တောင်းစုတ်ပလောင်းစုတ်သာ
ပစ်ထုတ်ရိုး
ထုံးစံရှိသတဲ့။
သားဆိုး
သမီးဆိုးများကို
ပစ်ပယ်ရိုးထုံးစံမရှိဘူးတဲ့။
မိဖများဟာ
ကိုယ့်သားသမီးများကို
ဆင်စီးပြီး
မြင်းရံတာကိုမြင်ချင်တယ်
ဆင်နင်းမြင်းကန်တာကိုမမြင်ချင်ပါဘူး။
ကိုယ့်ရင်သွေးအတွက်
အသက်နဲ့လဲသွားကြတဲ့မိခင်သာ
ဒီကမ္ဘာမှာ
ကြားဖူးပါတယ်။
စာဆိုတွေရဲ့
စာသားတွေက ကောင်းကြ
ခေတ်အချိန်အခါ
ကလည်း ကောင်းပ
ထင်ပါရဲ့။
ခုတော့
….. ခေတ်ချိန်ခါကပြောင်း
ခေတ်ကောင်းတွေကနှောင်း အကောင်းမရှိ
ချောင်းကြည့်စရာမလို
ရင်ဖိုဖွယ်ရာအဖြစ်သနစ်များ
မျက်ဝါးထင်ထင်
တွေ့မြင်နေကြရပြီ။
ကံဆိုးမသွားရာ
မိုးလိုက်လို့ရွာ
ပြေးစရာမြေမရှိ
ပေးစရာငွေမရှိ
လုပ်စားမိတော့မိုးခေါင်
ခိုးစားမိတော့လည်းခွေးဟောင်
အမောင်တောင်မှန်းမြောက်မှန်းမသိတော့။
ဒို့များတခေတ်
စစ်အာဏာရှင်စနစ်အောက်မှာ
လူဖြစ်လာရတဲ့ပြည်သူတွေ
ဘ၀အခြေနေမလှ
ဒုက္ခတွေ
ဗလပွနဲ့ သောကတွေတောင်ထု
လူမှုအခွင့်ရေးတွေချိုးဖေါက်
ကျိုးပေါက်လို့
ကုန်းကောက်စရာမရှိ
တုံးအောက်မှာ
ပိနေတဲ့ဖားလို
အသွားလဲခက်
အစားလဲမသက်သာ
ဝမ်းမှာဟောင်းလောင်း
နေလို့လည်းမကောင်း
စုပေါင်းပူဗျာ
မနေသာတော့
ကမ္ဘာမီးလောင်
သားကောင်းချနင်း
သွေးရင်းလည်း
မတင်းနိုင်
ကြွေးစာရင်းလည်း
မရှင်းနိုင်
ဈေးခြင်းထဲထည့်ကာ
ရောင်းလိုရောင်း
ကံမကောင်းတဲ့မွေးကင်းစခလေးတွေမှာတော့
ယင်ကောင်တဖွေးဖွေးထနေတဲ့အမှိုက်ပုံးထဲ
အမိုက်မဲဆုံးအသည်း
ကို မွေးပြီး
ကိုယ်ရင်သွေးကို
စတေးလိုက်ရပါသတဲ့ခင်ဗျာ။
ဘယ်လိုမိခင်ဆိုးပါလိမ့်လို့
လက်ညှိုးတထိုးထိုး
အပြစ်အမျိုးမျိုး
ထိုးနိုင် စွပ်စွဲနိုင်ပါသော်လည်း
မလွတ်ပဲအပြန်ပြန်
တရားခံရှာပါက….
မိုးမိုးဘာကြောင့်ရွာ
ဖားအော်လို့ရွာ
ဖားဖားဘာကြောင့်အော်
မွေးကိုက်လို့အော်
မြွေမြွေ
ဘာကြောင့်ကိုက်
ငါ့ဝမ်းပူဆာ
မနေသာလို့ကိုက်…တဲ့။
မြွေးဆိုးနဲ့တူတဲ့
စစ်အစိုးရ
ဆိုးလှတဲ့
အာဏာရှင်စနစ်
ဒီခေတ်
ဒီအစိုးရနဲ့ ဒီပြည်သူတွေ
ဘယ်လိုနေလို့
ဘယ်လိုသေရမှန်း
လမ်းမမြင်
ကမ်းမမြင်
အကန်းဘုရင်ရဲ့
သံဖိနပ်အောက်
ပြားပြားမှောက်ရင်းက
ငပိငခြောက်တွေဖြစ်ကုန်ကြပါပြီ
တရားပေါက်ကြပါလေကုန်။
တက္ကသိုလ်ဘုန်းကြွယ်
မတ်လ
၂ ၂၀၁၂
No comments:
Post a Comment