Thursday, January 26, 2012

ပြုပြင်ပြောင်းလဲသူများဘက်မှ ၈၈ မျိုးဆက် လွန်ဝင်ဆွဲမည်


ရွှေယင်းမာဦး
အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)
ထောင်ဒဏ်ကျခံနေရရာမှ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာမီက လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် နိုင်ငံ အတွက် ပြုပြင်ပြောင်းလဲလိုသူများဘက် မှ ရပ်တည်ကာ ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၂၁ ရက်နေ့ က ရန်ကုန်မြို့တော်ဝင်စင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်။
လွတ်မြောက်လာပြီး တစ်ပတ်အကြာ တွင်ပြုလုပ်သည့် အဆိုပါသတင်းစာ ရှင်းလင်းပွဲ၌ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြုပြင် ပြောင်းလဲရေးလုပ်လိုသူများနှင့် ဖိနှိပ် ချုပ်ချယ်လိုသူ၊ အခွင့်ထူးခံလိုသူ၊ စနစ်ဟောင်းကို ဖက်တွယ်ထားသူများ အကြားတွင် လွန်ဆွဲပွဲတစ်ခုကဲ့သို့ တည်ရှိ နေဦးမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြားသည်။
"လွန်ကြိုးတစ်ဖက်မှာ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ အင်အားစုတွေ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ်ပါ။ သူတို့ကတစ်ဖက်ပါ။ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာနေမယ်ဆိုတဲ့လူတွေက တစ်ဖက်ပါ။ အဲဒီ လွန်ဆွဲပွဲမှာလည်း ၈၈ ဟာ ပြုပြင် ပြောင်းလဲလိုသူတွေဘက်ကပဲ လွန်ဝင်ဆွဲဦးမယ် ဆိုတာလည်း ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်"ဟု ကိုမင်းကိုနိုင်က ဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ဇန်န၀ါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသူ ၈၈ ကျောင်းသား ခေါင်းဆောင်များဖြစ်ကြသော ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုမြအေး၊ ကိုအောင်သူ အစရှိသူ တို့က ဦးဆောင်ခဲ့သည်။
လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် ၈၈ မျိုးဆက် ကျောင်းသားများ မည်သို့ သုံးသပ်သလဲဆိုသည်မှာ ခေတ်စားနေ သည့်မေးခွန်းဖြစ် ကြောင်း ကိုမင်းကိုနိုင် က ဖန်ခွက်ထဲတွင်ရေတစ်ဝက်ရှိသည့်အပေါ် ထားရှိသည့်အမြင်နှင့် ဥပမာပေးကာ ပြောကြားသည်။
"တစ်ဝက်ကြီးများတောင်လို့လည်း အကောင်းမမြင်နိုင်ဘူး။ တစ်ဝက်တည်း နည်းလိုက်တာလို့လည်း အဆိုးမြင်တာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ရေရှိမှ အသက်ရှင်မယ့်ငါးတွေ၊ ငါးတွေအတွက်ကတော့ တစ်ဝက်ကိစ္စ မဟုတ်ဘူး။ အသက်ကိစ္စပါ" ဟု ၎င်းက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများသည် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နယ်ပယ် အသီးသီးသို့ ၀င်ရောက်သွားခဲ့ပြီးနောက် ယခု အကျဉ်း ထောင်အသီးသီးမှ လွတ် မြောက်လာပြီးသည့်နောက်တွင် အချင်းချင်း ပြန်လည်လက်တွဲကာ တိုင်းပြည်တွင် လောကပါလတရား သုံးပါး ထွန်းကားရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
"ကျွန်တော်တို့ဟာ လောကပါလ တရားသုံးပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ အချက်သုံးပါးနဲ့ ပတ်သက်ရင်တော့ လောကပါလတရားသုံးပါးကို တည်ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေကြားမှာတော့ ဘက်မလိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလတရားသုံးပါး တည်ထောင်သူတွေဘက်ကနေ ပြတ် ပြတ်သားသား ဘက်လိုက်မှာပါ" ဟု ကိုမင်းကိုနိုင်က ဆိုသည်။
ယခင်သီတင်းပတ်က မြန်မာနိုင်ငံသို့ လာရောက်ကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သူ အမေရိကန်အထက်လွှတ်တော် အမတ် Mitch McConnell က သမ္မတ ဦးသိန်းစိန်အား ပြုပြင်ပြောင်းလဲရေး သမားအဖြစ် မှတ်ချက်ပြုခဲ့သော်လည်း ၈၈ မျိုးဆက်ကျောင်းသားများကမူ 'ပြုပြင်ပြောင်းလဲရေး တကယ်လုပ်မည် ဆိုသည်ကို လုပ်ရပ်ဖြင့်စောင့်ကြည့်မည်' ဟု ကိုမင်းကိုနိုင်က ဆိုသည်။
"ကျွန်တော်တို့ ကျောင်းထဲမှာ စပြီးတော့ ထမင်းဘူးထဲက ထမင်းလုံးနဲ့ စာတွေကပ်ပြီးတော့ စလုပ်ကတည်းက လူပုဂ္ဂိုလ်ကိစ္စ မဟုတ်ပါဘူး။ စနစ်အပြောင်းအလဲအတွက် ကျွန်တော်တို့ ကြိုးစားပါတယ်" ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားများ အနေ ဖြင့် သမ္မတဦးသိန်းစိန်၏ ပထမဆုံးမိန့် ခွန်းတွင်ပါဝင်သည့် ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင် သည့် အင်အားစုများနှင့် လက်တွဲနိုင်ရန် ကြိုးစားမည်ဆိုသည့် အချက်ကို မျှော်လင့်ကြောင်း ကိုမင်းကိုနိုင်က ဆိုသည်။
"လက်တွေ့မှာ ကျွန်တော်တို့ သံသယ ကိုပဲ ပြဋ္ဌာန်းပါတယ်။ ဒါပေမယ့် အဲဒီ သံသယကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ညှိနှိုင်း ပြီးတော့ အဖြေရှာရေးဆိုတဲ့ လက်နှစ်ဖက်နဲ့ သံသယရဲ့ပါးစပ်ကို ပိတ်ထားပါမယ်"ဟု ၎င်းကဆိုသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကို ဖတ်ကြားရာတွင် မိမိတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ထောက်ခံသကဲ့သို့ အားပေးဝန်းရံသွားမည်ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန် နိုင်ငံရေးအရ ထိန်းသိမ်း ခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှထွက်ခွာခဲ့ရသော ပြည်ပ ရောက် နိုင်ငံရေးအင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရက အမြန်ဆုံး ဆောင်ရွက်ပေးပါရန် အလေးအနက် တိုက်တွန်းကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။

No comments: