Friday, January 27, 2012

ထိုအဖေ ဤသမီး”


ဦးခြံသူကြီး (Burma Media Wash)



စကားပဏာမ

ကျွန်တော် နှင့် အမေ ရယ်..၊
ကျွန်တော် နှင့် ဘကြီး ရယ်..၊
ကျွန်တော် နှင့် ရိနေသောသတင်းစာ ရယ်….။
ထိုထို’ရယ်’ တြိအမြွာ က “ထိုအဖေ ဤသမီး”(အပိုင်း၃ပိုင်း)ကို မျှဝေ လိုက်ပါသည်။
သာဓု သာဓု သာဓု ခေါ်စေသော်ဝ်…။
= = = = =
ကျွန်တော် နှင့် အမေ ရယ် (အပိုင်း ၁)

ကျွန်တော့်ငယ်ဘ၀ အဦးအစကို သမင်လည်ပြန် အာရုံခံလိုက်ရာ၊ ပထမဆုံး ပေါ်ထင်လာသည်က - ဗိုလ်ချုပ်အောင်ဆန်း..။

သေချာတိကျ မှတ်မိသမျှကို ဖေါ်ပြရသော်၊ ကျွန်တော့်ကို အမေက ခါးထစ်ခွချီထားရာမှ အောက်သို့ ချလိုက်သည်။

“လူလေး..ဗိုလ်ချုပ်တို့ကို အလေးပြု”

အမေနှင့်အဒေါ်ကြီးတို့က ဦးခေါင်းကို ရှေ့သို့ ညွှတ်လိုက်ကြသည်။ ကျွန်တော်ကလည်း အမေနှင့် အဒေါ်ကြီးတို့ကဲ့သို့ပင် ဦးညွှတ်လိုက်သည်။ ဤအကြောင်းခြင်းရာကို ယခုတိုင် မျက်စိထဲတွင် စွဲစွဲမြဲမြဲ တိတိပပ မှတ်မိနေသည်။

ကျောက်ရုပ်ပမာ မတ်မတ်ရပ်နေသော ကာကီရောင် ယူနီဖေါင်းဝတ် တစ်ဦးနှင့် ကုတင်လိုလို အရာမျှကိုတော့၊ မရေမရာ ၀ိုးတ၀ါးမြင်မိသလိုလို, တွေ့မိသယောင်ယောင်…။

အခြား ဘာကိုမျှ ဟုတ္တိပတ္တိ မမှတ်မိ။ ထိုစဉ်က ကျွန်တော့် အသက်မှာ (၂)နှစ်ခွဲမျှသာ ရှိသေးသည်ကိုး..။
ဗိုလ်ချုပ်တို့ကို အလေးပြုခဲ့သည့် အကြောင်းခြင်းရာက..၊ ကျွန်တော့် ဦးနှောက်ထဲမှာလား..၊ နှလုံးသားထဲမှာလား..၊ အသွေးအသားထဲမှာလား..၊ စွဲငြိ ငုတ်လျှိုးနေရော့သလော။
ဘုန်းတော်ကြီးကျောင်းတွင် စတင်၍ ပညာ မသင်ယူရသေးမီ၊ ၃/၄နှစ်သား အရွယ်လောက်က ဖြစ်ပေလိမ့်မည်..။ တနေ့သော ညနေပိုင်း ကျွန်တော်တို့ရွာ အရှေ့ပိုင်း ဒေါ်အုန်းသာ ကုန်စုံဆိုင်မှ အပြန်၊ အမေ့လက်ကိုဆွဲကာ လမ်းလျှောက်လာရင်း၊ အမေ့အား ကျွန်တော်က စကား အဆက်အစပ်မရှိပါပဲ ကောက်ကာငင်ကာ မေးလိုက်မိသည်။

“အမေ..ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘာလဲ”

“ဗိုလ်ချုပ်က သေ ဆိုရင်၊ အမေတို့က သေတယ်။ ဗိုလ်ချုပ်က ရှင် ဆိုရင်၊ အမေတို့က ရှင်တယ်”

အမေက ရုတ်ချည်း ဖြေလိုက်သည်။ ထိုစဉ်က အမေ့အဖြေကို ကျွန်တော် နားမလည်ခဲ့.။ နောင် အရွယ်ရောက်လို့ လူလားမြောက်လာမှ အမေ့ အဖြေကို ကျွန်တော် သဘောပေါက်လာသည်။
တကယ်တော့ ကျွန်တော့် အမေသည် သေစာ ရှင်စာလောက်မျှပင် မတတ်ရှာ။ ထို့ကြောင့် ကျောင်းမနေရသေးသည့် ကလေးပေါက်စန ကျွန်တော့်အား၊ နားလည်လွယ်မည့် စကားလုံးများဖြင့် ရှင်းမပြနိုင်ခဲ့ရှာ။

သို့သော် အမေက သူ့ရင်ထဲရှိသည့် စကားလုံးများဖြင့် အဖြေပေးခဲ့သည်မှာ အလင်္ကာ မြောက်လှသည်ဟု ဆိုရလေမလား..။ နက်ရှိုင်းလှသည်၊ ထိမိလှသည်၊ အားအင် အပြည့် ရှိသည်ဟု ဆိုရလေမလား..။

အကြောင်းစပ်သဖြင့်၊ ဤနေရာတွင်’စကားညှပ်’ တစ်ပိုဒ်မျှ ’ညှပ်’ ထဲ့လိုက်ချင်သည်...။
ဆိုရိုးစကားရှိသည် မဟုတ်ပါလား..။ “မော်လမြိုင်သား, အစား..။ ရန်ကုန်သား, အကြွား..။ မန္တလေးသား, စကား” တဲ့.။

စကားတွေအများကြီးပြောပြီး, RFA တွင် အပတ်စဉ် လေဖြင့်အ သံလွှင့်နေသည့်, မန္တလေးသား လေပန်ကာ“အောင်မိုးဝင်း” သည်ပင်လျှင်၊ အမေ့ကို ’လျှာမြှောက်’ သွားခဲ့ရသည်။
“အမေကြီး က၊ အားကြီး နပ်တယ်”…တဲ့။

အမေ့ကို အရှုံးပေးပြီး ဤသို့မှတ်ချက်ချစဉ်က..တပြုံး, ပြုံး, ..ပြုံး, နေသည့် အောင်မိုးဝင်း၏ ပြုံးမျက်နှာကို..၊ ယခုပင်လျှင် မြင်ယောင်နေသည်။

လိုရင်းကို ပြောပါမည်။
ကျွန်တော်က“အမေ..ဗိုလ်ချုပ်အောင်ဆန်း ဆိုတာဘာလဲ” ဟု မေးခဲ့သည်။
အမေက ပြန်ဖြေသည်။
“ဗိုလ်ချုပ်က သေ ဆိုရင်၊ အမေတို့က သေတယ်။ ဗိုလ်ချုပ်က ရှင် ဆိုရင်၊ အမေတို့က ရှင်တယ်”
ကျွန်တော့်အမေ၏ အဖြေကို၊ မည်သို့ နားလည်ကြမည်နည်း။

ကျွန်တော် နားလည်သည်မှာ၊ ဤသို့တည်း-
ဗိုလ်ချုပ်က ဘာကိုပဲ ပြောပြော၊ အမေတို့လူထုက“အသက်ပင်သေသေ၊ နာခံမည်”
နောက်တဆင့်တက်သော်- ဗိုလ်ချုပ်က ဘာကိုပဲခိုင်း, ခိုင်း..၊ ဗိုလ်ချုပ်ခိုင်းသမျှကို အမေတို့လူထုက “အသက်ပင်သေသေ၊ လုပ်မည်”
နောက်တဆင့်ထပ်၍တက်သော်-
ဗိုလ်ချုပ်နောက်မှာ…၊ အမေတို့ လူထုက “အသက်ပေးပြီး၊ ရပ်တည်သည်”
ဗိုလ်ချုပ်ကို...၊ အမေတို့လူထုက“အသက်ပေးပြီး၊ ထောက်ခံသည်”
အမေတို့လူထုက ယုံကြည်အားကိုး၍ အသက်ပေး ထောက်ခံသဖြင့်...ဗိုလ်ချုပ်သည် ဒေါင်ဒေါင်မြည် ခေါင်းဆောင် ဖြစ်လာသည်။

အနှစ်ချုပ်၍ နိဂုံးချုပ်ခါနီးဆီသို့ ချဉ်းရသော်၊ လူထုရှိလျှင်, ခေါင်းဆောင် ဖြစ်မည်။ လူထု မရှိလျှင်, ခေါင်းဆောင် မဖြစ်။ လူထုမရှိပါပဲ ခေါင်းဆောင်တက်လုပ်လျှင်၊ အာဏာဒမြသာ ဖြစ်မည်.။ ဧကန်မုချပြုတ်ကျပြီး၊ မဟာ့မဟာအ၀ီစိက ဒယ်အိုးကြီးထဲသို့၊ ဒိုက်ထိုးပြီး ဇောက်ထိုးဆင်းရမည်။

ကိုင်း… နိဂုံးချုပ်ပါမည်။
ထိုအဖေဗိုလ်ချုပ်အောင်ဆန်းတွင် “လူထု”ဧရာမကြီးရှိခဲ့သည်။
အလားတူပင်, ဤသမီး ဒေါ်အောင်ဆန်းစုကြည်တွင်လည်း၊ အဖေ့ခြေရာအတိုင်း“လူထု”ဧရာမကြီး ရှိနေသည်။
ဤသည်ကို တကမ္ဘာလုံးက မြင်တွေ့နေရသည်။

ကျွန်တော်ဦးခြံသူကြီး ဆိုခဲ့သည်များ၊ ဟုတ်ပါသလားခင်ဗျား..။ ။ // ပြီး //

ဦးခြံသူကြီး (Burma Media Wash) (12:52AM;Jan 22, 2012)

No comments: