Monday, March 26, 2012

စသုံးလုံးတွင် စစ်ဆေးနေစဉ် ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးခဲ့မှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းချက်



 မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

(ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်ဇာတိ အသက်၁၉ နှစ်အရွယ်မနန်းဝိုးဖန် သည် ယုံကြည်အပ်နှံ မှု ပုဒ်မ ၄၀၆ နှင့်ပတ်သက်သည့် ကိစ္စဖြင့် ရန်ကုန်မြို့ဆိပ်ကမ်းသာလမ်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တွင် အစစ်အဆေးခံယူနေစဉ် ပြီးခဲ့သည့် ၂၄ ရက်နေ့ နံနက်ငါးနာရီက အဆောက်အအုံ ပဉ္စမထပ်မှ ပြုတ်ကျသေဆုံးခဲ့သည်။

သေဆုံးသူ၏ မိသားစုဝင်များ ရန်ကုန်မြို့သို့ လာရောက် နေဆဲဖြစ်ရာ သေဆုံးရသည့် အဖြစ်နှင့် ပတ်သက်၍ အသေးစိတ် မသိရှိရသေးသော်လည်း ၎င်းနှင့် အတူ စစ်ဆေးခံခဲ့ရသူ သူမ၏ရှေ့နေ ဒေါ်အိအိအောင်အား YPI မှ အကျိုးအကြောင်းကို ဆက်သွယ်မေးမြန်းထားခြင်းကို ဖေါ်ပြလိုက်ပါသည်။)

YPI ။ ။ အစ်မတို့ကိုဘယ်နေ့က ခေါ်သွားတာပါလဲ။

ဒေါ်အိအိအောင်။ ။၂၁ ညနေကပါ။
YPI ။ ။ဘာကိစ္စနဲ့ခေါ်သွားတာပါလဲ။

ဒေါ်အိအိအောင်။ ။ ဘာကိစ္စလဲဆိုတော့ စီပွားရေးလမ်းကြောင်းလို့ အဲဒီနန်းဝိုးဖန်က သူ့အမျိုးသားရယ်သူရယ် နှစ်ယောက်က အိမ်ခြံမြေတွေဝယ်ထားတယ်။ နန်းဝိုးဖန်နာမည်နဲ့ပါဘဲ ။ သူဝယ်တဲ့အိမ်တွေခြံတွေမှန်သမျှက Unity ကုမ္မဏီက အကျိုးဆောင်ပြီးဝယ်ထားတာ။ အကွက်က တော်တော်များတယ်၂၇ ကွက် ၂၈ ကွက်လောက်ရှိတယ်။ အဲဒါနဲ့ပါတ်သက်လို့ မေးစရာရှိလို့ ဖြေရှင်းပြရုံပါဘဲ ခဏပါဘဲလို့ဆိုပြီးခေါ်သွားတာပါရှင့်။

YPI ။ ။အစ်မကိုရောဘာကြောင့်ခေါ်သွားတာပါလဲ။

ဒေါ်အိအိအောင်။ ။ ဟုတ်ကဲ့ပါရှင့် အစစ်အဆေးခံစာရရှိတယ်။ မ၀ိုးဖန်ကနေပြီးတော့ သူ့ရဲ့အလုပ်သမား ကိုကိုဆိုတာရှိတယ်လေ။ အဲဒီကိုကိုနဲ့ပါတ်သက်လို့ သူရဲ့အိမ်ခြံမြေတွေကို အဲဒီလူက အလွဲသုံးစား လုပ်ထားတာရှိတယ်။ အဲဒါနဲ့ပါတ်သက်လို့အမှုဆွဲထားတော့ ။အဲဒီိတရားခံကို ၄၀၆ နဲ့အမှုဆွဲထားတာ။ ဆွဲတာတော့ကြာပြီ ဒါပေမယ့် တရားခံကမမိဘူး တရားခံပြေးဖြစ်နေတယ်။အဲဒီမှာ တရားခံပြေး အနေနဲ့ဆွဲပေးပါလို့ပြောတယ်။ ပြောတဲ့အခါကျတော့ အဲဒီမှာ လှိုင်သာယာက ဒုရဲအုပ်ကိုကိုဇော်က နေပြီးတော့ခေါ်တွေ့ပါတယ်။ အဲဒီမှာ စီပီ ကိုယ်တိုင်က သူ့ရုံးကို ဆက်ဆက်လာခဲ့ပါတဲ့ နန်းဝိုးဖန်နဲ့ ဒေါ်အိအိအောင်ကို တွေ့ချင်လို့ပါ တဲ့ ဘာကြောင့်တွေ့ချင်တာလဲမေးတော့ မဟုတ်ပါဘူးတဲ့ ဒီလိုမျိုး ပါ စစသုံးလုံးက ခေါ်စစ်ဖို့ပါတဲ့။ ဒါနဲ့ ကျွန်မတို့ ကျွန်မတို့သွားမယ်လို့ လိုက်ပို့ပေးစရာမလိုဘူးလို့ ကျွန်မ အမှန်တရားလုပ်ထားတာ မှားတာတစ်ခုမှမပါဘူး ။ ကျွန်မတို့ဘာသာ ကျွန်မတို့ သွားမယ်လို့ မဟုတ်ပါဘူး စသုံးလုံးကိုသွားပြီးမှ ဒီတရားခံပြေးမှုကို တင်ပေးမှာဆိုပြီး ဒုရဲအုပ်ကိုကိုဇော် ကိုယ်တိုင်ကပြောပါတယ်ရှင့်။

YPI။ ။စသုံးလုံးကို ကိုယ်တိုင်ဘဲသွားခဲ့ကြတာလား။

ဒေါ်အိအိအောင်။ ။ သူတို့က လိုက်ပို့ပေးမယ်ဆိုတဲ့အခါကျတော့ တရားခံတွေမဟုတ်ဘူးလေ ကျွန်မတို့ဘာသာသွားတယ် ။ သွားခဲ့တဲ့အခါကျတော့CID ကအငြိမ်းစားရဲမှုး စောအဲလ်ဘတ် ကနေဘာကြောင့် ကလေးတွေကိုခေါ်တွေ့တာလဲဘာလဲဆို လိုက်မေးပါတယ်။ လိုက်ခဲ့ပေးပါတယ်။ လိုက်ခဲ့ပေးတော့ ရဲမှုးစောအဲလ်ဘတ်ကို ဘာမှမဟုတ်ပါဘူး နဲနဲလေး စစ်စရာရှိလို့ပါ။ စီးပွားရေးလမ်းကြောင်းအရပါ ဆိုပြီးလူကြီးကိုယ်တိုင် စစ်ပြီးမှ ကျွန်မတို့ကိုထားခဲ့တာပါ။

YPI။ ။ စသုံးလုံးရောက်သွားတဲ့အခါမှာဘာတွေမေးလဲ။

ဒေါ်အိအိအောင်။ ။အိက ရှေ့နေလေ ရှေ့နေနဲ့ပါတ်သက်လို့အမှုအကြောင်းတွေမေးတယ်လေ။ ၄၂၀ ကဘယ်လိုဖြစ်တာလဲ ၄၀၆ ကဘယ်မှာအမှုဖွင့်တာလဲ။ဘယ်မှာဘာဖြစ်လဲ ညာဖြစ်လဲ ။ အိကကြတော့ ရှေ့နေတစ်ယောက်အနေနဲ့ တိုင်စာလည်းရေးပိုင်ခွင့်မရှိဘူးလေ အဲဒီအခါကျတော့ သူတို့ဘာသူတို့ ဘယ်မှာအမှုသွားဖွင့်တယ်။ဘယ်သူ့ကိုမှလည်း ပိုက်ဆံပေးရတာမဟုတ်ဘူးလေ။ကိုယ်က အမှန်တရားလေ။အဲဒါတွေစစ်တယ် ပြီးတဲ့အခါကျတော့ ကိုယ်ရေးကိုယ်တာ ပါဆင်နယ်ကိစ္စလေးတွေ နဲနဲမေးပါတယ်။

သေဆုံးသွားရသူ မနန်းဝိုးဖန်


YPI ။ ။ ကိုယ်ရေး ကိုယ်တာကိစ္စ ဘာမေးပါသလဲ။

ဒေါ်အိအိအောင်။ ။ ကျွန်မဘာဖြစ်လဲ ညာဖြစ်လဲ ပေါ့ ဘယ်မှာလုပ်သလဲ ပေါ့ အဲဒါဘဲ ပြီးတဲ့အခါကျတော့ သူနဲ့ပါတ်သက်လို့ အရောင်းအ၀ယ်ဘာလုပ်ထားလဲမေးတယ်လေ။ကျွန်မနဲ့ပါတ်သက်လို့ အရောင်းအ၀ယ်ရှိတာတွေပြောပြတယ်လေ။အရောင်းတော့မရှိဘူး အ၀ယ်ပါ။အ၀ယ်ဆိုတာကလည်း နန်းဝိုးဖန်ဆိုတဲ့နာမည်နဲ့ဘဲ။ ဘယ်ကငွေရလဲတော့မသိဘူး ကျွန်မတို့က အရောင်းအ၀ယ် စာချုပ်ချုပ်ဖို့ရှိပြီဆိုကျွန်မတို့က ချုပ်ပေးလိုက်ရတာဘဲလေ။ အဲဒါကျွန်မရှင်းပြလိုက်ပါတယ် ။ ကျွန်မကိုတစ်ညလုံးစစ်တယ် ညမီးပျက်သွားတယ် တစ်နာရီ နေ့ခင်း ၁၁ နာရီလောက်ရောက်တော့ ကျွန်မကိုပြီးသွားပါတယ်။ ကျွန်မကိုစစ်တဲ့လူကတော့ ဘာမှဟောက်တာဟိန်းတာတော့မရှိဘူးပေါ့ အေးအေးဆေးဆေးဘဲ ပြောတယ်။ ဒါပေမယ့်သူကပြောတာကပေါ့နော် CID က အဘကို CID သာလိုက်လို့ရမယ် ကျွန်တော်တို့ စသုံးလုံးကို လာမလိုက်နဲ့လို့တော့ပြောတယ်။ အဲဒီတစ်ယောက်က။ကျန်တာတော့ အဲဒီလူက ဘာမှဟောက်တာ ဟိန်းတာတော့မရှိဘူး အေးအေးဆေးဆေးဘဲ။ ဒါပေမယ့်စစ်ဆေးရေး အခန်းကျတော့ နန်းဝိုးဖန်စစ်တဲ့အခန်းနဲ့ ညီမ စစ်တဲ့အခန်းမတူဘူး သူကတစ်ခန်းထားတယ်။ ညီမနားမှာ အမျိုးသမီးတစ်ယောက်ထားတယ် နန်းဝိုးဖန်မှာလည်း တစ်ယောက်ထားထားတယ် ဒါပေမယ့် စကား တစ်ယောက်နဲ့တစ်ယောက် အပြောအဆိုလုပ်လို့မရဘူး မြင်နေလို့တော့ရတယ်။

YPI။ ။ နန်းဝိုးဖန်ခုန်ချသွားတာတွေ့လိုက်လား။

ဒေါ်အိအိအောင်။ ။ဟာ ..ခုန်ချတာတော့မဟုတ်ဘူး နန်းဝိုးဖန်က အရမ်းကြောက်တတ်တာ ။ကြောက်တတ်တဲ့လူတစ်ယောက်ပါ သူကအဲဒီလိုဘယ်တော့မှလေ အမြင့်ဆိုတာတော့လူတိုင်းသိပါတယ်။ တိုက်ပေါ်ကနေ တောင်သူကမကြည့်ရဲဘူး။ ကြည့်ရဲတဲ့  လူတစ်ယောက်မဟုတ်ဘူး။ ပြီးတော့သူကအဲဒီမှာ အစားလည်းသိပ်မစားဘူး ဓါတ်ဆားရေဘဲ သောက်တယ်။အသီးလိုဟာမျိုး နည်းနည်းလေးဘဲစားတယ်။ သူကအသက်ကလည်း ၁၉ နှစ် ရှမ်းလူမျိုးလည်းဖြစ်တယ် ပြီးတော့သူက အရမ်းကြောက်တတ်တယ်။စကားကို မြန်မြန်သွက်သွက်လည်း မပြောတတ်ဘူး ပြောရင်တောင်မှ အရမ်းအားယူပြီးပြောရတာ။

YPI။ ။ခုန်ချတာမဟုတ်ရင်ပြုတ်ကျတာလား။

ဒေါ်အိအိအောင်။ ။ခုန်ချတာတော့မဟုတ်ဘူး ပြုတ်ကျတာလို့ထင်တယ် ။ပထမနေ့တစ်ခေါက်က သူကသွားအန်လိုက်သေးတယ်။ ပထမနေ့တစ်ည က မုန့်သွားစားပြီးပြန်လာကြတယ် အဲဒီကယောကျာင်္းလေးက သုံးယောက်မိန်းခလေးက သုံးယောက်ပါတယ် အိတို့နှစ်ယောက်နဲ့ဆို ခုနှစ်ယောက်ပေါ့ နောက်ပြီးအဲညမှာဘဲ ဖြစ်တဲ့ညမှာဘဲ သွားကြတယ် ခုနှစ်ယောက်လေ။ သွားပြီးတော့ ညီမလေး(နန်းဝိုးဖန်) ငှားထားတဲ့တိုက်ခန်းမှာရေမိုးချိုးတယ်။ ချိုးပြီးတော့ အစားအသောက်တွေဘာစားချင်လည်းဆိုတော့ ဘူဖေးဆိုင်မှာ ခုနှစ်ယောက်သွားစားကြတယ်။စားပြီး တော့ ကိုးနာရီကျော်ကျော်လောက်မှာပြန်လာတယ် ပြန်လာပြီးတော့ သူကအိပ်ချင်တယ်ဆိုတစ်အောင့်အိပ်တယ်။ သူကမျက်နှာချင်းဆိုင်ကနေပြီးအိပ်ပြီးတော့ ခဏနားတဲ့အခါကျတော့ လာစစ်မယ်ဆိုပြီးသူတို့က၀င်လာတယ် ၀င်လည်းဝင်လာရော မဟုတ်ဘူး ဒီမှာအိပ်နေတယ်ဆိုတော့ နာရီဝက်လောက်နေတဲ့ အခါကျတော့သူကထွက်သွားတယ်။ထွက်တဲ့အခါမှာ အိကလည်းမသိတော့ နကို တုန်းကဆိုရင် သူပြန်လာတဲ့အချိန်ကိုသိတယ်။ သူကအိပ်ရင် အိကမအိပ်ဘူးသိနေတယ်။အိပ်ရေးပျက်တာလည်းများတဲ့အခါကျတော့ သတိမထားမိဘူး မနက်လေးနာရီလောက်ကျတော့ ခေါင်းရင်းမှာသူက ငုတ်တုတ်လေးထိုင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသံတွေကြားလို့တဲ့။ အစောင့်ဘယ်ရောက်လဲဆိုတော့ အိမ်သာသွားနေတယ်တဲ့။ ပထမတစ်ခေါက်သွားအန်တယ် ပြန်အန်ချင်သေးတယ်တဲ့ ပထမတစ်ခေါက်လည်းသွားအန်တယ် ဒါပေမယ့်ဘာမှတော့မထွက်ဘူး။ ပြီးတော့သူဘာသာသူ အစောင့်နဲ့နေနေတာ။ ဆယ်မိနစ်လောက်ဘဲရှိတယ် အသံကြားတော့ အန်မယ်ဆိုပြီးတော့ သူကရွီ့ဆိုထွက်သွားတယ်။ထွက်တဲ့အခါမှာ အိကသူ့နောက်ကို ထပ်ချပ်မကွာလိုက်ပိုင်ခွင့်မရှိဘူး။ အိမ်သာသွားမယ်ဆိုပြီးထွက်သွားတယ် သူ့နောက်က အိကလိုက်ပိုင်ခွင့်မရှိဘူး။

YPI။ ။ ဘယ်မှာဖြစ်တာလဲ ။

ဒေါ်အိအိအောင်။ ။ ဆိမ်းကမ်းသာလမ်းက ရုံးအနီကြီး။ငါးလွာမှာပါ။

YPI။ ။ ရှေ့ပေါက်က ပြုတ်ကျတာလား နောက်ပေါက်ကပြုတ်ကျတာလား။

ဒေါ်အိအိအောင်။ ။ ရှေ့ပေါက်ကပါရှင့် ရှေ့ပေါက်ကပါ။ သူက ပထမအခါအန်တဲ့အခါကျတော့ အဲဒီနားမှာတစ်ခေါက်သွားအန်တယ်။နောက်တစ်ခေါက်က အန်မယ်လို့သာပြောလိုက်တာ အိကလည်းမမြင်လိုက်ရဘူးထွက်သွားတာတွေ့တော့။ အရှေ့လည်းထွက်ကြည့်ရောဘာမှမရှိဘူး ပြီးတော့ဘယ်သွားမှန်းမသိဘူး အဲဒီမှာပြတင်းပေါက်က ကြည့်လည်းကြည့်ရော ထမီစလေးဘဲမြင်လိုက်ရတယ်။ သူကအဲဒီနေ့က ထမီအစိမ်းလေးဝတ်ထားတော့ မီးရောင်အောက်မှာဆိုတော့ ကျွန်မလည်းမျက်လုံး မကောင်းတော့ အစိမ်းလေးဘဲမှတ်မိတယ် ကျန်တာဘာမှမသိတော့ဘူး။ အဲဒီမှာကျွန်မဆေးရုံအထိပါသွားတယ် အောက်ကိုလည်း ဆင်းလည်းဆင်းရော အော်နေသေးတယ် ၀ိုးဝိုး ၀ိုးဝိုး နဲ့အသံ ကျွန်မသိတယ်။ ရုတ်တရက်မသေဘူးပေါ့နော် ၀ိုးဝိုးအော်တယ် ။ ကျွန်မလည်းသေတယ်မသိဘူး သေတယ်ဆိုတာမနေ့က မနက်ကမှသိရတာပါ။ ပထမဆေးရုံကမေးတယ် အဲဒီမှာစသုံးလုံးအဖွဲ့တွေချက်ခြင်းလိုက်ပို့ပေးတယ်။ အိကလည်း အသိစိတ်ကလွတ်သွားတော့ ဆေးထိုးပေးတယ် ဆေးသွင်းပေးတယ် အကုန်လုပ်ပေးတယ်။ သူတို့မေးတော့ ၇၀/၃၀ ရာခိုင်နှုန်းတဲ့ ကြိုးစားနေတယ်။ နောက်နေ့မနက်ရောက်တဲ့အခါကျမှ အိကနေမယုံလို့ ကျန်တဲ့ရဲဌာနဆိုင်ရာတွေလိုက်မေးတော့ ဆုံးပြီလား မဆုံးသေးဘူးလားဆေးရုံက တစ်မျိုးပြောတယ် အဲဒီမှာ အဲနေ့မနက်ကတည်းကဆုံးသွားပြီဆိုတာသိရတယ်။ အဲဒါနဲ့ ရှမ်းက အမျိုးတွေကိုလှမ်းမှာတယ်။ လှမ်းမှာတော့ စသုံးလုံးကနေလက်မှတ်စီစဉ်ပေးတယ်။ ရှမ်းတွေကကျတော့ စသုံးလုံးကစီစဉ်ပေးတဲ့ လက်မှတ် ကိုမယူဘဲနဲ့ သူတို့ဘာသူတို့လာတယ်လို့ အသံကြားပါတယ်ရှင့်။

YPI ။ ။အန်တယ်ဆိုတာက ဘာဖြစ်လို့အန်တာလဲ။

ဒေါ်အိအိအောင်။ ။ ဘာဖြစ်လို့လဲမသိဘူး ။ပြီးတော့ ပရက်ရှာလည်းကျချင်ကျနေမှာပေါ့နော် ။အဲဒီနေ့က သူကပင်လယ်စာထွက်စားတယ်။ ဖရဲသီးတွေလည်းတအားစားတယ်။ ဖရဲသီးစားတယ် ပင်လယ်စာဆိုသူကအရမ်းကြိုက်တာ ဂဏန်းတို့ ပုဇွန်တို့ အဲဒီညက အများကြီးစားတာ။

YPI။ ။ ကိုယ်ဝန်တွေဘာတွေသူ့မှာရှိသလား။

ဒေါ်အိအိအောင် ။ ။မရှိပါဘူး မရှိပါဘူး ကောင်မလေးမှာ အဲဒါတော့လုံးဝမရှိဘူး ။နောက်ပြီးတော့ အဲဒီနေ့က အမျိုးသမီးကိစ္စတွေဖြစ်နေတဲ့အချိန်။

YPI ။   ။အစ်မအနေနဲ့ နန်းဝိုဖန်း ကခုန်ချတယ်လို့မြင်လားပြုတ်ကြတယ်လို့မြင်လာ။ဘယ်လိုမြင်ပါသလဲ။

ဒေါ်အိအိအောင်။ ။ခုန်ချတာတော့ မဖြစ်နိုင်ဘူးရှင့် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မနဲ့အနေနီးတာ လေးလရှိနေပြီ။ အဲဒီလိုအမြင့်တောင်မှ ကြည့်ကြည့်ပါသမီးဆို ဟင့်အင်းသမီးမကြည့်ရဲဘူး ကြောက်တယ် ။သူကအဲဒီလိုအရမ်းကြောက်တတ်တာ ။ စကား ဆိုလည်း တစ်ယောက်ယောက်ကအဲဒီလိုပြောရင် အရမ်းကြောက်တတ်တဲ့လူ။ သူကခုန်မချရဲဘူး အဲဒီလောက်လည်းသတ္တိမရှိဘူး။ အရမ်းကြောက်တတ်တာလေ ။ စကားကလည်းသိပ်မပြောတတ်နဲ့ အရမ်းရိုးသားတယ်လေ။ လက်ထိသွားရင် လုပ်ကြပါအုန်းလက်ထိသွားပြီ။ တစ်ခုခုဖြစ် ရင်ဆေးခန်းပြပါ သူက သေမှာလည်းတအားကြောက်တတ်တာကိုး။

YPI ။ ။ စစ်နေတဲ့အချိန်မှာ အစောင့်က လိုက်ရသလား။

ဒေါ်အိအိအောင်။ ။ အမြဲတမ်းလိုက်ရပါတယ် ။ အိတို့အိမ်သာသွားလည်းလိုက်ရတယ် ။ဟိုသွားလည်းလိုက်ရတယ် ဒီသွားလည်းလိုက်ရတယ်။အကုန်လိုက်ရပါတယ်ရှင့်။

YPI ။ ။ ပြုတ်ကျတဲ့အချိန်မှာအစောင့်တွေရှိနေပါသလား။

ဒေါ်အိအိအောင်။ ။ အဲဒီမှာရုံးစားပွဲတွေမှာ အိတို့က အိပ်ယာလည်းမရှိဒီအတိုင်းဘဲလေ ခဏလာပြီးသွားအိပ် ဒီအတိုင်းဘဲခေါ်စစ် အဲဒီလိုဘဲလုပ်ကြတာလေ။ အဲဒီဘဲ နေ့ခင်းဘက် စားပွဲတွေမှာ ဆက်ပြီးအိပ်တယ်။သူကခေါင်းရင်းမှာ အိပ်တဲ့အခါကျတော့  အစောင့်နှစ်ယောက်ကလည်းအဲလိုမျိုးပေါ့ တုန်းလုံးလှဲနေကြတာ။ အိအစောင့်ကကျတော့ တုံးလုံးလှဲတယ် သူ့အစောင့်ကလည်းတုံးလုံးလှဲနေတယ်။ လေးနာရီလောက်ကျတော့ မနန်းနင်အိပ်လိုက်တော့နော် နင်ခုနှစ်နာရီလောက်မှာတစ်ခါအစစ်ခံရအုန်းမှာ လို့ပြောတော့ အိပ်အိပ်လို့ပြောတော့သူကလည်းလှဲအိပ် ကျွန်မကလည်းလှဲအိပ် နေတာ ။ကျွန်မကလည်း ပင်ပန်းတာကလည်းသုံးရက်ရှိနေပြီဆိုအိပ်လိုက်တာ ။
သူကအရင်ဆုံးထွက်သွားတာ အန်မယ်ဆိုပြေးထွက်သွားတဲ့ပုံစံမျိုး အစ်မရေအန်မယ်လို့ပြောတယ် သူ့စကားကိုကျတော့ဘယ်သူသိပ်နားမလည်ဘူး ရှမ်းလိုဆိုတော့ မြန်မာစကားကသိပ်မတတ်ဘူးလေ။ အဲလိုမျိုးအသံကြားတော့ အိကနေပြီးအန်မယ်လို့ပြောတယ်ဆိုအစောင့်နှစ်ယောက်ကတော့လိုက်သွားတယ်။ သွားလည်းသွားကြည့်တော့ ဘာမှမတွေ့ရတော့ဘူး အစောင့် နှစ်ယောက်ကငိုနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကသွားကြည့်ပြီးတဲ့ပုံဘဲ။ သွားကြည့်တဲ့အခါကျတော့ ထမီစလေးဘဲ အိမျက်စိထဲမှာ အဲလိုပေါ့ ထမီစလေးဘဲမြင်နေရတယ်။

YPI ။ ။ဝရန်တာက ဘယ်လောက်မြင့်ပါသလဲ။

ဒေါ်အိအိအောင်။ ။ ဗိုက်အောက်လောက်ပါဘဲ။အရမ်းကြီးအမြင့်ကြီးလည်းမဟုတ်ဘူးအနိမ့်လေးလည်းမဟုတ်ဘူး။

YPI။ ။ အခုစသုံးလုံးက သူ့အတွက်ဘာတွေ လုပ်ပေးနေပါသလဲ။

ဒေါ်အိအိအောင်။ ။ သူတို့ကတော့ လိုအပ်တာပြောလို့ပြောပါတယ်ရှင့် ။ ဒါပေမယ့် ရှမ်းတွေကတော့ မလိုဘူးတဲ့ သူတို့ဘာသူတို့လုပ်မယ်။ သူ့ယောကျာင်္းက အခုဂျပန်ကနေ ပြန်လာခါနီးနေပြီလေ။ ချက်ခြင်းလာမယ်လို့ပြောပါတယ်။ သူ့ယောင်္ကျားလာမှ ဘာလုပ်သင့်လဲ ဘာတွေစီစဉ်မလဲ နောက်ပြီး သူတို့ကိုကြေနပ်လား မကြေနပ်လားမေးတယ် သူတို့က ကြေနပ်တယ်လည်းမပြောဘူး မကြေနပ်ဘူးလို့လည်းမပြောဘူး သူတို့မှာလည်းအသိုင်းအ၀ိုင်းရှိတယ် အဖွဲ့အစည်းရှိတယ် သူတို့ရအောင်လုပ်မယ်။ ကျွန်မအနေနဲ့ကျတော့ဘာမှလုပ်ပိုင်ခွင့်မရှိဘူး သူတို့မှာသူတို့ရှေ့နေရှိတယ်တဲ့ သူတို့ဘာသူတို့ ဆက်လုပ်မယ်လို့ပြောနေတယ်။

YPI ။ ။ အခုလိုဖြေကြားပေးတဲ့ ဒေါ်အိအိအောင်ကို ကျေးဇူးတင်ပါတယ်။



 

ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း စသုံးလုံး ရုံး အဆောက်အဦ

No comments: