Wednesday, March 28, 2012

ကဗျာ


 

ဖြစ်ကြောင်းမမှန်တဲ့ခေတ်ပြောင်းပြန်


ဒီခေတ် နဲ့ ဒီစံနစ်အောက်မှာ
အဖြစ်ပျက်မှန်သမျှ ပြောင်းပြန်စဉ်းစားရ
ဂွကျတဲ့သူတွေက လှပတဲ့နေရာရ
ဖြိုးကြွ အားကိုးရတဲ့လူတွေများ
ဆိုးလှ ပိုးထတဲ့ထောင်မှာ ခစား။

အမှောင်ထဲကသူ အလင်းရောက်
အလင်းကလူ အမှောင်မှာမှောက်
ထွက်ပေါက်တွေ ပိန်းပိတ်
အသက်ပျောက်မယ့် ကိန်းလှိမ့်။

မှန်ပါ့ဘုရားထူးသူ အထက်ရောက်
အမှန်တရားကျူးသူ အသက်ပျောက်
ကြောက်ရမဲ့အရူးတွေ ပြေးကြည့်
ပေါက်ကြတဲ့နဖူးတွေ  ဆေးမရှိ
ဘေးမိလို့ ကယ်ပါအော်
ပြေးကြည့်လို့ မလွယ်ပါသနော်
အမေကျော်လို့ ဒွေးတော်လွမ်း
အဖေခေါ်လဲ သွေးမတော်စတမ်း
လူကြမ်းတွေ မင်းသားဖြစ်
လူညစ်တွေ ပလ္လင်ထိုင် ဘ၀င်ကိုင် အနိုင်ချဲ
ဖင်ထိုင်ကာ ခွေယိုင်လဲ
ထူးတဲ့ခေတ်ပဲ  ရူးမဲ့စစ်ပွဲ။

လူဆင်းရဲသား အောက်တန်စားတွေမှာ
အင်ကျီ ဗလာ စားစရာနတ္ထိ
ငွေမရှိတော့ ဆွေမျိုးတွေလည်းမရှိ
ရွှေရှိမှအမျိုးတော် အဖိုးခေါ်တဲ့ခေတ်
အိမ်ပစ်ယာပစ် ဖိုးဘွားအမွေနှစ်
အစိုးရသားလူညစ် လည်ညှစ်လို့ကုန်
မယုံရင်ဆင်းကြည့် ဒီလိုလူစားတွေအပြည့်
သွားမိသွားရာ ရောက်လေရာ-အဲဒါသူတို့အိမ်ပါ
စားမိစားရာ စားကြရှာ အဲဒါ သူတို့အစာ
နေစရာအိမ်…  အတိကျမရှိ
စားစရာအစာ…အမိအရ မသိ
အမိမြေမှာ သယံဇာတတွေ ပေါလှပါဘိ
သူတို့တတွေကိုမေးကြည့် ဘာမှမသိ
မရှိတာထက် မသိတာခက်လှသူတွေဟာ
သူတို့တတွေသာ အစစ်။

ခေတ်..ခေတ်..ဒီစစ်အစိုးရခေတ်
လူ့ဘ၀တွေ ကမောက်ကမ-ဖြစ်
ဒီမျှညစ်မှောင်တဲ့ စစ်အမှောင်ကို
သစ်ပြောင်အောင် အယောင်ဆောင်တဲ့
ဒီမိုကရေစီ် အတုယောင်နဲ့
လူ့ဘောင်ကို ဆက်သွားအုံးမတဲ့…ဟစ်။
သြော်… ဖြစ်..ဖြစ်…ဖြစ်…ဖြစ်ပါစေဗျာ။

တက္ကသိုလ်ဘုန်းကြွယ်(မတ် ၂၈ ၂၀၁၂)



ပြည်သူ့ဆန္ဒမဲ NLD မှာပဲ

လူတိုင်းရင်ထဲကဆန္ဒ
အဘက စက်ဘီးနဲ့လှည့်ပတ်
အနယ်နယ်အရပ်ရပ်က
တထပ်တည်းကျ
ကြယ်ဖြူနဲ့ခွပ်ဒေါင်းနဘေးက
အမှန်မှတ်ပေး ခြစ်လိုက်ကြ
ဒါမှတာဝန်ကျေမယ်ဗျ။

တက္ကသိုလ်ဘုန်းကြွယ်
မတ် ၂၇ ၂၀၁၂






စစ်ကျွန်စနစ်မှာ ဆက်နွံနစ်ပါ

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
မူထုတ်ပြီး အတင်းဗြောင်ကိုင်
မရှောင်နိုင်တဲ့ ၂၀၀၈
အခြေခံ ဥပဒေအဖြစ်
တပ်မတော်က စောင့်ရှောက်ရစ်
စစ်ကျွန်စနစ် တထစ်တက်
လူထုအတွက် ကျွန်ဖြစ်လျက်
မရှက်မကြောက် ထောက်ပြပြန်
ဒီမိုကရေစီစနစ်နဲ့ ချီတက်ဟန်။

သံယောင်ကိုလိုက် လူထုအကြိုက်
လူမိုက်တွေရဲ့ ထောင်ချောက်ပိုက်
မရှောင် မ၀ိုက် တိုးရင်ပဲ
အကျိုးလည်းနဲ(နည်း)လူလည်းမွဲ
မမှုပဲဆက်လှမ်း ဖွတ်ရဲ့လမ်း
သေပန်းပွင့်မယ့် ငရဲလမ်း
မကြောက်တမ်း လျှောက်လှမ်း
ဆက်သာလှမ်း
အရှင်လတ်လတ် ခံကြစမ်း။

တက္ကသိုလ်ဘုန်းကြွယ်
မတ် ၂၇ ၂၀၁၂



No comments: