October 10, 2013 at 5:06am
          အစစအရာရာ တယ်လည်း အောက်ကျနောက်ကျနိုင်ပါလား ဆိုတဲ့ခံစားချက်ဟာ တကယ်တမ်း အတွင်းကျကျသိလိုက်ရလို့ “ဟယ် သူတို့လည်း တို့နဲ့ ဘာမှမထူးပါလား။” လို့ သဘောပေါက်မိတဲ့အချိန်ကျတော့ စိတ်ထဲကနေ ကျိတ်ပြီးပြုံးချင်မိတယ်။ မနာလိုတာတော့ ဟုတ်ပါဘူး။ “ဝေး.. အတူတူပဲကွ။” လို့ ကလေးတွေအော်သလို အော်လိုက်ချင်တာပါ။
ရေချိုးခန်းသွားတုန်းက မြင်လာတဲ့အကြောင်းတွေ ပြောနေတယ် မထင်နဲ့နော်။ သူတို့ဆေးရုံ နဲ့ ကိုယ့်ဆေးရုံ တူတာကလေးတွေတွေ့ရလို့ အားတက်သရော ဖြစ်သွားတဲ့အကြောင်း ဖောက်သည်ချမလို့။ သည်တစ်ပါတ်ထဲမှာ သူတို့နိုင်ငံ တောဆေးရုံက ဆရာဝန်လေးတစ်ဦးနဲ့ တွေ့ရပါတယ်။ ဂျပန်နိုင်ငံသမိုင်းမှာ အပြင်းထန်ဆုံး ငလျင်ကြီးတစ်ခုဖြစ်တဲ့ ဂျပန်အရှေ့ပိုင်းငလျင်ကြီးအကြောင်း ကိုယ်တွေ့ဖြစ်ရပ်များကို ဖြစ်ကြောင်းကုန်စင် နတ်သံနှောသွားသဗျ။

          သူက အဲသည်အချိန်မှာ ငလျင်ဒဏ်ပြင်းစွာခံရတဲ့ မီယာဂိမြို့နယ်ဆေးရုံကလေးမှာ တာဝန်ကျနေပါသတဲ့။ ပြန်မပြောချင်ပဲ မေ့ပစ်ထားတဲ့အကြောင်းတွေကို ရပ်ဝေးမြေခြားက လာရောက်လေ့လာတဲ့ ကိုယ်တို့မြန်မာတွေ တစုံတရာ အကျိုးရှိရာရှိကြောင်း သင်ခန်းစာယူနိုင်ဖို့ စိတ်မကောင်းခြင်းကြီးစွာနဲ့ လာရောက်မျှဝေပါသတဲ့။ သူ့ကိုယ်သူမိတ်ဆက်အပြီးမှာ သူနဲ့အတူတူတာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့အထက်လူကြီးနှစ်ယောက်ရဲ့ ဓါတ်ပုံကို ပြပါတယ်။ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အဲသည်နှစ်ယောက်စလုံး မရှိတော့ပါဘူးတဲ့။ ငလျင်ဒဏ်ခံရတဲ့လူနာတွေကို ထိထိရောက်ရောက် မကယ်တင်နိုင်တဲ့အတွက် သူတို့ကိုယ်သူတို့ သတ်သေသွားကြပါသတဲ့။ အလကားနေ ပါးရိုက်တာ၊ ကိုယ်တုံးလုံးရေချိုးတာကိုပဲ တခုတ်တရ အထူးအဆန်းလုပ်နေတဲ့ ကိုယ်တို့မြန်မာတွေဟာ သူတို့လူမျိုးတွေ ကိုယ့်တာဝန်ကိုယ် မကျေရင် အရှက်သည်းတတ်ကြပုံ၊ တာဝန်က ခိုင်းစေလာရင် (အမိန့်မဟုတ်ဘူးနော်။ သေသေချာချာ မှတ်ထားဦး) ကိုယ့်အသက်ကို ပဓါနမထားပဲ ရွပ်ရွပ်ချွံချွံ ဆောင်ရွက်တတ်ပုံတွေကို နားလည်နိုင်ဖို့ခက်ပါလိမ့်မယ်။

         လူပေါင်းနှစ်သောင်းနီးပါး အသေအပျောက် စာရင်းတင်ခဲ့တဲ့ ဂျပန်အရှေ့ပိုင်းငလျင်ကြီးဟာ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ သူတို့ဆီမှာ ၃/၁၁ အဖြစ်ဆိုးကြီး လို့ မှတ်တမ်းတင်ကြပြီး အမေကြီးကားက ၉/၁၁ လိုပဲ ၀မ်းနည်းကြေကွဲခြင်းများစွာနဲ့ ကိုယ်ရောစိတ်ပါ ဒဏ်ရာတွေရခဲ့တဲ့ အိပ်မက်ဆိုးကြီးလို့ ပြောပါတယ်။ ကိုဘေးမှာလှုပ်တဲ့ ဟန်ရှင်းအ၀ှာကြီးလောက် အပျက်အစီးမများပဲ အသေအပျောက် သုံးဆလောက်များသွားတာကတော့ ငလျင်အပြီးမှာ ဆူနာမီတက်လာတဲ့အတွက် ရေအဆုံး ကုန်းတ၀က် ဖြစ်ကုန်လို့ပါ။ ဒီ့ထက်ဆိုးသွားတာကတော့ ငလျင်ဒဏ်သင့်ဒေသထဲက ဖူကူရှီးမားနျူကလီယာဓါတ်ပေါင်းဖိုကြီး ပွင့်ထွက်ယိုစိမ့်သွားတဲ့အတွက် မခန့်မှန်းနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရဆဲ လို့ ဆိုပါတယ်။

         ဒီအကျိုးဆက်ကြောင့် ဂျပန်တစ်ပြည်လုံးမှာ ရှိတဲ့ အနုမြူဓါတ်ပေါင်းဖိုတွေ အကုန်ပိတ်သိမ်းလိုက်ရပြီး Energy Utopia လို့ခေါ်တဲ့ စွမ်းအင်အိပ်မက်က တရေးနိုးခဲ့ရပါတယ်။ ဂျပန်နိုင်ငံရဲ့ သမိုင်းကို တဆစ်ချိုးကွေ့ခိုင်းလိုက်တဲ့ အဖြစ်အပျက်ကြီးမှာ ကိုယ်တိုင်ပါဝင်ခံစားခဲ့ရတဲ့ ဆရာဝန်ကလေးက ပေးချင်တဲ့ သင်ခန်းစာကတော့ “ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ်ရော သူတပါးကိုပါ အပြစ်မတင်ပါနဲ့။” တဲ့။ အမှားတွေ့ရင် အမှန်ပြင်ပြီး ရှေ့ဆက်လုပ်စရာတွေ ရှိသေးတယ် မဟုတ်လား။ အပြစ်တင်နေရင် ခရီးဖင့်ယုံတင် မဟုတ်ဘူး။ သူရောကိုယ်ပါ အလုပ်လုပ်နေတဲ့ အရှိန်အဟုန်ကို ခြေထိုးခံလိုက်သလို ဖြစ်သွားတတ်တယ်လေ။

         အပြစ်မတင်သော်လည်းပဲ အဖြစ်သနစ်ကိုတော့ အမှန်အတိုင်း မြင်နိုင်အောင် သုံးသပ်ပြပါတယ်။ အဲဒီအဖြစ်ဆိုးကြီးမှာ လူတွေအဲသလောက် မသေသင့်ပဲ သေဆုံးကုန်ရခြင်း အကြောင်းရင်းဟာ သတင်းအချက်အလက်မှန်တွေ မရရှိပဲ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေပေါ်မှာ မှားယွင်းဆုံးဖြတ်မိကြတဲ့အတွက်ပါတဲ့။ ရရှိတဲ့ သတင်းအချက်အလက်များရဲ့ ၈၀%ဟာ လုံးဝ မှားယွင်းနေပါသတဲ့။ သတင်းအမှန်မတက်တဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း လူမှန်နေရာမှန် အချိန်မှန် မရောက်နိုင်တော့ပဲ ဒုက္ခသည်တွေအဖို့ ကိုယ့်ကိုယ်ကိုယ် အသက်လွတ်အောင်ရုန်းရတာရယ်၊ ကိုယ့်အချင်းချင်း တစ်ယောက်တစ်ယောက် ပြန်ကယ်ရတာရယ်၊ အစိုးရက လာရောက်ကယ်တင်ပေးတာရယ် အချိုးချကြည့်လိုက်ရင် ၇း ၂း ၁ ပဲ ရှိပါသတဲ့။ (၂း ၁ ဆိုတာ တကယ် မဟုတ်ဘူး။ ညာတာ။ ၁း ၂ လို့ စိုင်းစိုင်းကို ခေါ်အဆိုခိုင်းဦးမှပဲ)

          သူ့အနေနဲ့ အကြံပေးချင်တာကတော့ အဲဒါမျိုးများ ကြုံလာခဲ့ရင် အထက်က အဆင့်ဆင့်အမိန့်ပေးတဲ့ Command Center ကို သတင်းပို့ရုံနဲ့ မလုံလောက်သေးဘူး။ အဲဒါ Vertical Chain လို့ခေါ်သတဲ့။ ကိုယ်နဲ့အဆင့်တူ တန်းတူအဖွဲ့အစည်းများနဲ့လည်း သတင်းအချက်အလက်မှန်တွေ အချင်းချင်းဖလှယ်ပြီး ဟန်ချက်ညီညီ လက်တွဲလုပ်ဆောင်ရပါမယ်တဲ့။ ဒါက Horizontal Chain တဲ့။ ကိုယ့်အောက်ခြေက အဖွဲ့အစည်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း ရှိမရှိ ကြီးကြပ်ကွပ်ကဲရသေးသတဲ့။ On site level ပါတဲ့။ (လိုအပ်သည်များကို မှာစားရုံနဲ့ မရပဲကိုး တျားနာပိတ်သတ်ရဲ့) ဘာတွေပြောနေမှန်းလဲ မသိပါဘူး။ ပေါ်လစီကြီးတွေ လာရွတ်နေတယ်လို့ ထင်မှာပဲနော်။ နားလည်အောင် နည်းနည်းထပ်ရှင်းပြမယ်။

          တို့ဆီမှာ နာဂစ်ကြီးဖြစ်တုန်းက ဦးထွန်းလွင်ကြီးခမျာ လေဒီယိုက အာပေါက်အောင် အော်နေသော်လည်းပဲ ဘယ်သူကမှ ဖွင့်နားမထောင်လို့ မကြားလိုက်ကြဘူး မဟုတ်လား။ ဂယ်ဆိုရင် အဲ့လူကြီးက မယ်မယ်ဖျားနဲ့ သားတော်ကြီး နားပေါက်အောင် အိပ်မက်ပေးနိုင်လို့ရှိရင် “တိုင်းသူပြည်သား လူအများတို့လေး…” ဆို မောင်းကြေးနင်းခိုင်းလိုက်လို့ရတာပေါ့။ သူ့မှာ Vertical chain မရှိဘူး။ ဒါကြောင့် ဟိုက အာရုံမရတာ။ သူ့ပါးစပ်က လာတဲ့ ပီးပေါ်ပီးပေါ် နဲ့ နန်းတော်ထဲကလာတဲ့ ပီးပေါ်ပီးပေါ်ဟာ လူတွေ အရေးလုပ်ခံရတာချင်း မတူဘူး။ ဒါကြောင့် Vertical chain လေး ရှိသွားအောင် အရေးအကြောင်းဆို သံတော်ဦးတင်လိုက်စမ်းပါ။ ဘာခက်တာလိုက်လို့။

          ဂျပန်မှာတော့ ရှိတယ်လို့ မဆိုလိုပါဘူး။ သူတို့လည်း တို့နဲ့အတူတူပဲဆိုတာ မိုးလေ၀သကြေငြာတဲ့နေရာပြောတာ။ ဆူနာမီဝမ်နင်မှာ ဒီရေလှိုင်းအမြင့် ၃ မီတာ လို့ ကြေငြာထားတော့ “တို့ဆောက်ထားတဲ့ ရေကာတာနဲ့ဆို အသာလေး” ဆို အိုးမကွာအိမ်မကွာနေကြခိုက် တကယ်တက်လာတော့ ၁၄.၅ မီတာကျော်သတဲ့။ မြို့အ၀င်မှာစိုက်ထားတဲ့ ထင်းရူးပင် ခုနစ်သောင်းဟာ တစ်မိနစ်အတွင်းမှာတင် စုန်းစုန်းမြုပ်သွားတာ ခြေချစရာ တစ်နေရာတောင် မကျန်တဲ့အကြောင်း ဗီဒီယိုမှတ်တမ်းနဲ့ ပြန်ပြတယ်။ ဒုတိယဆူနာမီလှိုင်းလုံးကျပြန်တော့လည်း ၆ မီတာလို့ အော်နေတုန်း ၁၅ မီတာနဲ့တက်လာရောတဲ့။

         ခေတ်မီစက်ကိရိယာပစ္စည်းတွေ ဘယ်လိုပဲ ဆန်းပြားတွင်ကျယ်ပါစေ။ နောက်ဆုံးတော့
ရှေးလူကြီးများဆိုရိုးစကားသာလျှင် ယုံကြည်စိတ်အချရဆုံးဆိုတာ ဂျပန်တွေ ကိုယ်တွေ့ယုံကြည်သွားခဲ့တယ်။ အီဝတေးခရိုင် မီယားကိုးမြို့၊ အာနီယိုရှီးမြို့နယ်ထဲမှာ ရှေးရှေးတုန်းက ရေးထားတဲ့ ကျောက်စာတိုင်ကလေးတစ်ခုကို သွားတွေ့တယ်။ “သည်ကျောက်စာတိုင်ရဲ့အောက်ဘက်ကျတဲ့အရပ်မှာ ဘယ်တော့မှ အိမ်ဆောက်မနေပါနဲ့။” တဲ့။ “Never built houses below this point.” လို့ အင်္ဂလိပ်လို ပြန်ပေးတယ်။ ဆူနာမီမှာ ရှေးလူကြီးစကား နားထောင်ကြတဲ့ရွာသားတွေအားလုံး အသက်ချမ်းသာရာရသတဲ့။

           ရေဒီယိုက သူ့ဘာသူ ကြေငြာချင်တာ ကြေငြာ၊ ငါ့ကလေးတွေကိုတော့ မတော်တဆကလေးတောင် တစ်ယောက်မှ အထိခိုက်မခံနိုင်ပါဘူး လို့ ပြောပြီး ငလျင်လှုပ်လှုပ်ချင်း သူ့ကျောင်းသားတွေအကုန် ကုန်းမြင့်ပေါ်အရောက်ခေါ်သွားနိုင်တဲ့ ကာမာအိရှိက ကျောင်းဆရာကလေးတစ်ယောက်ကတော့ အုတ်အော်သောင်းနင်း သြဘာကျပေမယ့်လည်း မကယ်နိုင်တဲ့ဆရာများစွာမှာတော့ တချို့ဆို စိတ်ထိခိုက်ပြီး သတ်သေတဲ့ထဲ ပါကြပြန်ရော။ သားတို့သမီးတို့လည်း နောင်ကျ မြန်မာပြည်က မယ်မယ်ဖျား ဘဘဖျားကြီးတွေလို ဗေဒင်ယတြာလေးတွေ စီရင်ပြီး လုပ်ကြကွယ် လို့ မှာလိုက်ချင်ပါရဲ့လေ။

           သို့သော်လည်း စိတ်ထဲကစကားကို မျက်နှာပေါ်တက်မလာအောင် ထိန်းရပါတယ်။ သူ့ခမျာ မျက်ရည်လည်ရွဲ မုဒ်တွေ ၀င်နေလိုက်ပုံက တကယ်ဆိုရင် သူတို့ဂျပန်နိုင်ငံမှာ စူပါကွန်ပြူတာကြီးနဲ့ Disaster Information System ကြီးတစ်ခုလုံး လုပ်ထားတာ ရှိပါတယ်တဲ့။ “ဘာဖြစ်လို့များ အဲသဟာကြီးကို အသုံးမချခဲ့သလဲ မသိဘူး။ အဲ့ဒါကြီးနဲ့သာဆိုရင် အလွန်ဆုံးသေလှ လူတစ်ရာနှစ်ရာထက် မပိုပါဘူး။ အနည်းဆုံးတော့ ကမ္ဘာလှည့်ခရီးသည်တွေကို ကယ်လို့ရလိမ့်မယ်။” လို့ ရင်ထုမနာ ပြောသွားတယ်။ (ကြည့်ရတာ အင်္ဂလိပ်လို တင်ထားတဲ့စံနစ်ဖြစ်ပုံရတယ်)

            သူ့အနေနဲ့ လက်တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ဆက်ရှင်းပြပြန်တယ်။ ငလျင်လှုပ်ပြီး ဆူနာမီဝင်တော့ ပျက်စီးဆုံးရှုံးသွားတဲ့အထဲမှာ ကျန်းမာရေးအဆောက်အဦတွေလည်း ပါတာပေါ့။ ဆေးရုံ ၁၉ ခု ရှိတဲ့အနက် ၁၃ ခုဟာ သုံးလို့မရအောင် ပျက်စီးသွားတယ်။ ပြဿနာက အဲသည်အထဲမှာ လူနာတွေ ရှိနေတယ်။ ငလျင်မလှုပ်ခင်ကတည်းက သူ့အရပ်ဒေသဟာ ဆရာဝန် မလုံလောက်တဲ့ ပြဿနာရှိတယ်။ တောမြို့ကလေးမို့ ဘယ်ဆရာဝန်မှ မလာချင်ဘူးတဲ့။ (ဟေဟေ့။ တို့နဲ့တူလှချည်လားကွ။) အခုတော့ ဒုက္ခသည်တွေထဲမှာ ဆရာဝန်ကိုယ်တိုင်ပါနေပေမယ့်လည်း ကိုယ့်အိမ်မှာ ဘာတွေဖြစ်သလဲ ကိုယ်ပြန်မကြည့်နိုင်အားဘူး။ ဆေးရုံမှာ သူတစ်ယောက်တည်း။ လူနာက ၁၀၆ ယောက် ရှိတယ်။ အထပ်ငါးထပ်ရှိတဲ့ သူ့ဆေးရုံမှာ လေးထပ်မျက်နှာကျက်အထိ ရေတက်လာတော့ မီးမလာလို့ ဓါတ်လှေကားပျက်နေတဲ့အတွက် လူနာ ၄၂ ယောက်ကို ထမ်းစင်နဲ့ ၅ ထပ်ရောက်အောင် သယ်ရတယ်။ အေးလွန်းလို့ နောက်နေ့မနက်မှာ လူနာ ၇ ယောက်သေသွားတယ်။ လူနာတွေကို ကယ်ရင်းနဲ့ ဆေးရုံက၀န်ထမ်း သုံးယောက် ထပ်သေသွားတယ်။

            ဆေးရုံက အခြေအနေထိမ်းသိမ်းပြီးတော့ မြို့ခံလူထုအခြေအနေကလည်း သူ့တာဝန်ဖြစ်လာတယ်။ အားကစားရုံမှာ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး ဒုက္ခသည်တွေ လက်ခံထားတာ လူနာချည့်ပဲ သုံးလေးဆယ် ရှိနေပြီ။ ဆရာဝန်က သူတစ်ယောက်တည်း။ ဆေးဝါးမပြောနဲ့ နားကြပ်တောင် အပိုမရှိဘူး။ (တူပြန်ပါသကွာ) ရှိချင်ရှိ မရှိချင်နေလေ။ ခေါင်းထဲ ပညာတွေသင်ထားတာ ဘာလုပ်ဖို့လဲ။ သည်လိုနဲ့ သူရော သူ့ဆေးရုံက ဆရာမလေးတွေရော ကယ်ဆယ်ရေးစခန်းမှာ ဆေးပေးခန်းဖွင့်ပြီး ရေမန်းဆေးမန်း မေတ္တာစွမ်းနဲ့ ကုသကြလေသတည်း။ ငလျင်ဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးတွေအားလုံး မြန်မာဆန်ဆန် ဗျာပါဆံဖြစ်ကုန်တော့ ရေထဲမိုးထဲ လူနာလွှဲဖို့အရေးမှာလည်း မောင်စံဖားကလေး အမ်းဆေးရုံမှာတုန်းကလို သည်တောင်ကို မကျော်နိုင်တော့ဘူး ဖြစ်ရပြန်သတဲ့။ လူနာတစ်ယောက်ကို Ambulance တစ်စီးနဲ့ အနီးဆုံးဆေးရုံကို လွှတ်ရင် အသွားအပြန် ၇ နာရီကြာမယ်။ ဟယ်လီကော်ပတာတွေက ရာသီဥတုကြောင့် မဆင်းနိင်ဘူး။ ညမှောင်ရင်လည်း မီးမလင်းလို့ မဆင်းနိုင်။ ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြရော။ (တို့လို အကုန်လုပ်တတ်အောင် သင်ထားဖို့ လိုပြီ မဟုတ်ဘူးလား)

            နဂိုက ကျန်းကျန်းမာမာကြီးတွေတောင် ငလျင်ဘေး ရေဘေးနဲ့ ဘုံးဘုံးလဲတဲ့အချိန်ဆိုတော့ စကတည်းက ဆေးရုံတက်နေရတဲ့လူနာတွေခမျာ နေမကောင်းပါဘူး ဆို ဇွတ် နဲ့ တွေ့ကုန်ရော။ ဆေးနဲ့ထိန်းထားရတဲ့ရောဂါတွေက ဆေးလည်းကုန်ရော လွတ်ထွက်ကုန်ကြတယ်။ စေတနာ့ဝန်ထမ်းဆရာဝန်တွေလား။ လာတာပေါ့။ လာတာပေါ့။ လာတာမှ ဟောတစ်ဖွဲ့ ဟောတစ်ဖွဲ့ လာကြတာ။ ကျော့ကျော့ကလေးလာ နှစ်နာရီ သုံးနာရီလောက် လူနာတွေကြည့်၊ ပေးချင်တဲ့ဆေးတွေ ပေးချင်သလိုပေးပြီး ပြန်သွားရော။ သူတို့ဟာသူတို့တော့ ကုသိုလ်တွေအများကြီးရသွားပြီဆိုပြီး ကြေနပ်နေမှာပဲ။ တကယ်တော့ ဆေးရုံကလူနာတွေအတွက် လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေကို အရေးပေါ်ခွဲတမ်း (Emerrgency Indent)နဲ့ လှမ်းတောင်းတာမှာ ဆေးရုံကို ရောက်မလာပဲ သူတို့က ဒုက္ခသည်စခန်းမှာ ထင်သလိုပေးကမ်းပစ်လိုက်တော့ ဆေးရုံမှာ အဲသည်ဆေး အချိန်မီမရရင် ဒုက္ခဖြစ်မယ့်သူတွေက သေကုန်ရော။ မေးစမ်းပါ။ မြန်းစမ်းပါ။ ပြောချင်လွန်းလို့ပါ။ ခုတော့ မမေးမမြန်းနဲ့။ အရမ်း အရမ်းကိုပဲ။ ညတိုင်းညတိုင်း Head Quarter ခြောက်ခုမှာ အစည်းအဝေးတွေ ထိုင်ထိုင်နေပြီး အဲသလောက် လွဲချော်အောင်လုပ်နိုင်တာ အံ့သြလို့မဆုံးဘူးတဲ့။

              အထက်နဲ့အောက်နဲ့ အစပ်အဟပ်မတည့်တာလည်း မပြောနဲ့လေ။ အရေးရယ် အကြောင်းရယ်ဆိုတော့ လူတွေကလည်း သွေးပျက်ကုန်တယ် ထင်ပါတယ်။ သူတို့မြို့အနီးက ယာမာဒါဆေးရုံမှာ “ဆရာဝန်တစ်ယောက် လူနာတွေနဲ့ ပိတ်မိနေတယ်။ အမြန်လာကယ်ကြပါ” လို့ သတင်းရတော့ မီယားကိုးဆေးရုံက သွားကယ်ကြတယ်။ အဲဒီဆေးရုံက ဆရာဝန်က ရေထဲမိုးထဲ သူမနည်း အသက်နဲ့လဲပြီး ကုထားရတာ “ဘယ်လူနာတစ်ယောက်ကိုမှ လွှဲမပေးနိုင်ဘူး။ တစ်ယောက်မှ လာမထိနဲ့။ မီးပွင့်သွားမယ်။” ဖြစ်နေလို့  ပြဿနာတက်ကြရော။ လူနာတွေကလည်း သူမနိုင်တဲ့ရောဂါတွေဖြစ်နေတာမို့ အထက်ဆေးရုံကို လွှဲကိုလွှဲရမှာ။ နောက်ဆုံး အတင်းအကြပ် လူနာတွေ သယ်ထုတ်တဲ့အခါ အဲဒီဆရာဝန် ဒီပရက်ရှင်ရလို့ သူ့ပါ ဆေးရုံပို့ရရော။ စီမံခန့်ခွဲတဲ့နေရာမှာ ပျာကလပ်စိန်ကို ယိမ်းခေါင်းဆောင် ခန့်မိရင် ယိမ်းသမတစ်ဖွဲ့လုံး မှောက်လျက်တွေ လဲကုန်တတ်တာလည်း သင်ခန်းစာ ယူကြပါတဲ့။

             အဲဒီအချိန်မှာ သူကိုယ်တိုင်ကလည်း အရူးမီးဝိုင်းနဲ့မို့ တောင်မင်းမြောက်မင်း မကယ်နိုင် ဖြစ်နေပါသတဲ့။ တစ်နေ့ကို လူနာ သုံးလေးရာ ဒိုင်ခံကြည့်ပေးနေရပြီး ဆေးကုတဲ့အလုပ်တစ်ခုတည်း မဟုတ်၊ ရုံးလုပ်ငန်းနဲ့ အုပ်ချုပ်ရေးပိုင်းရော။ အထက်ကို အချိန်နဲ့တပြေးညီ သတင်းပို့ရတာတွေရော ချာလပတ်ကို လည်နေတာပါတဲ့။ ပြောရင်းနဲ့ သူက မေးခွန်းတစ်ခုဖြတ်မေးတယ်။ “တကယ်လို့များ ခင်ဗျားဆီကို တစ်မိနစ်အတွင်း အမိန့် ၂၀ လောက် ဆက်တိုက်အပေးခံရရင် ဘာလုပ်မလဲ။” တဲ့။ လူကြီးတစ်ယောက်ကပဲ ခုတစ်မျိုး ခုတစ်မျိုး ခိုင်းနေတာတွေနော်။ သူကပဲ ပြန်ဖြေပေးတာတယ်။ မတော်မတည့်တွေ ဖြေမစိုးလို့ထင်ပါရဲ့။ အဓိကကတော့ ရည်မှန်းချက်ကို ပြန်ကြည့်ပါတဲ့။ Mission က ဘာလဲပေါ့။ အဲဒီ Mission မပျောက်အောင် သတင်းအချက်အလက် ပြန်စုဆောင်းတဲ့ဆီကစ။ (Data collection တဲ့။) ပြီးမှ Management မှာပါတဲ့ P. I. E. cycle ကို ပြန်လှည့်သွားလိုက်ဖို့ သင်ပေးပါတယ်။ ဘာဖြစ်လို့ဆိုတော့ System  Break down ဖြစ်သွားရင် အထက်ကလာတဲ့ အမိန့်တွေဟာ Reliable မဖြစ်တော့ပါဘူးတဲ့။ ကဲဗျာ။ ကောင်းခန်းရောက်ပြီ။ မိုးကြိုးလွှဲလေး တပ်ပြီးမှ ဆက်ဖတ်။

              ငလျင်ဒဏ်နဲ့ ရေကြီးတဲ့ဒဏ်ကြောင့် လျှပ်စစ်မီးတွေ ပျက်ကုန်တဲ့အခါမှာ အဲဒီဒေသမှာရှိတဲ့ ဖူကူးရှီးမားက အနုမြူဓါတ်ပေါင်းဖိုကြီးကို အပူချိန်ထိန်းဖို့ပေးထားတဲ့ အဲယားကွန်းကြီးက အလုပ်မလုပ်တော့ပါဘူးတဲ့။ (ဟားဟား မီးပျက်ပြီ။ ဘာတတ်နိုင်သေးတုန်း။) တကယ်ဆိုရင် အရေးပေါ်မီးပေးစက်တွေ လွှတ်ပေးလိုက်ရင် ရရဲ့သားနဲ့ လူကြီးတွေက ကယ်ဆယ်ရေးဘက်မဲနေပြီး အဲဒါကို မစဉ်းစားမိဘူးနဲ့တူတယ်။ အဲဒီအချိန်က ၀န်ကြီးချုပ်ကြီးကိုယ်တိုင် site ထဲကိုလာ ကြိမ်းမောင်းဆဲဆိုပြီး ပြန်သွားပါသတဲ့။ (ကိုယ်တို့ဆီလိုဆိုရင်ဖြင့် မအေပေးချင်း မိုးမွှန်ကုန်မယ် ထင်တယ်နော်) ဆရာလေးက သုံးသပ်တာကတော့ ဗျူဟာကိုင်တွယ်ရတဲ့ Strategy Level က လူကြီးမင်းများဟာ အဲသလို On site ထဲ ကိုယ်တိုင်ဆင်းပြီး မထော်မနမ်းတွေ မလုပ်ရပါဘူးတဲ့။ (မှတ်နော် မှတ်နော် မှတ်နော်) သင့်တော်ရာ ကျွမ်းကျင်သူ Specialized Team ကို စေလွှတ်ပြီး စီမံခန့်ခွဲရမှာ ဖြစ်ပါသတဲ့။

             ဒီထိလည်း ပြဿနာ မဖြစ်သေးပါဘူး။ စကားလည်းရှိသားပဲ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတာလေ။ အဲ ဖြစ်ပြီဆိုရင်တော့ အကုန်ဖြစ်တော့တာဗျား။ အပူချိန်တွေလွန်ကဲသွားလို့ ဂင်ဘတ်ကု အနုမြူဓါတ်ပေါင်းဖိုကြီး ယိုစိမ့်လာပါတော့တယ်။ ပထမဆုံး တက်လာတဲ့သတင်းက မဟုတ်ရပါကြောင်းပေါ့။ ငြင်းတယ်ခင်ဗျ။ ဘူးဆိုရင် ဖယုံမသီးနိုင်အောင်ကို ငြင်းတာ။ ပါးစပ်ကငြင်းပေမယ့် ခြေစလက်စတွေက ဖုံးမရနိုင်တော့တဲ့အခါ “မဆိုစလောက်ကလေး စိမ့်နေတာပါ။ အခုချက်ချင်း လုပ်နေကြပါတယ်။ အားလုံးကောင်းသွားမှာပါ။ ဘာမှ မပူနဲ့နော်။” လေသံပြောင်းသွားတယ်။ နောက်ပိတ်ဆုံးမှာ အမေရိကန်က သတင်းထဲမှာ ဓါတ်ပေါင်းဖိုကြီး အရည်တွေပျော်ကုန်ပြီ လို့ တက်လာတော့မှ ဘာမှ လုပ်ပေးလို့မရတော့တဲ့ ဘူတာကို ဆိုက်ပါတော့တယ်။ ဟယ် … တို့နဲ့တူလိုက်လေ လို့ ၀မ်းသာမနေနဲ့။ ကိုယ့်ဆီဖြင့် မီးသွေးမီးဖိုတောင် ကွကိုယ် ၀ယ်ယူရတာ။ ရာရာသသ။

            သည်ဆရာဝန်လေးလည်း တို့နဲ့တူသကွယ်။ မပြောချင်ဘူး မပြောချင်ဘူးနဲ့ ပြောသွားတာ ဘာမှ မကျန်ဘူး။ စကတည်းက သူပြောတယ်လေ။ “အပြစ်တင်ခြင်း အချင်းချင်း ကင်းရှင်းကြပါစေ” လို့ ဆိုတယ် မဟုတ်လား။ သူထောက်ပြတဲ့အမှားတိုင်းမှာ အမှန်ကိုညွှန်တာ ပါတယ်။ အဲဒီအမှန်ကို အမှန်အတိုင်းသိဖို့ သူတို့ အသက်တွေအများကြီး ရင်းခဲ့ရတယ်။ ကိုယ်တို့ဆီမှာက အမှားတွေကို အမှားမှန်းတောင် မသိသေးဘူး။ လူနှစ်သောင်း မပြည့်တဲ့ ဂျပန်ဆူနာမီမှာ ကိုယ့်တိုင်းပြည်အကြီးအကဲရဲ့ လိုအပ်ချက်ပါမကျန် သင်ခန်းစာယူနိုင်ဖို့ စေတနာနဲ့ သင်ကြားပြသပေးတာကို လူနှစ်သိန်းကျော် သူများဆီက စာရင်းတက်မှ သေမှန်းသိရပြီး မယုံနိုင်ပေါင် ဖြစ်နေတဲ့ ကိုယ်တို့ မြန်မာတွေ အများကြီး အားကျလေ့လာ မှတ်သားရဦးမှာပါ။ ဒီဘက်ကကိုအာချောင်နဲ့ ဟိုဘက်ကကိုအာချောင်နဲ့တွေ့ကြတော့ အစိုးရအပုပ်တွေ တလှေကြီးချကြတာပေါ့ လို့ပဲ တွေးမယ်ဆိုရင် နောက်ကို သည်စာမျက်နှာ လာလာဖတ်ရတာ ခင်ဗျားအတွက် အကျိုးရှိမယ် မထင်ပါဘူး။

            ဆိုလိုရင်းအချက်ကို မေ့သွားမှာစိုးလို့ ပြန်အစဖော်ရရင် အရေးအခင်းရယ်လို့ဖြစ်လာရင် မမှန်သတင်းနဲ့အချက်အလက်တွေဟာ ဆုံးဖြတ်ချက်အမှားတွေကို ဦးတည်သွားတတ်တယ်။ သည်အခါမှာ မသေသင့်ပဲ သေပျောက်ရတဲ့ပမာဏတွေ အရမ်းကြီးမားသွားနိုင်တယ်။ အထက်နဲ့အောက် အကြောက်တရားတစ်ခုနဲ့ ဖုံးကွယ်လှည့်ဖျားနေကြရင် အပ်နဲ့ထွင်းရမှာတွေက ပုဆိန်နဲ့ပေါက်ယူရလိမ့်မယ်။ ထက်အောက် ဘေးတိုက်၊ အောက်ခြေ အကုန်လုံး တိုင်ပင်ကြစမ်းပါ။ နှီးနှောကြစမ်းပါ။ ဖြစ်ရပ်အမှန်တွေကို မကွယ်မ၀ှက် ရိုးရိုးသားသား အသိပေးကြစမ်းပါ။ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ Mission ဟာ လူ့အသက်ကို ရသလောက်ကယ်ဖို့ပါ။ မဲဆွယ်ဖို့ မဟုတ်ပါဘူး။ တီဗီထဲမှာ သတင်းပါဖို့ မဟုတ်ပါဘူး။ ယုတ်စွအဆုံးကုသိုလ်ရဖို့တောင် မဟုတ်ဘူး။ အဲဒါ ခင်ဗျားတို့ကျုပ်တို့အတွက် Mission Impossible များ ဖြစ်နေလို့လား။ သူတို့ဆီမို့လို့သာ အဲလောက် သည်းသည်းလှုပ် ဖြစ်နေတာပါ။ တို့ဆီဖြင့် လူလေး နှစ်သိန်းလောက် သေတာပဲ။ ဘာဖြစ်သလဲ။ နာဂစ်။ ဘာဖြစ်သလဲ။ နာဂစ်။ ဘာမှ မဖြစ်ဘူးလေ။ ဘာမှ မလုပ်ပဲဟာ။ နော့ ဦးဇာဂနာရယ်။

No comments: