ယနေ့ ဖေဖေါ်ဝါရီလ ၁ ရက်။ ၂၀၁၂ခုနှစ်၊ အင်းစိန်မြို့နယ် တရားရုံးမှ တရားခွင် တခု၊ အခန်းတွင်းတွင် လာရောက်နားထောင်ကြသော လူငယ်လူရွယ် လူကြီးအစုံ ဆယ်ယောက်ခန့်နှင့် တံခါးဝတွင် ရပ်လျှက်၊ ကော်ရစ်တာတွင် တိုးဝှေ့လျက် လူပေါင်းက နှစ်ဆယ်ခန့် ။ အောက်ထပ်မြေပြင်တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံပါ အကျီဝတ်ဆင်ထားသူများ ဟိုဟိုဒီဒီသွားလာနေသလို တရားခွင် အတွင်းမှာလည်း စွပ်စွဲခံရသူ အပါအ၀င် တက်ရောက်လာသူ အားလုံးနီးပါးသည်လည်း ဗိုလ်ချုပ်အောင်ဆန်းပုံ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အကျီ များဝတ်ဆင်ထားသူများသာဖြစ်ကြသည်။
ကော်ရစ်တာရှိ လူအုပ်များ အတွင်းတွင် အရပ်ဝတ် ရဲအရာရှိများ ပါသလို၊ ညီတိုးငြိမ်း အလွန်ရင်းနှီးခဲ့သော တပ်မတော်မှ အရာရှိ အချို့ကိုလည်း လှမ်းတွေ့ရသည်။ မိမိမှာ တရားခံ နေရာ ခုံငယ်မှ နေ၍ အပြင်သို့ မထွက်နိုင်သေးသောကြောင့် လှမ်းသာမြင်လိုက်ရသည် ။ နှုတ်ဆက်ခွင့် မကြုံလိုက်။
ထိုအခိုက် တရားခွင် တက်ရောက်လာသူ တဦးလက်ကိုင်ဖုန်းမှ ဖုန်းခေါ်သံတီးလုံးဖြစ်သော မျိုးချစ် နိုင်ငံသိ အဆိုတော်ကြီးဖြစ်သော လားရှိုးသိန်းအောင်၏ အမေဒေါ်စု ပြန်လာပြီ ဆိုသည့် မြူးကြွသော တေးသံလွင်လွင် ထွက်ပေါ်လာသည်။ အားလုံးနီးပါ နှစ်ခြိုက်ကျေနပ်စွာပြုံးလိုက်ကြသည်။ ခနအကြာတွင် တရားသူကြီး ၀င်လာသည်။
တရားသူကြီး ၀င်လာခိုက် အားလုံးမတ်တပ်ရပ် ဂါရ၀ပြုချိန် လူများရောထွေးသွားသည်။
တရားသူကြီးက တိုတိုနှင့် လိုရင်းသာပြောတော့မည်။ တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များမှာ ထူးမခြားနားဖြစ်သောကြောင့် ဖတ်မပြတော့ပဲ သုံးသပ်ချက်နှင့် အမိန့်ကိုသာ ဖတ်ပြတော့မည် ဆိုသောအခါ တရားခွင် တခုလုံး တိတ်ဆိတ်သွားတော့သည်။
နေမျိုးဇင်အား ဆွဲဆိုထားသော ဖြစ်စဉ် စွပ်စွဲချက်များပါ သက်သေခံ ပစ္စည်းများသည် အကျဉ်းထောင် အက်ဥပဒေများအရ တရားမ၀င် ပစ္စည်းများ မဟုတ်ကြောင်း ထင်ရှားပေါ်ပေါက်သည့် အပြင်။ စွပ်စွဲခံရသူ ထွက်ဆိုသည့် လုံးဝ အပြစ်မရှိပါဆိုသည့် ထွက်ဆိုချက်ကိုလည်း မယုံကြည်နိုင်စရာ အကြောင်း မရှိသည်ကိုတွေ့ရသည်။ ထောင်တွင်းသို့ သွင်းယူခွင့်ပြုရန် စွပ်စွဲခံရသူက ခွင့်ပန်ကြောင်း ထင်ရှားပေါ်ပေါက်သည့် အပြင် သက်သေခံပစ္စည်းများ သိမ်းယူသည့် နေရာမှာလည်း ထောင်စည်းရုံး အပြင်ဘက်တွင်သာ ဖြစ်ရာ။ ယခု စွပ်စွဲဆိုထားသော ပြစ်မှုတွင် ပြစ်မှုထင်ရှားပေါ်ပေါက်ခြင်း မရှိသည်ဖြစ်သောကြောင့် အမှုမှ အပြီးပြတ်လွှတ်လိုက်သည်။
လက်ခုပ်သံ တဖြောင်းဖြောင်း ထွက်လာသည်။ ရှေ့နေကြီး ဦးလှမျိုးမြင့်က ရှုး တိုးတိုး ဟု မျက်ရိပ်ပြမှ တိတ်သွားသည်။ တရားသူကြီးလည်း ပြုံးလို့။ တက်ရောက်လာသူများလည်း ပျော်လို့၊ လာရောက်နားထောင်သူများ အားလုံးလည်း ပျော်ရွှင်ဟန်ဖြင့် ...........
သေချာသည်ကတော့ တပ်မတော်သားများရော။ ပြည်သူပြည်သားများအားလုံးပါ ဗိုလ်ချုပ်အောင်ဆန်း အာဇာနည် အမျိုးသားခေါင်းဆောင်ကြီးကို ချစ်ခင်မြတ်နိုးလေးစားကြသည် ဆိုသည်ပင်။
အာဇာနည်တိုင်း သမိုင်း မသေပါ။
ခေတ်စနစ်တို့ ပြောင်းလေပြီ။ တ၇ားစီရင်ရေး မဏ္ဍိုင် ယနေ့ ယခုမှ စ၍ တည့်မတ်မှန်ကန်လာလေပြီ။ နှုတ်မိန့်တို့ လွှမ်းမိုးသော စီရင်ရေး စနစ်အောက်မှ လွန်မြောက်လေပြီဟုသာ ရင့်ကျူးမိသည်။ ဆက်လက်တင်ပြပါအုန်းမည်
No comments:
Post a Comment