Friday, January 27, 2012

ဂျီးဒေါ်နှင့် ၀တ်ပြုဆုတောင်းပွဲ


ဂျော်ဒီး
ဇန်န၀ါရီ


သရုပ်ဖော် - အော်ပီကျယ်
အလို ဟုတ်မှ ဟုတ်ရဲ့လား။ ဂျီးဒေါ်တယောက် ကိုယ့်မျက်လုံးကို ကိုယ်နှစ်ခါသုံးခါ ပွတ်သတ်ကြည့်မိတယ်။ ဟယ် ဟုတ်သဟ။ ငါ့အမြင်တွေ မေ၀၀ါးသေးပါလား။ ဖွတ်တော်ကိုယ်စားလှယ် ..အဲလေ ..လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဗြောင်သိမ်းခြင်းမှ ဦးဗြောင်သိမ်းခြင်းအစစ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ သူ့ရဲ့အမှတ်တံဆိပ် နဖူးပြောင်ပြောင်ကြီးကို ဂျီးဒေါ်တို့ရပ်ကွက်သားတွေ အော့နှလုံးနာ သေရာပါအောင် မှတ် မိနေတာလေ။ ဂျီးဒေါ်တို့ ရပ်ကွက်သားတွေထည့်ထားသော မဲပုန်းကြီးကို သူ့အိမ်ကို ဗြောင်သယ်ပြီး သိမ်းသွားကာ ကြိုတင်မဲတွေနဲ့လဲ ထည့်ပြီး အနိုင်ကြေညာခဲ့လို့ သူ့ကို ဗြောင်သိမ်းခြင်းလို့ နံမယ်တွင်ခဲ့တာ။ ဘယ်မေ့လိမ့်ဦးမလဲ။ သူ့ကို ငေးရင်း အောက်က မညီမညာ ထိုး ထိုးထောင်ထောင် လမ်းတ၀က်တပျက်ကြီးပေါ်မှာ ဂျီးဒေါ်ခလုပ်တိုက်မိလေတော့သည်။

“ဒုတ် .. ဂလုပ် ... ပလုပ်တုတ်တုပ် ... ဗုဒ္ဓေါ” ဂျီးဒေါ်ပါးစပ်မှ အသံမျိုးစုံထွက်ရင်း လက်ဆွဲခြင်းတခြား လူတခြားဝမ်းလျားမှောက်ကြီး လဲလေရာ ဖွတ်တော်အမတ်ကြီး ဦးဗြောင်သိမ်းခြင်းက ကမန်းကတန်းပြေးလာပြီး ပရွက်ဆိတ်အုံ တက်မတက် ချိုသာသော မျက်နှာကြီးဖြင့် ... “အိုး ... ဘယ်နာသွားသလဲ” ဘာညာ သာရကာတွေ မေးနေရာ ဂျီးဒေါ်ခမျာ သူဆွဲမထူခင် ကမန်းကတန်း ကုန်းရုန်းထလိုက်ရလေသည်။

“တောက် ... ဒီလမ်းကလည်း တခြမ်းခင်း တခြမ်းမခင်းနဲ့ ဖြတ်သန်းသွားလာသမျှလူတွေကို ကားတွေကို ဒုက္ခပေးနေတာ ဟင်းးးး တောက်”
“မဟင်းးးး တောက်ပါနဲ့ ဂျီးဒေါ်ရယ်။ ကျန်တဲ့ လမ်းတခြမ်းဆက်ခင်းဖို့ ကျနော်မျိုးကြီး ဗြောင်သိမ်းခင်း ပြန်လာပါပြီ ဟီ ဟိ”

“နေပါဦး ဦးဗြောင်သိမ်းခြင်းရယ် ... ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက ပျောက်နေလိုက်တာ။ ခင်းလက်စ လမ်းတွေလဲ တို့လို့တန်းလန်း။ ၂၀၁၀ ရွေးကောက်ပွဲ အကြိုမဲဆွယ်ပွဲတွေ တုန်းက ပေးထားတဲ့ ကတိတွေလည်း တခုမှမလုပ်။ ဘယ်သွား စက်တော်ခေါ်နေသတုံး”

“အော် ..လွှတ်တော်ထဲမှာ သွားစက်တော်ခေါ်နေရလို့ မအားလု့ပါဂျီးဒေါ်ရယ်။ ဂျီးဒေါ်တို့ကို ဧပရယ်ဖူးးးးလ်လုပ်ဖို့ အခုပြန်လာပါပြီ။ တခါတည်း အပြီးခင်းပေးထားရင် အခုလို ကြားဖြတ်ရွေးကောက်ပွဲတွေလုပ်ရင် ခင်းဖို့မရှိမှာစိုးလို့ တမင်ချန်ထားတဲ့ လမ်းလေးတွေ ဆက် ခင်းပေးမယ်လေ ဟေဟေ”
ပြောပြောဆိုဆိုနဲ့ ဦးဗြောင်သိမ်းခြင်းက လမ်းတွေ့သမျှလူတွေကို ဦးခေါင်းလေးတညိမ့်ညိမ့်နဲ့ “မဲဆန္ဒရှင်ပြည်သူများကို အရမ်း အရမ်း ချစ်တာပါပဲခင်ညာ။ ကျနော်တို့ပါတီကလေ လမ်းတွေလဲ ဆက်ခင်းပေးမယ်။ မီးတွေလဲ မပြတ်အောင် လုပ်ပေးမယ်နော်။ မီတာခ လေးတက် တာတော့ သီးခံပါဗျာ။ ထိန်းသိမ်းခက များနေတော့ သူနဲ့ကိုက်ညီအောင် တက်ပေးရတာပါ။ ဒါတောင် ကျနော်တို့ လျှပ်စစ်စွမ်း အင်ဝန်ကြီး ဌာနမှာ အရှုံးပေါ်ပါတယ်။ ကိုယ့်အိတ်ထဲ ကိုယ်ထဲ့တာများသွားလို့ပါ” စသဖြင့် ပြောချင်ရာပြောရင်း အာပလာရိုက်ကျန်ခဲ့လေသည်။

ဂျီးဒေါ်လည်း ကိုယ့်လက်ဆွဲခြင်းကလေးကို ဆွဲပြီး အိမ်ကိုပြန်လာရာ လမ်းခုလတ်တွင် ရှေ့မှလာနေသော ဖွတ်တော်ကိုယ်စားလှယ် သေ ငနာကုပ္မဏီပိုရင် သေဌေးကြီး ဒေါက်တာသေငနာကို ဘာမှန်းမသိသော ၀တ်ရုံကြီးတခုကို ဖို့ယိုဖားယားခြုံလျှက်တွေ့လိုက်ရပြန်သည်။

“ဦးသေငနာ ..ထမီကြီးခြုံလို့ပါလား။ ဘယ်နှစ်ကြိုးတတ်လဲ” လို့ ဂျီးဒေါ်က ပွားလိုက်ရာ ..
“ထမီခြုံတာမဟုတ်ဖူးဗျ။ ဒေါက်တာဘွဲ့အတု ..အဲလေ အစစ်ရထားလို့ ဘွဲ့ဝတ်ရုံခြုံထားတာ။ ကျုပ် နိုင်ငံဂျားတက္ကသိုလ်က ဒေါက်တာဘွဲ့ ရထားတာကို မနာလိုသူတွေက အမနာပ ပြောကြလို့ စက်ဆိုင်မှာ သေချာအော်ဒါမှာပြီး ချုပ်ထားတဲ့ဘွဲ့ဝတ်ရုံဗျ။ ခင်ဗျား မျက်စိမှုန်နေတယ် ထင်တယ်။ အော် .. ကျုပ်မဲဆန္ဒနယ်က ဆိုရင်တော့ မျက်စိလေး ဘာလေး အခမဲ့ခွဲစိတ်ပေးပါရဲ့ဗျာ”

“ဟင် ဒေါက်တို့ အဲလော ဒေါက်ချာ့မဲ့ဆန္ဒနယ်ကမဟုတ်ရင်ကော ခွဲမပေးဘူးလား။ စေတနာကလဲ မဲဆန္ဒနယ်အလိုက်ခွဲထားရသေးလား”
“အစကတော့ မခွဲပါဘူးဗျာ။ စေတနာတန်းတူထားပါတယ်။ ကျုပ်ကကိုယ့်ကိုယ်ကိုတောင် ဘယ်လောက်ချမ်းသားမှန်းမသိအောင်ကို ချမ်း သာတာလေ။ ဒါပေမယ့် အခုတော့ စာရင်းမရှိ အင်းမရှိ ချမ်းသာ၊ နိုင်ငံ့ပိုက်ဆံတွေနဲ့ သူဌေးလုပ်ပြီး ၂၀၁၀ မှာ အသားကုန်သုံးလိုက်မိလို့ သိပ်မကျန်တော့ဘူး။ ဒီကြားထဲ ...”

ဒေါက်တာသေငနာက ဟိုဟိုဒီဒီကို ကျီးကြည့်ကြောင့်ကြည့် ကြည့်ရင်း တစုံတရာကို ကြောက်ရွံ့ဟန်လေသံတိုးကလေးနဲ့ “ဟိုထောက်ပြုတ် ကြီးကိုလည်း ထိပ်ပေါ်တင်ပြီး ထောက်ပံ့ကြေး ထောက်ရဦးမှာမို့ အရင်လောက် မဖြုန်းနိုင်လို့ပါ” လို့ သနားစရာ ပြောရှာသည်။
“အင်းပေါ့လေ .. ကျေးဇူးခံ ကျေးဇူးစားတွေပဲ ထောက်ရမှာပေါ့”

ဂျီးဒေါ်က အားပေးလိုက်ရာ ..“ဒါပေမယ့် အခု သမတလူကြမ်းအဖွဲ့ က သူတို့နဲ့ခြေရာတိုင်းရသလားဆိုပြီး ကျုပ်ကို မျက်ညှိုးစိုက်နေလို့ ဘာလုပ်ရမှန်းတောင်မသိ..ညစ်တယ်ဗျာ။ ကဲ..ကဲ.. အချိန်ရှိခိုက်.. သူတို့ ကျေနပ်အောင် ခွင်လေးတွေ ရှာဖန်ပေးလိုက်ဦးမယ်ဗျား။ မတတ် သာရင်လဲ တွေ့တဲ့လယ်ကွင်းတွေ လက်ညှိုးထိုးသိမ်းပြီး လက်ဆောင်ပေးသင့် ပေးရဦးမယ်ဗျို့”

“ဟင် အဲလိုဆို ရွေးကောက်ပွဲကြရင် လယ်သမားတွေက ဒေါက်တာသေငနာကြီးကို ဘယ်မဲပေးတော့မလဲ”
“မပူပါနဲ့ ဂျီးဒေါ်ရာ ..။ အခုကြားဖြတ်ရွေးကောက်ပွဲက ကျုပ်နယ်မြေမှာ ရွေးကောက်ပွဲလုပ်စရာမလိုဘူးလေး။ အဲဒီတော့ ၂၀၁၅ ရွေးကောက် ပွဲနားနီးမှပဲ သူတို့ကို ပြန်ချော့တော့မယ်။ အခုတော့ မလိုသေးပါဘူးဗျာ ဟဲ ဟဲ ဟဲ ဟဲ”

ဝတ်ရုံကြီး ဖို့ယိုဖားယားနှင့် ထွက်သွားသော ဒေါက်တာသေငနာကို ကြည့်ရင်း ဂျီးဒေါ်စိတ်ထဲမှာ အတွေးတခုပေါက်လာသည်။ အိမ်ရောက်လျှင် ဘုရားစင်ရှေ့မှာ သေသေချာချာထိုင်ရှိခိုးရင်း ဆုတောင်းရဦးမည်။ အကျယ်ကြီးကို အော်ပြီး ဆုတောင်းရမည်။ ဒါမှ တခြားသော ပြည်သူပြည်သားတွေပါ သိကြားကုန်ပြီး သူတို့လည်း ဆုတောင်းကြပေလိမ့်မည်။ နောက်ပိုင်းမှာ လူစုလူဝေးဖြင့် ဆုတောင်းပွဲ တွေ ဘာတွေလုပ်သင့်လုပ်ရမည်။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးတွင် လူတိုင်းငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခွင့်ရှိသည် ဆိုလား ..လား ..လား ...

“ဗျိုးးးး ဂျီးဒေါ်”
“အမယ်လေး လန့်လိုက်တာသာဂိရယ်။ ငါ့စိတ်ကူးလေးတွေတောင် ဘယ်ရောက်ကုန်ပါလိမ့်”

“၀တ်ပြုဆုတောင်းပွဲလုပ်မလို့ သာဂိရေ။ နင်လဲလိုက်မလား။ တို့တွေ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးသား ပီသအောင် ငြိမ်းချမ်းစွာ စီတန်း လှည့်လှည်ပြီး ဆုတောင်ပွဲလေးလုပ်မလားလို့”
“ဟုတ်ပ…ဂျီးဒေါ်ရေ။ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးရဲ့လွှတ်တော်ကြီးကတော့ လူတိုင်းလွတ်လပ်စွာ စီတန်းလှည့်လည်စုဝေးခွင့် ဆန္ဒဖော် ထုတ်ခွင့်တွေကို ခွင့်ပြချက်တောင်ပြီ ခွင့်ပြုရင်လုပ်ဆောင်နိုင်ဖို့ ဥပဒေတွေတော့ ပြဌာန်းပြီးသွားပြီ ဂျီးဒေါ်။ ဒါပေမယ့် ...”

“ဟဲ့ ..ဘာဒါပေမယ့်တုံး”
“ဥပဒေတွေထွက်လာပေမယ့် ဆင်ပြောင်ကြီး အမြီးကျမှတစ်ပြီး ... နည်းဥပဒေတွေမေ့ကျန်ခဲ့လို့ ခွင့်မပြုနိုင်သေးဘူး ...ဆိုလား။ ဒါနဲ့ နေပါဦး ဂျီးဒေါ်က ဘာတွေဆုတောင်းမလို့တုံး”

“အော် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆိုတော့ ဖွတ်တော် ..အဲ ..လွှတ်တော်ကိုယ်စားလှယ်ကြီးတွေက ရွေးကောက်ပွဲနီးတိုင်း တို့ပြည်သူတွေ ကို ထိပ်ပေါ်တင်မတတ် ချစ်ခင်ကြ အခွင့်အရေးတွေ အလုအယက်ပေးကြတာမို့လို့ တနှစ်မှာ ၃၆၅ ရက်စလုံးနဲ့ နှစ်တိုင်း နှစ်တိုင်း ရွေးကောက်ပွဲတွေ မပြတ်လုပ်ကြပါစေလို့ ဆုတောင်းမလို့ပါဟယ်”
“တိန်”

No comments: