ဒီမိုကရေစီ ရပလားဟေ့
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
(“ကတ္တီပါလမ်းခွဲ” ဆောင်းပါးရဲ့ အဆက်ဖြစ်ပါတယ်။ ကတ္တီပါလမ်းခွဲ ဆောင်းပါးမှာ အပျော့နဲ့ အမာကြား၊ တဘက်ကို တဘက် မနှောင့်ယှက်ကြဖို့ ကျနော် ရေးခဲ့ပါတယ်။)
အရင်ဆောင်းပါးနိဂုံးမှာ ပြောခဲ့တဲ့အတိုင်း ဘာဆက်လုပ်ကြမလဲဆိုတဲ့ ကိစ္စကို အကြံပြုတင်ပြချင်ပါတယ်။ ဒီနေ့အချိန်မှာ လုပ်ခွင့်သာပေမယ့် အတွေးအခေါ် ရှုပ်ထွေးပြီး တွေဝေစရာတွေ သိပ်များလွန်းတဲ့အတွက် လူသိရှင်ကြား ထုတ်ဆွေးနွေးတာ ဖြစ်ပါတယ်။ လူပုံကြားမှာ အထုပ်ဖြည်ပြနေတယ်လို့ တချို့က ဆိုချင်ဆိုပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူကို တိုင်တည်ထားမှသာ လမ်းကြောင်း တည့်မတ်နိုင်မယ်လို့ ထင်တဲ့အတွက် လမ်းဆုံလေးခွမှာ လူသိရှင်ကြား ကြေညာပြောဆိုပါမယ်။
အားလုံးသိကြတဲ့အတိုင်း တကယ်ပြောင်းပြီလား၊ ဒီမိုကရေစီရပြီလားဆိုတာဟာ ဒီနေ့ရေပန်းစားတဲ့ မေးခွန်းပါ။ တကယ်တော့ ဒီမိုကရေစီတိုက်ပွဲက အဆုံးသတ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ခုမှ စလုံးရေ စမလို့ ရှိပါသေးတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်မှာ မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ပေးခဲ့တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတချို့နဲ့ ယာယီ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးခဲ့တယ်။ ဒီအချက်တွေကို ဘာပဲပြောပြော ပြည်သူတွေ သဘောကျကြတယ်။ စစ်အစိုးရရဲ့ ပြီးခဲ့တဲ့ သမိုင်းတလျှောက်မှာ ပြည်သူတွေ လိုလားတဲ့ အရာမှန်သမျှ ဘာတခုမှ လုပ်ပေးခဲ့တာ မရှိတော့ အခုလို ဆောင်ရွက်ချက်မျိုးကို လူတွေက ကျေနပ်ကြတယ်။ ဒါပေမယ့် ဒါဟာ ဒီမိုကရေစီအပြောင်းအလဲလို့ ခေါ်နိုင်ပါပြီလား။
မြစ်ဆုံဆည်စီမံကိန်းဟာ ပြည်သူ့ဆန္ဒကို တစုံတရာ လိုက်လျောပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြစ်ဆုံဆည်စီမံကိန်းကို ပြည်သူလူထုက မကြုံစဖူးလောက်အောင် ညီညီညာညာ ဝိုင်းဝန်းကန့်ကွက်ခဲ့ကြလို့ပါပဲ။ ၈၈ လူထုလှုပ်ရှားမှုကြီးကလွဲရင် နောက်ပိုင်းမှာ အညီညွတ်ဆုံး လှုပ်ရှားမှုတခုလို့တောင် ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။ လူထုဆန္ဒပြမှုဟာ ခေတ်မမီတော့ဘူးလို့ ထင်နေသူတွေ မြစ်ဆုံသင်ခန်းစာကို ပြန်လေ့လာသင့်ပါတယ်။
“ပြည်သူတွေကိုယ်တိုင်ရမှ ဒီမိုကရေစီ၊ ပြည်သူတွေ မရရင် အဲဒါ လေမိုခရေဇီပဲ။ (လေတွေပဲ မို့မောက် များပြားနေတဲ့ ရူးကြောင်ကြောင် အပြောတွေလို့ ဆိုချင်တာပါ။) အိမ်မှာ ထမင်းပိုစားရမလား၊ ဟင်းကောင်းကောင်းနဲ့ စားရမလား၊ ဝင်ငွေ တိုးလာမလား၊ အဲဒါဆိုရင် ကောင်းလာပြီလို့ ယုံလိုက်ပါမယ်။ စကားပိုပြောခွင့်ရမလား၊ စာပိုရေးခွင့်ရမလား။ အဲဒါဆိုရင် တိုးတက်လာပြီလို့ လက်ခံမယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရဝတ၊ စစ်သားကအစ၊ ဘယ်တရားသူကြီး၊ ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်သမ္မတကိုမှ ကြောက်စရာမလိုဘူး၊ ငါမှန်တာလုပ်ရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးကွလို့ ပြောနိုင်ပြီလား။ အဲဒါဆိုရင် ဒါမှ ဒီမိုကရေစီကွလို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်မယ်။ ကိုယ့်ဆီရောက်မှ ဒီမိုကရေစီ၊ ကိုယ်တိုင်ရမှ ဒီမိုကရေစီပဲ။ ကိုယ်တိုင် ဘာမှမရရင်တော့ ဘာသမ္မတ၊ ဘာလွှတ်တော်ကြီးတွေက အမြှုပ်တစီစီထအောင် ပြောပြော သူတို့ပြောသမျှဟာ လေမိုခရေဇီပဲ ဖြစ်မှာပဲ။”
ဒါပေမယ့် ကြံ့ဖွံ့အစိုးရအနေနဲ့ ဒီစီမံကိန်း ရပ်လိုက်တဲ့အချက်မှာ အရေးကြီးတဲ့ နောက်ထပ် ရည်ရွယ်ချက်တခု ရှိပါတယ်။ အဲဒါကတော့ အမေရိကန်အစိုးရကို မျက်စပစ် အချက်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ တရုတ်သဘောကျ ထားရာနေ စေရာသွားဘဝမှာ နေမယ့်သူမဟုတ်ပါဘူးလို့ ဆိုချင်ဟန်ရှိပါတယ်။ တရုတ်နဲ့ အမေရိကန်တို့အကြား ကြိုးတန်းပေါ် လမ်းလျှောက်ကစားမယ့် ကြံ့ဖွံ့စစ်အစိုးရရဲ့ ပထမခြေလှမ်းလည်း ဖြစ်ပါတယ်။ အလွန်အန္တရာယ်ကြီးတဲ့ ကစားနည်းလည်း ဖြစ်နိုင်ပါတယ်။
အာဆီယံထိုင်ခုံ ရရေး၊ အမေရိကန်ပိတ်ဆို့မှု ရုပ်သိမ်းရေး၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ လာရောက်ရေး၊ IMF World Bank ရဲ့ ကူညီထောက်ပံ့မှုတွေ ရရေးဟာ သူတို့ရဲ့ တကယ့်ရည်မှန်းချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်တွေကို စစ်ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေရဲ့ ပုလင်းတူဘူးဆို့ ခရိုနီ စီးပွားရေးသမားကြီးတွေကသာ မြက်မြက်ကလေး ဝါးမြိုခံစားပြီး ကျန်ပြည်သူတွေက သူတို့ဆီက ပိုလျှံကျတာကလေးကို ခံစားဖို့ဖြစ်ပါတယ်။ ဒါကိုပဲ Trickle-Down Economic လို့ သူတို့ ခေါ်ချင်ပုံရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာဟာ ဒီမိုကရေစီအရေးအတွက် သိပ်အကျိုးရှိတဲ့အချက် ဖြစ်ပါတယ်။ စစ်အစိုးရဘက်က အကြီးဆုံး လိုက်လျောပေးခဲ့ရတဲ့ အချက်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လွှတ်ပေးချင်တဲ့ ဆန္ဒရှိလို့ စေတနာနဲ့ လွှတ်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့ လိုချင်တာကို ရဖို့ ထောင်မြင်လို့ ရာစွန့်တဲ့ သဘောပါ။ ဒါတောင် လွှတ်မပေးချင်လွန်းလို့ အလီလီအလာလာ ခွဲပြီး အမျိုးမျိုး သွေးတိုးစမ်းပါသေးတယ်။ လူထုဖိအား၊ နိုင်ငံတကာဖိအားကြောင့် မတတ်သာလွန်းတဲ့ အဆုံးကျမှ အရေးကြီးတဲ့သူတွေကို လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါတောင် အကုန်လွှတ်မပေးသေးပါဘူး။ ဒီလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အတွက် စစ်အာဏာရှင်တွေကို ဘာမှ ကျေးဇူးတင်စရာ အကြောင်းလည်း မရှိပါဘူး။ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါ။ သူတို့ ဖမ်းထားလို့သာ လွှတ်ပေးရတာပါ။ ဖမ်းမထားရင် လွှတ်စရာ မလိုပါဘူး။ လွှတ်တာကို ကျေးဇူးတင်ရင် ဖမ်းတာကိုပါ ကျေးဇူးတင်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီလိုသာ ကျေးဇူးတင်စတမ်းဆိုရင် နောက်ထပ် ကျေးဇူးအတင်ခံရအောင် သူတို့က ထပ်ဖမ်းပြပါလိမ့်ဦးမယ်။
သူတို့လိုချင်တဲ့ အချက်တွေကို ရဖို့ဆိုရင် ကြံ့ဖွံ့စစ်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးလိမ့်မယ်။ တိုင်းရင်းသားတွေနဲ့လည်း ယာယီအပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ကြိုးစားလိမ့်မယ် ဆိုတဲ့အကြောင်းကို အောက်တိုဘာလ ၃၁ ရက်မှာ ရေးခဲ့တဲ့ “ကြံ့ဖွံ့အစိုးရ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ” ဆောင်းပါးထဲမှာ ဝေဖန်ရေးသားခဲ့ပါတယ်။ ဒါပေမယ့် ကြံ့ဖွံ့အစိုးရအနေနဲ့ မပေးချင်တဲ့ အချက် ၃ ချက် ရှိကြောင်းလည်း အဲဒီဆောင်းပါးမှာပဲ ကျနော် ပြောခဲ့ပါတယ်။ အဲဒီ အချက် ၃ ချက်ကို ဘာ့ကြောင့် မပေးချင်တာလဲဆိုတော့ အဲဒီအချက် ၃ ချက်ကို ပေးလိုက်ရရင် တကယ့်ဒီမိုကရေစီကို ပေးလိုက်ရတာဖြစ်လို့ပါပဲ။
အဲဒီအချက် ၃ ချက်ကို ကျနော် ဒီလို ရေးသားဖော်ပြခဲ့ပါတယ်။ စစ်အစိုးရအနေနှင့်….
၁။ အခြေခံဥပဒေ (၏ အရေးကြီးဆုံးအချက်တွေ)ကို ပြင်မပေးနိုင်။ သည်အချက်သည် အဓိက အကျဆုံးအချက်ဖြစ်သည်။ ဒါကို ပေးလိုက်ရလျှင် ဒီမိုကရေစီ ပေးလိုက်ရခြင်း မည်ပါသည်။
၂။ တိုင်းရင်းသားတွေအားလုံးနှင့် (ယာယီ အပစ်အခတ်ရပ်စဲရေးထက် အဓိပ္ပာယ်ပြည့်ဝသော) ထာဝရငြိမ်းချမ်းရေး မလုပ်နိုင်။ တိုင်းရင်းသားတို့၏ နိုင်ငံရေးလိုလားချက် တခုမျှမပေးဘဲ ယာယီ အပစ်အခတ်ရပ်စဲထားရသော ငြိမ်းချမ်းရေးမျိုးကိုသာ ဆက်လက် အချိန်ဆွဲပြီး ပေးထားလိုသည်။
၃။ လွတ်လွတ်လပ်လပ် ဆန္ဒပြခွင့်၊ လွတ်လွတ်လပ်လပ် ရေးသားခွင့်၊ လွတ်လွတ်လပ်လပ် ဟောပြောခွင့်၊ လွတ်လွတ်လပ်လပ် အဖွဲ့အစည်း တည်ထောင်ခွင့် အစစ်အမှန်များကို မပေးနိုင်။ ထိုအချက်များကို ပေးလိုက်ရလျှင်လည်း ဒီမိုကရေစီ တစိတ်တဒေသ ပေးလိုက်ရခြင်းဖြစ်သောကြောင့် မပေးနိုင်ခြင်းဖြစ်သည်။
အဲဒီတုန်းက ပြောခဲ့တဲ့ ဒီ ၃ ချက်ဟာ အခုလည်း ဆက်ပြီး မှန်နေပါသေးတယ်။ စစ်အစိုးရဟာ ဒီ ၃ ချက်ကို မပေးဘဲ ရှောင်ရှားဖို့ နည်းမျိုးစုံနဲ့ ခုခံကာကွယ်နေပါတယ်။ ဒီအချက် ၃ ချက်စလုံး မပြောင်းလဲသေးသမျှ၊ မပြုပြင်သေးသမျှမှာ စစ်အစိုးရဟာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုကို လုပ်နေပြီလို့ မဆိုနိုင်ပါဘူး။ ဒီ ၃ ချက်စလုံး မရသေးရင် ဒီမိုကရေစီတော်လှန်ရေး အောင်ပွဲမရသေးပါဘူး။ စစ်အစိုးရ တကယ်ပြောင်းမပြောင်းကို ဒီအချက် ၃ ချက်နဲ့သာ ကျနော်တို့ တိုင်းတာနိုင်ပါတယ်။ အဲဒီလို မတိုင်းတာရင် စစ်အစိုးရရဲ့ မျက်လှည့်ပြပွဲမှာ ကျနော်တို့ မျက်စိလည်သွားနိုင်ပါတယ်။ စစ်အစိုးရက ဟိုနားနည်းနည်း လျှော့သယောင်ယောင်လုပ်လိုက်၊ ဒီနား လျှော့သယောင်ယောင် လုပ်လိုက်၊ လုပ်ပေးနေတာလေးကိုပဲ ဒီမိုကရေစီရပြီလို့ ထင်သွားနိုင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က နေရာတချို့ ရတာနဲ့ပဲ ဒီမိုကရေစီရသွားပြီလို့ ထင်သွားနိုင်ပါတယ်။
“ဒီလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတဲ့အတွက် စစ်အာဏာရှင်တွေကို ဘာမှ ကျေးဇူးတင်စရာအကြောင်းလည်း မရှိပါဘူး။ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါ။ သူတို့ ဖမ်းထားလို့သာ လွှတ်ပေးရတာပါ။ ဖမ်းမထားရင် လွှတ်စရာ မလိုပါဘူး။ လွှတ်တာကို ကျေးဇူးတင်ရင် ဖမ်းတာကိုပါ ကျေးဇူးတင်သလို ဖြစ်သွားပါလိမ့်မယ်။ ဒီလိုသာ ကျေးဇူးတင်စတမ်းဆိုရင် နောက်ထပ် ကျေးဇူးအတင်ခံရအောင် သူတို့က ထပ်ဖမ်းပြပါလိမ့်ဦးမယ်။”
တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ပညာရေးဝန်ကြီးလိုမျိုး ဘာမှ နိုင်ငံရေးသြဇာအာဏာမရှိတဲ့ ဝန်ကြီးနေရာမျိုး ပေးလိုက်ရင်ပဲ ဒီမိုကရေစီရသွားပြီလို့ ထင်ယောင်ထင်မှား ဖြစ်သွားနိုင်ပါတယ် (တကယ်တမ်းကျတော့ ဝန်ကြီးတနေရာ ဆိုတာမျိုးကို လွယ်လွယ်နဲ့ ပေးမှာလည်း မဟုတ်ပါဘူး။ အားလုံးဝိုင်းဖိအားပေးလို့ မတတ်သာလွန်းတဲ့ အဆုံးကျမှ ပေးမှာပါ။ သူတို့သာ သဘောရိုးနဲ့ ပေးချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးခန့်ချင်ရင် အခုလည်း ခန့်လို့ ရပါတယ်။ ဝန်ကြီးဆိုတာ အခြေခံဥပဒေအရ လွှတ်တော်အမတ်ဖြစ်စရာ မလိုပါဘူး။ လွှတ်တော်အမတ်ဖြစ်ရင်၊ လွှတ်တော်က အဆိုပြုရင် ဝန်ကြီးခန့်ပါမယ်လို့ ဦးသိန်းစိန်က ဝါရှင်တန်ပို့စ်နဲ့ အင်တာဗျူးမှာ ပြောတာဟာ သက်သက်ပလီနေတာပါ။ သူပေးချင်ရင် အခုလည်း ပေးလို့ရပါတယ်)။
အခုချိန်မှာ ကျနော်တို့ဘက်က အဓိကထား ဆောင်ရွက်သွားရမှာက စောစောက အချက် ၃ ချက် ရရှိရေး ဖြစ်ပါတယ်။ ဒီအချက် ၃ ချက်ထဲမှာ နံပါတ် ၁ နဲ့ နံပါတ် ၂ အချက်က ပိုအရေးကြီးပါတယ်။ ဒါပေမယ့် တတိယအချက်ကို ကျနော်တို့ အရင်ဦးဆုံး တောင်းဆို တိုက်ပွဲဝင်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီတတိယအချက်ဟာ သူတို့ပေးပါ့မယ်လို့ နိုင်ငံတကာကိုရော၊ အများပြည်သူကိုပါ လူသိရှင်ကြား ဝန်ခံအသိပေးထားပြီးသားဖြစ်လို့ပါပဲ။ အခြေခံဥပဒေမှာလည်း ဒီအချက်တွေကို ပေးပါမယ်လို့ ဝန်ခံထားပြီးဖြစ်သလို သူတို့ပါးစပ်ကလည်း အကြိမ်ကြိမ် ကတိပေးထားကြပြီးဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံ မှန်ရင် ရှိကိုရှိရမယ်လို့ နိုင်ငံတကာက လက်ခံထားကြတဲ့ အချက်လည်း ဖြစ်နေပါတယ်။
စစ်အစိုးရဟာ အရင်တုန်းကလည်း ပေးထားတဲ့ ကတိကို ဖျက်၊ ထွေးထားတဲ့ တံထွေးကို မြိုချလာတာ တသက်လုံးပဲ။ ဘယ်တုန်းက ကတိတည်ဖူးလို့လဲလို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ စစ်အစိုးရဟာ ဘယ်တုန်းကမှ ကိုယ့်စကားကိုယ် လေးစားတဲ့ အမျိုးအစားမဟုတ်ပါဘူး။ ဒါပေမယ့် ဒီတကြိမ်မှာ သူတို့ လွယ်လွယ်နဲ့ ကတိဖျက်လို့ မရပါဘူး။ သူတို့ ကတိဖျက်ရင် သူတို့ လိုချင်တာတွေ ဆုံးရှုံးသွားနိုင်ပါတယ်။ သူတို့လိုချင်တဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာရေး၊ အိုင်အမ်အက်ဖ်နဲ့ ကမ္ဘာ့ဘဏ်အကူအညီ ဆိုတာတွေနဲ့ ဝေးသွားနိုင်ပါတယ်။ အမေရိကန်ကလည်း သူတို့ ကတိမတည်ရင် လွယ်လွယ်နဲ့ လိုက်လျောဖို့ ခက်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံကြီးတနိုင်ငံ အနေနဲ့ သူတို့ နှစ်ပေါင်းများစွာ ပြောလာ တောင်းဆိုလာတာတွေကို ကြံ့ဖွံ့အစိုးရဘက်က ကတိမတည်ဘဲ လွယ်လွယ်နဲ့ အလျှော့ပေး လိုက်လျောလိုက်မယ်ဆိုရင် ကမ္ဘာ့အလယ်မှာ အပြစ်တင်စရာ လက်ညှိုးထိုးစရာဖြစ်မှာပါ။ ဒီအဖြစ် အရောက်မခံပါဘူး။ အမေရိကန်ဟာ ကိုယ်ကျိုးစီးပွားသက်သက်ကို ကြည့်ပြီး စစ်အစိုးရလိုသမျှ လိုက်လျောလိုက်တယ်လို့ အပြောအဆို မခံနိုင်ပါဘူး။
ဒီတော့ နံပါတ် ၃ လွတ်လပ်ခွင့်တွေကို ကျနော်တို့က တကယ်ပြတ်ပြတ်သားသားနဲ့ နည်းမျိုးစုံသုံး တောင်းဆိုရင် သူတို့ မပေးချင်ပေမယ့် မပေးချင် ပေးချင်နဲ့ ပေးလာရဖို့ ရှိပါတယ်။ ကြံ့ဖွံ့အခက်၊ ပြည်သူ့အချက်လို့ သဘောထားပြီး ဒီမိုကရေစီအခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်ကြဖို့ အခွင့်အသာဆုံးအချိန် ဖြစ်ပါတယ်။ အခုအချိန်မှာ ခေါင်းဆောင်ကောင်းတွေ၊ သူရဲကောင်းတွေ ထောင်အပြင် ရောက်လာပါပြီ။ ဥပဒေချိုးဖောက်ကြောင်း အထင်အရှား သက်သေမပြနိုင်ရင်၊ ဒါမှမဟုတ် အများလက်ခံနိုင်လောက်မယ့် အကြောင်းပြချက်မျိုး မရှာနိုင်ရင် သူတို့အနေနဲ့ ခေါင်းဆောင်တွေကို လွယ်လွယ်နဲ့ ပြန်ဖမ်းဖို့ ခက်ပါတယ်။ လွယ်လွယ်နဲ့ ပြန်ဖမ်းလိုက်ရင် သူတို့ မျှော်လင့်ချက် အိပ်မက်တွေလည်း ပျက်သုဉ်းရမှာ အသေအချာပါပဲ။
ကြံ့ဖွံ့အစိုးရအနေနဲ့ တော်တော်အချိန်ကြာတဲ့အထိ အလျော့ပေးနေရဦးမှာပါ။ ဒီမိုကရေစီယောင်ဆောင်နေရဦးမှာပါ။ အဲဒါဟာ ဘယ်လောက်အထိ ကြာမလဲဆိုတော့ စီးပွားရေးပိတ်ဆို့ထားတာ ရုပ်သိမ်းပြီးတဲ့အထိ၊ IMF World Bank က အကူအညီတွေ ရတဲ့အထိ ကြာနိုင်ပါတယ်။ အနည်းဆုံးတော့ အဲဒီနှစ်ခုထဲက တခုခု ရပြီးတဲ့အထိ သူတို့ လျှော့ပေးပါလိမ့်မယ်။
“ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့စစ်အစိုးရဟာ ဒီမိုကရေစီ မပေးချင်ဘူး၊ တကယ့် အပြောင်းအလဲ မလုပ်ချင်ဘူးလို့ ကျနော် ပြောနေပါတယ်။ သူတို့ကို မယုံဘူးလို့ ကျနော် ပြောနေပါတယ်။ ဘာ့ကြောင့် ပြောပါသလဲ။ ဘာ့ကြောင့်လဲဆိုတော့ ပြည်တွင်းပြည်ပက ကျေနပ်အောင် လိုက်လျောမှု ပြသရာမှာတောင် ဒီမိုကရေစီနဲ့ လွတ်အောင် ကွင်းရှောင်ပြီး ကျန်တာလေးတွေကိုပဲ လိုက်လျောပြဖို့ ကြိုးစားပမ်းစား လုပ်ဆောင်နေလို့ပါ။ အထက်မှာ ပြောခဲ့တဲ့ ၃ ချက်ကို မတို့ မထိပဲ ကွင်းရှောင်နေလို့ပါ။”
အဲဒီနောက်မှာ အကြောင်းအမျိုးမျိုးပြပြီး လူဖမ်းပွဲတွေ ပြန်လုပ်လာနိုင်ပါတယ်။ ဒီမိုကရေစီဘက်တော်သားတွေထဲက ခေါင်းမာတဲ့သူတွေ သဘောထားတင်းမာတဲ့သူတွေကြောင့် ဒီလိုလူပြန်ဖမ်းရတဲ့ အခြေအနေ ရောက်ရပါတယ်လို့လည်း ဆင်ခြေပေးပါလိမ့်ဦးမယ်။ ဒီမိုကရေစီဘက်တော်သားတွေထဲက ခေါင်းမာတဲ့သူတွေကြောင့် သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ နောက်ဆုတ်သွားရပါတယ်လို့လည်း ပြောပါလိမ့်မယ်။ ပြတ်သားသူတွေကို အစိုးရကလည်း လက်ညှိုးထိုး၊ ကိုယ့်အချင်းချင်းကလည်း အပြစ်တင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ အဲသလို အပြစ်မတင်နိုင်အောင်၊ ဆင်ခြေမပေးနိုင်အောင် ကိုယ့်ဘက်က လိမ်လိမ်မာမာ နေရမယ်လို့ မဆိုလိုပါဘူး။ လိမ်လိမ်မာမာနေရင် ပိုပြီးတောင် လက်ရဲဇက်ရဲနဲ့ ဖမ်းဦးမှာပါ။ အကြောင်းပြချက်က အကြောင်းပြချက်ပါပဲ။ ဆင်ခြေက ဆင်ခြေပါပဲ။ တကယ့်အကြောင်းရင်း မဟုတ်ပါဘူး။ တကယ့် အကြောင်းရင်းကတော့ ဒီမိုကရေစီ မပေးချင်တာပါပဲ။ ဒီမိုကရေစီတောင်းဆိုတဲ့သူတွေကို လွတ်လပ်ခွင့် မပေးချင်တာပါပဲ။
ဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့စစ်အစိုးရဟာ ဒီမိုကရေစီ မပေးချင်ဘူး၊ တကယ့် အပြောင်းအလဲ မလုပ်ချင်ဘူးလို့ ကျနော် ပြောနေပါတယ်။ သူတို့ကို မယုံဘူးလို့ ကျနော် ပြောနေပါတယ်။ ဘာ့ကြောင့် ပြောပါသလဲ။ ဘာ့ကြောင့်လဲဆိုတော့ ပြည်တွင်းပြည်ပက ကျေနပ်အောင် လိုက်လျောမှု ပြသရာမှာတောင် ဒီမိုကရေစီနဲ့ လွတ်အောင် ကွင်းရှောင်ပြီး ကျန်တာလေးတွေကိုပဲ လိုက်လျောပြဖို့ ကြိုးစားပမ်းစား လုပ်ဆောင်နေလို့ပါ။ အထက်မှာ ပြောခဲ့တဲ့ ၃ ချက်ကို မတို့ မထိပဲ ကွင်းရှောင်နေလို့ပါ။
ကုန်ကုန်ပြောရရင် ဒီမိုကရေစီနဲ့ပတ်သက်တာ ဘာတခုမှကို မပေးသေးဘူးလို့ ဆိုချင်ပါတယ်။ ဦးသိန်းစိန်ပေးတဲ့ ဒီမိုကရေစီကို ကျနော်တို့ ဘာတခုမှ မခံစားရသေးဘူးလို့ ဆိုချင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေကို လွှတ်ပေးတာဟာလည်း ဒီမိုကရေစီ ပေးတာမဟုတ်ဘူး။ ပြည်သူတွေ ခံစားနိုင်မယ့် အခွင့်အရေးတခုခု ပေးလိုက်တာ မဟုတ်ဘူး။ ဒါပေမယ့် ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်ခဲ့သူတွေ၊ ဆက်ပြီး ဆောင်ရွက်မယ့်သူတွေကို လွှတ်ပေးလိုက်တာဖြစ်တဲ့အတွက် ကြိုဆိုတယ်။ ဝမ်းလည်းသာတယ်။ ဒါပေမယ့် ကျေးဇူးမတင်နိုင်ဘူး။ စောစောက ပြောသလိုပဲ သူတို့ ဖမ်းထားလို့ ပြန်လွှတ်ပေးရတာ။ အမှားလုပ်ထားလို့ အမှားပြင်ရတာဖြစ်တယ်။ မြစ်ဆုံဆည်ကိစ္စ နောက်ဆုတ်လိုက်တာလည်း ကြိုဆိုတယ်။ ဝမ်းသာတယ်။ ဒါပေမယ့် ဒါလည်း လူထုသဘောထား မပါဘဲ အမှားလုပ်ထားလို့ အမှားပြန်ပြင်ပေးတာပဲ ဖြစ်ပါတယ်။ ဒါလည်း အရင်က မရှိတဲ့ ဒီမိုကရေစီအခွင့်အရေး တခုခုကို ပြည်သူတွေ ခံစားနိုင်ဖို့ ဆောင်ရွက်ပေးလိုက်တာမျိုး မဟုတ်ဘူး။
စာပေစိစစ်ရေးတို့၊ ရုပ်ရှင်/ဗီဒီယိုဆင်ဆာတို့ကို လုံးဝဖျက်သိမ်းပေးမလား။ အဲဒါဆိုရင် ဒီမိုကရေစီအခွင့်အရေးတချို့ ပေးပြီလို့ ကျနော် လက်ခံပါမယ်။ ဒါပေမယ့် အမှန်တကယ် လွတ်လပ်ခွင့်ပြုတာဖြစ်ဖို့တော့ အရေးကြီးပါတယ်။ စာပေစိစစ်ရေး ဖျက်ပေးတယ်ဆိုပြီး တဘက်မှာ မီဒီယာဥပဒေ ဘာညာတွေ ထုတ်မယ်၊ ဥပဒေမလိုက်နာရင် ဖမ်းမယ်၊ ထောင်ချမယ်တို့၊ ဒဏ်ငွေ ၁၀ သိန်း ရိုက်မယ်၊ သိန်း ၁၀၀ ရိုက်မယ်တို့ ဆိုတဲ့ တင်းကျပ်မှုတွေ လုပ်လာမယ်ဆိုရင်တော့ လက်ခုပ်တီးမယ့်အစား လူလိမ်လူညစ်တွေပါလားလို့ လက်ညှိုးငေါက်ငေါက်ထိုး ပြောဖို့သာရှိပါတယ်။
ခုထိ သူတို့အစိုးရ လုပ်နေသမျှကတော့ အရင်ကထက် နည်းနည်းပိုဖော်ပြခွင့် ပေးသလိုလို ဟပေးလိုက်တယ်။ လူတွေ နည်းနည်းဝမ်းသာပြီး တိုးလုပ်တော့ ပြန်ရုပ်လိုက်ပြန်တယ်။ ဒါဟာ သူတို့ ဒီမိုကရေစီ အယောင်ဆောင်နေတာပါ။ ဆက်ပြီးတော့လည်း သူတို့ ဒီမိုကရေစီ အယောင်ဆောင်နေဦးမှာပါ။ အောင့်သက်သက်ကြီးနဲ့ကို ဒီမိုကရေစီ ယောင်ဆောင်နေရဦးမှာပါ။ ကျနော်တို့ကလည်း ဒီမိုကရေစီအခွင့်အရေးတွေကို သူတို့လျှာဖျားကနေ ဟန်ဆောင်ပန်ဆောင် ပေးတာကို မသိချင်ယောင်ဆောင်ပြီး မင်းတို့ပေးလို့ ယူပြီကွဆိုပြီး အပိုင်အရ ဖမ်းဆုပ်ရယူရမယ့်အချိန် ဖြစ်ပါတယ်။
ပထမဆုံး ကျနော်တို့ တောင်းဆိုရမှာက လွတ်လပ်စွာ ပြောဆိုဟောပြောခွင့် ဖြစ်ပါတယ်။ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ အနုပညာလွတ်လပ်ခွင့်တွေကို ကျနော်တို့ ရအောင်ယူရပါမယ်။ စာပေစိစစ်ရေး၊ ရုပ်ရှင်ဆင်ဆာ၊ ဗီဒီယိုဆင်ဆာတွေကို ပြုတ်အောင်တိုက်ရမှာပါ။ ဒါတွေ မပြုတ်သေးသမျှမှာ ဒီမိုကရေစီဆိုတာဟာ လျှာဖျားဒီမိုကရေစီသာဖြစ်ကြောင်း မီးမောင်းထိုးပြ ပြောဆိုကြရမှာပါ။ လွတ်လွတ်လပ်လပ် တရားဟောခွင့်၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့်တွေ ရအောင် ဆက်လုပ်ရပါမယ်။ လွတ်လပ်စွာ ဆန္ဒပြခွင့် ဥပဒေ၊ လွတ်လပ်စွာ အသင်းပင်းဖွဲ့စည်းခွင့် ဥပဒေတွေကို လက်တွေ့ကျင့်သုံးလို့ မရသေးအောင်၊ ရူးချင်ယောင်ဆောင်ပြီး ညစ်ထား ကပ်ထားတာတွေကို ဖွင့်ချတိုက်ခိုက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အလုပ်သမား၊ လယ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ကို ပြည်ထဲရေးက လုပ်ထုံးလုပ်နည်းတွေ မရေးရသေးလို့ဆိုတဲ့ အူကြောင်ကြောင် အကြောင်းပြချက်နဲ့ အချိန်ဆွဲထားတာမျိုးကို ကျနော်တို့ ခွင့်ပြုထားလို့ မဖြစ်ပါဘူး။ သူတို့ ရည်ရွယ်ချက်ကို ဖွင့်ချဖော်ထုတ်ဖို့ လိုပါတယ်။
“ဆန္ဒပြတာ ခေတ်နောက်မကျသေးပါဘူး။ လိုအပ်ရင် ဆန္ဒပြတဲ့နည်းကို ထုတ်ဖော်အသုံးပြုရမှာပါ။ လူထုကို အခြေခံတဲ့ နိုင်ငံရေးဟာ အမြဲတမ်း ခေတ်မီနေမယ့် နိုင်ငံရေးပါ။ လူထုကို မယုံကြည်ရင် ကျနော်တို့ရဲ့ ယုံကြည်မှုအားလုံး ယိမ်းယိုင်သွား နိုင်ပါတယ်။ ဆန္ဒပြတာဟာ ဒီနေ့အထိ လူထုကိုင်စွဲကျင့်သုံးနေတဲ့ အကောင်းဆုံးလက်နက်အဖြစ် တကမ္ဘာလုံးက လူထုတွေ အားထားယုံကြည်နေဆဲပါ။ တကယ်တော့ အာရပ်မှာလည်း ဆန္ဒပြနေတာပဲ၊ အမေရိကန်တို့ ဥရောပတို့မှာလည်း အကြီးအကျယ် ဆန္ဒပြနေတာပဲ မဟုတ်လား။ ဘာ့ကြောင့် ကျနော်တို့ နိုင်ငံမှာကျမှ ဆန္ဒပြတာ ခေတ်မမီဘူးလေး ဘာလေး လာပြောနေရသလဲ။”
အသင်းအပင်းတွေကို သမဂ္ဂတွေကို ကျနော်တို့ ဖွဲ့စည်းရပါမယ်။ ကျောင်းသားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ အစစ်အမှန်တွေ ပေါ်ပေါက်လာတဲ့အထိ ဆောင်ရွက်ရပါမယ်။ လူထုအဖွဲ့အစည်းဆိုတာဟာ ဒီမိုကရေစီရဲ့ တကယ့်အင်အား ဖြစ်ပါတယ်။ တကယ့်အခြေခံတွေလည်း ဖြစ်ပါတယ်။ သေသေချာချာနဲ့ အခိုင်အခန့် တည်ဆောက်ထားနိုင်ရင် စစ်အစိုးရအနေနဲ့ အလွယ်တကူ ဖျက်ဆီးလို့ မရနိုင်တဲ့အရာတွေ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို တကယ်အံတုနိုင်မယ့် အရာတွေဖြစ်ပါတယ်။ ဒီအခြေခံတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ နိုင်မနိုင်ဆိုတာထက် ဒီမိုကရေစီအတွက် ပိုအရေးကြီးပါတယ်။ ဒီလိုသမဂ္ဂတွေ ထူထောင်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးလုပ်တာထက် ဒီမိုကရေစီအရေးအတွက် ပိုထိရောက်ပါတယ်။ ဒီလိုသမဂ္ဂတွေဟာ လွှတ်တော်ထက် အာမခံချက်ပိုရှိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီအဖွဲ့အစည်းတွေထဲမှာ တကယ့် အောက်ခြေလူထုတွေ ပါနေကြလို့ပါ။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားတွေဟာ ကိုယ်တိုင်ခံစားနေကြရသူတွေ ဖြစ်နေကြလို့ပါ။
တချိန်တည်းမှာပဲ အစိုးရ နှပ်ကြောင်းပေးနေတဲ့ ဘုန်းကြီး နိုင်ငံရေးမလုပ်ရ၊ ကျောင်းသားက ကျောင်းသားအရေးပဲ လုပ်ရမယ်၊ နိုင်ငံရေး မလုပ်ရ၊ အလုပ်သမားက လုပ်ခတိုးရေးပဲ ပြောရမယ်၊ နိုင်ငံရေး မလုပ်ရ၊ လယ်သမားက စပါးကိစ္စ၊ မြေဆီကိစ္စ၊ လယ်ကိစ္စပဲ ပြောရမယ်၊ နိုင်ငံရေး မလုပ်ရဆိုတဲ့ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးသက်သက် နိုင်ငံရေးထဲ ချောင်ပိတ်သွတ်သွင်းမယ့် အန္တရာယ်ကိုလည်း ကာကွယ်ရပါမယ်။ ကိုယ့်အရေးကိုယ်သာ ဆောင်ရွက်ရမယ်ဆိုတာ အများပြည်သူရဲ့ ကျယ်ပြန့်တဲ့ ဒီမိုကရေစီအမြင်ကို လမ်းကျဉ်းထဲ သွတ်သွင်းတာဖြစ်ပါတယ်။ ဒီမိုကရေစီအဖွဲ့အစည်းတွေ တခုနဲ့တခု ချိတ်ဆက်လှုပ်ရှားလို့ မရအောင် ကန့်သတ်တာဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းဆောင်နဲ့ နောက်လိုက်အကြား ထင်ယောင်ထင်မှားဖြစ်အောင် သွေးခွဲတာလည်း ဖြစ်ပါတယ်။
တကယ်တော့ ကျောင်းသားဖြစ်စေ၊ ဘုန်းကြီးဖြစ်စေ၊ အလုပ်သမားဖြစ်စေ၊ လယ်သမားဖြစ်စေ၊ တိုင်းပြည်ငြိမ်းချမ်း တိုးတက်နေရင် ဘယ်သူမှ နိုင်ငံရေးမလုပ်ချင်ကြပါဘူး။ ဒါပေမယ့် မတရားမှုတွေ၊ ဖိနှိပ်မှုတွေ ဆင်းရဲမွဲတေမှုတွေ ရှိနေရင် ဘယ်သူမှ နိုင်ငံရေးနဲ့ မကင်းနိုင်ပါဘူး။ မလုပ်ချင်လို့လည်း မရပါဘူး။ ဒါဟာ သမိုင်းပေးတာဝန်ပါ။ တာဝန်သိတတ်ရင် ဘယ်သူမှ ရှောင်လွဲလို့မရပါဘူး။ ဦးဥတ္တမ၊ ဦးဝိစာရ အပါအဝင် ရဟန်းသံဃာများစွာ နိုင်ငံရေးလုပ်ခဲ့ကြဖူးပါတယ်။ ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးလုပ်ကြတာဟာလည်း သမိုင်းအစဉ်အဆက် ဆောင်ရွက်ခဲ့ကြတဲ့ သမိုင်းပေးတာဝန်တရပ် ဖြစ်ပါတယ်။ အလုပ်သမားတွေဟာလည်း လုပ်ခအရေးသက်သက်ကလေးကိုသာ ကျဉ်းကျဉ်းမြောင်းမြောင်း လုပ်ရင် တခြားလူတန်းစားအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ကင်းကွာပြီး အလုပ်ရှင်လက်ကိုင်တုတ်၊ အစိုးရလက်ကိုင်တုတ် သမဂ္ဂမျိုး ဖြစ်သွားတတ်ပါတယ်။
လယ်သမားသမဂ္ဂတွေ ထူထောင်တဲ့အခါ ကျောင်းသားတွေ လူငယ်တွေဟာ လယ်သမားတွေဆီ အရောက်သွားဖို့ လိုပါတယ်။ လယ်သမားတွေကို သင်ကြားပြသပေးစရာတွေ ရှိသလို၊ လယ်သမားတွေဆီကနေ သင်ယူစရာတွေ အမြောက်အမြား ရှိပါတယ်။ နိုင်ငံရေးဆိုတာ မြို့ပြအရပ်၊ သံတမန်နဲ့ မီဒီယာရှိတဲ့ အရပ်နဲ့ပဲ သက်ဆိုင်တဲ့အရာဆိုတဲ့ ခေတ်ကို အဆုံးသတ်သင့်ပါပြီ။ မြို့မှာတင် ပြည်သူရှိတာ မဟုတ်ပါဘူး။ တောမှာ ပိုများပါတယ်။ ကျေးလက်ဒေသတွေမှာ နိုင်ငံရေးလှုပ်ရှားမှု ကင်းမဲ့ခြောက်သွေ့နေခဲ့တာဟာ ၈၈ နောက်ပိုင်း တလျှောက်လုံးဖြစ်ပါတယ်။ ကျေးလက်ဒေသမှာ သူ့နည်းသူ့ဟန်နဲ့ နိုင်ငံရေး ရှင်သန်နေနိုင်အောင် ပျိုးထောင်ထားသင့်ပါတယ်။ မြို့ပြမှာ ဖိနှိပ်မှု သိပ်များလွန်းလို့ မလှုပ်ရှားသာတဲ့အချိန်မှာတောင် ကျေးလက်က သူ့ဖာသာ သီးသန့်လှုပ်ရှားနိုင်တဲ့အထိ ကျေးလက်နိုင်ငံရေး အားကောင်းနေအောင် ပြင်ဆင်ထားသင့်ပါတယ်။ အခုခေတ်ဟာ တောကလူတွေ စာမဖတ်တတ်တဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။
ဒီလို နံပါတ် ၃ လိုအပ်ချက်တွေအတွက် ကျနော်တို့ တောင်းဆိုတိုက်ပွဲဝင်ကြမယ့်အချိန်မှာ နံပါတ်တစ်၊ နံပါတ်နှစ် အချက်တွေကို ပြစ်ပယ်ထားရမယ်လို့ မဆိုလိုပါဘူး။ နံပါတ် ၁ နဲ့ နံပါတ် ၂ ဆီ ဦးတည်ချီတက်ရမှာပါ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့၊ အခြေခံဥပဒေတိုက်ဖျက်ရေးတို့ကို မျက်ခြေမပြတ်ဖို့ လိုပါတယ်။ အခြေခံဥပဒေတိုက်ဖျက်ရေးဟာ ကျနော်တို့ရဲ့ အဓိကရည်မှန်းချက်ပါ။ ဒီအခြေခံဥပဒေရှိနေရင် စစ်မှန်တဲ့ ပြည်ထောင်စုလည်း မပေါ်ပေါက်နိုင်သလို ပြည်တွင်းငြိမ်းချမ်းရေးလည်း ဝေးနေဦးမှာပါပဲ။ လွှတ်တော်ထဲမှာ စစ်သားတမတ်သားက ဘယ်သူမှ မရွေးကောက်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ထိုင်နေသမျှ၊ ကာ-လုံအဖွဲ့က လွှတ်တော်အထက်မှာ ရှိနေသမျှ၊ အချိန်မရွေး အာဏာသိမ်းခွင့် ဆိုတာကြီး ရှိနေသမျှ၊ အရွေးကောက်မခံရတဲ့သူတွေနဲ့ အစိုးရဖွဲ့နေသမျှမှာ ဒီမိုကရေစီဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကျနော်တို့ကို ကြံ့ဖွံ့အစိုးရက မသထာရေစာ ပေးထားတဲ့ အယောင်ဆောင် ဒီမိုကရေစီအခွင့်အရေးဟာ နှောင်ကြိုးတည်းထားတဲ့ ဒီမိုကရေစီပါ။ ကြိုးရှည်ရှည်နဲ့ လှန်ထားတာပါ။ သူတို့ကြိုက်သလို ကဖို့ ကြိုးနဲ့ အချက်ပြပေးနေပါတယ်။ သူတို့ မကြိုက်တဲ့အချိန်မှာ၊ သူတို့ မထိန်းနိုင်တဲ့အချိန်မှာ ကြိုးကိုဆောင့်ဆွဲပြီး အခွင့်အရေးအားလုံး တခုမကျန် ရုပ်သိမ်းမှာပါ။ သူတို့ ဒီလို ရဲရဲတင်းတင်း ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်သွားတာ၊ ဒီလို လုပ်ခွင့်ရသွားတာကလည်း သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေကို နိုင်ငံရေးသမားတချို့က လက်ခံလိုက်တဲ့အတွက် အသက်ဝင်သွားလို့ပါ။ သူတို့ ကြိုးကို ပြန်ဆောင့်ဆွဲမယ့်အချိန်မှာ အားလုံးကို သိမ်းကြုံးပြီး ထောင်ထဲထည့်တာမျိုး လုပ်ချင်လုပ်ပါလိမ့်မယ်။ အခြေအနေ သိပ်ဆိုးရင် စစ်တပ်က ပြန်ပြီး အာဏာသိမ်းတာမျိုးတောင် ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အခုအချိန်လေးအတွင်းမှာတော့ စောစောက လုပ်ငန်းတွေကို အကောင်အထည်ဖော်ဖို့အတွက် ကျနော်တို့အနေနဲ့ အနှစ်နှစ်ဆယ်အတွင်း တခါမှ မကြုံဖူးတဲ့ အခွင့်အရေးမျိုး ရနေပါတယ်။ ဒါပေမယ့် ဒီအခွင့်အရေးဟာ အမြဲတည်တံ့နေမယ့် အခွင့်အရေးမဟုတ်ပါဘူး။ ကာလတိုတိုကလေးမှာသာ ရနိုင်မယ့် အခွင့်အရေးမျိုး ဖြစ်ပါတယ်။ တကယ်လို့ သမ္မတကြီး အခက်တွေ့မှာ စိုးရိမ်နေရင်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲလမ်းစဉ်ကို ထိခိုက်မယ်လို့ ဝေဖန်တာတွေကြောင့် တွေဝေနေရင်၊ စစ်အစိုးရ ခေါင်းမာဂိုဏ်းတွေ စိတ်ကောက်ပြီး အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်တွေကို စဉ်းစားနေမယ်ဆိုရင်တော့ ရတောင့်ရခဲ အခွင့်အရေးကြီးကို ကျနော်တို့ လက်လွတ်သွားမှာ ဖြစ်ပါတယ်။
ဆန္ဒပြတာ ခေတ်နောက်မကျသေးပါဘူး။ လိုအပ်ရင် ဆန္ဒပြတဲ့နည်းကို ထုတ်ဖော်အသုံးပြုရမှာပါ။ လူထုကို အခြေခံတဲ့ နိုင်ငံရေးဟာ အမြဲတမ်း ခေတ်မီနေမယ့် နိုင်ငံရေးပါ။ လူထုကို မယုံကြည်ရင် ကျနော်တို့ရဲ့ ယုံကြည်မှုအားလုံး ယိမ်းယိုင်သွား နိုင်ပါတယ်။ ဆန္ဒပြတာဟာ ဒီနေ့အထိ လူထုကိုင်စွဲကျင့်သုံးနေတဲ့ အကောင်းဆုံးလက်နက်အဖြစ် တကမ္ဘာလုံးက လူထုတွေ အားထားယုံကြည်နေဆဲပါ။ တကယ်တော့ အာရပ်မှာလည်း ဆန္ဒပြနေတာပဲ၊ အမေရိကန်တို့ ဥရောပတို့မှာလည်း အကြီးအကျယ် ဆန္ဒပြနေတာပဲ မဟုတ်လား။ ဘာ့ကြောင့် ကျနော်တို့ နိုင်ငံမှာကျမှ ဆန္ဒပြတာ ခေတ်မမီဘူးလေး ဘာလေး လာပြောနေရသလဲ။ လူထုဟာ သူတို့လိုချင်တာကို ဖော်ထုတ်ပြသဖို့အတွက် ဘယ်ခေတ်၊ ဘယ်အခြေအနေ၊ ဘယ်အစိုးရ လက်ထက်မှာမဆို၊ ဘယ်နိုင်ငံမှာမဆို ဆန္ဒပြသင့်တယ်၊ ဆန္ဒပြခွင့်ရှိတယ်၊ ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ခေတ်မီတယ်လို့ ဆိုချင်ပါတယ်။ အာဏာရှင်ခေတ်တင် မဟုတ်ပါဘူ။ ဒီမိုကရေစီခေတ်ရောက်ရင်လည်း ဆန္ဒပြရဦးမှာပါ။
လွှတ်တော်ပြင်ပ လူထုနိုင်ငံရေးဟာ လွှတ်တော်နိုင်ငံရေးထက် ပိုအရေးကြီးပါတယ်။ ဥပဒေလိုက်နာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီမိုကရေစီကို ဘောင်ခတ်သွတ်သွင်းလိုက်ရင် ဒီမိုကရေစီ ညှိုးနွမ်းသွားပါလိမ့်မယ်။ မတရားတဲ့ ဥပဒေတွေရဲ့ လောင်းရိပ်မိပြီး ဒီမိုကရေစီ ခြောက်သွေ့သေဆုံးသွားပါလိမ့်မယ်။ လွှတ်တော်ထဲမှာပဲ ဒီမိုကရေစီရှိပြီး အလုပ်ထဲ၊ အိမ်ထဲ၊ ဈေးထဲ၊ ကျောင်းထဲမှာ ဒီမိုကရေစီမရှိရင် အဲသလို ဒီမိုကရေစီဟာ အခွင့်ထူးခံဒီမိုကရေစီ ဖြစ်ပါလိမ့်မယ်။ အပေါ်မှာပဲ ဒီမိုကရေစီရှိပြီး အောက်ကို ဒီမိုကရေစီ ရောက်မလာဘူးဆိုတာဟာ ဒီမိုကရေစီကို အပြောသက်သက် အရသာခံပြီး ဖြီးဖြန်းညာဝါးနေတာသာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ပြည်သူတွေကိုယ်တိုင်ရမှ ဒီမိုကရေစီ၊ ပြည်သူတွေ မရရင် အဲဒါ လေမိုခရေဇီပဲ။ (လေတွေပဲ မို့မောက် များပြားနေတဲ့ ရူးကြောင်ကြောင် အပြောတွေလို့ ဆိုချင်တာပါ။) အိမ်မှာ ထမင်းပိုစားရမလား၊ ဟင်းကောင်းကောင်းနဲ့ စားရမလား၊ ဝင်ငွေ တိုးလာမလား၊ အဲဒါဆိုရင် ကောင်းလာပြီလို့ ယုံလိုက်ပါမယ်။ စကားပိုပြောခွင့်ရမလား၊ စာပိုရေးခွင့်ရမလား။ အဲဒါဆိုရင် တိုးတက်လာပြီလို့ လက်ခံမယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ ရဝတ၊ စစ်သားကအစ၊ ဘယ်တရားသူကြီး၊ ဘယ်ဝန်ကြီး၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်သမ္မတကိုမှ ကြောက်စရာမလိုဘူး၊ ငါမှန်တာလုပ်ရင် ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးကွလို့ ပြောနိုင်ပြီလား။ အဲဒါဆိုရင် ဒါမှ ဒီမိုကရေစီကွလို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံလိုက်မယ်။ ကိုယ့်ဆီရောက်မှ ဒီမိုကရေစီ၊ ကိုယ်တိုင်ရမှ ဒီမိုကရေစီပဲ။ ကိုယ်တိုင် ဘာမှမရရင်တော့ ဘာသမ္မတ၊ ဘာလွှတ်တော်ကြီးတွေက အမြှုပ်တစီစီထအောင် ပြောပြော သူတို့ပြောသမျှဟာ လေမိုခရေဇီပဲ ဖြစ်မှာပဲ။
ဒါ့ကြောင့် ဒီမိုကရေစီရေးကို လွှတ်တော်ထဲမှာ လုပ်နေပါတယ်ဆိုတာနဲ့ စိတ်ချမထားလိုက်ကြပါနဲ့။ လွှတ်တော်ထဲမှာ စမ်းချင်သူတွေလည်း စမ်းကြည့်ကြပါ။ ဒါ့အပြင် ကျန်တဲ့လူတွေကလည်း တကယ့် လူထုကြားထဲမှာ၊ တကယ့် လူ့လောကထဲမှာ နည်းလမ်းရှိသမျှ အကုန်သုံးပြီး၊ အားလုံးပါဝင် ဆောင်ရွက်ကြပါစို့။ နည်းလမ်းမတူကြသည့်တိုင်အောင် တယောက်ကို တယောက် ကူညီဆောင်ရွက်ကြပါစို့။
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံး တချက်ကိုလည်း ထပ်လောင်းပြောပါရစေ။ နည်းလမ်းမတူသူတွေကြားမှာ အလုပ်ခွဲလုပ်တာကို ကတ္တီပါလမ်းခွဲ (velvet divorce) လို့ သဘောထားပါ။ တဘက်ကို တဘက် မနှောင့်ယှက်ကြေး။ ။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
No comments:
Post a Comment