ကမာပုလဲ
ဇန်န၀ါရီ ၃၀၊ ၂၀၁၂
ဇန်န၀ါရီ ၃၀၊ ၂၀၁၂
မနှစ်တုန်းဆီက ဆောင်းသည် ရောက်ရှိမလာနိုင်ခဲ့။ နှင်းသည် စိတ်လက်ကောက်ကာ အရိပ်အယောင်ကလေးပင် မမြင်ရ။ မတွေ့ရ။ မခံစားခဲ့ရ။ အရှေ့လေတို့၊ မြောက်ပြန်လေတို့သည် ဝေလာဝေးခဲ့။ ရာသီပျက်ကာလကြီးနှင့် မချစ်မနှစ်သက်ဘဲ ပေါင်းသင်းနေထိုင်ခဲ့ရလေ သည်။
ကောင်းကင်တခုလုံး မည်းမည်းမှောင်။ ထစ်ချုန်း လျှပ်စစ် လက်သည်းကုတ်ရာများ။ အနောက် တောင်ဘက်ဆီက မုတ်သုံလေနှင့် အငြိုး တကြီး ရွာသွန်းနေသော မိုးများ။ ရာသီ အစဉ်လိုက် အလွမ်းတို့ သည်လည်း ကယောင်ကတမ်း၊ ကတိမ်းကပါး။
ဂျပန်ပြည်မှာ အင်အားကြီး ငလျင်လှုပ်ခဲ့သည်။ ဆူနာမီ ဧရာမ ရေလှိုင်းလုံးကြီးတွေရဲ့ ရှေ့တော်ပြေး အင်အားပြင်းထန် ငလျင်ကြီး လှုပ်ခဲ့ သည်။ နြူကလီးယားစက်ရုံတွေ ဆက်တိုက် ပေါက်ကွဲခဲ့သည်။ ဂျပန်ပြည်သူများအဖို့ သဘာဝဘေးအန္တရာယ်ကြီးအောက်မှာ။ နွေခေါင် ခေါင်ကြီး။
တကူးတက ထမ်းပိုး ခပ်ယူထားသော အတာရေများကား မည်သို့သော ရေပက်ခံ သင်္ကြန်ပျော်သူတွေကို ပက်လောင်းရမည် မသိ။ သင်္ကြန် မဏ္ဍပ်တို့ခမျာ ရာသီပျက် မိုးကြီးအောက်မှာ ရေနစ်လျက်။ လမ်းဈေးမှာ ချရောင်းနေသော တခက်စ၊ နှစ်ခက်စ ပိတောက်ပွင့်ရွှေဝါများ။ ဇာတိရပ်မြေ အနောက်ဟိုမှာ ဘက်ကမ်းဆီမှ တကူးတက ရောက်ရှိ မွှေးမြနေသည်ကို။
သည်နှစ်တော့ ဆောင်းက အရွဲ့တိုက်လို့ မင်းမူနေသည်။ နှင်တောင် ပြန်မည့်ပုံ မပေါ်သည့် ဧည့်သည်မျိုး။ အေးလိုက်သည်ကလည်း ခိုက်ခိုက်တုန်မက။ အနွေးခြုံစောင်ထဲ ရေခဲမြစ်တွေ ဝင်စီးနေသလို။ အသက်ရှုရကြပ်လာသည်။ အိပ်စင်အောင် ထင်းမီးဖို ထည့်လှုံသော် လည်း သူ့အအေးဓာတ်က မဖြုံ။ ဝလုံးသဖွယ် ကွေးကောက်နေသော ခန္ဓာကိုယ်ကို မနည်းဆန့်ယူနေရသည်။ သည်ကြားထဲ အအေးလှိုင်းက ဖြတ်နေသည်။ အရှေ့နှင့် အနောက် နီးကပ်စွာ ကပ်လျက်တည်ရှိနေသည့် မြင့်မောက်တောင်တန်းကြီးများကြောင့် အအေးဓာတ်က ဘယ်မှထွက်မသွား။ ကျောက်ချ ရပ်နားနေသည်။ တောင်တန်းနှစ်ခုကြားမှာ ညအခါ တိတ်တခိုး စီးဆင်းနေသည့် မြစ်က လှောင်ရယ် သံကိုပြုလျက်။
မိုးသောက်ချိန် ... အရုဏ်ဦး နှင်းစက်များကား နှင်းမှ ဟုတ်ပါလေစ။ မိုးသီး မိုးပေါက်တွေ ရွာကျနေသလို။ ဖိုထားသော မီးပုံကလေးများပင် အသက်မရှင်နိုင်။ ငြိမ်းပျောက် သေဆုံးကုန်ကြသည်။ ကမ္ဘာလောကတွင် အငြိုးကြီးတတ်သည်မှာ လူနှင့် သတ္တဝါတွေကိုသာ သိထားခဲ့သည်။ ခုတော့ သည်လို မဟုတ်။ အရွဲ့တိုက်နေသည့် ဆောင်းနှင့် သူ၏ နှင်းများ ...။
ဝဋ်ကြွေးရှိခဲ့လျှင် သည်ဆောင်းမှာ သည်အအေးလောက်နှင့် ကျေနပ်ပါတော့လို့ တောင်းပန်ချင်ပါသည်။ ညစဉ် အိပ်ပျက်လာတော့ လူက နွမ်းလျလာသည်။ ဆောင်းကို ပြောပြလိုက်ပါ နှင်း။ အအေးဓာတ်ကို စည်းစိမ်အဖြစ် ခံစားနိုင်တဲ့ လူတန်းစားထဲမှာ ကိုယ်တို့ ဘယ်လိုမှ မပါဝင်နိုင်တဲ့အကြောင်းကို ...။
သည်လောက် အေးရသည့်အထဲ မနာလိုစရာကောင်းအောင် ပျော်ပါးမြူးတူး ကူးခတ်နေသည်ကား ငါးကလေးတွေ။ ရိပ်သာရှေ့တွင် ရေကန်တကန် ရှိသည်။ အုန်းပင်များက ပတ်ပတ်လည်ဝိုင်းရံလျက်။ နေ့အခါ ကြာပန်းတွေ ပွင့်ကြသည်။ နေညိုလျှင် ပွင့်ချပ်များကို အဖူးအဖြစ် အသွင်ပြောင်းလို့ ညတွင် အိပ်စက်နေတတ်သည်။ ကန်စွန်းများ၊ ထိကရုံးများလည်း ပေါက်ရောက်ရှင်သန်နေကြသည်။ ထိုကန်ထဲ မွေးမြူထားသော ငါးကလေးများ ... ပန်းကြာ၊ ကန်းစွန်း၊ ထိကရုံးပင်များကြားတွင် ကူးခပ်ပျော်ပါးလျက်။
သူတို့ကို နေ့စဉ် အစာကျွေးခဲ့သည်။ ရောက်ရှိနိုင်ငံမှာ တိရိစ္ဆာန် အစာမျိုးစုံ ရောင်းသည်။ ခွေး၊ ကြောင်၊ ငါး အစာမျိုးစုံလျက် ဝယ်ယူရရှိနိုင်ပါသည်။ မနက်တခါ၊ ညနေတခါ သူတို့ကို အစာကျွေးသည်။ အစာကို ဟပ်ကာ စားနေသော ငါးကလေးများကို ကြည့်ရ၊ မြင်ရသည်မှာ ရင်ထဲ ဖော်မပြနိုင်သော ခံစားမှုမျိုးကို ရရှိသည်။ ကြာတော့ သူတို့နှင့် တရင်းတနှီးရှိလာသည်။ ထိုရင်းနှီးမှုသည် အပြန်အလှန် ယုံကြည်မှုမှ မြစ်ဖျားခံခဲ့သည်ဟုဆိုလျှင် မမှားနိုင်ပေ။
သူတို့ကို အစာကျွေးချိန် ကန်ပေါင်ပေါ် ရပ်လိုက်သည်နှင့် သူတို့ ရေပေါ်မှာ ပေါ်လာကြသည်။ မျက်လုံးပြူးပြူးကလေးများဖြင့် ကူးခတ်လျက်၊ ကန်ပေါင်ပေါ်ကို ကြည့်လျက်။ ပက်ကျွေးလိုက်သော အစာကလေးများကို အငမ်းမရ ထိုးဟပ် စားသောက်လျက်။ ကြာတော့ အစာကျွေးချိန်မဟုတ်သည့်အချိန် နားနားနေနေ လူလာရပ်နေလျှင်လည်း သူတို့ ရေလွှာပေါ်မှာ ကူးခတ်ရောက်ရှိ ပေါ်နေတတ်ကြသည်။ အစာကလေးတွေ ရေပြင်ပေါ် ကျရောက်မလာတော့မှ အရိပ်ရှိရာ ပန်းကြာ၊ ထိကရုံး၊ ကန်စွန်းပင်များ အောက်ခြေသို့ ကူးခတ် ပျောက်ကွယ်သွားတတ်သည်။
တခါတရံ လူက အစာကျွေးချိန်ကို မေ့လျော့နေတတ်သည်။ လူ့အပူ၊ လူ့သောက၊ လူ့ ဗာဟီရ အလုပ်ကိစ္စတို့ဖြင့် မွန်းကြပ်မေ့လျော့ကာ ကန်ပေါင်ကလေးအပေါ်ရပ်ကာ တောင်စဉ်ရေမရ ငေးမောနေမိတတ်သည်။ ထိုအခါ အစုလိုက် အပြုံလိုက် ရေပြင်ပေါ် ကူးခတ်လာသော ငါးကလေးများက သူတို့ကို အစာကျွေးချိန်ဖြစ်ကြောင်း လူကို အသိပေးနေလေတော့သည်။ sorry ပါ ကိုရွှေငါးကလေးတို့ရေ။ ခုပဲ သင်တို့ကို အစာကျွေးပါ့မယ်။ မလိမ်မိုး မလိမ္မာ အကြင်လူသားအား သင်တို့ဘက်က နားလည် ခွင့်လွှတ်ပေးပါလေ ...။
မွေးစတုန်းကတော့ ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်ချက်ဖြင့်သာ။ ကြာတော့ လူက ငါးကလေးတွေနှင့် သံယောဇဉ် ဖြစ်လာခဲ့သည်။ မိမိရင်သွေးငယ်တွေလို ဖြစ်လာသည်။ အချိန်တန်ရင် အစာကျွေးရမှ။ အစာကျွေးချိန် တနေ့တခြား အရွယ်ရောက်လာသော ငါးကလေးတွေကို ကြည့်ကာ ကြည်နူးပီတိ ဖြစ်ရသည်။ တွေ့နေကျ ထူးခြားသည့် ငါးကလေးတွေကို မှတ်မိနေတတ်သည်။ မှတ်မိနေသည့် ငါးကလေးတွေအချို့က အစာကျွေးချိန် မတွေ့မမြင်ရသည့်အခါ ရင်ထဲ တထိတ်ထိတ်။ စိတ်ထဲ စနိုးစနောင့်ဖြစ်ကာ သူတို့အတွက် ပူပန်စိတ်တွေဖြစ်ရသည်။ ဘာများ ဖြစ်နေပါသလဲ။ နေမကောင်းဘူးလား။ အိပ်မက်ထဲ အထိ။
သူတို့ကို အရောင်းဆိုင်ကနေ ဝယ်ယူ ခေါ်ဆောင်လာခဲ့စဉ်က သူတို့အားလုံး ပီဘိ ကလေးလေးတွေ။ အသွေးအသားတွေက နုညံ့လိုက်သည်များ လက်ထဲတွင် ပန်းပွင့်ကလေးလို ကြေမွသွားမှာ စိုးရသည်။ တနေ့နှင့် တနေ့ သူတို့ အရွယ်ရောက်လာပုံကိုကြည့်ရင်း ပီတိနှင့်အတူ ဝေဒနာလည်း ဖြစ်ရသည်။ စိုးထိတ် ဒေါသတွေလည်း ဖြစ်ပေါ်လာခဲ့သည်။ သူတို့အထဲတွင် အချင်းအချင်း ကိုက်ဖြတ်ချေမှုန်းတတ်သော အသားစား ငါးကလေးများ ပါလာကြသည်။ ထိုအသားစား ငါးများကား သူတို့ထက် ပို၍ အကြီးမြန်ကြသည်။ အစာကျွေးလျှင်လည်း အခြားငါးကလေးတွေအပေါ် အနိုင်အထက် ပြုကျင့်ကြသည်။ မျက်နှာတွေကလည်း စိတ်ကြီး၊ ဒေါသကြီးသည့် လက္ခဏာများကို ဖော်ပြ မုန်ယိုလျက်။
တနေ့နှင့် တနေ့ ငါးကလေးများအတွက် စိုးရိမ်စိတ်က ကြီးမားလာခဲ့သည်။ ငါးအချင်းချင်း ကိုက်ဖြတ် စားသောက်တတ်သော အသားစားငါးများကို ဖမ်းဖို့ဆီးဖို့စိတ်က နေ့စဉ် အတွေးထဲ ဝင်ရောက်လာသည်။ ပထမ မျှားကြည့်သည်။ မရ။ သူတို့က ငါးကလေးတွေထက် ပိုလည်နေသည်။ မနူးမနပ်၊ မလည်မဝယ်နှင့် ငါးမျှားတံမှာ ချိတ်ပါလာသော အသားမစားသည့် ငါးကလေးများကို ပြန်လွှတ်ပေးနေရသည်။ ထိုသို့ ပြန်လွှတ်လိုက်သော်လည်း သူတို့ခမျာ ဒဏ်ရာအနာတရနှင့်။ ပိုက်နှင့် ဖမ်းဖို့ ကြိုးစားကြည့်ပြန်သည်။ မအောင်မမြင် ဖြစ်ရသည်။ ကိုရွှေအသားစား ငါးများကား လူ့အရိပ်အကဲကို နောကျေနေသည့်နှယ်။ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ခရီးထွက်ဖို့ ဖြစ်လာသည်။ ငါးကလေးများကို ခွဲကာ ခရီးတခုထွက်ရမည်။ တပတ်၊ ဆယ်ရက် ကြာမည်ဖြစ်သည်။ ခရီးမထွက်ခင် အသားစားငါးများကို ဖမ်းဆီးမည့် ဌာနေအပျော်တန်း ငါးဖမ်းသမားတဖွဲ့ ရောက်လာသည်။ သူတို့က အသားစားငါးတွေကိုသာ ဖမ်းဆီးပါမည်ဟု နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြသည်။ အသားစားငါးများကို မဖမ်းလို့ မဖြစ်တော့။ သမင်မွေးရင်း ကျားစားရင်းဆိုသလို ငါးမွေးရင်း ငါးအချင်းချင်းစားကာ ငါးကလေးများကုန်တော့မည်။ ယာယီနှုတ်ဆက်လိုက်ပါတယ် ငါးကလေးတို့ရေ။ ပြန်လာတဲ့အခါကျမှ အစာကျွေးရင်း ဆုံကြတာပေါ့နော။
ခရီးက နယ်စိမ်းပယ်စိမ်း မဟုတ်။ တခါက နှစ်ရှည်လများ နေထိုင်ခဲ့သည့်အရပ်။ သင်တိုင်းဖြူမလေးများ၏ ဖလံတောင်နှင့် ဖားစည်မြေ။ ရောက်ပြီး နောက်တညမှာ အအေးလှိုင်းနှင့် တိုးတော့သည်။ သင်တိုင်းဖြုမလေးများ၏ ဒုံးယိမ်းအကကိုလည်း ကြည့်ခွင့်မရခဲ့။ ကျွဲချိုမှုတ်သံ မကြားရ။ ဖားစည်သံတိတ်ကာ အေးလိုက်သည့်ဖြစ်ခြင်း။ သူတို့၏ နှစ်ပရိစ္ဆေဒ တောင့်တခြင်း တေးသံကိုနာခံရင်း ရိပ်သာကလေးဆီ ပြန်ခဲ့ပါသည်။
အစာကလေးတွေယူငင်ပြီး ရိပ်သာကန်ပေါင်ကလေးပေါ် ရပ်လို့ ငါးကလေးတွေကို ငေးကြည့် ရှာဖွေနေမိသည်။ တကောင်တလေမျှ အရိပ်ကလေးပင် မတွေ့ရ။ ငြိမ်ချက်သားကောင်းလိုက်တာ။ အစာပက်ကျွေးရင်တော့ အလုအယက် ပေါ်လာကြမယ် ထင်မိသည်။ နေနှင့်ဦးပေါ့။ ပက်ကျွေးလိုက်သော အစာကလေးများ ကန်လုံးပြည့် ရောက်ရှိသွားကြသည်။ ငါးကလေးတို့သည်ကား တကောင်မျှ ပေါ်မလာ။ အရိပ်အယောင်ကိုမပြောနှင့် ငါးပွက်ရာ ရေပူပေါင်းကလေးတွေပင် မတွေ့ရ။ အလို ငါးကလေးတွေ ရှိများ ရှိနေသေးပါစ။
ငါးကလေးတွေ ရှိနေပါသည်။ တခုတ်တရ မွေးမြူထားသော ငါးကလေးတွေ ရှိနေပါသေးသည်။ သို့သော် သူတို့သည် အသားစားငါးများကို ဖမ်းယူစဉ်က ငါးမျှားတံတွင် ချိတ်ပါသွားသော ငါးများ၏ ဘဝနိဂုံးချုပ်ချက်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ကြသည်။ အသားစားငါးများကိုသာ ဖမ်းခဲ့သည်ကို သူတို့ မသိ။ သူတို့သိသည်မှာ လူသားသည် အစာကျွေးရင်း ငါတို့အမျိုးအနွယ် ငါးများကို ဖမ်းဆီးခဲ့လေသည်။ သည်တော့ လူသားနှင့် သူတို့ ငါးကလေးများကြားတွင် ထားရှိခဲ့သော သံယောဇဉ်နှင့် မေတ္တာတရားတို့သည် ပျက်ပြယ်သွားခဲ့ပြီ။ တခါက ယုံကြည်မှုနေရာတွင် အသက်နှင့် ရှင်သန်မှုကို အလေးထားသည့် မယုံကြည်မှုက အစားထိုး ခိုင်မာဖြစ်တည်သွားခဲ့လေပြီလား ...။
နှင်းရေ ... ငါးကလေးတွေ၏ ဘဝပေးအသိကို လျှော့တွက်လိုက်မည်ဆိုရင်ဖြင့် ...။ ။
No comments:
Post a Comment