Monday, December 13, 2010

မိုးထိအောင် လှေခါးထောင်မယ့် တရုတ်စီးပွားရေး



အနောက်နိုင်ငံများရဲ့ စီးပွားရေး၊ အထူးသဖြင့် အမေရိကန် စီးပွားရေး ပြားချပ်နေချိန်မှာ အနာဂတ် တရုတ် စီးပွားရေးက မိုးထိအောင် လှေကား ထောင်တော့မယ့် အရိပ်လက္ခဏာတွေ တွေ့မြင်နေကြရတယ်။

ဒီလိုအချိန်မှာ အမေရိကန်နိုင်ငံက သူတို့ထုတ်လုပ်တဲ့ ပစ္စည်းတွေ ဂလိုဘယ်ဈေးကွက်မှာ အဝယ်မ လိုက်ဖြစ်နေတာကို တရုတ်က ယွမ်ငွေ Yuan တန်ဖိုး မတရား လျှော့ချထားလို့ ဖြစ်ရတယ်ဆိုပြီး မျက်စောင်း တထိုးထိုးနဲ့ ဒေါသူပုန်ထနေလေရဲ့။

တရုတ်က သူတို့ ထုတ်လုပ်တဲ့ ကလေးကစားစရာတွေ၊ ဆွယ်တာ အင်္ကျီတွေနဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက် အထူး သဖြင့် အမေရိကန်နဲ့ ဥရောပ ဈေးကွက်တွေမှာ ဈေးပေါပေါနဲ့ တင်ရောင်းနိုင်အောင်လို့ ယွမ်ငွေဈေးနှုန်းကို နှိမ့်ချထားတာကတော့ အမှန်ပဲ။ ဒါပေမယ့် ဒါက တရုတ်ပစ္စည်းဈေး ပေါရတဲ့ အကြောင်းအချက်များ အနက် တစ်ခုသာ ဖြစ်တယ်။ တရုတ်နိုင်ငံမှာက လုပ်ခသက်သာတယ်။ အခြေခံ အဆောက်အအုံတွေ ကောင်းမွန်တယ်။ စီးပွားရေး လုပ်ရတာ ပျူပျူငှာငှာ ရှိတယ်။ အလုပ်သမားတွေ အလုပ်ကြိုးစားကြတယ်။ ဒီလို အချက်အလက်တွေကြောင့် တရုတ်ပြည်မှာ ကုန်ပစ္စည်းထုတ်လုပ်ရတာဟာ အမေရိကန်နိုင်ငံမှာ ကုန်ထုတ်လုပ်ရတာထက် ၂၅ ရာခိုင်နှုန်းလောက် သက်သာတယ်။ ယွမ်ငွေကို တန်ဖိုးမြှင့်တင် Appreciation လုပ်ရုံနဲ့တော့ အစစ အရာရာ မျက်လှည့်ပြသလို ရုတ်တရက် ပြောင်းလဲသွားမှာတော့ မဟုတ်ဘူး။

ပြောစရာ တစ်ခုတော့ရှိတယ်။ ယွမ်ငွေကြေး ဈေးကွက်မှာ တရုတ် အစိုးရက ဝင်ရောက်စွက်ဖက်မှု မပြု လုပ်ဘဲ လက်ပိုက်ကြည့်နေမယ်ဆို ရင်တော့ ယွမ်ငွေဟာ အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် ချက်ချင်းလက်ငင်း ၂ဝ ရာခိုင်နှုန်းလောက် ဈေးတက်သွားနိုင်တယ်။ ဒီလိုဖြစ်လာရင်ကော အမေရိကန် ပစ္စည်းတွေ ဈေးကွက်ထဲမှာ အရောင်းသွက် လာနိုင်သလား။ မသေချာဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်ပစ္စည်းတွေ ဈေးတက်သွားရင် အဲဒီအမျိုးအစား ပစ္စည်းတွေကို ဗီ ယက်နမ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ဈေးပေါပေါနဲ့ ထုတ်လုပ်တင်ပို့ လာနိုင်တယ်။ တစ်နည်း ပြောရရင်တော့ အမေရိကန် ကုန်ထုတ်လုပ်သူတွေဟာ သူတို့ကို မယှဉ်ပြိုင်နိုင်ဘူး။ ပြီးတော့ အာရှမှာ ငွေကြေးတန်ဖိုး နှိမ့်ချထားတဲ့ နိုင်ငံက တရုတ်နိုင်ငံ တစ်နိုင်ငံတည်း မဟုတ် ဘူး။ ကျန်အာရှနိုင်ငံတွေကလဲ ငွေ ကြေးတန်ဖိုး လျှော့ချထားကြတယ်။

အာရှတစ်လွှားမှာ ငွေကြေးတန်ဖိုး မြင့်တက်လာရင်တောင် အမေရိကန်ရဲ့ ပစ္စည်းတွေ ယှဉ်ရောင်းနိုင်ဖို့ မလွယ်လှဘူး။ သာဓကတွေ ရှိတယ်။ အမေရိကန် အစိုးရ ဖိအားပေးမှုကြောင့် တရုတ်နိုင်ငံဟာ ၂ဝဝ၅ ခုနှစ်၊ ဇူလိုင်လကစပြီး ၂ဝဝ၈ ခုနှစ် ဇူလိုင်လအထိ ယွမ်ငွေကို အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် ၂၁ ရာခိုင်နှုန်း မြှင့် တင်ခဲ့ဖူးတယ်။ ဒီလောက်အထိ မြှင့်တင်ပေးလိုက်ပေမယ့် အမေရိကန် ပစ္စည်းတွေ အရောင်းတက်မလာတဲ့ အပြင် တရုတ်ပစ္စည်းတွေကပဲ ပိုရောင်းကောင်း နေလိုက်သေးတယ်။

ဒါမျိုးအရင်ကလဲ အတွေ့အကြုံ ရှိခဲ့ဖူးတယ်။ ၁၉၈၅ ခုနှစ်က အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကြောင့် ဂျပန် နိုင်ငံဟာ Plaza Accord အစည်း အဝေးတွေမှာ ယန်းငွေကို ၅ဝ ရာခိုင် နှုန်းလောက် မြှင့်တင်ပေးခဲ့တယ်။ ဒါပေမယ့် အမေရိကန် ကုန်ပစ္စည်းတွေ ရောင်းအားတက်မလာခဲ့ဘူး။ ဒုံရင်း ဒုံရင်းပဲ။ ယေးတက္ကသိုလ်က Stephen Roach ထောက်ပြခဲ့တာ တစ်ခုရှိတယ်။ အမေရိကန် ဒေါ်လာဟာ သူ့ရဲ့ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ ယှဉ်ရင် ၂ဝဝ၂ ခုနှစ်လောက်ကစပြီး တန်ဖိုး ၂၃ ရာခိုင်နှုန်း ကျဆင်းနေခဲ့တယ်။ ဒါပေမယ့် အမေရိကန် ပို့ကုန်တွေ ထောင်တက်မလာခဲ့ဘူး။ အမေရိကန်ဟာ သူတို့တင်ပို့တာ ထက်ပိုပြီး ကမ္ဘာ့နိုင်ငံပေါင်း ၉ဝ မှ ကုန်ပစ္စည်းတွေ တင်သွင်းခဲ့တယ်။

တကယ်တော့ အမေရိကန်ရဲ့ ပြဿနာဟာ အမေရိကန် ပြည်တွင်းမှာပဲ ရှိတယ်။ တခြားနိုင်ငံတွေဆီမှာ ရှိတာမဟုတ်ဘူး။ အမေရိကန်နိုင်ငံဟာ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှုတွေကို ဇောက်ချပြီး လုပ်ကိုင်ရမယ့်အစား စားသုံးမှု -Consumption ကိုပဲ ဦးစားပေး ရှေ့တန်းတင်လာခဲ့တာ ဆယ်စုနှစ်တွေ ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ဒါတွေကို ပြုပြင်သင့်တယ်။

နောင်တစ်ခေတ်ရဲ့ တရုတ်နိုင်ငံသစ်
တရုတ်ပြည်ရဲ့ စစ်မှန်တဲ့ စိန်ခေါ်မှုဟာ ကမ္ဘာကြီးကို တရုတ်ပစ္စည်း အပေါစားတွေနဲ့ ဖို့သတ်ဖို့ မဟုတ်ဘူး။ ဒါနဲ့ ပြောင်းပြန်ဖြစ်တယ်။ အဆင့်မြင့် တန်ဖိုးကြီး ပစ္စည်းတွေ ထုတ်လုပ်ပြီး အမေရိကန် နိုင်ငံကို ယှဉ်ပြိုင်ရေးဖြစ်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုလောက်ကစပြီး တရုတ်ပြည်ဟာ ရုပ်ဝတ္ထု အခြေခံ အဆောက်အအုံတွေကို တစိုက်မတ်မတ် တည်ဆောက်လာခဲ့တယ်။ တရုတ်ပြည်သူတွေအပေါ် ရင်းနှီးမြှုပ်နှံမှုတွေ ဘာမှ လုပ်မပေးခဲ့ဘူး။ ဘာကြောင့်လဲ။ အဲဒီတုန်းက တရုတ်ပြည်ရဲ့ ရည်မှန်းချက် ပန်းတိုင်ဟာ လုပ်သားတွေကို လုပ်ခနည်း နည်းပေးပြီး တန်ဖိုးနည်း ပစ္စည်းတွေ ဖောခြင်း၊ သောခြင်း ထုတ်လုပ်ဖို့ ဖြစ် တယ်။ တရုတ်အစိုးရအနေနဲ့ လုပ်သားတွေ ဈေးပေါပြီး ကြိုးလဲ ကြိုး စားကြမယ်ဆိုရင် လုံလောက်ပြီ။ ဒါပေမယ့် စက်ရုံ အလုပ်ရုံတွေ ခေတ် မီနေရမယ်။ လမ်းပန်းဆက်သွယ်ရေးက ကမ္ဘာ့အဆင့်မီရမယ်။ ဆိပ်ကမ်း တွေဟာ ကျယ်ပြန့်ကြီးမား ရမယ်။ လေဆိပ်တွေကလဲ စွမ်းဆောင်ရည် မြင့်မားနေစေရမယ်။ တရုတ်အစိုးရဟာ ဒါတွေအားလုံးကို အချိန်တို ကာလအတွင်းမှာ အလျင်အမြန် အရှိန် အဟုန်ပြင်းပြင်းနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကမ္ဘာ့သမိုင်းမှာ ဘယ်တုန်းကမှ ဒါမျိုးမရှိခဲ့သေးဘူး။

ဒါပေမယ့်အခုတော့ တရုတ်ရဲ့ ရည်မှန်းချက် ပြောင်းလဲသွားခဲ့ပါပြီ။ အရည်အသွေးမြင့်မားတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ထုတ်လုပ်တော့မယ်။ စီးပွားရေး ဖွံ့ဖြိုးမှုမှာ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ အတွက် လူသားအရင်းအနှီးတွေ အပေါ် မြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လိုအပ် လာပြီ။ ဒီတော့တရုတ်အစိုးရက ဘာလုပ်သလဲ။ ပညာရေးကို အကြီးအကျယ် ချဲ့ကားလိုက်တယ်။ ပညာရေး ကဏ္ဍအတွက် အရင်က သုံးစွဲ ခဲ့တဲ့ ငွေကို သုံးဆမြှင့်တင်တယ်။ တရုတ်ပြည်ရဲ့ ကောလိပ်အရေ အတွက်ကို နှစ်ဆတိုးမြှင့်ပစ်တယ်။ ကျောင်းသားအရေအတွက် ငါးဆ တိုးမြင့်သွားတယ်။ ၁၉၉၇ ခုနှစ်မှာ ကျောင်းသား တစ်သန်းရှိခဲ့ရာမှ ၂ဝဝ၇ ခုနှစ်မှာ ကျောင်းသားအရေအတွက် ၅.၅ သန်းအထိ တိုးမြင့်သွားခဲ့တယ်။

တရုတ်ပြည်မှာရှိတဲ့ တက္ကသိုလ် များထဲမှ ထိပ်တန်း တက္ကသိုလ် ကိုးခုကို ရွေးချယ်ပြီး အမေရိကန်နိုင်ငံက အဆင့်မြင့် နာမည်ကြီး Ivy League လို့ခေါ်ကြတဲ့ ထိပ်တန်း တက္ကသိုလ်ကြီးတွေလို ဖြစ်လာအောင် စံချိန်မြှင့်ဖို့ ဆောင်ရွက်ခဲ့တယ်။ လော လောဆယ် အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက တက္ကသိုလ်တွေဟာ ရန်ပုံငွေ မလုံလောက်လို့ ပြိုလဲတော့မလိုဖြစ်နေ ချိန်မှာ တရုတ်တက္ကသိုလ်ကြီးတွေက တော့ ဟန်ကျပန်ကျ ဖြစ်နေကြတယ်။ ယေးတက္ကသိုလ် ဥက္ကဋ္ဌ- Richard Levin က ''အခုလို ပညာရေးမှာ တိုးချဲ့နိုင်စွမ်းရှိမှုမျိုး ဘယ်တုန်းကမှ မပေါ်ခဲ့သေးဘူး။ တရုတ်ပြည်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း အခုလို အဆင့်မြင့် ပညာရေး ကဏ္ဍကို အကြီးအကျယ် တည်ဆောက် တိုးချဲ့နေတာ ဖြစ်တယ်''လို့ မှတ်ချက်ချခဲ့တယ်။

တရုတ်ပြည်ရဲ့ ဦးနှောက်စွမ်းပကား
ပညာရေး ကဏ္ဍမှာ မကြုံစဖူး ရင်းနှီးမြှုပ်နှံမှု အထူးတလည် ပြုလုပ်လာမှုဟာ တရုတ်ပြည်အတွက် ဘာကောင်းကျိုးများ ဖြစ်ထွန်းလာနိုင်သလဲ။ ချီကာဂို တက္ကသိုလ်မှ နိုဘယ်ဆုရှင် ဘောဂဗေဒ ပညာရှင် Robert Fogel က ပညာတတ်ကျွမ်း ကျင်လုပ်သားတွေရဲ့ စီးပွားရေး အပေါ် ရိုက်ခတ်မှုကို အခုလို တွက်ချက်ပြတယ်။ အမေရိကန်နိုင်ငံမှာ ကိုးတန်းပညာသာ တတ်မြောက်သူ တစ်ဦးထက် အထက်တန်းပညာ သင်ကြားဖူးသူတစ်ဦးက ၁.၈ ဆပိုပြီး ထုတ်လုပ်နိုင်စွမ်းရှိပြီး ကောလိပ် ကျောင်းသားတစ်ဦးက သုံးဆပိုပြီး ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ သူက ဆို တယ်။

လောလောဆယ် တရုတ်နိုင်ငံဟာ အထက်တန်းနဲ့ ကောလိပ် ကျောင်းသား အမြောက်အမြားကို တိုးချဲ့ထုတ်လုပ်လျက်ရှိတယ်။ ဝန်ဆောင်မှု ကဏ္ဍမှာ တရုတ်အနေနဲ့ အိန္ဒိယကို လိုက်မမီသေးပေမယ့် တရုတ်ပြည်မှာ အင်္ဂလိပ်စကား တတ်ကျွမ်းသူတွေ၊ နည်းပညာ ကျွမ်းကျင်သူတွေ တိုးတက်လာနေတယ်။ မကြာမီကာလမှာ တရုတ်လူမျိုးများဟာ ဒီဈေးကွက်ကို ဝင်တိုးလာတော့မယ်။ မြင့်မြင့်မားမား ကျွမ်းကျင် လုပ်သားတွေ တိုးပွားလာမှုဟာ တိုင်းပြည်ရဲ့ နှစ်စဉ်တိုးတက်မှုနှုန်းကို မျိုးဆက်တစ်ဆက်လောက် အကျိုးပေးနိုင်တယ်လို့ Fogel က ထောက် ပြတယ်။

တရုတ်ပြည်အနေနဲ့ အခုလို ပညာရေးကို ဦးစားပေး ရှေ့တန်း တင်လာတဲ့အတွက် တရုတ်ပြည်ရဲ့ စုစုပေါင်း ပြည်တွင်းထွက်ကုန် Gross Domestic Product - GDP ဟာ ၂ဝ၄ဝ ပြည့်နှစ်ရောက်ရင် မျက် လုံးပြူး၊ မျက်ဆန်ပြူးလောက်အောင် အမေရိကန် ဒေါ်လာ ၁၂၃ ထရီလီယံအထိ မြင့်မားလာနိုင်တယ်လို့ Fogel က ခန့်မှန်းတယ်။ ဟုတ်ပါတယ်။ သူ့ရဲ့ ခန့်မှန်းချက်အရဆိုရင် ၂ဝ၄ဝ ပြည့်နှစ်မှာ တရုတ်ပြည်ဟာ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဖြစ်နေ ပါပြီ။

Robert Fogel ရဲ့ခန့်မှန်းကိန်း ဂဏန်းတွေဟာ မှန်သလား၊ မှားသလားပြောဖို့ ခက်ပေမယ့် တရုတ်ပြည်က လာမယ့်ဆယ်စုနှစ်တွေမှာ အံ့မခန်း တိုးတက်လာတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲ။ တရုတ်ပြည်ရဲ့ အဆင့်မြင့် ကုန်ပစ္စည်းထုတ် လုပ်မှုက တစ်စတစ်စ မြင့်တက်လာပြီး တစ်ချိန်က အနောက် နိုင်ငံတွေကသာ မောင်ပိုင်စီး ထုတ်လုပ်ခဲ့တဲ့ အဆင့်မြင့် ဈေးကွက်ကြီးထဲကို တရုတ်တွေ ဝင်လာကြတော့မှာဖြစ်တယ်။

အမေရိကန်တို့အတွက် သင်ခန်းစာ
တကယ်လို့ တရုတ်နိုင်ငံက အဆင့်မြင့်ပစ္စည်းတွေ ထုတ်လုပ်လာ နိုင်ခဲ့ပြီဆိုရင် ဒါဟာ အမေရိကန် နိုင်ငံကို အဓိက စိန်ခေါ်မှုဖြစ်တယ်။ တရုတ်တို့ရဲ့ ငွေကြေးအပေါ် ကြိုးကိုင်ခြယ်လှယ်မှုတွေ Currency Manipulation နဲ့ အစိုးရရဲ့ ဖုံးကွယ် ထောက်ပံ့ကြေး - Hidden Subsidies ပေးနေမှုတွေဟာ အမှန်တကယ် စိန်ခေါ်မှုတွေ မဟုတ်ဘူး။ တရုတ်တို့ရဲ့ တကယ့်စိန်ခေါ်မှုက မဟာဗျူဟာ မြောက် ရင်းနှီးမြှုပ်နှံမှုနဲ့ လုံ့လဝီရိယ ရှိရှိနဲ့ ကြိုးစားအားထုတ်မှုသာဖြစ်တယ်။

အမေရိကန် အနေနဲ့ တရုတ်ကို ခြိမ်းခြောက်မှုတွေ လုပ်ပြီး တရုတ်ပစ္စည်းတွေအပေါ် အခွန်အတုပ် တိုးတက်ကောက်ခံမယ်ဆိုရင် ဒါဟာ လွဲမှားတဲ့ တုံ့ပြန်မှုဖြစ်တယ်။ တကယ်တော့ အမေရိကန် စီးပွားရေး တက်တက်ကြွကြွ လှုပ်ရှားလာဖို့နဲ့ အမေရိကန် လုပ်သားများ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာဖို့အတွက် လုပ်သင့်တာက အဆောက်အအုံ အနေအထား ပြုပြင်ပြောင်းလဲရေး - Structural Reforms နဲ့ ရင်းနှီး မြှုပ်နှံမှုသစ်တွေ ပြုလုပ်ဖို့ ဖြစ်တယ်။ ဒါဟာ အမေရိကန်အတွက် အကောင်းဆုံး တုံ့ပြန်ချက် ဖြစ်နိုင်တယ်။

အမေရိကန်တွေအနေနဲ့ လုပ်သင့်တာတွေကို မလုပ်ဘဲ အလွယ်လိုက်ပြီး ငွေစက္ကူတွေ ရိုက်နှိပ် ထုတ်ဝေကာ ပြဿနာ ဖြေရှင်းနေလို့ကတော့ အမေရိကန် ဒေါ်လာတွေ တန်ဖိုးကျသထက်ကျပြီး တစ်နေ့မှာ ဘယ်နိုင်ငံကမှ အမေရိကန်ဒေါ်လာကို လက်မခံတော့တဲ့အထိ ဆိုက်ရောက် သွားနိုင်တယ်။ အခုတောင် နိုင်ငံအချို့ဟာ အရင်းအနှီး အသွင်သဏ္ဌာန်နဲ့ အမေရိကန် ဒေါ်လာတွေ တိုင်းပြည်ထဲ လှိမ့်ဝင်လာတာကို အရင်းအနှီး ထိန်းချုပ်မှုတွေ - Capital Control အခွန်အတုပ် တိုးမြှင့်စည်းကြပ် မှုတွေနဲ့ ဟန့်တားနေကြပါပြီ။

တရုတ်ဝန်ကြီးချုပ်ရဲ့ အမြင်
အလျဉ်းသင့်လို့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင် - Wen Jiabao ရဲ့ ဒီကနေ့ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေအပေါ် သူ့ရဲ့ ထင်မြင်ချက် အချို့ကို ဖော်ပြလိုက်ပါတယ်။

အမေရိကန် နိုင်ငံက ယွမ်ငွေ တန်ဖိုး သိသိသာသာ မြှင့်တင်ပေးဖို့ ပြောဆိုနေမှုဟာ ကုန်သွယ်ရေး ချိန်ခွင့်ညှာ မညီမျှတဲ့ အတွက်ဖြစ်တယ်။ ဒီနေရာမှာ အချက်သုံးချက် ရှိတယ်။ ၁။ ။ တရုတ်ပြည်ဟာ ကုန်သွယ်ရေး ပိုငွေပြအောင် လုပ်နေတာ မဟုတ်ဘူး။ ၂။ ။ တိုင်းပြည်တစ်ပြည်ရဲ့ ကုန်သွယ်ရေးပိုငွေ တိုးပွားလာမှုဟာ အဲဒီ တိုင်းပြည်ရဲ့ ငွေလဲနှုန်းနဲ့ ဆက်စပ်မှု မရှိဘူး။

၃။ ။ အမေရိကန်နဲ့ တရုတ်ပြည် တို့အကြား ကုန်သွယ်မှု ချိန်ခွင်ညှာ မညီမမျှ ဖြစ်နေတာဟာ သဘော သဘာဝအားဖြင့် စီးပွားရေး အဆောက်အအုံ အနေအထားနဲ့သာ သက်ဆိုင်တယ်။

တရုတ်ပြည်က အမေရိကန် နိုင်ငံသို့ တင်ပို့ရောင်းချနေတဲ့ ပစ္စည်းတွေဟာ အမေရိကန်နိုင်ငံမှာ ထုတ်လုပ် ခြင်း မရှိတော့တဲ့ပစ္စည်းတွေ ဖြစ်တယ်။ ဒီပစ္စည်းတွေဟာ တန်ဖိုးမြင့် ကွင်းဆက် - Value Added Chain ရဲ့ ဈေးနှုန်းအနိမ့်ဆုံးပိုင်းမှာရှိတဲ့ ပစ္စည်းတွေဖြစ်တယ်။ အမေရိကန် နိုင်ငံဟာ ဒီပစ္စည်းတွေကို ပြန်လည် ထုတ်လုပ်မှာ မဟုတ်တော့ဘူး။ တကယ်လို့ ဒီကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံက တရုတ်ပြည်က မဝယ်ရင် အိန္ဒိယ၊ သီရိလင်္ကာ ဒါမှ မဟုတ် ဘင်္ဂလားဒေ့ရှ်က ဝယ်ယူဖို့ ပဲရှိတယ်။ ဒီလိုလုပ်ရင်လဲ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု ချိန်ခွင်ညှာ မညီ မျှမှုဟာ ပြီးပြတ်သွားမှာ မဟုတ်ဘူး။

တိုင်းရေးပြည်ရာ ကိစ္စတွေကို စီမံခန့်ခွဲတဲ့နေရာမှာ စီးပွားရေး အဆောက်အအုံ ပြဿနာဟာ အင်မတန် အရေးကြီးတယ်။ တရုတ်ပြည်ဟာ အကြီးအကျယ် တိုးတက်ခဲ့တာ မှန်ပေမယ့် စီးပွားရေးနယ်ပယ်ထဲမှာ ချိန်ခွင်ညှာ မညီမျှမှုတွေ ရှိနေဆဲဖြစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့် ရှိရမယ်။ တရုတ်ပြည်ရဲ့ ဖွဲ့စည်းပုံမှာလဲ ဒါကို ထည့်သွင်းဖော်ပြထားတယ်။ တရုတ်ပြည်မှာ လူဦးရေ ၁.၃ ဘီလီယံရှိတယ်။ အဲဒီအနက် အင်တာ နက်သုံးစွဲသူ သန်း ၄ဝဝ ရှိပြီး မိုဘိုင်းဖုန်း အသုံးပြုသူပေါင်း သန်း ၈ဝဝ လောက်ရှိတယ်။ လွတ်လွတ်လပ်လပ် အသုံးပြုနိုင်တယ်။ အစိုးရရဲ့ ဆောင် ရွက်မှုတွေကိုလဲ ဝေဖန်နိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအတွင်း ဖြစ်ရမယ်။ တိုင်းပြည်အတွက်လဲ အန္တရာယ် မဖြစ်စေရဘူး။ တရုတ်ပြည်မှာက ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လုပ်ဖို့ ကျန်ရှိနေပါသေးတယ်။

အမေရိကန် စီးပွားရေး မကြာမီ ကာလအတွင်း နာလန်ထူလာ နိုင်မယ်လို့ မျှော်လင့်ရတယ်။ အမေရိကန် စီးပွားရေးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စီးပွားရေး ဖြစ်တယ်။ အမေရိကန် စီးပွားရေးဟာ အခြေခိုင်မာပြီး ဖြစ်တယ်။ အမေရိကန်နိုင်ငံမှာ သိပ္ပံနဲ့ နည်းပညာ ပင်ကိုစွမ်းရည်အပြင် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံတွေလဲ တစ်ပုံတစ်ပင်ရှိတယ်။ အခုနေ အခါမှာ အမေရိကန် အနေနဲ့ ရုန်းကန်လှုပ်ရှား နေရပေမယ့် ပြဿနာကို ကျော်လွှားသွားနိုင်မှာ ဖြစ်တယ်။

တိုင်းပြည်တစ်ပြည်မှာ ပြည်သူနဲ့ ပြည်သူတွေရဲ့ စွမ်းပကားဟာ အဲဒီတိုင်းပြည်ရဲ့ အနာဂတ်နဲ့ သမိုင်းကို အဆုံးအဖြတ်ပေးတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ စိတ်ဓာတ်ကို ဘယ်သူကမှ ပိတ်ပင်တားဆီးလို့ မရဘူး။ တရုတ်ပြည် အနာဂတ်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိပါတယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က သူ့ရဲ့ပြင်း ပြတဲ့ဆန္ဒကိုထုတ်ပြခဲ့တယ်။

Ref: Fareed Zakaria:"The New Challenge from China" and his interview with Wen Jiabaq. TIME; Oct 18, 2010.
မင်းရွှေမောင်
 

No comments: