Monday, March 26, 2012

သတင်းများ

NLD အောင်နိုင်ရေးအဖွဲ့ဝင် ထိုးကြိတ်ခံရမှု မြို့နယ်တရား လွှတ်တော်သို့တိုင် မတ်လ ၂၆ ရက်၊ ၂၀၁၂ ခုနှစ် (YPI)

ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာတွင် ပြီးခဲ့သည့်မတ်လ(၂၂)ရက်နေ့ည (၀၇း၀၀)နာရီခန့်က NLD ရပ်/ကျေးအောင်နိုင်ရေးအဖွဲ့ဝင် တစ်ဦး ရွာထဲမှ နေအိမ်သို့လမ်းလျှောက်ပြန်လာစဉ်လူ (၁၀) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်ခံရမှုအား တည်ဆဲ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုးကြိတ်ခံခဲ့ရသူ ဦးတင်ဝင်းက ''ရွာထဲကနေတစ်ယောက်တည်းပြန်လာတုန်း ကြံ့ခိုင်ရေးရုံးရှေ့အရောက်မှာ လူနှစ်ယောက်က လက်ကိုလာချုပ်ပြီး ကျန်တဲ့သူတွေက ၀ိုင်းထားတယ်။ မျက်နှာကိုလည်း မီးအုပ်ဆောင်းကြီးနဲ့ထိုးပြီး မင်းလားကွ NLD ကလို့ပြောပြီး ၀ိုင်းထိုးတာ''ဟု ပြောပြသည်။

ပုသိမ်ထီးဖြင့် ပုသိမ်မြို့တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

သူကပင်ဆက်လက်၍ ၎င်းအား ထိုးကြိတ်ခဲ့သူများမှာ သမ၀ါယမ ပြည်ထောင်စု ဒု ၀န်ကြီး ဦးသန်းထွန်း၏ ညီဝမ်းကွဲတော်စပ်သူ ဦးကျော်စိုး ဦးဆောင်သောအဖွဲ့ဖြစ်ကြောင်း၊ ၎င်းအား ချုပ်ထားစဉ် ကြံ့ခိုင်ရေးရုံးအတွင်းမှ ဘယ်သူလဲဟေ့ဟု လှမ်းမေးကြောင်း၊ ချုပ်ထားသူ တစ်ယောက်မှလည်း တင်ဝင်း ဆိုတဲ့ကောင်ဟု လှမ်းအော်ပြောကြောင်း၊ ထိုအခါရုံးအတွင်းမှ တင်ဝင်း ဆိုရင် အသေသတ်ပစ်လိုက်ဟု ပြောဆိုခဲ့ကြောင်း ရှင်းပြသည်။

၎င်းအမှုအား ရွှေသောင်ယံမြို့နယ်ခွဲ ရဲစခန်းသို့တိုင်ကြားရာ ရဲအရေးမပိုင်ဟုပြောသဖြင့် ပုသိမ်မြို့နယ် တရားလွှတ်တော်သို့ တိုင်ကြားခဲ့ရခြင်းဖြစ်ကြောင်း ဦးတင်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

ယခုကိစ္စအား ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ မေးမြန်းရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ''ဒီကိစ္စကို ကျွန်တော်တို့ မသိသေးပါဘူး။ ဒါပေမယ့်ဒီလိုတိုင်ကြေးဆို မနေ့က ညနေ ၄ နာရီလောက်မှာ ကျွန်တော်တို့ဆီက ကလေးတစ်ယောက်ကို သူတို့ဘက်က လူငယ် ၃ ယောက်လောက်က ၀ိုင်းထိုးတာ ဖူးယောင်နေတာပဲ။ ပုသိမ်တဘက်ကမ်း (၉) ရပ်ကွက်မှာဖြစ်တာ''ဟု ပြောပြသည်။

ပုသိမ်မြို့နယ် တရားလွှတ်တော်ရှေ့နေ တစ်ဦးကတော့ ''ဒီကိစ္စတွေက ပါတီနှစ်ခုပြသာနာတက်တယ်လို့တော့ ပြောလို့မရဘူး။ အသိအမြင်ဗဟုသုတနည်းတဲ့နေရာတွေမှာ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေကို ပါတီဝင် ဆိုတဲ့ခေါင်းစဉ်တွေနဲ့ ဖြေရှင်းကြတာလို့ ပဲထင်တယ်''ဟုသူ၏ထင်မြင်ချက်ကို ပြောပြသည်။


လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်လောင်း အနိုင်ရရှိရေးအတွက် အင်န်အယ်လ်ဒီ ပါတီ နှင့် ကြံ့ခိုင်ရေး ပါတီတို့  ပုသိမ်မြို့တွင် အကြိတ်အနယ် မဲဆွယ်စည်းရုံးလျက် ရှိသည်။         ။ 


 မအူပင် NLD အောင်နိုင်ရေး ဖျော်ဖြေပွဲ ပရိတ်သတ် ထောင်နှင့်ချီအားပေး မတ်လ ၂၆ ရက်နေ့ ၂၀၁၂
ဧရာဝတီတိုင်း မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရန်ကုန်မြို့မှ ဦးရဲလွင်၊ ညီညီလွင်၊
စောဖိုးခွား၊ ဂဲလေး စသည့်အနုပညာရှင်များလာရောက်ဖျော

်ဖြေကြရာ မြို့ခံနှင့်
အနီးဝန်းကျင် ကျေးရွာများမှ လာရောက်ကြည့်ရှုအားပေးကြပါသည်။

Myanmar News Now

မအူပင် NLD အောင်နိုင်ရေးဖျော်ဖြေပွဲ

မအူပင်မြို့နယ် ကျေးရွာအချို့ရှိ မဲဆန္ဒရှင်ပြည်သူများ အခက်အခဲများ ဖြစ်ပေါ်ခဲ့
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ကျေးရွာအချို့တွင်  ရပ်/ ကျေးကော်မရှင်ရုံးများ၌ တာဝန်ရှိသူများ မရှိခြင်းနှင့် ပြုလုပ်ရမည့် အခြေခံ အချက်အလက်များကို မသိရှိခြင်းကြောင့် မဲဆန္ဒရှင် ပြည်သူများမှာ မဲစာရင်း ပြင်ဆင်မှုလျှောက်ထားရန်အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့ ကြောင်း ကျေးရွာနေ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် မဲဆန္ဒရှင်များမှာ မိမိတို့၏ အမည်ကို မဲစာရင်းတွင် မှားယွင်းခြင်း၊ မပါရှိခြင်းတို့အတွက် ပြန်လည်ပြင်ဆင် ဖြည့်စွက်ရန် မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြကြောင်း၊ ကျေးရွာခွဲအချို့ရှိ ပြည်သူများမှာ ကျေးရွာအုပ်စု ကော်မရှင်ရုံးနှင့် ဝေးကွာသဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဆောင်ရွက်ခြင်း မပြုနိုင်ကြကြောင်း၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်သော်လည်း ကော်မရှင်ရုံးရှိ တာဝန်ရှိသူများမှာ ကျေးရွာတွင် မရှိခြင်းစသည့် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

''မဲစာရင်းကြေညာတာကို မသိလိုက်ဘူး။ NLD က မဲစာရင်းလိုက် တိုက်တော့မှ မပါမှန်းသိရတယ်။ ပဲတွေ စပါးတွေ သိမ်းချိန်ဆိုတော့ မဲစာရင်းပြင်ဖို့ သွားမလုပ်နိုင်ဘူး။ မဲမပေးရလို့တော့ မဖြစ်ဘူး''ဟု သပြေငူ ရွာသားတစ်ဦးက ပြောကြားခဲ့သည်။

''၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မပါဘူး။ အခုလည်း ပါမလာဘူး။ မဲစာရင်းပါဖို့ ဘယ်လိုလျှောက်ရမှန်းလဲ မသိဘူး'' ဟု ကျီးချောင်းရွာတွင် နေထိုင်သူတစ်ဦးက ပြောပါသည်။


''ကျွန်တော်တို့မိသားစုလိုက် မဲစာရင်းမပါဘူး။ ၂၀၁၀ တုန်းကမဲ ပေးခဲ့ရတယ်။ ကော်မရှင်ကိုသွား ပြောတော့ သန်းခေါင်စာရင်း မိတ္တူပေးရမယ်လို့ ပြောတယ်။ မိတ္တူပြန်မ ဆွဲချင်ရင် ရပ်ကွက်ထောက်ခံစာ ယူခိုင်းတယ်။ အဲဒီလို အဆင့်ဆင့်ဖြစ်နေတော့ ကျွန်တော်လည်း ပြန်မလျှောက် ဘဲ ထားလိုက်တယ်''ဟု မလက်တို ကျေးရွာအပိုင်း(၁)တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။ မအူပင်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးမှ ဒေါက်တာ မျိုးသန့်တင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှဦးစိန်ဝင်း၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးသိန်းရွှေ၊ အမျိုးသားဒီမိုက ရေစီအင်အားစုပါတီမှ ဒေါ်ခင်စုစုအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးမောင်မောင်သင်တို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။


EMG 
 
 စစ်ကိုင်းမြို့နယ် မဲစာရင်းတွင် နေထိုင်ခြင်းမရှိတော့သည့် အိမ်ထောင်စုများ ပါရှိနေ

မတ်လဆန်းက ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်သို့ လာရောက်ကြသော စစ်ကိုင်းဒေသခံများအား တွေ့ရစဉ်
စစ်ကိုင်းမြို့နယ် မဲစာရင်းများတွင် အိမ်ထောင်စုလိုက် မဲစာရင်း ကျန်ရှိနေသော်လည်း ဆယ်စုနှစ်တစ်ခုကြာနေ ထိုင်ခြင်းမရှိတော့သည့် အိမ်ထောင်စုများ မဲစာရင်း၌ ပါဝင်နေကြောင်း သတင်းရရှိပါသည်။ ထို့အပြင် ၀န်ထမ်းမိသားစုများ အိမ်ထောင်စုလိုက် မဲစာရင်း နှစ်ကြိမ် ပါဝင်နေခြင်း၊ သေဆုံးသူများနှင့် အသက်မပြည့်သေးသူများ မဲစာရင်းတွင် ပါဝင်နေခြင်းများလည်း ရှိကြောင်း မဲဆန္ဒရှင်များက ပြောကြားပါသည်။
''မဲစာရင်းတွေက ၂၀၁၀ ရွေးကောက်ပွဲတုန်းက စာရင်းတွေပဲ။ ဒီတော့ ကွဲလွဲမှုတွေရှိနေပြီး မဲစာရင်းက လုံးဝမမှန်တော့ဘူး။ နှစ်ခါပါနေတာမျိုး၊ အမှန်တကယ် နေထိုင်ခြင်းမရှိဘဲ အိမ်ထောင်စုလိုက်ပါနေတာမျိုးစတဲ့ အမှားအယွင်းတွေ အများကြီးတွေ့ရတယ်။ အခုကျမှ ဒါတွေကို ပြန်လည် စိစစ်ပြီး လိုတာတွေ ဖြည့်စွက်၊ သေဆုံးသူတွေ ပယ်ဖျက် လုပ်နေကြတာ။ ဒါကလည်း မဲစာရင်း မပါလို့ မတင်ပြဘဲ ဖာသိဖာသာ နေတာမျိုးဆိုရင် ကျန်နေခဲ့ဦးမှာပဲ။ ပြောရရင် ကြိုတင်ပြင်ဆင်မှုမရှိဘူး''ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း အောင်နိုင်ရေး အဖွဲ့ဝင် ဦးကျော်သောင်းက ပြောကြားခဲ့ပါသည်။
''သင်္ကြန်ကာလအတွက် ကြိုတင် ပြင်ဆင်နေရတဲ့အချိန်မို့ အလုပ်များပြီး မဲစာရင်းတွေ ကြေညာတုန်းက သွားမကြည့်မိဘူး။ ခုမှ မိသားစုတစ်စုလုံး ပါမလာတာသိလို့ မေးကြည့်တော့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးခဲ့လို့ ကျန်ခဲ့တာပါတဲ့။ ပုံစံ ၁၀ မိတ္တူတောင်းပြီး ပြန်ဖြည့်ပေးပါ့မယ်ပြော တယ်။ အမှန်က မဲပေးခြင်း မပေးခြင်းက ဘာမှမဆိုင်ဘူးလေ။ မဲစာရင်းမှာ ထည့်ပေးရမှာ ကော်မရှင်ရဲ့ တာဝန် မဟုတ်လား။ နောက်ပြီး ကျွန်တော်တို့ ရပ်ကွက်မှာပဲ ၀န်ထမ်းမိသားစုတွေ အိမ်ထောင်စုလိုက် နှစ်ကြိမ်ပါနေတာ မျိုးတွေ့ရတယ်။ ဒါတွေကိုကျတော့ ဘယ်လိုပြောမလဲ။ သေဆုံးတဲ့သူတွေ စာရင်းမှာတွေ ပါနေတာကလည်း မဖြစ်သင့်ဘူး''ဟု နန္ဒ၀န်ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ပြောပါသည်။
''ကျွန်တော်တို့အရပ်ထဲမှာ နေသွားတဲ့ ဗိုလ်မှူး(ငြိမ်း)ရဲ့ အိမ်ထောင်စုဆိုရင် ရန်ကုန်ကိုပြောင်းသွားတာ ရှစ်နှစ်ကျော်လောက် ရှိပြီ။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မဲစာရင်းပါသလို အခုကြားဖြတ် ရွေးကောက်ပွဲမှာလည်း ပါလာတာတွေ့ရတယ်''ဟု စစ်ကိုင်းမြို့ ပါရမီရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဆိုပါသည်။ စစ်ကိုင်းမြို့နယ် မဲန္ဒနယ်တွင် မဲရုံပေါင်း ၁၁၉ ရုံ ရှိမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၈၁ အုပ်စုတွင် မဲ ပေးပိုင်ခွင့်ရှိသူ ဦးရေ ၂၀၀၃၁၁ ဦး ရှိကြောင်း (မတ်လ ၂၀ ရက်နေ့ထိ) သိရသည်။

''မတ်လ ၂၀ ရက်နေ့ထိ မဲပေးပိုင်ခွင့်ရှိသူဦးရေ နှစ်သိန်းကျော် ရှိပါတယ်။ ဒါပေမယ့် အစုလိုက်အပြုံလိုက် ကျန်ရှိနေတာတွေကို ခရိုင်ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ထပ်တိုးတာမျိုး၊ သေဆုံးသူတွေ ပယ်ဖျက်တာမျိုးကြောင့် အတိုးအလျော့ ရှိနိုင်ပါတယ်'' ဟု စစ်ကိုင်းမြို့နယ် ကော်မရှင်ဥက္ကဋ္ဌ ဦးဇော်ဝင်းအောင်က ပြောပါသည်။


EMG 
 
  ကြံ့ဖွံ့ကို မဲပေးပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးမည်ဟု မဲဆွယ်
လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်(ယုဇနဥယျာဉ်မြို့တော်) လစ်လပ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက  ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်နေ့တွင် ၎င်းတို့ပါတီအား မဲပေးမည် ဆိုပါက အခမဲ့ ဘုရားဖူးခရီး ပို့ဆောင်ပေးမည့်အပြင် ဒံပေါက်ထမင်းပါ ကျွေးဦးမည်ဖြစ်ကာ အသုံး စရိတ်လည်း ထုတ်ပေးမည်ဟု မဲဆွယ်စည်းရုံးလျက်ရှိကြောင်း အဆိုပါယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။
        "အဲဒီနေ့ကျရင် ဒီမှာရှိတဲ့ လမ်းတိုင်းမှာ တလမ်းကို ကားတစ်စီးစီ ထားပေးပြီး ဘုရားဖူးလိုက်ပို့မယ်ပြောတယ်။ ဒံပေါက်ကျွေးမယ့်အပြင် ခရီးစရိတ် တယောက်ကို ၅၀၀၀ ဝန်းကျင်လောက်အထိ ထုတ်ပေးဦးမယ် ပြောတယ်။ ပြီးရင် သူတို့အသင်းဝင်ပြီး သူတို့ကို မဲပေးရမယ် ပြောတယ်။ သူတို့ ဘယ်လိုပဲ ဆွယ်ဆွယ် ကျမ ကတော့ မပေးနိုင်ဘူး ကျမဘာသာ ပေးချင်တဲ့ဆီ ပေးမှာပဲ ဘုရားဖူး မလိုက်ရလို့ ဝမ်းနည်းစရာအကြောင်းမရှိဘူး"ဟု အဆိုပါမြို့တော်တွင် နေထိုင်သည့် ကုန်စိမ်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုသူ အသက်၃၅ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ၎င်း၏ဆန္ဒကို ထုတ်ဖော်ပြောသည်။
           "ကျွန်တော့ကိုတော့ ဘယ်လိုစည်းရုံး စည်းရုံး မရဘူး။ NLD ကိုပဲ မဲပေးမှာပဲ မျက်နှာမရလဲ နေပစေ ကိုယ့်ထမင်း ကိုယ်စားပြီး ကြိုတင်မဲလည်း မထည့်နိုင်ဘူး။ အခုသူတို့က ကြိုတင်မဲထည့်ဖို့၊ စည်းရုံးနေတယ် တကယ်တော့ဒီမှာက NLD အမာခံပရိတ်သတ်တွေ အများကြီးပါ" ဟုအဆိုပါမြို့နယ်တွင် နေထိုင်သူ အနှေးယာဉ် လုပ်သားတစ်ဦးက ပြောသည်။
          "တကယ်တော့မဲဆွယ်တာတော့ ဆွယ်တာပေါ့။ ဒါပေမယ့်သူတို့မဲဆွယ်တာက သဘာဝမကျဘူး။ ဘယ်လိုလူတွေသာ ကြိုတင်မဲ ပေးသင့်တယ် ဆိုတာလဲ အားလုံး သိပြီးသား။ အခုဟာက ရယ်စရာလည်း ကောင်းတယ်၊ ဒံပေါက် ကျွေးပြီး မဲဆွယ်တယ် ဆိုတော့လေ။ သူများနိုင်ငံတွေတော့ ဘယ်လိုလဲ မသိဘူး။ အခုဟာက ဘာကြီးမှန်း မသိဘူး"ဟု အသက်၆၀ ကျော် အရွယ်ရှိ အငြိမ်းစား ဝန်ထမ်းတစ်ဦးက ၎င်း၏ အမြင်ကို ဖြည့်စွက် ပြောကြားသည်။
          လာမည့်ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ဦးအောင်ဝင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ဒေါက်တာ မျိုးအောင်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF)မှ ဦးကြီးမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ဒီမိုကရေစီ ပါတီသစ် (NNDP )မှ ဦးဝင်းမြင့်စသည့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက် အရွေးခံကြမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးမှုများ ဟောပြောမှုများကို သက်ဆိုင်ရာ ပါတီအလိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(ဇော်ဇော်)

 ဘားမားဗီဂျေ
 
 

No comments: