Sunday, December 12, 2010

ဘတပြန် ကျားတပြန် တရုတ်နှင့် အမေရိကန်ကြားက မြန်မာ အမြတ်ရမည်လော

ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲသွားတော့ ကမ္ဘာပေါ်မှာ စူပါ,ပါဝါ အဖြစ်
အမေရိကန်နိုင်ငံပဲ ထီးထီးကြီး ကျန်ရစ်ပါတော့တယ်။ ပထမ အီရတ်စစ် အပြီးမှာ
အမေရိကန်ရဲ့ စစ်ရေး အောင်မြင်မှုကြောင့် တဆင့်မြှင့်ကာ အမေရိကန်နိုင်ငံကို
ဟိုင်ပါ,ပါဝါ (Hyper-Power) လို့တောင် တင်စား ခဲ့ကြပါတယ်။ ဒုတိယ
အီရတ်စစ်ပွဲနဲ့ အာဖဂန် စစ်ပွဲတွေမှာ အမေရိကန်စစ်တပ် အထိနာမှ
တဆင့်ပြန်နိမ့်ကျ သွားပါတယ်။ တချိန်က ဆိုဗီယက်နဲ့ အမေရိကန်
စစ်အေးတိုက်ပွဲမှာ အားပြိုင်ခဲ့ကြတယ်။ စစ်ရေးအရတော့ ဆိုဗီယက်တွေဟာ စူပါ
,ပါဝါ ပဲ။

ခေါင်းဆောင်ကြီးတွေ စစ်အင်အားပြဖို့ စစ်တပ်ကိုထူထောင်တယ်ဆိုတာ တကယ်တော့
လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ရှေ့မှာ စစ်သားတယောက် သေနတ်ကိုင် တိုက်နိုင်ဖို့
နောက်က လူ ၄၊ ၅ ယောက် ပံ့ပိုးရပါတယ်။ ထမင်းချက်ကျွေးမယ့်သူ၊ စစ်ပစ္စည်း
ကားမောင်း ပို့မယ့်သူ၊ စစ်လက်နက် ထုတ်လုပ်ဝယ်ယူသူ၊ စစ်လက်နက်
ထိန်းသိမ်းရသူ၊ အကျွမ်းအ၀င်ဖြစ်အောင် သင်ကြားရသူ (Logistic, maintenance &
training ကိုဆိုချင်တာပါ)။ ဒါတွေရေရှည် ထိန်းနိုင်ဖို့ ငွေလိုပါတယ်။
တိုင်းပြည်တပြည်အတွက် ငွေရှိဖို့ဆိုတာ တိုင်းပြည်စီးပွားရေးကို
နိုင်အောင်ကိုင်နိုင်ဖို့ လိုပါတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေဟာ အပြင်က
ဟန်နဲ့စစ်ရေးပြနေပေမယ့် အတွင်းက ဟောင်းလောင်းဖြစ် နေတာမို့
ဆိုဗီယက်နိုင်ငံဟာ ကွန်မြူနစ် စံနစ်နဲ့အတူ ကျဆုံးခဲ့ရပါတယ်။
မြန်မာဗိုလ်ချုပ်တွေ သတိပြုမိပါစ။

မာ့က်စ်စင်ဇင် Marxism ဆိုတာတကယ်တော့ Idealism လို့ခေါ်တဲ့ စိတ်ကူးယဉ် ၀ါဒ
တရပ်ပါပဲ။ မာ့က်စ် စိတ်ကူးယဉ်ခဲ့တဲ့ ဆိုရှယ်လစ်စီးပွားရေးစံနစ်ကို
အပြိုင်ဖော်ဆောင်လိုက်ကြတာ ကွန်မြူနစ် နိုင်ငံတိုင်း မွဲပြာကျ
ကုန်းကောက်စရာမရှိအောင် မွဲတေခဲ့ကြတယ်။

တရုတ်ပြည်ကြီးမှာလည်း ရှေ့သို့ ခုန်ပြန်ကျော်လွှား (The great leap
forward) ဆိုတဲ့ စီမံကိန်းကြီးကို မော်စီတုံး စိတ်ကူးပေါက်ရာ လုပ်လိုက်တာ
လူတွေသန်းနဲ့ချီပြီး ငတ်သေ တိုင်းပြည်လည်း မွဲတေကုန်ကြရတယ်။ ဒီအမှားက
တိုင်းပြည်ကိုဆွဲထုတ် ကယ်တင်ရာမှာ တိန်လျောက်ပိန် ဟာ ထိပ်ဆုံးကပါခဲ့တယ်။
ဒါကြောင့် တိန်လျောက်ပိန်ဟာ စီးပွားရေး မအောင်မြင်ဘဲ ဘယ်နိုင်ငံမှ
မတိုးတက်နိုင်ဘူး ဆိုတာကို သဘောပေါက်ခဲ့ပြီး တရုတ် ပြည်ကြီးမှာ တံခါးဖွင့်
ပေါ်လစီကို ကျင့်သုံးကာ ဈေးကွက်စီးပွားရေးကို အကောက်အထည် ဖေါ်ခဲ့ပြန်တယ်။

မော်စီတုံးနဲ့ တိန်လျောက်ပိန် ကွာတာက မော်က စိတ်ကူးယဉ်သမား (Idealist)
တိန်က လက်တွေ့သမား (Realist)၊ တိန်လျောက်ပိန် ကို မဲဇာ ပို့ထားရာက
ပထမဆုံး အကြိမ် ပွဲထုတ်လာတဲ့အချိန်မှာ မော်က နိုင်ငံခြားသားတဦးကို
ဟိုဂျပုလေးကိုကြည့်ထား တခေါင်းလုံး ဉာဏ်တွေ ချည်းပဲလို့ ပြောခဲ့တယ်လို့
သတင်းကြီးခဲ့တယ်။

တိန်လျောက်ပိန်ဟာ တကယ်တော်တဲ့ တရုတ်ခေါင်းဆောင် တယောက်ဖြစ်တယ်။ ကမ္ဘာ့
လူဦးရေ အများဆုံး နိုင်ငံမို့ အကြီးဆုံးဈေးကွက်ဖြစ်မယ်ဆိုတာနဲ့
အနောက်နိုင်ငံတွေကို မျှားခေါ်ခဲ့တယ်။ စစ်ရေးမှာ အန္တရာယ် မရှိတဲ့ပုံ
ဟန်ဆောင်ခဲ့တယ်။ မော်စီတုံးခေတ်က တရုတ်စစ်တပ်ဟာ အနုမြူ လက်နက်
ပိုင်ဆိုင်တယ် ဆိုပေမဲ့ ခေတ်မှီတိုးတက်တဲ့ Professional စစ်တပ်မဟုတ်ပါဘူး။
တိန်လျောက်ပိန် တက်လာပြီးမှ တရုတ်စစ်တပ်ကို နိုင်ငံရေးက ဆွဲထုတ်ပြီး
professional စစ်တပ်ဖြစ်အောင် တည်ထောင်ခဲ့တာပါ။

ဒီနေရာမှာဖြတ်ပြီး အမေရိကန်စံနစ်နဲ့ တရုတ်စံနစ် ကွာခြားပုံကို တင်ပြပါရစေ။
အမေရိကန်က လူတယေက်တမဲ နဲ့ (လူထု) ကရွေးချယ်တဲ့ ဒီမိုကရစီ စံနစ်ကိုသုံးတယ်။
ထို့အပြင် အမေရိကန်နိုင်ငံမှာ Individualism လို့ခေါ်တဲ့
တဦးကောင်းစံနစ်ကို ဦးစားပေးတာကြောင့် ခေါင်းဆောင်တွေကိုမွေးတဲ့
အကျင့်မရှိဘူး။ အမေရိကန် သမ္မတွေဟာ (အလုပ်ကသင်) လိမ့်မယ်လို့ပဲ ခံယူကြတယ်။
တရုတ်ပြည်မှာက ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးသည် ပထမ၊ တိုင်းပြည်
တိုးတက်ရေးသည် ဒုတိယ၊ ရလဒ်က ခေါင်းဆောင်ကို ပြည်သူကရွေးသည်မဟုတ်၊ ပါတီကေဒါ
တွေကရွေးတာပါ။ တနည်းအားဖြင့် အာဏာရ ခေါင်းဆောင်ပိုင်းက နောက်တခေတ်
ခေါင်းဆောင်ကို ရွေးတာပဲ။ ဒါကြောင့် တိန်လျောက်ပိန်ရဲ့ စီစဉ်ချက်အရ
ခေါင်းဆောင်တွေကို ပိုးမွေးသလို မွေးတာကြောင့် ယခုခေတ်
တရုတ်ခေါင်းဆောင်တွေဟာ သိပ်ညက်တယ် သိပ်လျင်တယ်။

ပြုံးပြုံး၊ ပြုံးပြုံး နဲ့ အန္တရာယ် မရှိအောင်ဟန်ဆောင် တိုင်းပြည်ကို
ထူထောင်ပြီှးမှ စစ်အင်အားကို တဖြည်းဖြည်းချင်းထူထောင်၊ အင်အားရှိလာမှ
အင်အားနဲ့ချိန်းခြောက်ပြီး အနိုင်ယူမယ့် နူးညံ့ သိမ်မွေ့သော အင်အား (soft
power) ဗျူဟာပဲ၊ ကတ္တီပါ လက်အိပ်စွပ်ထားတဲ့ လက်သီးပုံးလို့
ပြောလို့ရမယ်ထင်တယ်။ တကမ္ဘာလုံးက လေးစားရတဲ့ ဆွန်ဇူး (Sun Tzu) ရဲ့
ဗျူဟာပါပဲ။ ဆွန်ဇူးကပြောခဲ့ တယ်မဟုတ်ပါလား “စစ်မတိုက်ပဲ အနိုင်ရအောင်
တိုက်နိုင်ခြင်းဟာ အကောင်းဆုံး စစ်ဗျူဟာတဲ့”။

အမေရိကန်ကတော့ ကောင်းဘွိုင်ပေါ်လစီ နည်းနည်းဖြစ်ရင်
လေယဉ်တင်သင်္ဘောကြီးတွေရွှေ့ စစ်အင်အားနဲ့ ခြိမ်းချောက်တဲ့ (gunboat
diplomacy) ကို သုံးလေ့သုံးထ ရှိတယ်။

စစ်ရေးအရကြည့်ရင်လည်း အမေရိကန်ရဲ့ စစ်ရေးအင်အားဟာ ကမ္ဘာမှာ
အကြီးမားဆုံးကိုး။ အမေရိကန်နိုင်ငံဟာ အရင်းရှင်နိုင်ငံဖြစ်တာကြောင့်
ကုမ္ပဏီကြီးတွေဟာ သြဇာရှိကြတယ်။ ဒါကြောင့် စစ်လက်နက်ထုတ်တဲ့
ကုမ္ပဏီကြီးတွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး
အုပ်စိုးထားကြတယ်။ ဒီအုပ်စုကို Military Industrial Complex လို့ခေါ်တယ်။
သူတို့ရဲ့အန္တရာယ်ကို စစ်ဗိုလ်ချုပ်က သမ္မတဖြစ်လာတဲ့ အိုင်စင်ဟာဝါကိုယ်တိုင်
သတိပေးသွားခဲ့ဖူးတယ်။ သူတို့ရဲ့ သြဇာကြောင့် စစ်ဖြစ်ဖြစ်မဖြစ်ဖြစ်
အမေရိကန်ရဲ့ စစ်သုံးစရိတ်ဟာ လျော့ကျ မသွားဘူး။ နိုင်ငံထုတ်ကုန် (GDP) ရဲ့
၎ရာခိုင်နှုန်း အထက်မှာ သုံးတယ်။ ယနေ့ စစ်သုံးစရိတ်ဟာ လက်ရှိစစ် ၂
ပွဲအတွက် စစ်တိုက်စရိတ်မပါဘဲ ဘီလျံ ၅၀၀ ကျော် (ဒေါ်လာ သန်း ပေါင်း ၅ သိန်း
ကျော်တယ်)။ တရုတ်ကလည်း ထုတ်ကုန် (GDP) အရ ဒုတိယ ဖြစ်လာပြီမို့ ဘီလျံ ၈၀
နဲ့ ၁၀၀ အကြားမှာ သုံးပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကမ္ဘာ့အင်အား စူပါ,ပါဝါ ဖြစ်လာတာနဲ့
တကမ္ဘာလုံးမှာ မိမိ စစ်သင်္ဘော တွေကို ကမ္ဘာ့ပင်လယ်ပြင်မှာ
လွှတ်ထားနိုင်စွမ်းရှိတဲ့ ပင်လယ်ပြာရေတပ်(Blue water navy)ကို
တည်ထောင်ကြရပါတယ်။ အင်္ဂလိပ်တွေကြီးစိုးစဉ်က ရေတပ်ဗိုလ်မှုးချုပ် လမ်းဘတ်ဒ်
(Commodore George Lambert) ဟာ စစ်သင်္ဘောနဲ့ ကျနော်တို့ ရန်ကုန်မြို့ဝန်ကို
လာလူပါးဝ သွားသလိုပေါ့။ အမေရိကန် ရေတပ်မတော်မှာ လက်ရှိ လေယဉ်တင်သင်္ဘော ၁၁
စီး ရှိပါတယ်။ လေယဉ်တင်သင်္ဘော ဆိုတာက တစီးတည်း မသွားရပါ။ လေယဉ်တင် သင်္ဘောကို
ကာကွယ်ဖို့ အခြံအရံနဲ့ သွားရပါတယ်။ ရေတပ်ရဲ့ အသုံးအနှုန်းအရ task force
လို့ ခေါ်ပါတယ်။

တရုတ်ရေတပ်ရဲ့ တာဝန်က သူ့ကမ်းခြေနဲ့ သူ့ပတ်ဝန်းကျင်က ပင်လယ်တွေကို
ကာကွယ်ဖို့က ပထမ၊ ပြီးသူ့သင်္ဘောတွေ လုံခြုံရေး။ ဥပမာ တရုတ်ရေနံ
လိုအပ်ချက်တွေကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံတွေကရတယ်။
ပင်လယ်ဆိပ်ကမ်းတွေက တရုတ်ပြည် အရှေ့ဘက်ပိုင်းမှာပဲ ရှိကြတယ်။ အကယ်၍
ခြေအနေတင်းမာခဲ့သော် အမေရိကန် ၇ ရေတပ်က မလက္ကာရေလက်ကြားက ပိတ်ခဲ့ရင်
တရုတ်တွေ အကြပ်တွေ့နိုင်တယ်။

ပြီးတော့ အမေရိကန်က တိုင်ဝမ်ကျွန်းကို ကာကွယ်ပါမယ်ဆိုတဲ့ စာချုပ်ရှိတယ်။
၁၉၉၅ ခုနှစ်က ပြဿနာ ပေါ်တော့ အမေရိကန်က တိုင်ဝမ် ရေလက်ကြားကို
လေယာဉ်တင်သင်္ဘော ၂ စီး လွှတ်ပြီး ခြိမ်းခြောက်ခဲ့တာကြောင့် တရုတ်က
နောက်ဆုတ်ပေးခဲ့ရတယ်။ တရုတ်တွေ သိပ်ခံပြင်းခဲ့ကြတယ်။ ဒါကြောင့်
စစ်ကော်မရှင်က စစ်သင်္ဘောတွေမှာပြီး ရေတပ်ကို တိုးချဲ့ခဲ့တယ်။

အင်္ဂလိပ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ ကမ္ဘာကို အုပ်စီး
ဗိုလ်ကျခဲ့တာကြောင့် တခြားလူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓါတ်ကို
နားမလည်ကြဘူး။ တချိန်က နယ်ချဲ့တွေဟာ တရုတ် လူမျိုးတွေအပေါ်
ဗိုလ်ကျမောက်မာခဲ့ကြတယ်။ ဘောက်ဆာတော်လှန်ရေး (Boxer revolution) ကို
ဖတ်ကြည့်ရင် မခံချင်စရာပါဘဲ။ အမေရိကန် သတင်းသမားတယောက်က ရေးဖူးတယ်။ ဘောက်
ဆာတော်လှန်ရေးအကြောင်းကို အမေရိကန်ကလေးတွေ မသိကြတော့ဘူး။
တရုတ်ကျောင်းတွေမှာ တရုတ်ကလေးတိုင်း သင်ရတယ်တဲ့။ တချိန်က
အနောက်နိုင်ငံသားတွေဟာ ဘယ်လောက် လူပါးဝကြသလဲဆိုရင် “ခွေးနဲ့ တရုတ်တွေ
မ၀င်ရ” ဆိုတဲ့ ဆိုင်းပုဒ်ကို တရုတ်ပြည်မှာ ချိတ်ခဲ့ကြတယ်။ ကျနော်တို့
ဗမာနိုင်ငံမှာ ဘုရားပေါ် ဖိနပ်စီးပြီး အင်္ဂလိပ်တွေ လူပါးဝခဲ့တာတွေကို
အခဲမကျေ နိုင်သလို တရုတ်မျိုးချစ်တွေ ဘယ်လောက် ခံရခက်မလဲ။

ဒါပေမဲ့ လက်ရှိတရုတ်ခေါင်းဆောင်တွေက သိပ်လိမ္မာတယ် သိပ်ညက်တယ်။
မပိုင်သေးတာမို့ အပြုံးမပျက်သေးဘူး။ စစ်တပ်အင်အားကို ဆက်လက်ထူထောင်လျက်ပဲ။

လွန်ခဲ့တဲ့ နှစ်က ဖြစ်စဉ် ၂ ခုကြောင့် အမေရိကန်ရေတပ်မှာ လှုပ်လှုပ်ရှားရှား
ဖြစ်ခဲ့ရတယ်။ ပထမက ဟိုင်နန်ကျွန်းမှာ ရေငုပ်သင်္ဘောတွေကို ဝှက်ထားနိုင်ဖို့
ရေအောက်လိုဏ်ခေါင်းတွေကို တွေ့ရှိရလို့ပဲ။ နောက်တခုက တရုတ်ရေငုပ်
သင်္ဘောတစင်းဟာ ရုတ်တရက် အမေရိကန် လေယာဉ်တင်သင်္ဘော အကြားမှာ ၀ုန်းဆို ရေပေါ်
ဖေါ်ပြလိုက်လို့ပဲ။

အမေရိကန်ရေတပ်မှာ အီးဂျစ် စံနစ် (Aegis System) လို့ခေါ်တဲ့
ရေကြောင်းကာကွယ်ရေး စံနစ်ရှိတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ရန်သူ့လေယာဉ်
ရေယဉ်သင်္ဘောတွေကိုရှာပြီး သုတ်သင်ဖို့၊ ဒါကြောင့် ဒီစံနစ်ကို ဖြတ်ကျော်ပြီး
မသိလိုက်ရဘဲ တရုတ်ရေငုပ်သင်္ဘော ဝေါကနဲ ပေါ်လာတာကြောင့် ထိပ်လန့်ကုန်တာပါ။
တရုတ်ကလည်း တမင်သက်သက် ပြပြီး ခြိမ်းခြောက်တာပါ။

တရုတ်ကလည်း လေယာဉ်တင်သင်္ဘာ တည်ဆောက်ဖို့ ပြင်ဆင်နေပါပြီ။ အမေရိကန်ရေတပ်
ပုံနှိပ်လုပ်ငန်းက ဖြန့်ဝေတဲ့ China’s Aircraft Carrier Ambition by Nan
Li and Christpher Weuve စာတမ်းမှာ အသေးစိတ် တင်ပြထားပါတယ်။

သို့ပေမဲ့ အမေရိကန်တွေဟာ လေယာဉ်တင်သင်္ဘောကို အသုံးပြုခဲ့တာ
နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိခဲ့တာကြောင့် မနည်းအမှီလိုက်ရမယ်ဆိုတာကို
တရုတ်က ကောင်းကောင်းသိတယ်။ ဒါကြောင့် တဘက်က လေယဉ်တင်သင်္ဘော တည်ဆောက်ရေးကို
ကြိုးပမ်းနေပေမယ့် တဘက်က အမေရိကန် လေယဉ်တင်သင်္ဘောကို ဖျက်စီးဖို့
သင်္ဘောပစ်ဒုံးပျံ ထုတ်လုပ်ရေးကို လုံးပန်းခဲ့တာ ၂၀၁၀ ကုန်ရင်
အစမ်းပစ်နိုင်ပြီလို့ ယူဆကြတယ်။

DF-21D လို့အမည်ရတဲ့ တရုတ်လုပ် ဒုံးပျံကို ASBM (Anti Ship Ballistic
Missile) System လို့ ခေါ်ပါတယ်။ ဒီဒုံးပျံ စံနစ်ဟာ မော်တော်ယာဉ်နဲ့
ပြောင်းရွှေ့လှုပ်ရှားနိုင်ပြီး အသံထက် ၁၀ ဆ မြန်တာ ကြောင့် Hypersonic
Speed အလျင်ရှိပြီး အဆင့် ၂ ဆင့် ရှိပါတယ်။ Solid Propellant ဟုခေါ်သော
လောင်စာခဲက ရော့ကက်ကို တွန်းအားပေးကာ ဒုံးကျည် တခုသာ သယ်ဆောင်နိုင်ပါတယ်။
ပစ်မှတ် လမ်းကြောင်းကို ထိန်းကွပ်သော ခေတ်သစ် လျှပ်စစ်စံနစ် (Guidance
System) များကြောင့် ရုတ်တရက် လမ်းကြောင်းပြောင်းနိုင်သလို
လှုပ်ရှားမှုလွယ်ကူလို့ ၎င်းရဲ့ ရှေ့လမ်းကြောင်းကို ကြိုမတွက် နိုင်ပါ။
ဒါကြောင့် ပစ်ချရန် ပိုခက်ခဲလာပါတယ်။ ဤဒုံးပျံစံနစ်ကို တရုတ် ဒုတိယ အာကာသ
အကယ်ဒမီ (2nd Space Academy) ကထုတ်လုပ်ပါတယ်။

ဤ တရုတ် ဒုံးပျံစံနစ်ကြောင့် မိမိတို့ ရတက်မအေးဖြစ်ရပါတယ်လို့ အမေရိကန်
ရေတပ် အမှတ် ၇ ရဲ့ ဦးစီး ဒုဗိုလ်ချုပ်ကြီး ဂျွန်ဘတ်က အမေရိကန်စစ်တပ်
မဂ္ဂဇင်း stars and stripes ကို မကြာခင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရေတပ်ရဲ့ အဓိကအင်အားဟာ လေယဉ်တင်သင်္ဘော အုပ်စုဖြစ်တယ်။ စစ်ကြီးပြီး
ကတည်းက တခုခုဖြစ်ရင် ဒီလေယဉ်တင်သင်္ဘော အုပ်စုကိုလွှတ်ပြီး ခြိမ်းခြောက်
ဗိုလ်ကျနိုင်ခဲ့တယ်။ အမေရိကန် လေယဉ်တင်သင်္ဘောအုပ်စုမှာ ပါတတ်တဲ့ သင်္ဘောတွေက
- Two guided-missile cruisers ဒုံးပျံတင် ခရူဇာ ၂ စီး
- Two destroyers ဖျက်သင်္ဘော ၂ စီး
- One frigate ဖရီးဂိတ် ၁ စီး
- Two submarines ရေငုပ်သင်္ဘော ၂ စီး
- A supply ship ထောက်ပို့သင်္ဘော ၁ စီး

ဒီအခြံအရံ သင်္ဘောတွေဟာ လေယဉ်တင်သင်္ဘောကို ကာကွယ်ဖို့ပဲ ဖြစ်ကြတယ်။ Aegis
System ကို ကျန်တဲ့ စစ်သင်္ဘေတွေမှာ တပ်ဆင်ထားတတ်ပါတယ်။ ဒီသင်္ဘောတွေနဲ့
အီးဂျစ်စံနစ် အပြင် လေကြောင်းရန်က ကာကွယ်ဖို့ မိမိလေယာဉ်တွေရှိတယ်။
ရေငုပ်သင်္ဘောတွေမှာ (ဆိုနာ) လို့ခေါ်တဲ့ ရေအောက် ရေဒါတွေရှိတယ်။ ဒါကြောင့်
ယခင်က အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စုတွေဟာ လုံခြုံပြီလို့
အထင်ရှိခဲ့ကြတယ်၊ မော်ကြွားနိုင်ခဲ့ကြတယ်။

တရုတ်စစ်တပ်ဟာ ဒီဒုံးပျံစံနစ်ကို ၂၀၁၀ အကုန်လောက်မှာမှ စတင်စမ်းသပ်
နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် စိတ်ဓာတ်
စစ်ဆင်ရေးတိုက်ပွဲကတော့စပါပြီ။ တရုတ်စစ်ဗိုလ်တွေဟာ ဒီဒုံးပျံ အကြောင်းကို
ရေငုံနှုတ်ပိတ်နေကြပေမယ့် တရုတ်အစိုးရ ဆင်ဝှါ သတင်းဌာနရဲ့ ၀က်ဆိုက်မှာ
နံမည်အရင်းကိုမဖေါ်ဘဲ ကလောင်နာမည်နဲ့ပါလာတဲ့ ဆောင်းပါးမှာ ဖြစ်နိုင်ခြေကို
စိတ်ကူးနဲ့ဖေါ်ထုတ် ပြခဲ့ပါတယ်။ အကယ်၍ နောင်တချိန်မှာ အမေရိကန်ရေတပ် အမှတ်
၇ ရေ တပ်မတော်မှာ လက်ရှိတပ်စွဲထားတဲ့ USS Washington လေယာဉ်တင်သင်္ဘောကို
တရုတ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့ တိုင်ဝမ်ကျွန်းကို
လွှတ်ခဲ့မယ်ဆိုရင်၊ ပထမဒုံးကျည်က လေယာဉ်တင်သင်္ဘောရဲ့ ကိုယ်ထည်ကို
ထိုးဖေါက်ပြီး မီးဟုန်းဟုန်တောက်စေကာ လေယဉ်ပျံသန်းမှုများ
ရပ်စဲသွားစေပါမယ်။ ဒုတိယဒုံးကျည် က အင်ဂျင်စက်ကို မီးလောင်စေကာ
လေကြောင်းအကာအကွယ် ကင်းမဲ့သွားတဲ့ လေယာဉ် တင်သင်္ဘောကို လေကြောင်းမှလည်း
တိုက်ခိုက်ကာ တတိယ ဒုံးကျည်က လေယာဉ်တင် သင်္ဘောကို ပင်လယ်အောက်သို့
ပို့ဆောင်ပေးပါလိမ့်မယ်ဟု ခြိမ်းခြောက်ထားပါတယ်။

ဤ DF21D ဒုံးပျံဟာ Julang-1 (JL-1) ဟုခေါ်တဲ့ ရေငုပ်သင်္ဘောမှပစ်တဲ့
ဒုံးပျစံနစ် Submarine Launched Ballistic Missile (SLMB) ကိုအခြေခံ၍
မွမ်းမံတည်ထွင်ခဲ့တာကြောင့် ယခုအချိန်မှာ ကုန်းပေါ်က ပစ်နိုင်စွမ်းသာ
ရှိသေးသော်လည်း နောင်တချိန်မှာ ရေငုပ်သင်္ဘောက ပစ်နိုင် စွမ်းရှိခဲ့သော်၊
ပိုကြောက်စရာ ကောင်းလာပါမယ်။

မကြာသေးမီ၂၀၁၀ ဇူလိုင်လထဲတွင် မြောက်ကိုရီးယားက တောင်ကိုရီးယား သင်္ဘောကို
တော်ပီဒိုနှင့် နှစ်မြှပ်ခဲ့မှုကြောင့် တောင်ကိုရီးယားနဲ့
အမေရိကန်ရေတပ်တို့ အင်အားပြတဲ့အနေနဲ့ ပူးတွဲ
စစ်လေ့ကျင့်ရေးလုပ်ခဲ့ကြပါတယ်။ တရုတ်က မိမိရေပိုင်နက် နဲ့ အလွန်နီးတယ်လို့
ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန်တို့ ရေတပ်လေ့ကျင့်မှုကို ပို၍ဝေးသော
ဂျပန်ရေပိုင်နက်အနီးရွှေ့ခဲ့ကြပါတယ်။ အမေရိကန် တို့က
တရုတ်တို့ကန့်ကွက်မှုကြောင့် မဟုတ်ရပါလို့ငြင်းဆိုခဲ့ကြပါတယ်။

တရုတ် ဒီဒုံးပျံ ဆောက်နိုင်တာ ဒို့ မြန်မာနဲ့ ဘာဆိုင်တာမို့လို့လဲ
မေးစရာရှိပါတယ်။

ဒီကနေ့ ကမ္ဘာမှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးနဲ့ စစ်အင်အားပြိုင်ဆိုင်မှုက
နိုင်ငံတိုင်းကို အကျိုးသက်ရောက်မှုရှိတယ်။ လက်ရှိ NLD နဲ့ ဒေါ်စု တို့ရဲ့
နိုင်ငံရေးဗျူဟာကလည်း အနောက် နိုင်ငံတွေကို အားကိုးပြီး နအဖ ကို စေ့စပ်ရေး
စကားဝိုင်းထဲ ဆွဲခေါ်မယ် ဆိုတဲ့ အစီအစဉ်က ရုံးမထွက် နိုင်သေးဘူး။ နအဖကို
ကျားကန်ပေးနေတာက တရုတ်ကြီး၊ NLD နဲ့ ဒေါ်စုကို ကျားကန်ပေးတာက အမေရိကန်
ဦးစီးတဲ့ အနောက်အုပ်စု။

တရုတ်ကြီးက အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်မယ်ဆိုရင် ဗိုလ်ချုပ်
သန်းရွှေတို့ကို သတိရှိဖို့ သတိပေးမယ်၊ ကုလသမဂ္ဂမှာ တရုတ် ဗီတို ကို
မြန်မာတွေ မှီခိုနေရတယ် မဟုတ်လား။ တရုတ် အမေရိကန် ဆက်ဆံရေးဟာ
စီးပွားရေးစစ်ရေးမှာ မူတည်ပြန်တယ်။ စီးပွားရေးအရ အမေရိကန်တွေ
ဒုက္ခပင်လယ်ဝေနေကြတုန်း၊ တရုတ်က ရုန်းထွက်နိုင်ပြီ။ အမေရိကန်က ကြွေးထူ၊
တရုတ်က ကြွေးရှင်။ စစ်ရေးအရ တရုတ်က အားကြီးလာရင် အမေရိကန်ကို မထေမဲ့မြင်
လုပ်လာရဲရင် ဗိုလ်ချုပ်သန်းရွှေတို့ ပိုအတင့်ရဲလာမှာပေါ့။
ဒီအကျိုးဆက်တွေကြောင့် အမေရိကန် တရုတ်စစ်ရေး အားပြိုင်ပွဲကို
မျက်ခြေအဖြတ်ခံလို့ မရတာပါ။

ပေါင်းယှက်နွယ်တဲ့ နိုင်ငံရေး

မကြာသေးတဲ့ ၂၀၁၀ နှစ်လယ်လောက်က အမေရိကန်စစ်တပ်က အသံထက်
အဆပေါင်းများစွာမြန်တဲ့ Hypersonic ဒုံးကျည်ကို စမ်းသပ်ခဲ့ရာ တရုတ်စစ်တပ်က
ကန့်ကွက်ခဲ့ပါတယ်။

ယနေ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ မဟာဗျူဟာကျတဲ့ အနုမြူလက်နက် (Strategic
Nuclear arms) နဲ့ နည်းဗျူဟာ အနုမြူလက်နက် (Tactical Nuclear Arms)
ဆိုတာရှိပါတယ်။ မဟာဗျူဟာ လက်နက်က အနုမြူစစ် ဖြစ်ခဲ့သည်ရှိသော်
တမြို့လုံး၊တပြည်လုံးကို ဖျက်စီးနိုင်တဲ့ အနုမြူ လက်နက် အကြီးစားတွေပါ။
နည်းဗျူဟာ လက်နက် ဆိုတာကတော့ တိုက်ပွဲတပွဲ အတွက်အသုံးလိုမယ့် လက်နက်ပေါ့။
ဥပမာ အနက်ကြီး တူးထားတဲ့ တရုတ်နဲ့ မြန်မာလိုဏ်ခေါင်းမျိုးကို
ဖျက်ဆီးဖို့ပေါ့။

ဒီလိုလက်နက်မျိုးတွေကို သယ်ဆောင်ဖို့ ဒုံးပျံလက်နက်လိုအပ်ပါတယ်။ လက်ရှိ
ဒုံးပျံတွေဟာ မဟာဗျူဟာအတွက်သုံးတဲ့ အဝေးပစ် ဒုံးပျံတွေကလွဲလို့
အင်မတန်နှေးပါတယ်။

ဥပမာ သမ္မတ ကလင်တန် လက်ထက် ၁၉၉၈ ခုနှစ်မှာ ကင်ညာ နဲ့ တန်ဇန်းနီးယား
မှာရှိတဲ့ အမေရိကန်သံရုံးတွေ ဗုံးဖေါက်မှုကိုလက်စားချေတဲ့ အနေနဲ့
အိုစမာဘင်လာဒင်ရှိတဲ့ အာဖဂန်က တာလီဘန် လေ့ကျင့်ရေး စစ်စခန်းတခုကို cruise
missile နဲ့ ပစ်ခွင့် ပေးလိုက်တယ်။ ဒီဒုံးကျည်ကို ပစ်နိုင်တဲ့
ရေငုပ်သင်္ဘောက ၆ နာရီ အကွာမှာပဲရှိတယ်။ ဒါကြောင့် စစ်စခန်းကို
ဒုံးကျည်ကျတဲ့ အချိန်မှာ ဘင်လာဒင်ကြီး မရှိတော့ဘူး။ ဒါကြောင့် ယနေ့
မောင်းသူမဲ့ လေယာဉ်တွေ အာဖဂန်နဲ့ ဘင်လာဒင်တို့အပေါ် ၂၄ နာရီ
ပျံဝဲနေကြရတာပေါ့။ ပစ်မှတ်ကိုတွေ့တာနဲ့ ချက်ချင်းပစ်နိုင်အောင် စီစဉ်မှုပါ။

ဒီအားနည်းချက်ကိုပြင်ဖို့ အမေရိကန် စစ်တပ်ကအားထုတ်ခဲ့တယ်။ ဦးတည်ချက်က
တကမ္ဘာလုံးမှာ ရှိတဲ့ ကြိုက်တဲ့ ပစ်မှတ်ကို ၁ နာရီအတွင်း ရောက်စေရမယ်တဲ့။
ဒီလက်နက်က ကင်ဂျုံအီးတို့ မူဂါဘီတို့ ဗိုလ်ချုပ်သန်းရွှေတို့ကို
ကျောချမ်းစေမယ့် လက်နက်မျိုးပါ။ ဥပမာ ဗိုလ်ချုပ်သန်းရွှေကို ပစ်မှတ်အဖြစ်
သတ်မှတ်လိုက်ပြီ ဆိုပါစို့၊ အမေရိကားက ပစ်ရင်တောင် ၁ နာရီအတွင်း
ပစ်မှတ်ကိုရောက် နိုင်တာကြောင့် ဘင်္ဂလားပင်လယ်အော်ကသော်လည်းကောင်း
ထိုင်းရေပိုင်နက်က သော်လည်းကောင်း ပစ်ရင် ၅ မိနစ်နဲ့ နေပြည်တော်ကို
ရောက်လာနိုင်ပါတယ်။ အိမ်နဲ့ စစ်ရုံး အသွား ကြားမှာတင် ဒုံးပျံ
မိုးရွာနိုင်တာပေါ့။

ဒါ့အပြင် မြန်မာ့ တပ်မတော်ရဲ့ Military Doctrine လို့ခေါ်တဲ့
စစ်ရေးအတွေးအခေါ်ဟာ တရုတ်က ခိုးချထားတာပါ။ တရုတ်က ပြင်ဆင်သတ်မှတ်
မွမ်းမံခဲ့တာ အဆင့် ၄ ဆင့် ရောက်သွားပါပြီ။ မြန်မာက ဒုတိယအဆင့်လောက်ပဲ
ရောက်ပါသေးတယ်။ ဒါကြောင့် အမေရိကန်ကသာ တကယ်တိုက်လိုတယ် ဆိုရင် ဘန်ကာတွေကို
ဖြိုခွဲနိုင်တဲ့ဗုံးတွေနဲ့ စစ်မြေပြင်ပစ် အနုမြူဗုံးတွေကို သုံးခဲ့ရင်
မြန်မာမပြောနဲ့ တရုတ်လိုဏ်ခေါင်းတွေတောင် မခံနိုင်ပါဘူး။ ဒါကြောင့်
တိုင်းပြည် ဘဏ္ဍာတွေကို တိုင်းသူပြည်သားတွေ ကျန်းမာချမ်းသာရေးအတွက် မသုံးဘဲ
ကြောက်ကြောက်နဲ့ လိုဏ်ခေါင်းတွေ တူးနေတာ စစ်ရေးအရကြည့်ရင်
အဓိပ္ပါယ်မရှိဘူးလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါကို လူငယ်၊ လူလတ်
မြန်မာ့တပ်မတော်က အရာရှိတွေကို သိစေချင်ပါတယ်။

ယနေ့ ကမ္ဘာ့စစ်လက်နက်တွေအထဲမှာ ၅၀ မီဂါတန်ရှိတဲ့ ဟိုင်ဒြိုဂျင်ဗုံးတွေ
ရှိနေပါပြီ။ ဟီရိုရှီးမားကို ကြဲခဲ့တဲ့ဗုံးထက် အဆ ၄,၀၀၀ ပြင်းထန်ပါတယ်။
ဒါ့အပြင် နျုထရွန်ဗုံး (neutron bomb) ဆိုတာက အဆောက်အဦးတွေကိုမပျက်စီးပဲ
အနုမြူဓါတ်ရောင်ခြည် (radiation) နဲ့ ရန်သူကို သုတ်သင်တဲ့ နည်းပါ၊
စစ်သားတွေသာသေမယ့် ဗုံးမျိုးပါ။

ယနေ့ တိုးတက်ထွန်းကားလာတဲ့ နိုင်ငံတွေဟာ လူအမြောက်အများကို
သေကြေဖျက်ဆီးနိုင် ရုံမက ကျောက်ခေတ် ပြန်ရောက်သွားအောင်
ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်တွေအကြောင်း ကောင်းကောင်းသိကြတာမို့
စစ်ကိုရှောင်လိုကြပါပြီ။ တရှိန်ထိုး တိုးတက်လာတဲ့ တရုတ်တွေဟာ တကယ်တော့
အခုမှ ချမ်းသာမှုကို ခံစားကြရတုန်းမို့ မပျက်စီးလိုပါဘူး။ တရုတ်တွေ ယနေ့အထိ
ကျင့်သုံးနေတဲ့ နိုင်ငံခြားဆက်ဆံရေး ပေါ်လစီဟာ တိန်လျောက်ပိန် ချပေးသွားတဲ့
"taoguangyanghui" ပေါ်လစီလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်က အခြေအနေမသာသေးရင်
စိတ်ရှည်ရှည်နဲ့ ငြိမ်ငြိမ်နေ၊ ကိုယ်အပေါ်ဆီးအသာရဖို့
အခွင့်အရေးစောင့်ပါတဲ့။

တရုတ်ကြီးဟာ မြောက်ဖက်မှာ ဂျပန်နိုင်ငံ၊ တောင်ဖက်မှာ ဗီယက်နမ်၊
ဖိလစ်ပိုင်တို့နဲ့ ကျွန်းတချို့ကို သူပိုင် - ငါပိုင် အငြင်းပွားဆဲပါ။
ဒါပေမဲ့ တိန်လျောက်ပိန်ဟာ ဘယ်လောက်နိုင်ငံရေးပါးဝ နိုင်ငံရေး
လျင်သလဲဆိုရင် ဒီပြဿနာတွေကို ကိုင်တွယ်ဖို့ တို့တတွေ
ဉာဏ်မကြွယ်သေးပါဘူးတဲ့။ နောက်ခေတ် ခေါင်းဆောင်တွေ ဖြေရှင်းကြပါစေဆိုပြီး
ရှောင်ထွက်ခဲ့တယ်။ အရင်ကဆိုရင် စစ်ရေးပြချင်တဲ့ တရုတ်ကြီးဟာ ရေနံပေါတဲ့
ဒီကျွန်းတွေကို ရေနံဖေါ်ပြီး အတူတူဝေစား ကြရအောင်လို့ အဆိုပြုခဲ့တယ်။

စစ်အေးကာလမှာ အမေရိကန်နဲ့ ဆိုဗီယက် ရှရှားတို့ စစ်လက်နက် အပြိုင်တပ်စဉ်က
M.A.D. (Mutual Assured Destruction) ဆိုတဲ့ ပေါ်လစီကို
ကျင့်သုံးခဲ့ကြတယ်။ နင်ရောငါပါ နှစ်ယောက်လုံးသေမယ် ဆိုတဲ့ ပေါ်လစီကြောင့်
ဘယ်သူကမှ စစ်မဖြစ်ရဲကြဘူး။

မော်စီတုံး ကွန်မြူနစ်တွေလက်ထက်က တရုတ်ပြည်ကြီးဟာ
ဖွံ့ဖြိုးဆဲတတိယနိုင်ငံအဆင့်ပဲ ရှိပါတယ်။ အခု တိန်လျောက်ပိန်
ကွန်မြူနစ်တွေ လက်ထက်မှာ ကွန်မြူနစ် ဆိုတာနာမည်ပဲ ကျန်ပါတော့တယ်။ မကြာခင်
ကမ္ဘာ့အချမ်းသာဆုံး အဆင့်ကိုရောက်တော့မယ်။ တိုးတက်လာရင် ချမ်းသာလာရင်
မပျက်စီးချင်တော့တာ လူ့သဘာဝပါ။

တရုတ်ပြည်ကိုရောက်ဖူးသော စာဖတ်သူတို့ သိကြမှာပါ။ ဘေဂျင်းမြို့က ၀ါရှင်တန်
ပြန်ရောက်လာရင် ခေတ်မီမြို့ကြီးကနေ တောမြို့ကလေးကို ပြန်ရောက်သွားသလို
ခံစားရတယ်။ ၀ါရှင်တန်မြို့တော်မှာ လွပ်လပ်ရေးကျောက်တိုင်ထက် မြင့်တဲ့
အဆောက်အဦးမဆောက်ရဆိုတဲ့ တားမြစ်ချက် ရှိပါတယ်။ သစ်လွင်တောက်ပနေတဲ့
ရှန်ဟိုင်းကနေ နယူးယောက်ကို ပြန်ရောက်သွားရင် အို ညစ်ပတ်
ဟောင်းနွမ်းလှချည်လားလို့ ခံစားရတယ်။ တရုတ်ဘဏ်တွေဟာ ငွေပေါလွန်းလို့
ဘယ်မှာ အရင်းပြု ရမှန်းတောင် မသိကြဘူး။ ရှန်ဟိုင်း လေဆိပ်ကိုဆင်း
လိုက်တာနဲ့ (ကချင်း ကချင်း) ဆိုတဲ့ (ငွေ) ခေါ်သံ ကြားနေရပြီ။

ဒီလောက် တိုးတက်ပြီး ချမ်းသာလာတဲ့ တိန်လျောက်ပိန် တရုတ်တွေဟာ
ဆင်ရဲမွဲတေနေတဲ့ သေမထူး နေမထူးတဲ့ (မော်) တရုတ်တွေလို ဘယ်မိုက်ပါ့မလဲ။
ဒါကြောင့် တိန်လျောက်ပိန်က “ချမ်းသာခြင်းသည် ဂုဏ်တရပ်” လို့ ရဲရဲကြီး
ဆိုရဲခဲ့တာပေါ့။ (Deng Xiaoping proclaimed, “To get rich is glorious”)

အမေရိကန်ရော တရုတ်ကြီးတွေဟာ လူလည်ကြီး သားသမီးတွေပါ၊ ခြောက်စား ဟောက်စား
နေကြတာပါ။ အမေရိကန် ကောင်းဘွိုင်ဟာလည်း ခြောက်စားလို့ မရရင် ဟဲဟဲ ဆိုပြီး
နောက်ဆုတ် သွားမှာပဲ၊ ဆွန်ဇူး ရဲ့ စစ်မတိုက်ရဘဲ အနိုင်ရတဲ့နည်းကို
ကျင့်သုံးနေကြတာပါ။

တရုတ်ကော အမေရိကန်ပါ အမျိုးချစ်စိတ် ပြင်းကြတယ်။ အောင်မြင်တဲ့
နိုင်ငံတွေမို့ ကိုယ့်တိုင်းပြည်ကို ကိုယ်ဂုဏ်ယူကြတယ်၊
အမျိုးချစ်စိတ်ပြင်းပါတယ်။ စစ်တပ်ဆိုတာ တိုင်းပြည်အတွက်ပါ ဆိုတဲ့
မြန်မာစစ်တပ်က စစ်ဗိုလ်တွေကို စဉ်းစားစေချင်ပါတယ်။

စီးပွားရေးကို မကိုင်နိုင်ဘဲ စစ်အင်အားကို ထူထောင်ရင်း
နိုင်ငံပြိုကွဲသွားရတဲ့ ဆိုဗီယက်ပုံစံကို အတုခိုးမှာလား၊ စီးပွားရေးကို
အနိုင်ကိုင်ပြီး ချမ်းသာလာမှ ချမ်းသာမှုကို အရင်းပြုပြီး စစ်အင်အားကို
တဖြည်းဖြည်း ထူထောင်လာတဲ့ တရုတ်ပုံစံကိုအတုခိုးမှာလား။

နိုင်ငံ့သယံဇာတတွေကို ရောင်းချပြီး ၅၇ သန်းသော ပြည်သူတွေ ငတ်ချင်ငတ်
သေချင်သေ သုံးမရတဲ့လိုဏ်ခေါင်းကြီးတွေတူးပြီး ကြွက်တွေလို
တွင်းအောင်းနေကြမှာလား။

နိုင်ငံ့သယံဇာတ တွေကိုရောင်းချပြီး တိုင်းပြည်ကြီးပွားအောင် လုပ်ပြီးမှ
တည်တံ့မယ့် စစ်တပ်ကို ချမ်းသာမှုကတဆင့်ထူထောင်ဖို့ မစဉ်းစားမိဘူးလား။
စီးပွားရေးတိုးတက်ချင်ရင် အရာရာကို စစ်တပ်ကချည်း အုပ်စီးချင်လို့ မရဘူး၊
နိုင်ငံတကာနဲ့ သင့်မြတ်ရမယ်။

အနုမြူလက်နက်ပိုင်ရင် ကိုယ်ကခြိမ်းခြောက်နိုင်သလို ကိုယ့်ဆီမှာလည်း
အန္တရာယ်ကျရောက်နိုင်တယ် ဆိုတာ စဉ်းစားမိကြရဲ့လား။

တတိုင်းပြည်လုံးလည်းမွဲ၊ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်နဲ့
သူတို့သားသမီးဆွေမျိုးတစု မိတ်ဆွေတစု ကောင်းစားရေးအတွက် ၅၇ သန်းသော လူထု
ကိုဖိနှိပ်ပြီး လက်နက်ကိုင်ပြီး သစ္စာစောင့်နေကြတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူး၊
ဗိုလ်မှူးကြီးတွေ ညည ဘယ်လို အိပ်ပျော်ကြသလဲဆိုတာကို သိချင်လှပါဘိ။

အင်္ဂလိပ်ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် ရဲဘော် ၃ ကျိပ် ဂျပန်
ပါးရိုက်တာကိုခံပြီး စတင် ထူထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ
မြန်မာနိုင်ငံတော်ကြီးကို တရုတ် စီးပွားရေးကျွန်ဖြစ်အောင် တဖြည်းဖြည်း
ဆွဲချနေတယ်ဆိုတာ သိမှသိပါလေစ။

တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်ကြီးပွားတာကို
မြင်ချင်မှာပဲ၊ ကိုယ်ြ့ပည်သူ ပြည်သား အများစားဝတ်နေရေး ချောင်လည်ပြီး
ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတာကို မြင်ချင်မှာပဲ။ ၀ါဒတွေ ဘာတွေ မလိုပါဘူး။

၂၀၀၉ နှစ် တရုတ်နှစ်သစ်ကူးအချိန်ကြီးမှာ တရုတ်ပြည်မှာ
နှင်းမုန်တိုင်းတွေကျပြီး ရထားတွေ၊ ကားတွေ မထွက်နိုင်ဘူး။
အုတ်အော်သောင်းနင်း ဖြစ်ကုန်တယ်။ တရုတ်ဝန်ကြီးချုပ်ကိုယ်တိုင် ရောက်လာပြီး
လော်ကြီးနဲ့ ရှေ့က ကြပ်မတ်နေတယ်။

လူတွေအိမ်ကို ဖုံးဆက်နိုင်ပါစေဆိုပြီး ဖုံးဘထ္ထရီအတွက် ပလပ်ပေါက်တွေကို
ဘူတာရုံ ကားဂိတ်တွေမှာ စီစဉ်ပေးတယ်။ မြေငလျင်လှုပ်တော့လည်း ၀န်ကြီးချုပ်
ရောက်သွားပြီ၊ သမ္မတ ဟူဂျင်တောင်လည်း ချက်ချင်းရောက်လာတယ်။
ဒါခေါင်းဆောင်တွေက ပြည်သူကို ဂရုစိုက်တယ်ဆိုတာ ပြတာပဲ။ ဒါကြောင့်
တရုတ်တွေဟာ ၀န်ကြီးချုပ်ကိုချစ်ကြတယ်။

အမေရိကားမှာ နယူးအော်လင်းမြို့ ကက်ထရီနာ လေမုန်တိုင်းကြောင့်
ရေလျှံအပြီးမှာ သမ္မတဘုရှ် က လေယာဉ်ပျံပေါ်ကပဲ ပျံကြည့်တာကြောင့်
ဝိုင်းဆဲလိုက်ကြတာ Katrina moment ဆိုတဲ့ ဗန်းစကား ပေါ်လာခဲ့ရတယ်။ ဒါတောင်
ဘုရှ်ဟာ အမေရိကန်တွေထိရင် ဓါးကြည့်ဆိုတဲ့ လူစားမျိုးပါ။ နာဂစ်
မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ လူတွေသေပြီး ဘယ်လောက်ကြာမှ
မြန်မာနိုင်ငံရဲ့ အကြီးအကဲဆိုသူ တိုင်းခန်းလှည့်လည်လာပါသလဲ။ နိုင်ငံတကာက
ဝိုင်းကူကြတဲ့ ငွေတွေကိုကော အမှန်အကန် ဝေကြရဲ့လား။ အခုလည်း ပါကစ္စတန်မှာ
ရေကြီးပြီး လူတွေသေနေချိန်မှာ သမ္မတက အင်္ဂလန်သွားလည်နေရလားဆိုပြီး
ဝိုင်းဆန္ဒပြနေကြလေရဲ့။ တိုင်းပြည်နဲ့ ပြည်သူကိုချစ်တယ်ဆိုတာ
လိမ်လို့မရပါဘူး။

၁၉၅၀ခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယားစစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်းဟာ
မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။ မြန်မာပြည် တိုးတက်နေတာမြင်ပြီး ပါလာတဲ့
သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး)
ဦးကျော်ငြိမ်းအရှေ့မှာ စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂၀) မအိပ်မနေ
ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး
ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊
ဗိုလ်ချုပ်အများစု ဘန်ကောက်လောက်တော့ ရောက်ကြမှာပါ။ ဘယ်လောက်
ကွာသွားပြီလို့ ထင်ပါသလဲ။

ထိုင်း စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကြီးပွားချင်စိတ် ရှိသေးတယ်။
တိုင်းပြည် နဲ့ အမျိုးချစ်စိတ်ဆိုတာ ယူနီဖေါင်းက လာတာမဟုတ်ပါဘူး၊ အူထဲ၊
ရင်ထဲ၊ နှလုံးထဲ၊ အသည်းထဲက လာတာပါ။ စစ်ဗိုလ်ကြီးတွေ ညည
နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နိုင်ကြပါစေ။

ဘိုဘိုကျော်ငြိမ်း
သြဂုတ်လ၊ ၉ရက်၊ ၂၀၁၀
ဇင်းမယ်

ရည်ညွန်းသောစာအုပ်၊ စာတမ်းနှင့် ဆောင်းပါးများ

A daring departure from Deng By Wu Zhong, China Editor, Asia Times
Online
Chinese missile could shift Pacific power balance. By Eric Talmadge,
Associated Press Writer, August 8 2010, NY Times.
DongFeng 21 (CSS-5) Medium-Range Ballistic Missile – Sinodefence.com
New Chinese anti-ship missile may complicate relations with U.S. By
Erik Salvin, Stars and Stripes, Published: July 19, 2010
How Carrier Battle Groups Work by Marshall Brai
This is How the Carriers Will Die by Gary Brecher
PLA Navy: From 'Green Water' to 'Blue Water' – Part I & Part II
Dr. Alexandr Nemets and Dr. Thomas Torda
PLA Navy - Globalsecurity.com
China Under Deng Xiaoping, factsandetails.com

No comments: