Tuesday, January 31, 2012

ဆင်ဆာထိသွားသော ကျမဆောင်းပါး( ရွှေစင်ဦး)


by Khine Khine Saw Lwin on Tuesday, January 31, 2012 at 4:19am
  • facebook စာမျက်နှာတွင် မြောက်ပိုင်းဒေသမှအရိုးတွန်သံဆောင်းပါးကို ဖတ်ရပြီးနောက် လွန်ခဲ့သောအနှစ်နှစ်ဆယ်က ကိုယ်တိုင်သိရှိခံစားခဲ့ရသည့် အဖြစ်အပျက်တို့ကို အမှန်အတိုင်း ဖြစ်စဉ်အတိုင်း (မည်သူတစ်ဦးတစ်ယောက်၊ မည်သည့်အဖွဲ့အစည်းတစ်ခုက်ုမျှ ထိခိုက်ခြင်းမရှိပါပဲ)၊ ရေးသားလိုက်ပါသည်။ ဆောင်းပါးကိုဖတ်စဉ် စိတ်ထဲခံစားရသည့်အတိုင်း ဖြစ်စဉ်များကို သတိရမိသည့်အတိုင်း ရေးလိုက်ပါသည်။ ကျောင်းသားတစ်ယောက် နိုင်ငံအတွက် လိုအပ်သည့်အချိန်တွင် နိုင်ငံရေးဆောင်ရွက်ချက်များလုပ်ကိုင်ရာမှ မိခင်တစ်ယောက်၏ မိဘမေတ္တာဖြင့် တားဆီးပိတ်ပင်ခြင်းမရှိပါပဲ ဖြစ်လာသမျှ ကြုံလာသမျှ ခံစားရပုံကို တင်ပြပါသည်။
  • ဆောင်းပါးရေးပြီးနောက် မဂ္ဂဇင်းတစ်ခု၊ ဘလော့တစ်ခုသို့ ပို့ရန်စိတ်ကူးမိပါသည်။ ကျမ facebook စာမျက်နှာတွင် သူငယ်ချင်းနည်းပါးသည့်အတွက်လည်း ထိုသို့စိတ်ကူးမိခြင်းဖြစ်ပါသည်။ ထိုအခါ ကျမနှစ်သက်သည့် မောက္ခမဂ္ဂဇင်းကို ပို့မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ထိုမဂ္ဂဇင်းက လောလောဆယ်ဖြစ်ပျက်နေသည့် အခြေအနေအရ အသုံးမပြုလို၍ ငြင်းပယ်ပါမှ မိမိ facebook တွင် တင်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။
  • ဇန်နဝါရီ ၂၅ရက်နေ့တွင် မြောက်ပိုင်းဒေသမှအရိုးတွန်သံဆောင်းပါးကြောင့် နိုးထလာသောနှလုံးသားပုံရိပ်တစ်ခု ဟူသော ကျမဆောင်းပါး မောက္ခမဂ္ဂဇင်းတွင်ပါလာပါသည်။ ကျမရင်ထဲအမှန်တရားတစ်ခုကို ပြောပြလိုက်ရသဖြင့် ရင်ထဲပေါ့ပါးသွားပါတော့သည်။ မောက္ခအယ်ဒီတာအား ကျေးဇူးတင်မိပါတော့သည်။ သို့သော် ကြာကြာမတင်လိုက်ရပါ။ ကျမဆောင်းပါးသည်  တဖက်အသင်း၏ တိုက်စစ်မှုးကန်သွင်း၍ ဂိုးဝင်သွားဖြင်းမဟုတ်ဘဲ နောက်တန်းလူနှစ်ယောက် ယောင်တောင်တောင် လုပ်ရာမှ သူ့အလိုလို နောက်ခံလူနှင့်ထိပြီး ဂိုးဝင်သွားသည့် အဖြစ်လိုပင်။  ကျမ မေးလ်ထဲသို့ မောက္ခအယ်ဒီတာတစ်ဦးက ခုလိုစာပြန်ထားပါသည်။
မရွှေစင်ဦး

စာမူပို့ပေးလာတဲ့အတွက် ကျေးဇူးပါ။
ကျနော်တို့ ဖတ်ရှုသုံးသပ်ပြီး အကြောင်းပြန်ပါမယ်။ အတော်ရှုပ်ထွေးတဲ့ ဖြစ်ရပ်မှန် ဆိုတော့ကာ ကျနော်တို့ ဆင်ခြင်ရမယ့်အပိုင်းကလည်း ရှိပြန်တယ်။
ဒါပေမယ့် မိသားစုဘ၀တွေအပေါ်မှာ စာနာနားလည်စိတ်နဲ့ ခံစားဖြစ်ပါတယ်။

လေးစားလျက်

သိန်းနိုင်
မောက္ခပညာရေးမဂ္ဂဇင်း


စာမူက မောက္ခမဂ္ဂဇင်းမှာပါလာနေပါရက်နဲ့ ဒီစာရတော့ ကျမ အံ့အားသင့်မိပါတယ်။ နောက်မှ ကျမသိနေတဲ့ နောက်အယ်ဒီတာတစ်ယောက်ကို မေးကြည့်တော့မှ သူကဒီစာပြန်ထားတာမသိပဲ ဒီဆောင်းပါးလေးကောင်းသားပဲ၊ ခုတလောဒီအကြောင်းတွေ ရေးနေတာတွေ့နေ ဖတ်နေရတယ် ဆိုကာ သုံးလိုက်မိပါတယ်လို့ ပြောပြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမစာမူကတော့ အဲဒီအချိန်မှာ ပါလာခဲ့ပြီး တော်တော်များများလည်း ဖတ်နေကြပါပြီ။ နောက်တစ်ရက်အကြာမှာတော့ ကျမစာမူဟာ ခေါင်းစဉ်ပြောင်းသွားပါတော့တယ်။ ဘာ့ကြောင့်လည်းသိလိုတဲ့အတွက် မေးလိုက်တဲ့အခါ " အရိုးတွန်သံဟူသော အသုံးကို မကြိုက်ပါ" လို့ ပြောလာလို့ပါတဲ့။ ဘယ်သူကမကြိုက်တာလဲ ကျမ မမေးတော့ပါ။ တခုခုစွက်ဖက်မှုရှိတယ်ဆိုတာ ရိပ်မိပေမယ့် မသိယောင်ဆောင်နေလိုက်ပါတယ်။ ကိစ္စမရှိပါလို့ အယ်ဒီတာကို ရယ်ရယ်မောမောပဲပြောလိုက်ပါတယ်။
သူတို့ပြင်လိုက်တဲ့ခေါင်းစဉ်က  " မအေးခဲသွားနိုင်တဲ့ မြောက်ပိုင်းရဲ့ နောက်ဆက်တွဲ ဝေဒနာ" ပါ။  ဒီအထိလောက်နဲ့တော့ အခုလို ရှည်ရှည်ဝေးဝေး ပြောပြစရာမရှိပါ။ 

ခေါင်းစဉ်ပြောင်းတာ အယ်ဒီတာက စာရေးသူကို အကြောင်းမကြားခဲ့ပေမယ့် ကျမ ဘာမှမပြောတော့ပါ။ အဲဒီနောက်မှာ စာမူကိုပြန်ဖတ်ကြည့်တော့ စာသားတစ်ချို့ကို ပြင်ထားတာတွေ့ရပါတယ်။ ဒါလည်း " အော်... ငါ ရေးထားတာ လိုနေလို့ နေမှာလေလို့ တွေးပါသေးတယ်" ' ဆိုးလှတာက နောက်ဆုံးပိုဒ်က ကျမရေးထားတာကို ဖြုတ်-ထုတ်လိုက်တာပါပဲ။ အဲဒီထက်ဆိုးတာက ထိုအယ်ဒီတာဟာ သူ့ရေးချင်တာကို သူ့ဘာသာထဲ့ရေးလိုက်တာပါ။ အဆိုးဆုံးနဲ့ သည်းမခံနိုင်ဖြစ်ရတာက ကျမကို လုံးဝ အသိပေး ခြင်းမရှိတာပါပဲ။ အဲဒီလိုပြင်ပီး ဖြုတ်-ထုတ် ပီးကာမှ ကျမကို အောက်ပါအတိုင်း အကြောင်းကြားထားပါတယ်။

ဟဲလို

ကျနော်တို့ နည်းနည်းပါးပါး တည်းဖြတ်၊ ဖွဲ့နွဲ့ပြီး စာမူကို တင်လိုက်ပါတယ်။
ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ကျောင်းသားတော်လှန်ရေးသမိုင်း အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်

အဖြစ်မှန်ကို လက်ခံဖော်ထုတ်ရမယ့် တာဝန်တွေရှိနေသလို သမိုင်းတစ်စုံလုံးကိုလည်း အညစ်အထေး မဖြစ်စေချင်ပါ။
အဲဒီအတွက် အဆင်ပြေမယ်ထင်ပါတယ်။
ဆက်ရေးပါဦး။
လေးစားလျက်.
သိန်းနိုင်
ကျမစာမူဟာ မောက္ခအွန်လိုင်းမဂ္ဂဇင်းမှာတက်လာပြီးကာမှ ခုလိုဖြစ်လာတာပါ။ အဖြစ်အပျက်တွေ မှန်တယ်မမှန်ဘူးဆိုတာ အများက ဆုံးဖြတ်ရမယ့် ကိစ္စပါ။



ဆရာရှင့်

ခေါင်းစဉ်ပြောင်းတာ၊ အကြောင်းအရာပြောင်းတာ ကျမကိုအကြောင်းကြားသင့်တယ်လို့ ထင်ပါတယ်။ ကျမကို အကြောင်းကြားပီး ကျမဆန္ဒကို မေးပီးမှ လုပ်သင့်တယ်လို့ ကျမယူဆပါတယ်။ နိဂုံးပိုင်းကို ပြင်လိုက်တာ ကျမသဘောမကျပါ။
အရိုးတွန်သံဆောင်းပါးကြောင့် ဒီစာမူ ရေးဖြစ်တာပါ။ ဒါ့ကြောင့် ဒီခေါင်းစဉ်ပေးလိုက်တာပါ။ ဒီခေါင်းစဉ်ဟာ ဒီစာမူရဲ့အသက်ပါ။ ပြင်ချင်ရင် စာရေးသူကို
လေးစားတဲ့ အနေနဲ့ ပြောသင့်ပါတယ်။ ကျမတို့ ဒီမိုကရေစီလမးကြောင်းပေါ်ရောက်ေ
အာင် နှစ်ပေါင်းများစွာ  ဒုက္ခသုက္ခ အသက်သွေးတွေနဲ့ရင်းပီးစောင့်ခဲ့
ရတာပါ။  ဒီလမ်းပေါ်ကို ဒီမိုကရေစီကျကျ လျှေက်ကြမှဖြစ်မှာပါ။
            ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားသလို သူတပါးကိုလည်းတန်ဘိုးထားလေးစားတယ်ဆိုတာ ဒီမိုကရေစီရဲ့ အသက်ဝိညဉ်ပါ။

ကျမဟာ မဂ္ဂဇင်းမှာတင်ထားတဲ့ ၊ ခေါင်းဖြတ် အမြီးဖြတ်ထားတဲ့ ကျမစာမူကို ကျမကိုယ်တိုင် မမြင်လိုတော့ပါဘူး။ဒါ့ကြောင့် ဆက်လက်မတင်လိုတော့တဲ့ အကြောင်း စာပို့လိုက်ပါတယ်။


မောက္ခအယ်ဒီတာရှင့်
                              
  ကျမစာမူကို ကျမအား အသိပေးတိုင်ပင်ခြင်းမရှိပါပဲ ပြင်ဆင်ဖြည့်စွက်ရာမှာ ကျမသဘောမတူသည့် အချက်ပါဝင်သည့်အပြင် စာမူခေါင်းစဉ်ကိုပါ လုံးဝပြောင်းလိုက်သည့်အတွက် ကျမစာမူကို
မောက္ခပညာရေးဘလော့တွင် အသုံးပြုခြင်းမှ ရပ်ပေးပါရန်အကြောင်းကြားပါသည်။ (ကျမကို ပြောင်းလဲ ဖြည့်စွက်ပီးမှ အကြောင်းကြားခဲ့ခြင်းဖြစ်သည်)။

လေးစားစွာ
 ရွှေစင်ဦး
စာရေးဆရာ သတင်းစာဆရာကြီးတစ်ဦးဖြစ်တဲ့ လူထုစိန်ဝင်းက ဆောင်းပါးတစ်ပုဒ်မှာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ပတ်သက်ပြီး ခုလိုရေးတာဖတ်ဘူးပါတယ်။
             စာနယ်ဇင်းသမားတစ်ယောက်ဟာ စာဖတ်သူ ပြည်သူလူထုရဲ့အကျိုးကိုသာ ကြည့်ပြီးရေးရမှာပါ၊ လုပ်ဆောင်ရမှာသာဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခု၊ ပုဂ္ဂိုလ်တစ်ယောက်ယောက် အတွက် လုပ်ရင်တော့ စာနယ်ဇင်းအာပတ်သင့်ပါတယ်တဲ့။

 ကျမရေးထားတဲ့ ဆောင်းပါးကို  facebook စာမျက်နှာမှာဖတ်နိုင်ရန် တင်ပေးလိုက်ပါတယ်။

No comments: