ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ KIA တပ်ဖွဲ့ဝင်များ
KIA အနေနဲ့ စစ်တပ်က ဖိအားပေး စစ်ဆင်နေမှုကို ကြံ့ကြံ့ခံ ခုခံ
ရပ်တည်နေတဲ့အပေါ် သူ့ရဲ့နောက်မှာ အင်အားကြီး နိုင်ငံတစ်ခုက
ထောက်ခံအားပေးနေတာ ဖြစ်နိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက အခုလို သုံးသပ်
တင်ပြလာပါတယ်။ အနီးစပ်ဆုံး ဖြစ်စဉ်များအရ KIA နဲ့ အစိုးရ
တွေ့ဆုံဆွေးနွေးမယ့် နေရာကို ရွေးချယ်ခဲ့ရာမှာ အစိုးရအလိုကျ နေရာများကို
KIA ကပယ်ချပြီး တရုတ်နိုင်ငံအတွင်းမှာသာ ကျင်းပရေး KIA က
တောင်းဆိုခဲ့ပါတယ်။ ဒါကို အစိုးရက စိတ်အနှောင့်အယှက်ဖြစ်ကာ ဘ၀င်မကျ
ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ဒါ့အပြင် KIA သုံး လက်နက်များမှာ တရုတ်လုပ် RPG 7 ပုံစံတူ Type 69 ဒုံးပစ်လောင်ချာများ၊ အမ် (၂၁)၊ အမ် (၂၂) နဲ့ အမ် (၂၃) မောင်းပြန်ရိုင်ဖယ်များမှအစ လေယာဉ်ပစ် လက်နက်ကြီးများ အပါအ၀င် အများစုဟာ တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ လက်နက်တွေ ကိုင်တွယ်နေကြောင်း တွေ့ရှိရပါတယ်။ တရုတ်အစိုးရက မသိကျိုးကျွံ့ ပြုပေမဲ့ တရုတ်ထောက်လှမ်းရေးကဲ့သို့၎င်း၊ ယူနန်ပြည်နယ် အစိုးရအနေနဲ့၎င်း၊ တရုတ်အစိုးရဘက်ကနေ Buffer Zone ကြားခံနယ်မြေအဖြစ် KIA ကို ပြုလုပ်ထားနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မြန်မာအစိုးရဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည်ဖော်နေရာ တရုတ်အဖို့ ကွန်မြူနစ်အစိုးရ ဖြစ်နေတာကြောင့် တရုတ်နိုင်ငံရဲ့ အနောက်ဘက်တံခါး ပိုမိုလုံခြုံစိတ်ချရစေဖို့ UWSA အပြင် KIA ကိုပါ ကြားခံနယ်မြေ နောက်ဇုန်တစ်ခုအဖြစ် ထပ်မံထားနိုင်မှ ပိုမိုလုံခြုံမယ်လို့ ယူဆဟန်တူပါတယ်။ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံများနှင့် နီးစပ်လာတာနဲ့အမျှ တရုတ်အစိုးရအဖို့ စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်တက်နေပါတယ်။
ဒါ့အပြင် KIA ဘက်ကလည်း နောက်ကျောလုံခြုံစေဖို့ မဟာဗျူဟာအရ တရုတ်ကို ကျောထောက်နောက်ခံပြုရေး စည်းရုံးကြိုးစား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ KIA ဟာ တရုတ်အစိုးရ ပေါလစ်ဗျူရိုအထိ ပေါက်ရောက်ပြီး တရုတ်ထောက်လှမ်းရေးနဲ့လည်း လျှို့ဝှက်ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ တရုတ်စစ်တပ်က မြန်မာတပ်မတော်နဲ့ ဆက်ဆံရေး ပြေလည်နေစဉ်မှာ KIA အပေါ် တရုတ်အစိုးရက ဖိအားပေး ပိတ်ဆို့စေချင်တဲ့ သဘောရှိပါတယ်။ မြန်မာအစိုးရအနေဖြင့်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ UWSA က ဆန့်ကျင်ခဲ့တဲ့အပေါ် တရုတ်အစိုးရရဲ့ ဖိအားပေးမှု နည်းတာကြောင့် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ UWSA က BGF လုပ်ဖို့ ငြင်းဆန်လိုက်တဲ့အတွက်လည်း အစိုးရအဖို့ ပိုမိုဒေါသထွက်စရာ ဖြစ်လာပါတယ်။ UWSA ဟာ ယခင်က ဗကပဖြစ်ခဲ့တာမို့ မြန်မာ့တပ်မတော်အဖို့ နာကျည်းစရာ သမိုင်းကြောင်းများလည်း ရှိခဲ့ပါတယ်။
KIA ဌာနချုပ် လိုင်ဇာမြို့၏ ဂိတ်တစ်ခုရှေ့မှ KIA ရဲမေတပ်ဖွဲ့ဝင်တစ်ဦး
ဒါကြောင့် တချိန်ချိန်မှာ ရန်သူအဖြစ် တရုတ်အား ရင်ဆိုင်ဖို့
စစ်ဆင်ရေးစီမံချက်များ ပြင်ဆင်မှု တပ်မတော်မှာ ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာအစိုးရ အနေနဲ့ နိုင်ငံရေးမဟာဗျူဟာသဘောအရ ထာဝရမိတ်ဆွေ၊ ထာဝရရန်သူ
မရှိတာကြောင့် တရုတ်နိုင်ငံနဲ့ စစ်ဖြစ်ခဲ့ရင် မပခ၊ ရမခ၊ ရပခ၊ တသခ
တိုင်းစစ်ဌာနချုပ် တပ်တွေဟာ တရုတ်နယ်စပ်နဲ့ ထိတွေ့နေတာမို့
ရှေ့တန်းစစ်ဆင်ရေးတပ်များအဖြစ် ချက်ချင်းရင်ဆိုင်ရဖို့ လျာထားသလို
ထိုးစစ်မှာသုံးတဲ့ “တပ်မ” တပ်များနှင့် စကခတပ်များ အပါအ၀င် လေတပ်၊ ရေတပ်၊
လက်ရုံးတပ်ဖွဲ့များ ပူးပေါင်းရွှေ့ပြောင်း စစ်ဆင်ရေး စီမံချက်ကို
ရေးဆွဲထားပါတယ်။ မြန်မာပြည်အလယ်ပိုင်းရှိ တိုင်းစစ်ဌာနချုပ်များနဲ့
လွတ်နေတဲ့ စစ်တိုင်းများဖြစ်ကြတဲ့ နပခနဲ့ ရကတ တပ်များကိုတော့ Long of
Column လမ်းကြောင်း၊ ထိန်းသိမ်းရေးနဲ့လုံခြုံရေး၊ ဆက်သွယ်ရေး၊ ထောက်ပံ့ရေး၊
အုပ်ချုပ်မှု အထောက်အကူပြု တပ်များအဖြစ်၊ တပ်ရွှေ့ပြောင်းမှု Plan ကို
ကစထအနေနဲ့ ရေးဆွဲထားခဲ့တယ်လို့ သိရှိရပါတယ်။တကယ်တော့ တရုတ်အစိုးရ အနေနဲ့ KIA ကို နိုင်ငံရေး အခြေအနေအရ Buffer Zone လိုအပ်နေလို့သာ ထောက်ခံလာပေမဲ့ သိပ်ပြီး သဘောကျလို့တော့ မဟုတ်ကြောင်း စစ်ဘက်နီးစပ်သူများက ဆိုပါတယ်။ KIA တွေဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တာရယ်၊ ပညာတတ် ပုဂ္ဂိုလ်တွေဖြစ်တာရယ်၊ အနောက်တိုင်း ပုံစံမျိုး နေထိုင် ပြုမူနေတာတွေရယ်ကြောင့် UWSA ထက်စာရင် ယုံကြည်စိတ်ချရမှု လျော့နည်းနိုင်ခြင်း ဖြစ်ပါတယ်။ အစိုးရက အမျိုးသားညီလာခံကို တက်ရောက်ခဲ့တဲ့ KIA ကို အထူးသဖြင့် သမ္မတဦးသိန်းစိန် အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ညောင်နှစ်ပင်မှာ သံယောဇဉ် ကျန်ရစ်နိုင်ပါတယ်။ KIA အား အစိုးရက နေပြည်တော်ကို နောက်ဆုံးအခြေအနေအရ ခေါ်ယူဆွေးနွေးဖို့ ဖိတ်ခေါ်ထားပြီး သမ္မတဦးသိန်းစိန်အနေနဲ့ ငြိမ်းချမ်းရေး မီးရှုးတန်ဆောင်အဖြစ် အမှတ်ယူ (နိုင်ငံရေးသိက္ခာမြှင့်ဖို့) သွားနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ KIA က အစိုးရရဲ့ဖိတ်ခေါ်ချက်ကို ငြင်းဆန်လိုက်တာကြောင့် တင်းမာမှုရေချိန်မြင့်တက်လာပါတယ်။ ငြိမ်းချမ်းရေးဆုတောင်း ဆန္ဒပြပွဲတွေကို အစိုးရက ဟန့်တားအရေးယူတဲ့ လုပ်ရပ်တွေဟာ အစိုးရရဲ့ KIA အပေါ် ဒေါသဖြစ်မှုတွေကို ပေါ်လွင်စေပါတယ်။ ဒါကြောင့် KIA အပေါ်အစိုးရက စစ်ရေးအရ အရေးယူနိုင်စေမဲ့ KIA ရဲ့မှားကွက်ကို စောင့်ကြည့်နေမှာသေချာကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။
ဘာတွေလဲဟ
1 comment:
If China behind KIA, chicken generals' army doesn't dare touching it.
Post a Comment