ဒီကနေ့ ကမ္ဘာမှာ ငွေကြေးတွေနဲ့ ပတ်သက်ပြီး ကမောက်ကမ ဖြစ်နေတာကတော့ အမှန်ပါပဲ။ ဘရာဇီး နိုင်ငံဘဏ္ဍာရေး ဝန်ကြီး Guido Mantega က စက်တင်ဘာလ ၂၇ ရက်နေ့က အပြည်ပြည် ဆိုင်ရာ ငွေကြေးစစ်ပွဲကြီး International Currency War ဖြစ်နေပါပြီလို့ သံကုန် ဟစ်လိုက်တော့ ဂလိုဘယ် ဘဏ္ဍာရေး နယ်ပယ် တစ်ကြောမှာ ကယောက်ကယက် ဖြစ်ကုန်တယ်။ ဒီတော့ ဘရာဇီး ဘဏ္ဍာရေး ဝန်ကြီးပြောသလို တကယ်ပဲ ငွေကြေးစစ်ပွဲ ဖြစ်နေပြီလား။ ငွေကြေးစစ်ပွဲနိဒါန်း ကုန်ပစ္စည်း ဖလှယ်တဲ့ နေရာမှာ ဒါမှမဟုတ် ကုန်စည် အရောင်းအဝယ် လုပ်ကြတဲ့အခါ ကြားခံကိရိယာ တစ်ခုအဖြစ် ငွေကြေးကို တီထွင်အသုံးပြု ခဲ့ကြတယ်။ ဒီတော့ ငွေကြေး ပြဿနာဟာ အများအားဖြင့် ကုန်ပစ္စည်း အရောင်းအဝယ် ဒါမှမဟုတ် ငွေလဲနှုန်း Exchange Rate နဲ့တစ် နည်းမဟုတ်တစ်နည်း နှီးနွယ်ဆက် စပ်မှုရှိတယ်။ ငွေကြေးစစ်ပွဲလို့ ဆိုလိုက်ရင် ငွေလဲလှယ်နှုန်း စစ်ပွဲအဖြစ် ရူမြင်နိုင်တယ်။ ငွေကြေးစစ်ပွဲဟာ ဒီထက်ပိုပြီး ပြင်းထန်လာမယ်ဆိုရင် ကုန်သွယ်ရေး စစ်ပွဲအဖြစ် ကူးပြောင်း သွားနိုင်တယ်။ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အတိုင်း မိမိနိုင်ငံ ကောင်းစားရေး မိမိနိုင်ငံအကျိုး ရှေ့ရှုပြီး ဒီကနေ့ကမ္ဘာကြီးမှာ ကိုယ့်နိုင်ငံ ဝင်ငွေကောင်းဖို့အတွက် နိုင်ငံခြားသို့ ကုန်စည်တွေတင်ပို့ ရောင်းချကြတယ်။ နိုင်ငံခြား တင်ပို့ရောင်းချတဲ့ ကိုယ့်ပစ္စည်းက ဈေးနှုန်းချိုသာ နေရင် ရောင်းအားကောင်းပြီး အဝယ်လိုက် တယ်။ တရုတ်ပစ္စည်းတွေ ဈေးနှုန်းချိုသာတဲ့ အတွက် ကမ္ဘာ့ဈေးကွက်တွေမှာ ရောင်းအားကောင်းပြီး အဝယ် လိုက်နေတယ်။ အနောက်နိုင်ငံတွေရဲ့ ကုန်ပစ္စည်းတွေက ဈေးနှုန်းကြီးမြင့် နေတဲ့အတွက် ရောင်းအား မကောင်းဘူး။ အဝယ်မလိုက်ဘူး။ တရုတ်နိုင်ငံမှာက လုပ်ခဈေးနှုန်းသက်သာတဲ့ အပြင် နိုင်ငံခြား ကုန်ပစ္စည်းတင်ပို့ ရောင်းချတဲ့နေရာမှာ ရောင်းအားမြင့်အောင်လို့ တရုတ်ယွမ်ငွေ Yuam တန်ဖိုးကိုလဲ မတရားကြီး လျှော့ချထားတယ်လို့ အမေရိကန် နိုင်ငံက စွပ်စွဲတယ်။ ယွမ်ငွေတန်ဖိုး မြှင့်တင်ဖို့ တရုတ်ပြည်ကို တိုက်တွန်းတယ်။ တရုတ်က ယွမ်ငွေတန်ဖိုးကို မြှင့်တော့မြှင့်ပါရဲ့။ ဒါပေမယ့် အင်မတန် နှေးကွေးလွန်းတယ်။ ဒီတော့ အမေရိကန်တို့က သူတို့ရဲ့ ကုန်ပစ္စည်း ကမ္ဘာဈေးကွက်တင် ရောင်းနိုင်ဖို့အတွက် အမေရိကန်ဒေါ်လာရဲ့တန်ဖိုးကို လျှော့ချလာတယ်။ အမေရိကန် အစိုးရကို မေးရင် သူတို့က ဒီလိုမဟုတ်ရပါဘူး။ သူတို့က အမေရိကန်ဒေါ်လာ တန်ဖိုးကို မာစေချင်တာပါလို့ အမြဲတမ်းလိုလို ပြန် ပြောတယ်။ ဒါပေမယ့် လက်တွေ့အားဖြင့်တော့ ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးတော်တော်ကြီး ကျဆင်းသွားတယ်။ တရုတ်နဲ့ အမေရိကန်တို့ ငွေကြေး ကြိုးဝိုင်းထဲမှာ ထိပ်တိုက်တွေ့လာကြတယ်။ ငွေကြေးစစ်မျက်နှာများ တရုတ်နိုင်ငံက ယွမ်ငွေတန်ဖိုးကို မြန်မြန်ဆန်ဆန်မြှင့်တင်ဖို့ ဆန္ဒ မရှိတာဟာ ကမ္ဘာ့ငွေကြေးစစ်ပွဲရဲ့ အဓိက စစ်မျက်နှာ တစ်ခုဖြစ်လာတယ်။ တရုတ်အနေနဲ့ သူ့စီးပွားရေးအခြေ အနေအရ ယွမ်ငွေတန်ဖိုးကို တဖြည်း ဖြည်းမြှင့်တင်ဖို့ လိုလားတယ်။ အခြား နိုင်ငံတွေက တွန်းအားပေး နေကြသလို မြန်မြန်ထက်ထက် မြှင့်တင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။ ဒါကတော့ တရုတ်ပြည်ရဲ့ ငွေကြေးမူဝါဒဆိုင်ရာ ရပ်တည်ချက် ဖြစ်တယ်။ အမေရိကန် အောက်လွှတ်တော်မှာ စက်တင်ဘာလ အတွင်းက ဥပဒေ မူကြမ်းတစ်ရပ် တင်သွင်းအတည်ပြုခဲ့တယ်။ အဲဒီမူကြမ်းက ငွေကြေး တန်ဖိုးလျှော့ချထားတဲ့ နိုင်ငံတွေက ကုန်ပစ္စည်းများ အမေရိကန် နိုင်ငံကို တင်ပို့လာခဲ့ရင် အခွန်ပိုမိုစည်းကြပ် ကောက်ခံရေးအတွက် ခွင့်ပြုတယ်လို့ ဖော်ညွှန်းတယ်။ ဒီဥပဒေ မူကြမ်းကို အထက်လွှတ်တော်မှာ အတည်ပြုဖို့ ကျန်သေးတယ်။ ပြီးတော့ သမ္မတ အိုဘားမားက လက်မှတ်ရေးထိုးမှ ဥပဒေ ဖြစ်လာမှာပါ။ တကယ်လို့ ဒီဥပဒေ မူကြမ်းဟာ ဥပဒေ ဖြစ်လာပြီး နောက်ပိုင်း အမေရိကန် နိုင်ငံက တရုတ်နိုင်ငံအပေါ် လက်တွေ့ကျင့် သုံးလာခဲ့မယ်ဆိုရင် ငွေကြေးစစ်ပွဲဟာ ကုန်သွယ်ရေး စစ်ပွဲအဖြစ် အသွင်ကူး ပြောင်းသွားပြီး ပြဿနာ အကြီးအကျယ် တက်လာနိုင်တယ်။ ငွေကြေးစစ်ပွဲရဲ့ ဒုတိယ စစ်မျက်နှာ တစ်ခုကတော့ အနောက်နိုင်ငံတွေရဲ့ငွေကြေးမူဝါဒ ဖြစ်တယ်။ အနောက် နိုင်ငံတွေ အထူးသဖြင့် အမေရိကန် နိုင်ငံဟာ တိုင်းပြည်စီးပွားရေး အလျင် အမြန်နိုးထ ရှင်သန်ရေးအတွက် ငွေကြေး မူဝါဒတွေကို လျော့ရဲရဲကိုင် တွယ်လာတယ်။ သာဓကအားဖြင့် အတိုးနှုန်းတွေကို သုညနီးနီး လျှော့ ချပစ်တယ်။ ဘွန်းတွေ Bonds ပြန် လည်ဝယ်ယူဖို့အတွက် ငွေစက္ကူ အမြောက်အမြား ပုံနှိပ်ထုတ်ဝေတယ်။ အမေရိကန်နိုင်ငံရဲ့ ဒီလိုလုပ်ရပ် တွေကြောင့် ကမ္ဘာ့ငွေကြေး ဈေးကွက်တွေ မတည်မငြိမ် ဖြစ်ရတယ်။ ငွေလဲနှုန်းတွေ ကမောက်ကမဖြစ်နေတယ် လို့ တရုတ်က အမေရိကန်ကို လက်ညှိုးထိုးတယ်။ ဟုတ်တော့လဲ ဟုတ်တယ်။ အမေရိကန်ဗဟိုဘဏ် Federal Reserve က ငွေစက္ကူအမြောက် အမြား ရိုက်နှိပ်ပြီး ဘွန်းတွေဝယ်ယူ တယ်ဆိုတာက ဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ အမြောက်အမြား ရောက်သွားအောင် လုပ်လိုက်ခြင်းဖြစ် တယ်။ အမေရိကန်ဒေါ်လာတွေ ဈေး ကွက်ထဲမှာ တောင်ပုံရာပုံဖြစ်လာ တော့ ဒေါ်လာတန်ဖိုးကျဆင်းသွား တယ်။ ဒီအကြောင်း ပြောရင် သီးသန့် ရန်ပုံငွေကိစ္စနဲ့ ဆက်စပ်ပြောဖို့ လိုတယ်။ ထွန်းသစ်စ စီးပွားရေးတွေ Emerging Economies ရဲ့လက်ထဲမှာ စုဆောင်းထားတဲ့ နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေ Foreign exchange reserve ဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၆.၈ ထရီလီယံဖိုးလောက် ရှိတယ်။ ဒီအထဲမှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းရဲ့ အရန်ထားငွေဟာ စက်တင်ဘာလကုန် စာရင်းအရ အမေရိကန် ဒေါ်လာ ၂.၆ ထရီလီယံရှိတယ်။ တရုတ်ဗဟိုဘဏ် လက်ထဲမှာ စုဆောင်းထားတဲ့ ရန်ပုံငွေ စုစုပေါင်းရဲ့ ၆၅ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ် လာဖြစ်တယ်။ ဒီတော့ အမေရိကန် ဒေါ်လာတန်ဖိုး ကျဆင်းသွားတိုင်း တရုတ်ဗဟိုဘဏ် ခေါင်းနားပန်း ကြီးသွားတယ်။ အနောက်နိုင်ငံတွေဘက်က အမြင်မှာ ထွန်းသစ်စ စီးပွားရေးများ အနေနဲ့ အခုလောက် ကြီးမားတဲ့ ရန်ပုံငွေ Reserve ကို လက်ထဲကိုင် ထားတာ အဓိပ္ပာယ် မရှိဘူးလို့ မြင်တယ်။ ကိုင်ထားတဲ့ နိုင်ငံတွေ အတွက်လဲ အကျိုးမဖြစ်ထွန်းသလို ဂလိုဘယ် ဈေးကွက်ရဲ့ အနေအထားကိုလဲ ပုံပန်းပျက်စေတယ်လို့ ယူဆကြတယ်။ စောစောပိုင်းက ပြောခဲ့သလို အမေရိကန် ဒေါ်လာ တစ်စတစ်စ တန်ဖိုးကျ ဆင်းလာတော့ တရုတ်ဟာ ဒေါ်လာကို လက်ထဲမကိုင်ထားရဲဖြစ်လာ တယ်။ ဒီလောက်များတဲ့ Reserve တွေကို ဘာလုပ်ရမှန်းမသိဖြစ်လာ တယ်။ ဒီတော့ တရုတ်ဗဟိုဘဏ်က ဂျပန်အစိုးရထုတ် ငွေချေး အာမခံ စာချုပ်တွေ Securities လိုက်ဝယ်ဖြစ်တယ်။ ဒီနှစ်စောစောပိုင်း ခုနစ်လ အတွင်းမှာ အမေရိကန် ဒေါ်လာ ၂၅.၅ ဘီလီယံလောက် တန်ဖိုးရှိတဲ့ ဂျပန်ငွေချေး စာချုပ်တွေကို ဝယ်ခဲ့တယ်။ ဂျပန် Yen ငွေဟာ ဈေးကွက်ထဲမှာ တန်ဖိုးမြင့်တက်သွားတယ်။ တရုတ်ရဲ့ လုပ်ပုံကိုင်ပုံ ထူးဆန်းလွန်းတဲ့ အတွက် ဂျပန်အစိုးရ အနေနဲ့လဲ တွေးရခက်ကြီး ဖြစ်ကုန်တယ်။ ဒါနဲ့မပြီးသေးဘူး။ တရုတ်က တောင်ကိုရီးယား ဝမ်ငွေ Won ၅.၂ ထရီလီယံလောက် တန်ဖိုး ရှိတဲ့ တောင်ကိုရီးယား ဘွန်းတွေလဲ ဝယ်ယူခဲ့သေးတယ်။ တရုတ် ဗဟိုဘဏ်ဟာ သူ့ရဲ့ Reserve ထဲမှာ ၂၆ ရာခိုင်နှုန်းဟာ ယူရိုငွေ Euro ဖြစ်တယ်။ ဂရိနိုင်ငံက ဘွန်းတွေ ထုတ်ရောင်းတဲ့အခါ တရုတ်က ဝယ်ယူဖို့ ကတိပေးထား သေးတယ်။ တရုတ်က သူ့လက်ထဲ ကိုင်ထားတဲ့ အမေရိကန်ဒေါ်လာတွေနဲ့ ဂျပန် ယန်းတွေ၊ တောင်ကိုရီးယား ဝမ်တွေအပြင် ဥရောပ ယူရိုတွေကို လိုက်ဝယ်ပစ်တဲ့အတွက် ကျဆင်းလျက်ရှိတဲ့ အမေရိကန် ဒေါ်လာရဲ့ တန်ဖိုးဟာ ပိုပြီးကျဆင်းသွားတယ်။ တရုတ်လက်ထဲ ကိုင်ထားတဲ့ လက်ကျန်အမေရိကန် ဒေါ်လာရဲ့ တန်ဖိုးကလဲ ကျဆင်းသွားတယ်။ တစ်နည်းပြောရင်တော့ တရုတ်ငွေကြေး မူဝါဒဟာ အမေရိကန်ဒေါ်လာ ထောင်ချောက်ထဲ မိနေတယ်။ ရုန်း ထွက်လို့မရ ဖြစ်နေတယ်။ ငွေကြေးစစ်ပွဲရဲ့ တတိယစစ် မျက်နှာကတော့ ထွန်းသစ်စ နိုင်ငံတွေဆီ ရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်နေမှု ဖြစ်တယ်။ ငွေရှင်ကြေးရှင်တွေဟာ အနောက်နိုင်ငံတွေမှာ စီးပွားရေး အခြေအနေ မကောင်းတော့ စီးပွားရေး အလားအလာ ကောင်းတဲ့ ထွန်းသစ်စ နိုင်ငံတွေမှာ လာရောက်ရင်းနှီး မြှုပ်နှံကြတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံက လျော့ရဲရဲ ငွေကြေးမူဝါဒနဲ့ ထုတ်ဝေလိုက်တဲ့ အမေရိကန် ဒေါ်လာ တစ်ပုံတစ်ခေါင်းဟာ ထွန်းသစ်စ နိုင်ငံတွေဆီ လှိမ့်ဝင်လာခြင်း ဖြစ်တယ်။ မပင့်မဖိတ်ဘဲနဲ့ အမေရိကန် ဒေါ်လာတွေ ထွန်းသစ်စနိုင်ငံတွေဆီ လှိမ့်ဝင်လာတော့ အဲဒီနိုင်ငံတွေရဲ့ ပြည်တွင်းသုံး ငွေကြေးတန်ဖိုးတွေ မြင့်တက်သွားတယ်။ သူတို့လဲ သူတို့ ငွေကြေးတန်ဖိုး မြင့်လာတာကို မလိုလားဘူး။ ဒီတော့ ပြည်တွင်းသုံးငွေ ကြေးတွေ ပိုပုံနှိပ်ပြီး ဝင်လာတဲ့နိုင်ငံ ခြားငွေတွေကို ဝယ်ပစ်တယ်။ ပြည် တွင်းသုံးငွေကြေးတန်ဖိုး ပြန်လည်ပုံ မှန်ဖြစ်သွားတယ်။ နောက်ထပ် အရင်းအနှီးတွေ သူတို့နိုင်ငံဆီ ဝင်မလာ ရအောင် အချို့က အရင်းထိန်းချုပ် မှုတွေ Capital Controls လုပ်ကြ တယ်။ ဝင်လာတဲ့ ငွေလုံးငွေရင်း အပေါ် အခွန်အကောက် ပိုပြီးစည်းကြပ်ကြတယ်။ အဖြေရှာမတွေ့သေးတဲ့ငွေကြေးစစ်ပွဲ ဒီကနေ့ ငွေကြေးစစ်ပွဲဟာ သိပ်ပြီး မပြင်းထန်လှသေးပါဘူး။ ဟိုတစ်ကွက် ဒီတစ်ကွက် တိုက်ခိုက်နေကြ တာပဲရှိသေးတယ်။ အနောက်နိုင်ငံ တွေရဲ့ စီးပွားရေးအကျနဲ့ ထွန်းသစ်စ နိုင်ငံများရဲ့ စီးပွားရေးအတက် ကြားကာလတစ်ခုမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးစစ်ပွဲအဖြစ် ရှုမြင်နိုင်တယ်။ ဒါမှ မဟုတ် ကျဆင်းလာတဲ့ အမေရိကန် စီးပွားရေးနဲ့တိုးတက်လာတဲ့ တရုတ် စီးပွားရေးအကြား ထိပ်တိုက်တွေ့ လာရတဲ့ ငွေကြေးပဋိပက္ခ လက္ခဏာ တစ်ရပ်ဖြစ်တယ်။ ဒါပေမယ့် ငွေကြေးထိပ်တိုက် တွေ့မှုဟာ အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံတည်းသာ ပါဝင်ပတ်သက်တာ မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံးမှ ငွေကြေးလောက တစ်ခုလုံးနဲ့ ဆက်စပ်လျက် ရှိတယ်။ အမေရိကန်ရဲ့ လျော့ရဲရဲ ငွေကြေးမူဝါဒကသာ ကမ္ဘာကို ထိခိုက်နေတာ မဟုတ်ဘဲ တရုတ်ရဲ့ ငွေကြေးတန်ဖိုး နိမ့်ကျနေမှုကလဲ ကမ္ဘာကို ရိုက်ခတ်လျက် ရှိတယ်။ ဒါကြောင့် ဘရာဇီး ဘဏ္ဍာရေး ဝန်ကြီးက ကမ္ဘာတစ်ဝန်းမှာ ငွေကြေးစစ်ပွဲကြီး ဖြစ်နေပါပြီလို့ ဟစ်အော်လာခဲ့ရခြင်း ဖြစ်တယ်။ အင်္ဂလိပ် သတင်းမဂ္ဂဇင်း The Economist က တရုတ်ယွမ်ငွေ တန်ဖိုးနိမ့်ကျနေမှုကို အခုလိုရှင်းရှင်းကလေး တွက်ချက်ပြတယ်။ ငွေရဲ့ တန်ဖိုးကို သိချင်ရင် ဈေးဝယ်ကြည့်မှ သိနိုင်တယ်။ Mc Donald ရဲ့ အသားညှပ် ပေါင်မုန့် တစ်လုံးကို အမေရိကန် နိုင်ငံမှာ ဝယ်ရင် အမေရိကန် ဒေါ်လာ ၃.၇၁ ပေးရတယ်။ အဲဒီ ပေါင်မုန့်ကိုပဲ တရုတ်မှာဝယ်ရင် အမေရိကန် ဒေါ်လာ ၂.၁၈ ပေးရတယ်။ ဒီပေါင်မုန့်ကိုပဲ ဘရာဇီးမှာ ဝယ်ရင် အမေရိကန် ဒေါ်လာ ၅.၂၆ ပေးရတယ်။ အသားညှပ် ပေါင်မုန့် ညွှန်းကိန်းအရ တရုတ်ယွမ်ငွေရဲ့ တန်ဖိုးဟာ အမေရိကန် ဒေါ်လာအောက် ၄ဝ ရာခိုင်နှုန်း နိမ့်ကျနေတယ်။ ဘရာဇီးရဲ့ ရီယယ် Real ငွေကြေးက အမေရိကန် ဒေါ်လာ နဲ့ နှိုင်းယှဉ်ရင် ၄.၂ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်နေတယ်။ တရုတ်ယွမ်ငွေရဲ့ တန်ဖိုးနိမ့်ကျမှုကြောင့် အမေရိကန် နိုင်ငံသာ ထိခိုက်တာ မဟုတ်ဘဲ ဘရာဇီးလို ထွန်းသစ်စ နိုင်ငံတွေလဲ ထိခိုက်တယ်။ ဒါကြောင့် ကမ္ဘာ့ငွေလဲနှုန်းတွေကို ပြန်လည်ချိန်ညှိ သင့်တယ်လို့ ပြောနေကြတာ ငွေလဲနှုန်းတွေ ကမောက်ကမ ဖြစ်နေတဲ့အတွက် တစ်နိုင်ငံနဲ့တစ် နိုင်ငံ ရောင်းဝယ်ဖောက်ကား ကြတဲ့အခါ ပြည်ပငွေပေး ငွေယူရှင်တမ်း လက်ကျန်ရဲ့ သာမန်စာရင်း Balance of Payments - Current Account မှာ တစ်ဘက်စောင်းနင်းတွေ ဖြစ်နေတယ်။ တရုတ်နိုင်ငံက ကုန်သွယ်ရေးပိုငွေ အများကြီးပြပြီး အမေရိကန် နိုင်ငံရဲ့ ကုန်သွယ်ရေး စာရင်းမှာ လိုငွေအကြီး အကျယ်ပြနေတယ်။ ဒီလို ဘက်မညီမှုကြောင့် ငွေလဲနှုန်းတွေကို ပြင်ဆင်သင့်တယ်လို့ ထောက်ပြတယ်။ ဒီလို သာမန်စာရင်း ပိုငွေလိုငွေ ပြမှုတွေကို ချိန်ညှိတာကို ဂျာမနီနဲ့ တရုတ်နိုင်ငံတို့က ကန့်ကွက်နိုင်တယ်။ ပိုငွေပြတဲ့ နိုင်ငံတွေထဲမှာ တရုတ်ထက် ဂျာမနီက ပိုငွေပြမှု ပိုများတယ်။ အခြားတစ်ဘက်မှာ အမေရိကန် ဒေါ်လာ တန်ဖိုးကျအောင် ဆိုပြီး အမေရိကန်နိုင်ငံက ငွေစက္ကူတွေပိုပြီး ပုံနှိပ်ထုတ်ဝေကာ ဘွန်းတွေဝယ်ယူမှုတွေ Quantitative Easing မလုပ်သင့်ဘူးလို့ မြင်ကြတယ်။ ပြောစရာ တစ်ခုရှိတာက ဒီလိုလုပ်တိုင်းလဲ အမေရိကန် ဒေါ်လာ တန်ဖိုးကျတာ မဟုတ်ဘူး။ အစောပိုင်းကဆိုရင် ဒေါ်လာ တန်ဖိုးတောင် မြင့်တက်သွားဖူးတဲ့ သာဓက ရှိနေပြန်တယ်။ တကယ်တော့ ငွေကြေးစစ်ပွဲ မဖြစ်ရအောင် ဒါမှမဟုတ် ချုပ်ငြိမ်း သွားအောင် လုပ်တဲ့ကိစ္စဟာ အပြော လွယ်သလောက် လက်တွေ့လုပ်ရ ခက်တယ်။ ငွေကြေးစစ်ပွဲ ဖြစ်ပွားမှုကို ဘယ်နိုင်ငံကမှ မလိုလားကြဘူး။ ကုန်သွယ်ရေးစစ်ပွဲဖြစ်မှာ ပိုတောင် မလိုလားကြသေးဘူး။ တရုတ်နဲ့ အမေရိကန် ထိပ်တိုက်တွေ့ နေကြတယ် ဆိုပေမယ့် ထိန်းထိန်းသိမ်း သိမ်းလုပ်နေကြတာ မြင်တွေ့နေကြ ရတယ်။ အရင်းအနှီး လှိမ့်ဝင်လာမှုကို တားဆီးတဲ့ အနေနဲ့ အခွန်အတုတ်ပို စည်းကြပ်မှုကို ဘရာဇီးနဲ့ ထိုင်းနိုင်ငံတို့က လုပ်ခဲ့ကြပေမယ့် နိုင်ငံအတော် များများလိုက် မလုပ်ကြဘူး။ မကြာသေးမီက ဂျပန်နိုင်ငံ တစ်နိုင်ငံပဲ ငွေကြေးဈေးကွက်ထဲ ဝင်ရောက်စွက်ဖက်ပြီး ယန်းငွေတန်ဖိုး မြင့်တက် မလာအောင် လုပ်ခဲ့တယ်။ ဒါကလဲ တစ်ကြိမ်ပဲ ရှိသေးတယ်။ ဆိုလိုတာ ကတော့ နိုင်ငံတွေဟာ ငွေကြေးစစ်ပွဲ ပြင်းထန်မလာရအောင် ကုန်သွယ်ရေးစစ်ပွဲ ခေါင်းထောင်မလာရအောင် တတ်နိုင်သမျှ ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်နေကြတယ် ဆိုတာ သိသာထင်ရှား ပါတယ်။ မင်းရွှေမောင် မကြာသေးမီက အတိအကျ ပြောရရင် နိုဝင်ဘာလ ၁၁ ရက်နေ့ က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ G-20 ထိပ်သီးအစည်းအဝေး တစ်ရပ်ကျင်းပခဲ့တယ်။ ငွေကြေးတန်ဖိုး အပြိုင်အဆိုင် လျှော့ချမှုကို ရှောင်ရှားကြဖို့၊ သာမန်စာရင်းမှာ ချိန်ခွင်လျှာ မညီမျှမှု ဖြစ်နေတာကို ကန့်သတ်ကြဖို့နဲ့ ကမ္ဘာ့ဘဏ်လုပ်ငန်းစနစ်ကို ပြု ပြင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ တကယ်တော့ ဒီငွေကြေး ပြဿနာကို အမြန်ဆုံးနိဂုံး ချုပ်သွားအောင် အကောင်းဆုံး လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ကမ္ဘာ့နိုင်ငံများ အားလုံးက စုပေါင်းအဖြေ ရှာကြဖို့ပဲ ဖြစ်တယ်။ Ref: 1. How to stop a currency war. The Economist; Oct-16-2010. 2. Channel News Asia; Oct-23-2010. |
Monday, December 13, 2010
ငွေကြေးစစ်ပွဲ ဟူသည်...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment