ဦးအေးမြင့် (လမ်းပြကြယ်) ၏ ပေးစာနှင့် ကျနော်၏ ပြန်ကြားချက်
တူတော်မောင် ဒေါက်တာလွဏ်းဆွေ …
မြန်မာနိုင်ငံ ဒီမိုကရေစီတော်လှန်ရေးမှာ ပြတ်ပြတ်သားသား မိမိအမြင်အတိုင်း ရေးတတ် တွေးတတ်တာကို လေးစားလို့ သဘောထားချင်း တိုက်ဆိုင်လိမ့်မည်လို့ ယူဆလို့ ဒီစာကို ရေးကြည့်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို ပြည်သူလူထု အားကိုးတာ ရာနှုန်းပြည့် ဆိုတာတော့ မငြင်းလိုပါ။ ပြည်လူထုက ဒေါ်စုကို ချစ်တာလား၊ အန်အယ်လ်ဒီပါတီကို ချစ်တာလား ဆိုတာတော့ နိုင်ငံရေးသမားတွေ ခွဲခြားဖို့ လိုတယ်လို့ ယူဆမိပါတယ်။
အန်အယ်ဒီပါတီဟာ ဒေါ်စု နေအိမ်အကျယ်ချုပ်ကျစဉ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို မ၀င်ဘူး၊ သပိတ်မှောက်တယ်လို့ ဦးဉာဏ်ဝင်းက မီဒီယာမှာ (ဒေါ်စုက မှာလိုက်တယ်) ဆိုသော စကားရပ်နှင့် တာဝန်ယူပြောခဲ့ပြီး ယခုတော့ ကြားဖြတ်ရွေးကောက်ပွဲဝင်တော့ ဘာကြောင့် ၀င်ရတယ်ဆိုတာနှင့် ရွေးကောက်ပွဲကို သပိတ်မှောက်တယ်ဆိုတဲ့ စကားရပ်ကို ရှင်းရန် တာဝန်ရှိနေတာကို ၀န်ခံစကား မပြောတာသည် ခေါင်းဆောင်ကောင်းတဦး၏ တာဝန်ကို ရှောင်လွှဲရာရောက်နေသည်ဟု ယူဆမိတာ မှားသလားလို့ ဝေဖန်ပေးစေလိုပါတယ်။
ယခု ၂၀၁၂ နှစ် ကြားဖြတ်ရွေးကောက်ပွဲရခြင်းသည် ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းနေသာလမ်းကို မှန်းကြည့်မည်ဆိုလျှင် အချက် ၂ ချက် တွေ့ရပါတယ်။
(၁) မိမိ၏ နိုင်ငံရေးဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် ပြည်ထောင်စုလွှတ်တော်အတွင်းမှာပဲ နိုင်ငံရေးအနားယူတော့မည်လို့ ယူဆခြင်း။
(၂) စစ်အုပ်စု ပုံဖော်သော နှပ်ကြောင်းထဲ ၀င်သွားပြီးလို့ ယူဆမိခြင်း။
ဘာကြောင့်လဲဆိုတော့ ဒေါ်စုတယောက်အနေနှင့် တွက်လျှင် …
(က) ၂၀၁၂ ခုနှစ် ၂၀၁၅ နှစ် နောက်တကြိမ် ရွေးကောက်ပွဲရောက်ချိန်တွင် ဒေါ်စု အသက် ၇၁ နှစ်။
(ခ) အန်အယ်လ်ဒီပါတီကလည်း ယခု လူထုအမြင်က မြောက်စွမြောက်စွ လုပ်နေကြတဲ့ ပါတီဝင်တွေရဲ့ သရုပ်ပျက်မှု ရင်လေးနေကြတယ်။ မဲဆွယ်ပွဲတွေမှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်နေသလိုနှင့် သင်္ကြန်သံချပ်ထိုးအဖွဲ့ လုပ်ရပ်မျိုးအပြင် ဒေါ်စုကိုယ်တိုင် သူ့ပါတီကို သူမနိုင်ဖြစ်တာ သူကိုယ်တိုင် သိနေတယ်ဆိုတာ လူထုက သိတယ်။
(ဂ) ဒီတော့ သူ့အနေနှင့် ရွေးချယ်တင်မြှောက်ခံရမှာ သေချာနေတော့ အနည်းဆုံး ဒု-၀န်ကြီးတော့ ဖြစ်မှာ သေချာတယ်။
(ဃ) ၀န်ကြီးဖြစ်ရင် ဒေါ်စုအနေနှင့် အန်အယ်ဒီပါတီက ဖွဲ့စည်းပုံအရ နှုတ်ထွက်ရမယ်လေ။
(င) သူမရှိတော့ ဒီ ၃ နှစ်ကျော်အတွင်းမှာ အန်အယ်လ်ဒီကို သူဘယ်လိုထိန်းမလဲ၊ ဒီတော့ ၂၀၁၅ ရောက်ရင် အသက် ၇၁ နှစ်၊ အသက်ကြီးလို့ နိုင်ငံရေးအနားယူမယ်လို့ ပြောပြီး ဂုဏ်သိက္ခာဆယ်သွားမည်လို့ ယူဆမိပါတယ်။
ဒုတိယယူဆချက်အရတော့ လက်ရှိ စစ်အုပ်စုဟာ နိုင်ငံရေးပညာပါးနပ်စွာနှင့် ဒေါ်စုနှင့် အန်အယ်လ်ဒီကို နှပ်ကြောင်းပေးပြီး အပြီးအပိုင် ချုပ်ငြိမ်းအောင်လုပ်တဲ့ မဟာဗျူဟာ၊ နည်းဗျူဟာထဲ ရောက်သွားပြီဟု သုံးသပ်မိပါတယ်။
(A) ဒေါ်စု ရွေးကောက်ပွဲနိုင်မှာကို သိတယ်။ လွတ်တော်ထဲရောက်ရင် ၀န်ကြီး (၁) နေရာရအောင် လုပ်ပေးမည်၊ ပါတီက ထွက်ပေါ့။
(B) ဒေါ်စု အန်အယ်ဒီပါတီက ထွက်တော့ ၂၀၁၂ မှ ၂၀၁၅ အတွင်း ပါတီ တဖြေးဖြေး ပါဝါလျော့လာမယ်လေ။
(c) ၂၀၁၅ ခု ရွေးကောက်ပွဲလည်း စတော့ ဒေါ်စု အသက်ကြီးပြီ၊ အန်အယ်လ်ဒီပါတီကလည်း ဖရိုဖရဲဖြစ်နေချိန်၊ ဒီတော့ ဘာဖြစ်မလဲ။ - - - ယူဆမိပါတယ်။ အဲဒီကိစ္စကို သုံးသပ်ဝေဖန်ပေးပါ။
ဦးအေးမြင့် (လမ်းပြကြယ်)
ခင်မင်လေးစားရပါသော အန်ကယ် ဦးအေးမြင့် (လမ်းပြကြယ်) ခင်ဗျား …
ပေးစာပါ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖြေကြားခြင်းမပြုမီ ကျနော် တင်ပြချင်တဲ့ အချက်အလက်ကလေး အချို့ကို အရင်ဦးဆုံး တင်ပြခွင့်ပြုစေလိုပါတယ်။ အနည်းငယ် ဆက်စပ်မှု ရှိမယ်ထင်လို့ပါ။
ကျနော့်အနေနဲ့ အန်အယ်လ်ဒီပါတီနဲ့ ပတ်သက်ပြီးတော့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ရော ဝေဖန်သုံးသပ် အကြံပြုတင်ပြတဲ့ ဆောင်းပါးတွေ မရေးဖြစ်ခဲ့တာ အတော်ကြာပါပြီ။ ပြောရရင် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်နေ့က စပြီး အခုအချိန်အထိပဲ ဆိုပါတော့။
အဲသလို မရေးဖြစ်တော့ခြင်းဟာ ကျနော့်အနေနဲ့ အန်အယ်လ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ကုန် စိတ်ပျက် စိတ်မ၀င်စားတော့လို့ မဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ ဒီမိုကရေစီရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ချင်တဲ့ လမ်းကြောင်းနဲ့ ကျနော် ဝေဖန်အကြံပြုတင်ပြခဲ့တဲ့ တိုက်ပွဲလမ်းကြောင်းတွေ မတူတော့လို့လည်း မဟုတ်ပါဘူး။
မရေးဖြစ်တော့တဲ့ အဓိက အကြောင်းအရင်းက ၂၀၁၁ နိုဝင်ဘာ ၁၈ ရက်ကနေ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၁၂ ဧပြီ ၁ ရက်နေ့ကြား အချိန်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီ လက်တွေ့ကျကျ လျှောက်လှမ်းကြည့်ချင်တဲ့ တိုက်ပွဲလမ်းကြောင်းကို (ကျနော်နဲ့ အမြင်သဘောထား မတူသော်ငြား) အကောင်းဆုံး ပံ့ပိုးရမယ့်အချိန်လို့ ယူဆလို့ မရေးဖြစ်တော့ခြင်းပဲဖြစ်ပါတယ် (အခြားရေးဖြစ်ခဲ့သူတွေရဲ့ ဆောင်းပါးတွေကိုတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေသူတွေနဲ့ အခြားစိတ်ဝင်စားသူတွေ ဖတ်ရှုဆင်ခြင်သုံးသပ်နိုင်အောင် ကျနော့်ဘလော့မှာ တင်ဆက်ပေးခဲ့ပါတယ်)။ တနည်းပြောရရင် ၉၀ ရလဒ်ကို ပစ်ပြီး ၂၀၀၈ အခြေခံဥပေဒ (လင်ဆိုး) နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတဲ့၊ မြန်မာပြည်သူတွေက မိခင်လို အားကိုးယုံကြည်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့လမ်း (ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်တဲ့လမ်း) အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် တတ်နိုင်သလောက် ပံ့ပိုးဖို့ပဲ ရှိတော့တယ်၊ ဒေါ်အောင်ဆန်းစုကြည် လျှောက်တဲ့လမ်း မအောင်မြင်လို့ နောက်ပြန်ဆုတ်ခဲ့ရင်လည်း သူ့ကို အပြစ်ပြောနေစရာမလိုဘဲ (ဘာဖြစ်လို့ အပြစ်ပြောနေစရာ မလိုဘူးလဲဆိုတော့ ၈၈ ကတည်းက ကိုယ်တွေအားလုံး ယုံယုံကြည်ကြည် တင်မြှောက်ခဲ့တဲ့ ခေါင်းဆောင်မို့ သူ မှားလည်း အကုန်လုံး မျှခံဖို့ပဲရှိတယ်လို့ ခံယူလို့ပါ) ကျနော်တို့ ယုံကြည်တဲ့ လူထုတိုက်ပွဲလမ်းကြောင်းအတွက် တဘက်တလမ်းက ကြိုတင်ပြင်ဆင်ထားဖို့ပဲ ရှိတော့တယ်လို့ ယူဆမိလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအပေါ် ဝေဖန်သုံးသပ် အကြံပြုတင်ပြတဲ့ ဆောင်းပါးတွေ ကျနော့်အနေနဲ့ ဆက်မရေးဖြစ်တော့ခြင်းပဲဖြစ်ပါတယ်။
အထက်မှာ ကျနော်ပေးခဲ့တဲ့ ဥပမာမျိုး ကျနော့်ထက် စောပြီး နိုဝင်ဘာ ၁၈ ရက်နေ့က ဖေ့စ်ဘွတ်ခ်မှာ ရေးခဲ့သူတဦး ရှိပါတယ်။ သူကတော့ ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန်ပါ။ သူက ဖတ်သူ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လာအောင် “ညီမလေးရေ … ဒီနေ့ ရာသီဥတု မကောင်းဘူး၊ အိမ်ပြန်မလာနဲ့၊ အမေ လမ်းမတော်ဖိုးတုတ်နဲ့ နောက်အိမ်ထောင်ပြုသွားတယ်” ဆိုတာမျိုး ဥပမာ ခပ်ကြမ်းကြမ်း ပေးပြီး ရေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိစုံမှိတ် ကြည်ညိုလေးစားသူတွေရဲ့ ၀ိုင်းအားပေးခြင်းကို ခံလိုက်ရပြီး တင်ထားတဲ့ စာသား ပြန်ဖြုတ်ပေးလိုက်ရတယ်လို့ ဖတ်လိုက်ရသူတွေရဲ့ တဆင့်စကား ကြားလိုက်ရဖူးပါတယ်။ အမှန်တော့ ကိုမိုးသီးဇွန် ပေးတဲ့ ဥပမာက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ကွက်တိပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာက ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်လုပ် တင့်တယ်တယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တည်နေလို့သာ ကိုမိုးသီးဇွန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုလေးစားသူတွေရဲ့ အားပေးခြင်းကို ခံလိုက်ရတာလို့ ယူဆမိပါတယ်။ ကျနော့်အနေနဲ့ ကိုမိုးသီးဇွန်ကို ထောက်ခံပြောဆိုနေခြင်း မဟုတ်သလို လေးစားမြဲ လေးစားဆဲ ဒေါ်အောင်ဆန်းစုကြည်ကို ပြက်ရယ်ပြုချင်လို့ ထပ်မံပြောဆိုနေခြင်းလည်း မဟုတ်ပါ။ ဖြစ်ရပ်နဲ့ ဥပမာ ကွက်တိဖြစ်သွားခဲ့တယ် ဆိုတာကို သတိရသွားလို့ရယ်၊ ပြည်သူချစ်နေရင် ဘာပဲလုပ်လုပ် တင့်တယ်တယ် ဆိုတာကို ဆင်ခြင်မိတာရယ်ကြောင့် ပြန်လည်တင်ပြခြင်းမျှသာ ဖြစ်ပါတယ်)။
ဘာဖြစ်လို့ “ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့လမ်း (ဂငယ်ကွေ့ ပြန်ကွေ့ပြီး လျှောက်တဲ့လမ်း) အကောင်းဆုံးရလဒ် ထွက်ပေါ်အောင် တတ်နိုင်သလောက် ပံ့ပိုးဖို့ပဲ ရှိတော့တယ်” လို့ ပြောရတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က သူ ယုံကြည်လို့ ရွေးချယ်လိုက်တဲ့ တိုက်ပွဲလမ်းကြောင်းကို ပြန်ပြင်တော့မှာ မဟုတ်တော့တာရယ်၊ ဒီကနေ့ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုကို အံ့မခန်း ရရှိထားတဲ့ ပြိုင်စံမပေါ် ကမ္ဘာကျော် ပုဂ္ဂိုလ်ထူး ဖြစ်တဲ့အတွက် ကျနော် အပါအ၀င် အခြားဝါရင့်ပုဂ္ဂိုလ်များ အကြံပြုတင်ပြတဲ့ တိုက်ပွဲလမ်းကြောင်း မည်၍မည်မျှပင် ကောင်းနေစေကာမူ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်လိုက်တဲ့ တိုက်ပွဲလမ်းကြောင်းကို ကျော်ပြီး ပြည်သူလူထု လက်ခံအောင် ချပြနိုင်ဖို့ အလှမ်းဝေးလွန်းလှတာရယ်ကြောင့် သူ ရွေးချယ်တဲ့ လမ်းကြောင်းကိုပဲ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ပံ့ပိုးဖို့ ရှိတော့တယ်လို့ ဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တနည်းပြောရရင် ကြံ့ဖွံ့ စစ်အုပ်စုအကျိုးစီးပွားနဲ့ ပြည်သူ့အကျိုးစီးပွား နှစ်ခုပဲ ရှိနေသေးတဲ့အချိန်မှာ ပြည်သူ့အကျိုးကို မျှော်ကိုးပြီး ပြည်သူလူထု လေးစားကြည်ညိုတဲ့ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ရွေးချယ်မှု (မှားမှား မှန်မှန်) ကို အတတ်နိုင်ဆုံး ပံ့ပိုးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီလို ဆုံးဖြတ်လို့ ကျနော် ယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းကို စွန့်လွှတ်လိုက်ပြီလို့ မယူဆစေလိုပါဘူး။ ကျနော်တို့ လက်ခံယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းနောက်ကို ပြည်သူလူထု လိုက်ပါလာအောင် ဒေါ်အောင်ဆန်စုကြည်ကို ကျော်လွန်ပြီး ချမပြနိုင်သေးချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တဲ့ လမ်းကြောင်းကို အတတ်နိုင်ဆုံး ပံ့ပိုးရင်း ကျနော် ယုံကြည်တဲ့ တိုက်ပွဲလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်လာရင်၊ ပေါ်ပေါက်လာရင် အဆင့်သင့် တိုက်ပွဲဝင်နိုင်အောင် ဒီမိုကရေစီရေး တိုက်ပွဲဝင်အားလုံး ပြင်ဆင်ထားသင့်တယ်လို့ ယုံကြည်နေဆဲပါ။ ဘယ်လိုတိုက်ပွဲလမ်းကြောင်းလဲ ဆိုရင်တော့ ကျနော် ရေးသားတင်ပြခဲ့တဲ့ “အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့” ဆိုတဲ့ ဆောင်းပါးကိုသာ ပြန်ညွှန်းပါရစေတော့ …။
ဒါပေမယ့် နိုင်ငံရေးပြဿနာတွေကို အဖြေရှာရတဲ့ကိစ္စဟာ ဆန်းကြယ်ထွေပြားသလို သိမ်မွေ့နက်နဲပါတယ်။ အစတေးခံ တိုက်ပွဲဝင်ရမယ့် အချိန်ကာလတွေ ရှိတတ်သလို စိတ်ရှည်သည်းခံပြီး သိမ်သိမ်မွေ့မွေ့ ခေါင်းအေးအေးထား အဖြေရှာရမယ့် အချိန်ကာလတွေလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့်မို့ ကျနော်နဲ့ အမြင်မတူတဲ့ လမ်းကြောင်းကို ရွေးချယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းကြောင်း မအောင်မြင်နိုင်ဘူးလို့လည်း ယတိပြတ် ပြောလို့မရသလို ဒေါ်အောင်ဆန်းစုကြည် ရင်မခုန်တော့ဘူးဆိုတဲ့ လူထုတော်လှန်ရေး (အခု အာရပ်ကမ္ဘာမှာ ဖြစ်ပေါ်နေသလို) ဆိုတာလည်း ထပ်ပြီး မပေါ်ပေါက်နိုင်ဘူးလို့ ထတစ်ချ ပြောလို့မရပါဘူး။ ဖြစ်စဉ်ကြီးတခုလုံးထဲမှာ ပါဝင်ပတ်သက်နေတဲ့ နှစ်ဘက် အဓိကဇာတ်ကောင်တွေရဲ့ တဦးချင်း စိတ်နေစိတ်ထားနဲ့ ဆုံးဖြတ်ချက် အမာအပျော့တွေအပေါ်မှာ မူတည်ပြီးတော့ ပွဲကြမ်းသွားတာတွေ ရှိနိုင်သလို သိမ်သိမ်မွေ့မွေ့ ပြောင်းလဲသွားနိုင်တဲ့ မထင်မှတ်တဲ့ အခြေအနေတွေလည်း အမျိုးမျိုး ဖြစ်တည်လာနိုင်တဲ့အတွက် ဆန်းကြယ်ထွေပြားတယ်လို့ ဆိုရခြင်းပါ (စစ်တုရင်စကားနဲ့ ပြောရရင်တော့ ကစားကွက် မကုန်နိုင်ဘူးပေါ့)။
(ဆက်လက်ဖတ်ရှုပါရန်)
No comments:
Post a Comment