Wednesday, December 1, 2010

တန်ခိုး

ယမထာ   /   ၂၇ အောက်တိုဘာ ၂၀၁၀

အစွမ်းတို့ တန်ခိုးတို့ဆိုတာ အလိုလိုရောက်လာ ရလာတာမျိုးမှမဟုတ်ဘဲ။ သင့်တော်တဲ့ စနစ်ကျတဲ့ နည်းနာတွေ၊ ထောက်ကူပစ္စည်းတွေ၊ နေရာဒေသတွေ၊ အချိန်ကာလတွေ၊ ဂါထာမန္တာန်တွေ၊ ဆေးဝါး အင်းအိုင်တွေ၊ ဟိုဟာ ဒီဟာတွေ မျိုးပေါင်းစုံနဲ့ မနေမနား ဇွဲကြီးကြီးအားထုတ်ကြိုးစားပါမှ ရနိုင်တာမျိုး။ လွယ်မှတ်လို့။

သင်္ချိုင်း ကိုးသင်္ချိုင်း၊ (၁၈) သင်္ချိုင်း၊ (၂၇) သင်္ချိုင်းမှာ ညပေါင်း (၉၉) ညတိတိ တညမပျက် ဆက်တိုက်ကြိုးစားအားထုတ်ရတာ ရှိတယ်။

အုန်းပွဲ၊ ငှက်ပျောပွဲ၊ လက်ဖက်ပွဲ၊ ထန်းလျက်ပွဲ၊ ဆေးဖယောင်းတိုင်၊ အင်း-စမ ဖယောင်းတိုင်တွေ သက်စေ့ထွန်းပြီး လူသူမနီးတဲ့ ကွင်းခေါင်ခေါင်ကြီးမှာ စည်းတွေတား၊ ဆန်မန်းပေါက်ပေါက်တွေကြဲ၊ ဇွဲနပဲနဲ့ လုံးပန်းလုပ်ကိုင်ရတာမျိုးလည်းရှိတယ်။

လပြည့်လကွယ် ညတွေရဲ့ သန်းခေါင်ယံအချိန်ရောက်ရင် ထမီစောက်ထိုးခြုံ၊ ဆံပင်ဖားလျားချ၊ ခွေးတိုးပေါက်ကနေ ဦးခေါင်းချည်းပြေးထွက်သွားပြီး လမ်းဘေးအမှိုက်ပုံ၊ ချေးအမှိုက်ပုံ၊ သားသတ်ရုံအမှိုက်ပုံတွေကအစ ယင်မလုံအိမ်သာတွေအဆုံး အနှံ့အပြားခြေဆန့် (အဲ…ခေါင်းဆန့်) ရင်း အယုတ်အပတ်၊ အပုပ်အစပ်၊ အနံအဟောင်တွေကို တ၀တပြဲ ပလုပ်ပလောင်းဝါးပြီး တန်ခိုးအစွမ်းတွေ ရရှိတိုးများအောင် လုပ်ရတာတွေလည်း ရှိပြန်တယ်။

တချို့ကျတော့ ကြက်သွေး၊ ၀က်သွေး၊ ဘဲသွေး၊ ဆိတ်သွေး၊ ခွေးလေခွေးလွင့်သွေးကအစ လူသွေးအဆုံး မျှော့တွေကျွတ်တွေလို မတရားသဖြင့် စုပ်ယူသောက်မျိုတဲ့အပြင် သွေးနဲ့မျက်နှာသစ်၊ သွေးနဲ့ခြေလက်ဆေးကြော၊ သွေးကို ခြေဆုံးခေါင်းဆုံးလိမ်းကျံပြီး ဧရာမတန်ခိုးအစွမ်းတွေရအောင် လုပ်ကြပါသတဲ့။ အသုံးပြုတဲ့ သွေးက လတ်ဆတ်လေ အောင်မြင်လေဆိုပဲ။

“အတုမြင်-အတတ်သင်”ဆိုတဲ့ စကားအတိုင်းပေါ့။ ရှေးရှေးသွားလေသူ အောက်လမ်းက အယုတ်တမာတန်ခိုးရှင်ကြီးတွေလို အံ့မခန်းတန်ခိုးဣိဒ္ဓိပတ်တွေ ငမ်းငမ်းတက်လိုချင်နေတဲ့ ဠင်းတအိုကြီးတကောင်ရှိတယ်။ အရပ်အခေါ်နဲ့တော့ “လဒအိုကြီး” ပေါ့လေ။

အဲဒီလဒအိုကြီးမှာ နောက်လိုက်ကောင်းတွေလည်း ရှိတာမို့ တပည့်မိုက်တွေ အားကိုးပြီး ဘယ်သတ္တ၀ါမှ လိုက်မမီနိုင်တဲ့ မဟာအစွမ်းတန်ခိုးတွေရအောင် မနေမနား ကျင့်ကြံအားထုတ်ပါတော့တယ်။

ဒီလဒအိုကြီး အသုံးပြုတဲ့နည်းက နှစ်နည်းပါ။ ပထမနည်းက လပြည့်လကွယ် ညသန်းခေါင်တွေမှာ စံရာနန်းကနေ ဦးခေါင်းချည်းပဲ ပျံထွက်ပြီး အပုပ်အစပ်-အယုတ်အပတ်တွေကို တ၀တပြဲစားသောက်တဲ့နည်း။

ဒုတိယနည်းက အရှင်လတ်လတ်တိရစ္ဆာန်တွေရဲ့ သွေးပေါင်းစုံအပါအ၀င် လူသားသွေး၊ ကျောင်းသားသွေး၊ တိုင်းရင်းသားသွေး၊ သံဃာသွေးတွေကို အားရပါးရသောက်မျို၊ ခြေအစ ခေါင်းအဆုံး တဗွမ်းဗွမ်းလောင်းချိုးတဲ့ နည်းပဲဖြစ်ပါတယ်။

ဟုတ်ကဲ့၊ ဒီလိုနဲ့ နောက်ဆုံးမှာ သာမန်လဒအိုကြီးဟာ ပြိုင်ဘက်ကင်းတဲ့ အစွမ်းတန်ခိုးတွေကို လက်ဝယ်ပိုင်ပိုင် ရရှိသွားပါတော့တယ်။

မဟာတန်ခိုးရှင်ဖြစ်လာချိန်ကစလို့ နောက်လိုက်လဒတသိုက်ဟာ လဒအိုကြီးကို အရင်ကခေါ်သလို “ဘလဒ”လို့ မခေါ်ကြတော့ဘဲ အထွတ်အမြတ်ပြုပြီး “လဒမှူးကြီး” လို့ ဂုဏ်တင်ခေါ်ဝေါ်ခဲ့ကြပါရောလား။

တန်ခိုးရှင်စစ်စစ်ဖြစ်လာတဲ့ “လဒမှူးကြီး” ရဲ့ တန်ခိုးအစွမ်းကလည်း တကယ့်အံ့မခန်းပါဘဲ။ စောစောလေးတင် ခွေးသေကောင်ပုပ်ပေါ်ခွထိုင်ပြီး ပွဲတော်တည်နေတဲ့ “လဒမှူးကြီး”ဟာ ချက်ချင်းလက်ငင်း ဖြုန်းခနဲပျောက်သွားပြီး အနံ့အသက်တောင်မကျန်ခဲ့ဘူး။ နောက်မြီးဆွဲ လဒတသိုက်ခမျာ ဘယ်လိုက်ရှာလို့ ရှာရမှန်းမသိဖြစ်ကုန်ကြတာပေါ့။ ဒီတော့…

“လဒမှူးကြီးခင်ဗျာ… သားတော်တို့ကို မကျီစားပါနဲ့၊ ကိုယ်ထင်ပြတော်မူပါ။”

ဒီမှာတင် မလှမ်းမကမ်း လယ်ပြင်ပတ်ကြားအက်ဆီက အသံလေးတသံ ကြားလိုက်ကြရပါတယ်။

“ငါ ဒီမှာဟေ့… အခုနွားချေးပိုးဖြစ်နေပြီကွ…” တဲ့။ ဟုတ်လိုက်လေ။ အပေါ်ရေတင်းနေတဲ့ နွားချေးပုံပေါ်မှာ မဲမဲလုံးလုံး နွားချေးပိုးတကောင် ပါးစပ်အဖြဲသားနဲ့။

တပည့်တသိုက်က အားရ၀မ်းသာဝိုင်းအော်လိုက်ကြတယ်။

“ဟေး… ဒို့ နွားချေးပိုးမှူးကြီးကွ…”

အော်သံတောင် မဆုံးလိုက်ဘူး။ နွားချေးပုံပေါ်မှာ ဟာလာဟင်းလင်း။

မောင်မင်းကြီးသားက ထပ်ပြီးတန်ခိုးအစွမ်းပြလိုက်ပြန်ပြီလေ။

အကြောင်းသိသွားတဲ့ တပည့်တွေက ပြုံးပြုံး ပြုံးပြုံးနဲ့ ထပ်အော်လိုက်ကြပြန်တယ်။

“နွားချေးပိုးမှူးကြီးခင်ဗျာ… အသွင်သစ်ယူထားတဲ့ ဘ၀ကနေ အသံပေးတော်မူပါဦး”

“ဟား ဟား ငါအခု ခွေးသေကောင်ပုပ်ရဲ့ စအိုဝမှာ ဖြူဖြူဖွေးဖွေးလောက်ပဂေးကြီးဖြစ်နေပြီဟေ့”

တကယ့်ကို စွမ်းတဲ့ “လဒမှူးကြီး” ပါပဲလားလို့ ရင်သပ်ရှုမောအံ့သြ၀မ်းမြောက်စွာ ကောင်းချီးပေးလိုက်ကြတာက…

“လောက်မှူးကြီး သက်တော်ရာကျော်ရှည်ပါစေ…”

တန်ခိုးအစွမ်းတွေ တပုံတပင်ရထားပြီဖြစ်တဲ့ လဒမှူးကြီးခေါ် နွားချေးပိုးမှူးကြီးခေါ် လောက်မှူးကြီးဟာ အခါအခွင့်သင့်တိုင်း ဘ၀မျိုးစုံကို အသွင်ယူဖန်ဆင်းရင်း ပျော်မဆုံးမော်မဆုံး။

တမနက်မှာတော့ လဒမှူးကြီးခေါ်….လောက်မှူးကြီးဟာ ထုံးစံအတိုင်း ပျောက်သွားခဲ့ပြန်လေပြီ။ ထုံးစံအတိုင်းပျောက်သွားတော့ တပည့်တွေကလည်း ထုံးစံအတိုင်း အော်ကြပြန်တာပေါ့။

“တန်ခိုးရှင်ကြီးခင်ဗျား…ရောက်ရာဘ၀ကနေ အသံပြုတော်မူပါ” လို့ သုံးကြိမ်သုံးလီ လက်အုပ်ချီအသနားခံကြတဲ့အခါ
ဟိုး… မြေကြီးအောက်ဘက် အတော်နက်နက် ဝေးဝေးလံလံဆီက ပဲ့တင်ထပ်လာတဲ့ အသံညှင်းညှင်းတသံကို ကြားရပါတယ်။

“ဟေး… ငါအခု အ၀ီစိက ငရဲအိုးကြီးအောက်ခြေမှာ ငရဲချိုးကပ်ကောင်ဖြစ်နေပြီ… အောင်မယ်လေး…ကယ်တော်မူကြပါဗျို့။”

No comments: