Thursday, November 1, 2012

ဒီလို ပဲ မြင်တယ်..

  .(ချိုတူးဇော်)

စီနီယာ တယောက်နဲ့ ဆွေးနွေးရင်း ပြောဖြစ်တဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ်အမြင်ပါ။
အဆိုးမြင်တယ် ပြောပြော နှစ် ၅၀ လုံးလုံး ပြည်သူကို ရန်သူလို ဆက်ဆံလာတဲ့ စစ်အာဏာရှင်အုပ်စု ကို ကျနော် “ရန်သူ” လို့ပဲ မြင်နေဆဲပါ။
ဒီ့အတွက် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကို ခုလို သုံးသပ်ပါတယ်။

မြန်မာပြည် ပြန်လည်ထူထောင်ရေး အတွက် စစ်အုပ်စုဟာ
ညှိနှိုင်းအဖြေရှာပေးမယ့် ဆွေးနွေးဖေါ်ကောင်းဖြစ် ဖို့ ကျနော်တို့ဘက်က ဖိအားတွေ ဒါ့ထက်မကပေးရဦး မယ် လို့ပဲ မြင်ပါတယ်။ ဒီဖိအားတွေ မပါဘဲနဲ့တော့ စစ်အုပ်စုဟာ ဟန်ပြပြောင်းလဲရေးလှိုင်းလုံးကို စီးပြီး၊
သူ့အခွင့်၊ အာဏာကို ရသလောက် ကုတ်ကပ်တွယ်နေဦးမှာပဲ။ ဒီလို စစ်အုပ်စုကို ဖိအားပေးရမယ် လမ်းတသွယ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေ ကို မြင်ပါတယ်။
သူတို့ရပ်တည်ချက်တွေ လမ်းကြောင်းတွေ၊ လုပ်ရပ်တွေ မှားနေရင်၊ လွဲနေရင် ညှိနှိုင်း၊ စည်းရုံးပြီး စည်းလုံးတဲ့ အင်အားစုကြီးတရပ်ဖြစ်လာအောင်ပဲ လုပ်ဆောင် ဖို့ လိုတယ်၊ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေကြောင့်တော့ စစ်အုပ်စု ကို “ခြွင်းချက်အနေနဲ့” လက်ခံစရာ လတ်တလော သူတို့ရပ်တည်ချက်တွေ သဘောထား တွေ အရ လုံးဝ(လုံးဝ) မမြင်မိသေးပါဘူး။

လက်နက်ကိုင်အဖွဲ့အစည်းတွေကော၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု
တွေကော တညီတညွတ်တည်း စစ်အုပ်စု ကို ဖိအားတွေ ဆင့်ကဲ ဆင့်ကဲ(ဆင့်ကဲ) ပေးကိုပေးနေရဦးမယ့် အချိန်၊ အခြေအနေ လို့ပဲ မြင်ပါတယ်။
ခုချိန်ထိကို နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းထားဆဲ၊ ထိုးစစ်တွေ ဆင်နေဆဲပါ။

ရန်သူ ကနေ မိတ်ဆွေ ဖြစ်ဖို့နေနေသာသာ၊ သူတို့ဘက်က တိုက်ခိုက်မှုတွေ ရှိနေဆဲပါ။
ဒါကို မြင်ရင် ဘာအတွက်ကြောင့် ဘာအကြောင်းပြချက်ကြောင့်များ၊ ဒီပြည်သူ့ရန်သူတွေ ကို လိုက်လျော ထောက်ခံ အပြုသဘော ဆက်ဆံရမှာလဲ။

နှစ် ၅၀ လုံးလုံး အချိန်မတော် ဖမ်းဆီးခဲ့၊ သေပြီဆိုတဲ့ အကြောင်းကြားစာလေးနဲ့ အလောင်းတောင် ပြန်မရခဲ့တဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေကို သတိရကြစမ်းပါ။
၈၈၈၈ မှာ ကျဆုံးသွားခဲ့တဲ့ မ၀င်းမော်ဦးနဲ့ ဆရာဝန်လေးတွေ ကို သတိရကြစမ်းပါ။
ဘာတွေ များ ရနေလို့ ခင်ဗျားတို့ ထောက်ခံနေကြတာလဲ။
ခင်ဗျားတို့ အဲဒီလောက် ဈေးပေါချင်ရင်တောင် သေသွားတဲ့ သူတွေ ရဲ့ အသက်သွေးချွေးတွေက ဈေးပေါပေါ ပေးဆပ်ခဲ့တာ မဟုတ်ဘူး ဆိုတာ မမေ့ပါနဲ့။

လက်နက်ကိုင်လမ်းစဉ် ကို လိုက်ခဲ့တဲ့ ABSDF ရဲ့ ဥက္ကဌဟောင်း နှစ်ယောက်
သမ္မတကြီး ပြိုင်တူခေါ်ပြီး၊ ပြည်တော်ဝင်သွားတာမျိုးက အစ၊ အံ့သြမဆုံးဘူး။
ဒီအချိန်မှာ ရောက်တဲ့နေရာက၊ ရှိနေတဲ့နေရာကနေ ဒီပြည်သူ့ရန်သူ စစ်အာဏာရှင်တွေကို ဆက်တိုက် ဖိအားပေး တုန့်ပြန်ဆန့်ကျင်နေရမှာ။

သူတို့ပါးစပ် က မှားခဲ့ပါတယ်၊ လို့ တခွန်းမှ ၀န်မခံသေးဘူး။
၆၂ က စ ဒီနေ့ထက်ထိ ကျူးလွန်ခဲ့သမျှတွေကို။
ခင်ဗျားတို့ သူတို့ကို ထောက်ခံတာ၊ လက်ခံတာဟာ အဲဒီ လုပ်ရပ်တွေကို
သူတို့ ကျူးလွန်ခဲ့သမျှ ကို လက်ခံလိုက်တာနဲ့ အတူတူပါပဲ။

ဒေါ်အောင်ဆန်းစုကြည်က ညင်သာစွာ ပြောင်းလဲရေးအတွက် လမ်းကြောင်းဖွင့်ပေးထားရင် သူတို့ ဒီလမ်းကြောင်းအတွက် လျှောက်လာဖို့၊
တခြားသူတွေက ဘာတွေ လိုမယ် ထင်သလဲ။
ဒီအတိုင်း ဒေါ်စုနောက်လိုက်ပြီး ပြန်လည်သင့်မြတ်ရေး အိယောင်ဝါး လျှောက်အော်နေလို့ကတော့ ရှိသမျှ စစ်အာဏာရှင်တွေက သူတို့နဲ့ ခရိုနီတွေရဲ့ လက်ငုတ်လက်ရင်း သယံဇာတ အိမ်တိုင်ချွတ်ရောင်းတဲ့ အလုပ်ကို ဒူးကလေးနှံ့ရင်း ဇိမ်နဲ့ ဆက်နေနေကြမှာပေါ့ဗျ။ သဘောမပေါက်ဘူးလား။

ခုချိန်မှာ လိုတာ စစ်အုပ်စု ကို တုန့်ပြန် ဖီဆန်တဲ့ ဆန့်ကျင်တဲ့ ဖိအားတွေပဲ။
ပြည်တွင်းကကော၊ ပြည်ပကကော၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့
ကော တညီတညွတ်တည်း လုပ်ဖို့လိုပါတယ်။

ဒါမှ ဒေါ်အောင်ဆန်းစုကြည် လိုချင်တဲ့ ညင်သာတဲ့
ပြောင်းလဲမှုကိုလည်း အဲဒီလို ဖိအားပေးမှုနဲ့ပဲ ရလာဒ်တွေ တိုးတက်လာမယ်လို့သာ မြင်ပါတယ်။

ချိုတူးဇော်

No comments: