Saturday, January 11, 2014
မိုင်းရှုးစော်ဘွားကြီး စ၀်မန်ဖနှင့် ရေကြည်အိုင်
မူရင်း သျှမ်းနီလေး ဆိုက်မှကူးယူဖော်ပြသည်။ မိုင်းရှုးစော်ဘွားကြီး စ၀်မန်ဖနှင့် ရေကြည်အိုင် ... မိုင်းရှူး မိုင်းရှူး ဟုပြောကြလျှင် လွယ်လွယ်နှင့်ပင် ကျောက်နီ ထွက်တဲ့နေရာ ကျောက်တွင်းတွေ ရှိတဲ့နေရာလို့ပဲ ယနေ့ သျှမ်း လူငယ်တွေ သိကြဖြေကြပေလိမ့်မည်။ မိုင်းရှူးကျောက်ကို သိလျှင် မိုင်းရှူးစော်ဘွား အကြောင်းလေးကိုတော့ သိဖို့တော့ လိုပေမည် … အတိတ်မှအရိပ်ကို မိုင်းရှူးစော်ဘွား စ၀်မန်ဖှစမြုံ့ပြန် တွေးတောနေစဉ်၊ အီတလီပြည်လုပ် Fiat မီးခိုးရောင် ကားကလေးတစင်း ခြံဝင်းအတွင်းသို့ ဖြည့်ညှင်းစွာ ၀င်လာလေသည်။ ကားကလေးပေါ်မှ ချောမောလှပသည့်၊ မိချောင်းသားရေ ပိုက်ဆံအိတ်ကို ကိုင်ဆောင်ထားသော အမျိုးသမီးတဦး ကားပေါ်မှ ဆင်းလာသည်။ ထိုအမျိုးသမီးကာ မိုင်းရှူး စော်ဘွားကြီး၏ လက်သစ်ကတော် Benny Tip ခေါ် နန်းဗိုးတစ်ပ် တယောက်ပင်ဖြစ်သည်။ (ထိုခေတ် ထိုအခါက စော်ဘွားကတော် အားလုံးထဲတွင် မိုင်းရှူးစော်ဘွားကတော်သည် အချောမောဆုံး ဖြစ်ကြောင်း ရုပ်ရှင်မင်းသား ၀င်းဦးကပင် မှတ်ချက်ချခဲ့ဖူးပါသည်။) နန်းဗိုးတစ်တစ်ပ်သည် ကျိုင်းတုံမြို့မှ စိုင်းယီတစ်ပ်၏ သမီးဖြစ်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသူတဦးဖြစ်ပါသည်။ စိုင်းယီတစ်ပ်၏ ဖခင်မှာ Mr. Cooper ခေါ် ဂျူးလူမျိုးဖြစ်သည်။ ထို့ကြောင့် ဂျူးသွေးတမတ်ပါသော နန်းဗိုးတစ်ပ်သည် နှာတံစင်းစင်း ချွန်ချွန်နှင့် အင်မတန် ချောမောလှပကြောင်း လူတိုင်းလက်ခံ အသိမှတ်ပြုကြရပါသည်။ နောင်တုံကန်က ပင့်သက်ရိုက်ခတ်လာတဲ့ ကျိုင်းတုံလေအေးလေး တချက်အဝှေ့နှင့်အတူ Fiat မီးခိုးရောင် ကားကလေး တံခါးဖွင့်လိုက်ချိန် လှပသေသပ်စွာ ၀တ်ဆင်ထားပြီး ဆင်းလာသူကတော့ မိုင်းရှူး စော်ဘွားကြီး ကတော် နန်းဗိုးတစ် သူမ၏ မျက်နှာတွင် ပြုံရွင်ခြင်း ကင်မဲ့စွာဖြင့် ကားပေါ်မှ ဆင်းလာခဲ့သည် သူမသည် အဖမ်းခံကြရသော အချို့မိတ်ဆွေများ၊ စော်ဘွားများနှင့် နိုင်ငံရေးသမားများ၏ ကျန်ရစ်သူ သားမယားဆွေမျိုးများထံ သွားရောက် လည်ပတ် အားပေးစကားပြောခဲ့ရာမှ ပြန်လာခြင်းဖြစ်သည်။ စ၀်မန်ဖှသည် မိမိ၏ ချစ်လှစွာသော ဇနီးချောလေး အပြင်မှ ပြန်လာသည်ကိုပင် အလေးအနက် ဂရုမထားမိ၊ ၁၉၅၈ ခုနှစ် က မိမိနေအိမ်တွင် ပြုလုပ်ခဲ့သော တံခါးပိတ် အစည်းဝေးပွဲမှ အပြစ်အပျက်တခုကို သတိရနေမိသည်။ တောင်ကြီးမြို့ ရေအေးကွင်းရပ် ၀န်ကြီးလမ်းဘေး၏ တောင်ကလပ် တခုပေါ်တွင် ဆောက်လုပ်ပြီးခါစ အဖြူရောင် နှစ်ထပ်တိုက် မိုင်းရှူးဟော်ကြီး၏ ခြံဝင်းအတွင်းဝယ် ရောင်စုံ ဆလွန်းကားများ ပြည့်နက်လျက်ရှိသည်။ အရှေ့အရပ်ကို မျက်နှာမှုထားသည့် ကျယ်ဝန်းသော ဧည့်ခန်းမကြီးထဲတွင် စော်ဘွားကြီးများ တံခါးပိတ် အစည်းဝေး ( Closed Cabint ) ကျင်းကနေကြပါသည်။ ဗမာစစ်တပ်က သျှမ်းစော်ဘွားများ၏ အာဏာကို သိမ်းယူတော့မည်၊ လျော်ကြေးပင်စင် များဖြင့် စော်ဘွားကြီးများ အသီးသီး အားဂရုဏာကြေးအဖြစ် တလုံးတခဲတည်း ပေးအပ်ချီးမြှင့်မည်ဟူသော သတင်းများထွက်ပေါ် လာသောကြောင့် ထိုအစည်းအဝေးကို ကျင်းပကြခြင်းဖြစ်သည်။ “ ပထမအချက်ဖြစ်သည့် သျှမ်းစော်ဘွားများ သျှမ်းပြည် ပြည်သူ့ အစိုးရသို့ အာဏာစွန့်လွှတ်ရေး ဆိုသည်ကို အားလုံးလိုလို လက်ခံခဲ့ကြပါသည်။ အဘယ်ကြောင့်ဆိုသော အိန္ဒိယရှိ မဟာရာဂျာ (Maha Rajah) စော်ဘွားများသည်ပင် ၎င်းတို့၏ အာဏာကို အစိုးရထံသို့ ပေးအပ်စွန့်လွှတ်လိုက်ပြီ ဖြစ်သော ကြောင့်ပင်ဖြစ်သည်။ ကမ္ဘာနှင့် အ၀ှမ်းထူးခြားစွာ ဖြစ်ပျက်ပြောင်းလဲ နေသောနိုင်ငံရေး အခြေနေကို မလွန်ဆန်နိုင်တော့ ” ဟုလည်း စော်ဘွားများ သိရှိနားလည်း ထားပြီးဖြစ်သည်။ သို့သော ဒုတိယအချက်ဖြစ်သည့် လျော်ကြေးငွေယူရန် မယူရန်ကိုမှု အငြင်းအခုံဖြစ်ခဲ့ကြသည်။ “ ပြည်ထဲရေးဝန်ကြီး စ၀်မန်ဖှက ဖြစ်နိုင်လျှင် လျော်ကြေးငွေကို မယူရန် တင်ပြခဲ့သည်။ နောင်သော အခါတွင် သျှမ်းပြည်၏ ပြည်သူလူထုသားစဉ် မြေးဆက်တို့အနေဖြင့် သျှမ်းပြည်ကြီးကို သျှမ်းစော်ဘွားများ က ငွေကြေးဖြင့် လဲလှယ်၍ ရောင်းစားသွားခဲ့ကြသည်ဟူသော သမိုင်းအမည်းစက်ကြီးစွန်းထင်း ကျန်ရစ် နေခဲ့မည် ဖြစ်ကြောင်းရှင်းလင်း တင်ပြခဲ့ပေသည်။ ” “ထိုအဆိုတင်သွင်းချက်ကို သီပေါစော်ဘွားကြီး စ၀်ကြာဆိုနှင့် အချို့သော စော်ဘွားငယ်များကသာ ထောက်ခံခဲ့ကြပါသည်။ ” “ စ၀်ကြာဆိုင်က ဆက်လက်တင်ပြခဲ့သည်မှာ၊ ငွေသည်လူလုပ် ပစ္စည်းသာဖြစ်ကြောင်း ရှာယူလျှင် ရနိုင်သေးကြောင်း နာမည်နှင့် ဂုဏ်သိက္ခာကျဆင်းသွား ခဲ့လျှင်ပြန်၍ အဖတ်ဆယ်ယူရန် အလွန် ခက်ခဲကြောင်း စသည်ဖြင့်ထပ်မံဖြည့်စွက် တင်ပြသွားခဲ့ပါသည်။ ” အစည်းဝေးအပြီးတွင် ငွေ မယူရန်တင်ပြကြသော စော်ဘွားများက ငွေယူရန် လက်ခံသည့် စော်ဘွား ဦးရေထက် များစွာနည်းပါးနေသဖြင့် လျော်ကြေးငွေရယူရန် ဆုံးဖြတ်သာ အနိုင်ရဆုံးဖြတ်ခဲ့ကြသည်။ အဏာစွန့်ပွဲ ကျင်းပသည့်နေ့တွင် သျှမ်းစော်ဘွား အချို့ဝမ်းသာကြသည် မိမိတို့စော်ဘွားပိုင် နယ်အကျယ်အ၀န်း အလိုက်လျော်ကြေးငွေ ပမဏရရှိကြတော့မည်ဖြစ်သည်။ သို့သော လျော်ကြေးငွ ပမာဏ (၁၀) သိန်းအောက်ရရှိကြသော စော်ဘွားများအဘို့ လက်ငင်းငွေချေစနှစ်ဖြင့် ရရှိလိုက်ကြ၏ (၁၀) သိန်းအထက်ပိုရသည့် စော်ဘွားကြီးများအဘို့ လက်ငင်း cashdown အနေဖြင့် (၁၀) သိန်းစီသာရရှိကြပြီး ကျန်ရှိသည့် ငွေမျာအတွက်ကိုမှု ချက်လက်မှတ်များအဖြစ် နှင့်သာရရှိလိုက်ကြပါသည်။ (ယနေ့တိုင်အောင် ထိုချက်လက်မှတ်များဖြင့် ငွေထုတ်ယူနိုင်ခြင်း မရှိကြပေ၊ မည်သည့်အခါမှလည်း ထုတ်ယူ၍ ရနိုင်တော့မည် မဟုတ်တော့ပါ) ၁၉၆၂ ခုနှစ် မတ်လ (၅) ရက်နေ့တွင် ဗိုလ်ကြီး ဘိုနီသည် မိုင်းရှူးစော်ဘွားကြီးထံ ထပ်မံရောက်ရှိလာ၏ စ၀်မန်ဖှအား ခဏလိုက်ခဲ့ရန် ဘိတ်ခေါ်လိုက်ပါသည်။ စော်ဘွားကြီးက မိမိအ၀တ်အစားများနှင့် အိပ်ယာလိပ်ကိုယူဆောင်ရန် ပြင်ဆင်ပါရစေဟု ခွင့်တောင်းခဲ့သေးသည်။ ဘိုနီကမလိုအပ်ကြောင်းနှင့် သူကိုယ်တိုင် စော်ဘွားကြီးအား အိမ်အရောက် ပြန်ပို့ပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့ပါသည်။ နန်းဗိုးတစ်ပ်သည် စ၀်မန်ဖကို တင်ဆောင်သွားသော ဘိုနီ၏ ဂျစ်ကား ၀င်းခြံအတွင်းမှ ထွက်ခွာသွား သည်နှင့် ဧည့်ခန်းရှိ ဆိုဖာကုလားထိုင်ပေါ်ဝယ် မျက်နှာကို လက်ဝါးဖြင့် အုပ်ကာငိုကြွေးကျန်ရစ်ခဲ့ရှာ တော့သည်။ ဘိုနီသည် စ၀်မန်ဖှအား ၎င်း၏နေအိမ်လည်းဖြစ်သော ဘောင်ဒရီလမ်းရှိ ထောက်လှမ်းရေးဌာနခွဲရုံး သို့ခေါ်ဆောင်းသွားခဲ့၏ ရုံးခန်းတခုအတွင်းသို့ ၀င်ရောက်သွားသောအခါ စစ်ထောက်လှမ်းရေး ညွန်ချုပ် ဗိုလ်မှူးကြီး မောင်လွင် ကိုယ်တိုင်စောင့်နေကို တွေ့လိုက်ရသည် မောင်လွင်က စ၀်မန်ဖကိုမြင်မြင်ချင်း “ ကြွပါ စ်ာဘွားကြီး ကျနော်လဲအခုဘဲ ရောက်ပါတယ် ဗိုလ်မှူးချုပ်အောင်ကြီးက သိပ်အလုပ်များနေလို့ သူ့ကိုယ်စားကျနော့်ကို စော်ဘွားကြီးနဲ့ ဆွေးနွေးဘို့ လွှတ်လိုက်တာပါ ” လိုအပ်ရင်သူ့ကို ပါခေါ်လိုက်ဘို့ လည်းမှာလိုက်ပါတယ် ဟုဆိုကာ ဘိုနီအား အပြင်သို့ သွားရောက်စောင့်နေပါရန် ညွန်ကြားလိုက်သည်။ ထို့နောက်မောင်လွင်သည် ၎င်း၏ “ စစ်လက်ဆွဲ အိတ်ထဲမှ အထူးလျှို့ဝှက် ဟုရေးထားသော ဖိုင်တွဲ နီကြီးကိုဆွဲထုတ်လိုက်၏ ဖိုင်တွဲထဲမှ စာရွက်တရွက် ကိုထုတ်ယူပြီး စ၀်မန်ဖရှေ့ သို့ချပေးလိုက်သည်။ စော်ဘွားကြီး သေသေချာချာ စဉ်းစားပြီးမှ လက်မှတ်ထိုးပါ စော်ဘွားကြီး အတွက်ပါ ကျနော်သိပ် ပြောစရာလိုမယ် မထင်ပါဘူး သီပေါ စော်ဘွား စ၀်ကြာဆိုင် လိုတော့ သိပ်ခေါင်းမမာချင်ပါနဲ့ ဗျာ စော်ဘွားကြီးက ကျနော်တို့ စစ်တပ်နဲ့ ဘယ်လောက် လက်တွဲပြီးလုပ်ဆောင်လာခဲ့တယ် ဆိုတာပြောစရာလိုမယ် မထင်ဘူးနော် ” ဟု နှုတ်ခမ်းမွှေးကိုလက်ဖြင့် သပ်၍ ပြုံးပြုံရယ်ရယ်ဖြင့် ပြောလိုက်သေးသည်။ စ၀်မန်ဖှသည် စာရွက်ကို တချက်မျှလှမ်းကြည့်လိုက်ပြီး “ မောင်လွင်ချပေး ထားသောပတ်ကား (Parker) ဖောင်တိန်ကို အဖုံးပြန်ပိတ်ကာ မောင်လွင်ထံသို့ ပြန်ကမ်းပေးလိုက်၏ ကျနော်လက်မှတ် မထိုးနိုင်တာကို ၀မ်းနည်းပါတယ် ဗိုလ်မှူးကြီး ” ဟုခေါင်းကိုငုံ့၍ ဖြေးညှင်စွာ ဖြေကြားလိုက်သည်။ “ မောင်လွင်သည် မျက်နှာထားတင်းမာစွာဖြင့် ထိုင်ခုံမှ ရုတ်တရက် မတ်တပ်ထလိုက်ပြီးမှ စော်ဘွားကြီးကို မင်္ဂလာဒုံပို့လိုက်ပါ ” ဟုဒေါသသံဖြင့် မိမိလူများအားအော် ငေါက်အမိန့်ပေး၍ အခန်းထဲမှ ပျေက်ကွယ် သွားတော့သည်။ နိုင်ငံရေးသမားများအား ညှင်းပန်းရန်အတွက် အထူးသီးသန့် ဆောက်လုပ်ထားသည့် မင်္ဂလာဒုံ ရေကြည်အိုင် အကျဉ်းစခန်းသည် အကျဉ်းစခန်းများ ထဲတွင်အဆိုးဝါးဆုံးဖြစ်၏ ဆယ့်ငါးပေပတ်လည်ရှိ သွပ်မိုးသွပ်ကာ အိမ်ငယ်ပေါင်း (၂၀) ခန့်ဆောက်လုပ်ထားသည်။ တအိမ်နှင့်တအိမ် ဆက်သွယ်ကူးလူးခြင်း မပြုနိုင်ရန် သံဆူးကြိုးများဖြင့် အထပ်ထပ် ကာရံထားသည်။ လေ၀င်လေးထွက်ပေါက်များ မရှိသဖြင့် ထိုအထဲတွင် နေညခွဲခြားနိုင်ဖို့က နေ့အခါအလွန်ပူပြင်းပြီး ညအချိန်တွင် ခိုက်ခိုက်တုန်အောင် ချမ်းလှသော အသိသာရှိတဲ့ ငရဲသစ်စခန်းဖြစ်သည်။ လူသူသံကင်းမဲ့ပြီး ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ ရေကြည်အိုင် သွပ်မိုးသွပ်ကာ အခန်းကျဉ်းလေးထဲမှာ ပုဇဉ်းရင်ကွဲအော်သံတွေနဲ့အတူ စ၀်မန်ဖှတယောက် ဟိုးလွန်ခဲ့တဲ့အတိတ်နှစ် ၁၉၅၉ ခုနှစ်တွင်းက ဗိုလ်မှူးချုပ်အောင်ကြီးက ခေါ်သဖြင့် တောင်ကြီးမှ ရန်ကုန်သို့ လေယာဉ်ဖြင့် စ၀်မန်ဖှ ရန်ကုန်ကို ရောက်ရှိလာပုံကို တကိုယ်တည်း တွေးမြင်ရောင်နေမိသည်။ ရန်ကုန်လေဆိပ်တွင် အိမ်စောင့်နှင့် ဒါရိုက်ဘာတာဝန်ကို ထမ်းဆောင်သော အရှည်ကြီးလှမြင့် လာကြိုသောကြောင့် အမှတ် (၁၀) ပြည်ထောင်စုရိပ်သာလမ်းခေါ် Helpen Avenue No.10 အိမ်တော်သို့ ရောက်သောအခါ လှမြင့်ငါထမင်းစာတယ်ကွာ မင်းဘာဟင်းချက်ထားလဲ ဟုမေးရာ လှမြင့်က မိမိဘာမှ မချက်ထားကြောင်း နေ့လည်က ဗိုလ်မှူးချုပ်အောင်ကြီး၏ P.A က ဗိုလ်မှူးချုပ်အောင်ကြီးကိုယ်တိုင် စော်ဘွားကြီးထံ လာရောက်ပြီး အစားအသောက်များဖြင့် ဧည့်ခံမည်ဖြစ်ကြောင်း ရှင်းပြလေသည်။ ည(၇) နာရီခန့်တွင် ဂါးဒီးယန်း သတင်းစာတိုက် ပိုင်ရှင် ဦးစိန်ဝင်း၏ ဘဲလ်အဲယား ဆလွန်းကားနီကြီးကို ဗိုလ်မှူးချုပ်အောင်ကြီး ကိုယ်တိုင်မောင်းနင်း လာခဲ့သည်။ ဗိုလ်အောင်ကြီးသည် စားစရာသောက်စရာ များနှင့်အတူ မယ်ဗမာ မစိန်းအေးနှင့် အဖော်တယောက်ပါ ခေါ်လာလေသည်။ ထို့နောက် စားကြသောက်ကြရင်း အချိန်နှစ်နာရီခန့် ကြာလာသောအခါ ဗိုလ်အောင်ကြီးက စ၀်မန်ဖှအား လက်တို့၍ ထမင်းစားခန်းထဲသို့ခေါ် ဆောင်သွားလေသည်။ ၎င်း၏ လက်ဆွဲသားရေအိတ်ထဲမှ စာရွက် တရွက်ကို ထုတ်ယူပြီး စားပွဲပေါ် သို့တင်လိုက်၏ “ စာရွက်ပေါ်ရေးသားထားသော အကြောင်းအရာများကို စ၀်မန်ဖှ ဖတ်ကြည့်သောအခါ အသက်ရှူရမှန်းပင် တဒင်္ဂ မေ့သွား သယောက်ဖြစ်သွားခဲ့သည် ရုတ်ချည်းပင် အမှုးပြေသွားလေတော့သည်။ “ ထိုစာရွက်ပါ အကြောင်းအရာများမှာ မြန်မာပြည်လွတ်လပ်ရေးရပြီး နောက်ပိုင်း ဆယ်နှစ်ကျော်လျှင် သျှမ်းပြည်သည် ပြည်ထောင်စု အတွင်းမှ ခွဲထွက်နိုင်ခွင့်ရှိသည် ဟူသောအခြေခံ ဥပဒေ၏ အခန်း (၁၀) အားမိမိအနေဖြင့် သဘောမတူကြောင်း ပြည်မနှင့် ပင်ရာသက်ပန် ပေါင်းသင်းလိုသော ဆန္ဒရှိကြောင်း သဘောတူ” လက်မှတ်ရေးထိုး ခိုင်းခြင်းပင်ဖြစ်သည်။ “ ဗိုလ်အောင်ကြီးက စဉ်းစားပါ စော်ဘွားကြီး ခင်ဗျားကိုကျနော်တို့ အမေရိကန် ဒေါ်လာတသန်းပေးမယ် နောက်ပြီးချင်ဗျားဒီဗမာပြည်မှာ မနေချင်ဘူးဆိုရင်လဲ ခင်ဗျားကြိုက်တဲ့ နိုင်ငံမှာသွားနေနိုင်တယ်၊ ကျနော်စီစဉ်ပေးမယ်.. ဗိုလ်အောင်ကြီး စကားမဆုံးမီစ၀်မန်ဖှက စ၀်ဟုမ်ဖကော ဘယ်လိုသဘောရသလဲ သူကဥက္ကဌ Head of State ကျနော်က ဒု ဥက္ကဌပါဗျာ ” ဟုပြန်ပြောလိုက်သည်။ “ ဗိုလ်အောင်ကြီးက ချက်ခြင်းပင် သိန္နီစော်ဘွားကြီးက ကျနော်နိုင်ငံရေး သိပ်မကျွမ်းဘူး မိုင်းရှူးကို အရင်မေးကြည့်ပါ အစစအရာရာလွှဲ ပေးပြီးသာဘဲ လို့စ၀်မန်ဖှက ပြောလာပါတယ် စိတ်ကူးမလွှဲပါနဲ့ စော်ဘွားကြီးရယ်…. ရွှေညောင်လွင်ပြင်ကြီးမှာ ခင်ဗျားတို့ Nissan Motor Company စက်ရုံဆောက် ဖိုသွားကြည့်သေးတယ် အဟုတ်လား ဒီလက်မှတ်ကလေးသာ ထိုးလိုက်ပါ ခင်ဗျားဘ၀ ခင်ဗျားရှေ့ရေး အားလုံးအဆင်ပြေသွားမယ်” ဟုဆိုသည်။ “ စ၀်မန်ဖှက.. ဗိုလ်မှူးချုပ်ရယ် ခင်ဗျားပြောတာတွေ အားလုံးမှန်ပါတယ် ကျနော်လည်းလက်ခံပါတယ် ဒါပေမဲ့ ဒါဟာ မစောလွန်းလွန်းဘူးလားဗျာ နောက်ပြီးအခု လိုမှုးနေတဲ့အချိန်မှာ လက်မှတ်ထိုးရတာလဲ တန်ဘိုး မရှိပါဘူး နောက်မှ ဘဲဒီအကြောင်း ကိုသပ်သပ်ဆွေးနွေးကြတာပေါ့ဗျာ” ဟူ၍ လိမ္မာပါးနပ်စွာ ပြောလိုက် လေသည်။ ထိုစဉ် ဗိုလ်အောင်ကြီးက “ စ၀်မန်ဖှ၏မျက်လုံးကို သေသေချာချာ စူးစိုက်ကြည့်လိုက်ပြီး ကောင်းပြီ စော်ဘွားကြီး ဒီလိုဆိုရင်ကျနော်ပြန်လိုက်ဦးမယ် ကျနော်ဧည့်သည် နှစ်ယောက်ကို တော့ ထားခဲ့မယ် သူတို့အပေါ်စော်ဘွားကြီး ဧည့်ဝတ်ကျေပါစေနော် ကဲ ကောင်းသောညခင်းပါ စော်ဘွားကြီး ” ဟု နူတ်ခွန်းဆက်ကာ ထွက်ခွာသွားလေတော့သည်......... အတိတ်ကအရိပ်တွေကို ပြန်လည်တွးတော နေသောစ၀်မန်ဖှတယောက် နေ့ ည မကွဲတဲ့ ရေကြည်အိုင် စစ်ကြောရေး စခန်းမှာ မေးခွန်းပေါင်း ၅၀၀ ကျော်ကို ထပ်ခါတလဲလဲ စစ်ရင်း ရက်ပေါင်း (၂၁) ရက်ကြာ ငရဲ ခံလိုက်ရလေတော့သည်။ ၁၉၆၂ ခုနှစ် မတ်လ (၂)ရက်နေ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းစဉ် သျှမ်းပြည်မှ သျှမ်းစော်ဘွား လေးဦးကို ဗိုနေ၀င်းတို့ စစ်အုပ်စုက မဖမ်းဘဲချန်လှပ်ထားခဲ့ကြသည်။ ၎င်းတို့မှာ (၁) သျှမ်းပြည်လူမျိုးစု လွှတ်တော် ဥက္ကဋ္ဌဟောင်း စောင်ပိုင်စော်ဘွားကြီး စ၀်ခွန်ပန်းစိန်၊ (၂) သျှမ်းပြည်လူမျိုးစုလွှတ်တော် အတွင်းရေးမှူးဟောင်း၊ သီပေါစော်ဘွားကြီး စ၀်ကြာဆိုင်၊ (၃) သျှမ်းပြည်ဥက္ကဋ္ဌဟောင်း သိန္နီစော်ဘွားကြီး စ၀်ဟုမ်ဖှ၊ (၄) သျှမ်းပြည်ဒုဥက္ကဋ္ဌနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း မိုင်းရှူး စော်ဘွားကြီး စ၀်မန်မဖှတို့ ဖြစ်ကြပါသည်။ ၎င်းတို့လေးဦးအနက် “ သီပေါစော်ဘွားကြီး စ၀်ကြာဆိုင်နှင့် မိုင်းရှူးစော်ဘွားကြီးစ၀်မန်ဖှ တို့အား တိုင်းပြည်ရောင်းစာဘို့အတွက် အပေးအယူလုပ်ရန် စစ်တပ်က ခြောက်တခါ မြှောက်တလည့် အတင်းလက်မှတ်ရေးထိုး ခိုင်းခဲ့ကြသည်။ ၎င်းတို့နှစ်ဦးစလုံးမည်သူမျှ လက်မှတ်မရေးထိုးခဲ့ချေ။ ” စ၀်ကြာဆိုင်အား ဗိုလ်နေ၀င်းအမိန့်ဖြင့် ဗထူတပ်၌ ချုပ်နောင် ထားကြောင်းသိရပါသည်။ တနေ့၌ သျှမ်းတံငါသည်တဦးသည် ဇော်ဂျီချောင်းတွင် ငါးမြှားနေခိုက် အစိမ်းရောင် စစ်ဂျစ်ကားတစီး အပြင်းမောင်းလာသည်ကို တွေ့လိုက်ရသည် ချောင်းဘေးအရောက် ဂျစ်ကားကိုရပ်ကာ လက်နက်ကိုင် စစ်ယူနီဖောင်းဝတ် လူတစုက ဂုံနီအိတ်ဖြင့်ထည့်ကာ တုတ်နောင်ထားသော သွေးများယိုစိမ့်ထွက်နေသည့် အထုတ်ကြီးတထုတ်အား ဇော်ဂျီချောင်းသို့ ပစ်လိုက်ကြောင်းကို တွေ့မြင်ခဲ့လေသည်။ ထိုဂုံနီအိတ်ဖြင့်ထည့်မှ သွေးများယိုစိမ့်နေသော အထုတ်ကြီးအား ဘာထဲ့ထားမှန်းကို သျှမ်းတံငါသည်လေးလည်း မသိလိုက်သလို ဗထူးတပ်တွင် ချုပ်နောင်ထားသည် ဆိုသော သီပေါ စော်ဘွားကြီး စ၀်ကြာဆိုင်အားလည်း ဘယ်မှာထားလို့ ဘယ်နေရောက်နေမှန်ကိုလည်း ယနေ့တိုင် မည်သူမျှ မသိရတော့ပေ..... စ၀်မန်ဖှကိုမှု ၁၉၆၂ ခုနှစ်မတ် (၅) ရက်နေ့ တွင်ထောင်ချလိုက်ပါသည်။ ကျန်သည့် စော်ဘွားကြီးနှစ်ဦးမှာမှု မည်သည့်အဖြစ်ဒဏ် ထောင်ဒဏ်မျှ မကျခံကြရပေ ရန်ကုန်ရှိ မိမိတို့နေအိမ် အသီးသီးမှာပင် ကွယ်လွန် အနိစ္စရောက်သွားခဲ့ကြသည်။ မိုင်းရှူးစော်ဘွားကြီးစ၀်မန်ဖှသည် ၁၉၆၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်လာခဲ့၏ ၁၉၇၇ ခုနှစ် သြဂုတ်လ (၇) ရက်နေ့၌ ၎င်း၏တောင်ကြီးမြို့နေအိမ်တွင်ပင် ကွယ်လွန် အနိစ္စရောက်သွားခဲ့သည်။ မိုင်းရှူးကျောက်သည် သျှမ်းလူမျိုးတို့အတွက် လှဆင်အဖိုးတန် ကျောက်မျက် ရတနာတပါးအနေ့နှင့် နီရဲသောအဆင်း ရှိသကဲ့သို့ မိုင်းရှူးစော်ဘွားကြီး နှင့် သီပေါစော်ဘွားကြီး စ၀်ကြာဆိုင် တို့သည်လည်း နီရဲသော သျှမ်းအမျိုးသားတို့၏ မျိုးချစ်စိတ်ဓါတ်ကို ပြခဲ့ကြလေသည်။ ထုတ်နုတ် - စ၀်စိုင်း TNT , ပြည်ဗမာနှင့် ဗိုလ်ချုပ်ရွာ - မယ်ခူးခေးရှဲန်, အင်တာဗျုး သီစော်ဘွား စ၀်ကြာဆိုင်
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment