Monday, September 3, 2012

အရူးနဲ့အကန်းဘော်လုံးကန်ယင်ဘယ်သူနိုင်မလဲ


 
ဘလွတ်ရွတ်တ လစ်ထဲမှာကိုယ်မပါဘူး။ ဝမ်းနည်းရမှာလားဝမ်းသာရမှာလားမိသိန်းစိန် အဲလေ မိသိန်းကြည်။ ဘလွတ်ရွတ်တ စာရင်းထဲကိုယ်အမည်ပါမလာတော့ ကိုယ်ဟာဘလက်လစ်ထဲမှာ ပဲရှိနေသေးတယ်ဆိုတဲ့သဘောလား၊ သို့တည်းမဟုတ် အရေးမလုပ် စာရင်းတောင်တို့မထားဘူးဆိုတဲ့ သဘောလား၊ ရှင်းရှင်းပြောပါမိသိန်းကြည် လင်ဆာသလောက်ဣနြေ္ဒကြီးချင်ဟန်ဆောင်တဲ့ အပျိုကြီးလို မြုံစိစိမလုပ်ပါနဲ့။ စာရင်းတောင်တို့မထားဘူးဆိုယင်တော့ ကိုယ်ဘဝကတော်ပါသေးရဲ့ လို့မှတ်ရမှာပေါ့၊ ဘလက်လစ်ဆိုယင်တော့ မစင်ကြောက်တဲ့သူဝက်ဖြစ်တာထက်ဆိုးတဲ့ဘဝ၊ ဆိုးညစ်တဲ့ဘဝ၊ သူခိုးကလူလူဟစ်ခံရတဲ့ဘဝပါလားနော်။ တချို့များကြတော့ ကိုယ်ထက်တောင် ဆိုးရှာတယ်၊ ဘုမသိ ဘမသိငုတ်တုပ်ထုံးသုတ်ခံလိုက်ကြရရှာတယ်။ နိုင်ငံတော်အကြီးအကဲများ နိုင်ငံတော်အကြီးအကဲများလို့ပါးစပ်ကတစာစာ အော်နေယင်းကပဲ တပ်ကြပ်ကြီးစိတ်က မကုန်နိုင်သေးပါလား၊ မြင်မြင်ရာ ထုံးသုတ်ချင်တဲ့ဝါသနာ သေရာပါတော့မယ်ထင်ပါရဲ့။ ဒါကြောင့်ရှေးလူကြီးများပြောတာထင်ပါရဲ့၊ ဘာတဲ့ ဇာတိစွန့်ခဲ၏။ ဒါပေါ့ တပ်ကြပ်ကြီးအမြင်လောက် ရှိတော့ တပ်ကြပ်ကြီးအကျင့်တပ်ကြပ်ကြီးအကြံ တပ်ကြပ်ကြီးအလုပ်လောက်တတ်ရှာပေမပေါ့။ ခွင့်လွတ်ပါတယ် ခွင့်လွတ်ပါတယ် လွတ်စေသတည်း။ နွားပိန်မနဲ့ထင်းတိုက်ချင်လို့ဘယ်ဖြစ်ပါ့မလဲ။ လောကကြီးကမျှတတယ် တန်ရာတန်ရာပဲ။ ငါးတွေကကောင်းကင်မှာမပျံသန်းနိုင်ဘူး၊ ကျားတွေကမြက်မစားနိုင်ဘူး၊ ကြောင်တွေကလည်းကြာကြာရေမငုပ်နိုင်ဘူး။ အချိန်တန်ပေါ်တာပဲ။ တပ်ကြပ်ကြီးအမြင်လောက်နဲ့ဗိုလ်ချုပ်ဖြစ်နိုင်တာဒီနေ့ခေတ်ဗမာစစ်တပ်လောက်ရှိတာပဲ။ ဒါကချွင်းချက်။ ပြဿနာက ဒီချွင်းချက်ကကိုယ်နဲ့မှထိပ်တိုက်လာတိုးနေတာပဲ။ ဆိုးလိုက်တဲ့ကံ မိတ္တဝိန္ဒက ကအဘခေါ်လောက်တယ်။ ကိုယ့်ထက်ဆိုးတဲ့လူတွေ့သေးတယ်။ သူကဘာပြောလဲ ဆိုတော့ ခင်ဗျားကတော်သေးတယ်၊ ခုကျုပ်တို့ကမှအခက်။ ဘလက်လစ်ကထုတ်လိုက်တယ်ဆိုတော့ အဲဒါဝှိုက်လစ်ကောသေချာလို့လားတဲ့၊ ရက်လစ်ကောမဖြစ်နိုင်ဘူးလားတဲ့ ဘလူးလစ်ကော မဖြစ်နိုင်ဘူးလားတဲ့။ ခေါင်းဆောင်ကြီးတွေပြန်တာကတော့ထားပါတော့ဗျာ သူတို့က သူ့ဖောက်သည်နဲ့သူ၊ ခုကျုပ်တို့ကဘာလဲ ဘယ်မှာလဲ အဖြူလား အနီလား အပြာလား။ သူမေးတာ ကိုယ်လည်းမဖြေနိုင်၊ မထူးပါဘူး ဖွတ်မိကျောင်းဖြစ်တဲ့ချောင်းမှာ နှာခေါင်းဖော်ပြီး သေတာကောင်းမယ်ထင်ပါရဲ့ဗျာ။
 
ဒါကဖေ့စဘုတ်မှာလက်ဆော့လိုက်တဲ့စာတိုလေးပါ။ ဒါကိုတွေ့တဲ့မိတ်ဆွေများက စာပြန်ရေးဖို့တိုက်တွန်းကြတယ်။ အမှန်ဘဲ ကျနော်စာမရေးဖြစ်တာကြာပြီ။ စာမကုံးချင်ဘု လုံးလုံးကြီးစိတ်နာ ဆိုတဲ့အဆင့်မရောက်တောင် စိတ်လက်ကုန်ခန်းပြီးရေးမရတာကတော့အမှန်ပဲ။ ရေးလိုက်ယင်လည်း အတော်ဆိုးရွားကြမ်းတမ်းတာတွေပါကုန်မှာလဲမလွဲဘူး။ စာဆိုတာက ပါတ်ဝန်းကျင်ကိုထင်ဟပ်တတ်တာဆိုတော့ ကြက်ယက်ထားတဲ့မစင်ပုံလောက်တောင်ကြည့်ရ မြင်ရမတင့်တယ်တဲ့ ကိုယ့်ဝန်းကျင်ကိုထင်ဟပ်ပြီးထွက်လာမဲ့စာတွေကဘယ်လိုမှချိုသာပျော့ပျောင်းထွက်လာမှာမဟုတ်ဘူး၊ မရေးဖြစ်တာပဲခပ်ကောင်းကောင်း။
 
ပြည်တွင်းကမိတ်ဆွေတွေကတော့ အထက်ကကျနော့်စာတိုလေးကြည့်ပြီး ဘလွတ်ရွှတ်တ  စာရင်းထဲမပါဘူးဆိုတာကိုအံ့သြနားမလည်ဖြစ်ကြတယ်။ ဘာလို့လဲ နာမည်ကြီးပုဂ္ဂိုလ်ကြီးတွေ၊ အမျိုးသားကောင်စီ ညွှန့်ပေါင်းအစိုးရ ဆိုတဲ့ဆိုင်းဘုတ်ကြီးကြီးနဲ့ခေါင်းဆောင်ကြီးတွေတောင် မျက်မာန်တော်ရှတဲ့စာရင်းက လွတ်စေပြီး မင်းလိုဘာမဟုတ်တဲ့သူတွေမပါဘူးဆိုတာ ကဘယ်လိုကြီးလဲတဲ့။ ဒါတော့သူတို့တွေပဲသိမှာပဲပေါ့။ ဒါပေမယ့်စစ်အာဏာရှင်အဆက်ဆက်က အရူးပါးတွေ၊ နေရာတကာမှာရှက်ရကောင်းမှန်းမသိအောင်ရူးကြပေမယ့် သူ့အသက်ဗူးအာဏာနဲ့ ပါတ်သက်လာယင်သိပ်ပါးတယ်လို့ပြန်ပြောမိတယ်။ ဒီတော့သူက ဘာဘဲဖြစ်ဖြစ်ပြန်လာတာ ကောင်းတယ် တခြားလူတွေ ခေါင်ဆောင်းကြီးဆိုတဲ့ လူတွေတောင်ပြန်လာမှဘဲတဲ့။ သူကဆက်ပြောတယ် ပြောင်းတာတွေလဲပြောင်းကုန်ပြီတဲ့။ ဘာပြောင်းတာလဲ ပြောင်းခင်းနွားဝင်စားလို့ ပြောင်ကုန်တာလား ဆိုတော့ မင်းမနောက်နဲ့တကယ်ပြောတာ ဒီမှာပါတီတွေလည်းထောင်လို့ရပြီ၊ ဆန္ဒလည်းပြလိုရပြီ၊ လွှတ်တော်လည်းရှိနေပြီ ဒေါ်စုလည်းလွှတ်တော်ထဲရောက်နေပြီ ဒါပြောင်းကုန်တာပေါ့တဲ့။ ဒေါ်စုဝင်တာဝင်တာတခြားပဲ စစ်ကျွန်ခလောက်နဲ့ဆယ်အိမ်ခေါင်းလောက်တောင်အဆင့်မရှိလွှတ်တော်ကိုစိတ်မဝင်စားဘူး။ အမတ်မင်များပြောကြဆိုတာလည်းကြည့်အုံး၊ ရခိုင်ပြည်ဘက်မှာ ပြည်ထောင်စုတခုလုံးရဲ့နယ်မြေ အချုပ်အချာခြိမ်းခြောက်ခံနေရချိန်မှာ ကွမ်းတံတွေးထွေးတာကို ရေးကြီးခွင်ကျယ် ဆွေးနွေးနေကြတယ်။ တတိုင်းပြည်လုံးအရေးမပြောနဲ့ ဆွမ်းလောင်းအသင်းလောက်တောင် အဆင့်မရှိဘူး ကျေးရွာရပ်ကွက်အရေးတောင်လုပ်နိုင်စရာမရှိဘူး။ စစ်အာဏာရှင်တွေရဲ့ သောက်ဖော်စားဖက် ခေတ်ပျက်သူဌေးတွေ လယ်သမားတွေရဲ့ဘိုဘမြေတွေကို လွတ်လွတ်လပ်လပ်ကြီး အဓမ္မသိမ်းချင်သလိုသိမ်းနေတယ်၊ နိုင်ငံခြားကုမ္ပဏီတွေက ကိုယ့်သမီးကိုယ်နှမ အလုပ်သမလေးတွေကိုထင်သလို အဓမ္မကျင့်သွေးစုတ်နေတယ်၊ ဖမ်းချင်တဲ့သူကိုကြိုက်သလိုဖမ်းတုန်း၊ ပြဿနာဖြစ်ပြီဆို လူထုကိုကာကွယ်ဖို့ လူထုချွေးနည်းစာနဲ့ဖွဲ့လက်နက်တပ်ဆင်ပေးထားတဲ့ ရဲတွေ စစ်တပ်တွေက ကုမ္ပဏီတွေဖက်က ခရိုနီတွေဖက်က။ ဒါလားပြောင်းလဲတာဆိုတော့မိတ်ဆွေက ဒါဆိုမင်းကဘယ်လိုမှပြောင်းလဲတယ်လို့ လက်ခံမှာလဲတဲ့။ ငါလက်ခံတာ လက်မခံတာက နောက်ကိစ္စ လူထုဘဝ ပြောင်လဲတိုးတက်သလား၊ လူထုလက်ခံသလားဆိုတာကပဓါနပဲ၊ လူထုဘဝပြောင်းလဲဖို့ဆိုတာ ဓမ္မတာ မမှန်တဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံကိုဖျက်သိမ်းပြီး လူထုဆန္ဒကို တကယ်အခြေခံတဲ့နိုင်ငံရေးစနစ်ဖြစ်မှရမယ်။ အခုလိုအပေါ်ယံရွှေမှုံကြဲ အထဲနွားချီခံထားတဲ့စနစ်ထဲမှာမဖြစ်နိုင်ဘူးလို့ပြောလိုက်တယ်။ ဒီတော့ မိတ်ဆွေကဒါဆိုအခုတချို့ဒီအထဲဝင်လုပ်နေကြတယ်၊ ခုဆိုမင်းတို့အပြင်ကလူတွေလည်းပြန်လာတဲ့သူ ပြန်လာနေတယ်။ သူတို့ကလည်းဒီထဲကနေမှတဖြည်းဖြည်းချင်းပြောင်းသွားမယ်လို့ပြောနေကြတာနဲ့ အခြေနေတွေကိုဘယ်လိုထင်သလဲတဲ့။ ကျနော်တခွန်းပဲပြောလိုက်တယ်။ အရူးတွေနဲ့အကန်းတွေဘော်လုံးကန်သလိုပဲလို့။ ဘယ်သူနိုင်မယ်ထင်လဲဆိုတော့သူက အကန်းတွေကမြင်မှမမြင်ပဲ အရူးတွေပဲနိုင်မှာပေါ့တဲ့၊ မဟုတ်ဘူး အကန်းတွေကနိုင်တယ်။
ဒီလိုဗြုပ္ပတ်က..တခါကအလောင်းအစား အရူးတွေနဲ့အကန်းတွေဘော်လုံးချိန်းကန်ကြတယ်။ လောင်းကြေးကတော့ အရူးတွေကအထက်က၊ အကန်းတွေဘော်လုံးကိုသိနိုင်အောင် ဘော်လုံးကိုပိုက်စွပ်ပြီးချူဆွဲထားတယ်။ အကန်းတွေက ချူသံကိုနားစွင့်ပြီးလိုက်ကန်ကြတယ်။ အဲဒီမှာ အများမထင်တာတွေဖြစ်ကုန်တယ်၊ အရူးတွေဖက်ကလောင်းသူတွေခွက်ခွက်လန်ရူံးကုန်တယ်။ အဖြစ်ကတကယ်တော့ရိုးရိုးလေး၊ အရူးကအရူးပဲ သူလူကိုယ့်လူမသိဘူး၊ သူဂိုးကိုယ့်ဂိုးမသိဘူး။ ကိုယ်ကန်ချင်တာပဲသိတယ်၊ နီးရာကိုယ့်ဂိုးကိုယ်လည်းသွင်းလိုက်ကြတာ နောက်ဆုံး အကန်းတွေက ဂိုးအပြတ်နဲ့နိုင်သွားတယ်။ ကျုပ်တို့စကားစစ်လည်းဒီမှာတင်ပြီးသွားတယ်။
 
ရဲဘော်ကျော်သန်း

No comments: