“လာကြဟေ့..လာကြ..ရထားထွက်တော့မယ်”
ဟူသောအသံများကြောင့် ဘူတာတခုလုံး တဝုန်းဝုန်းဖြစ်သွား လေသည်။များပြားလှစွာသော လူအုပ်ကြီးသည် ကိုယ့်အ ထုပ်ကိုယ်ဆွဲ၍ အတင်းတိုးကြတော့သည်။ ရထားပေါ်သို့ သူ့ထက်ငါ အတင်းတိုးဝှေ့လျက် တက်ကြတော့သည်။
“နင့်အထုပ်ကြီး မြန်မြန်တင်စမ်း တကတည်းဟာ လူတွေ ဒီလောက်များတာကို အထုပ်ကြီးကန့်လန့်ကန့်လန့်နဲ့” “ဘာသိလို့လဲ အဒေါ်ရဲ့ အခြေအနေကောင်းရင် ဟိုမှာ အခြေချရမှာ အဒေါ်ကကော ဘာလို့ ဒီခရီးကို လိုက်လာတာလဲ” “ဟဲ့ဒီအရပ်က လူမနေသင့်တဲ့ အရပ်၊ ငါ့တသက်နေလာခဲ့တာ စိတ်ချမ်းသာရတဲ့ရက် တရက်မှမရှိဘူး၊ ဒါကြောင့် ယူလာ စရာလဲ ဘာမှမရှိဘူး၊ အဝတ်တထည် ကိုယ်တခုနဲ့ ဘဝသစ်ကိုစမှာ ဟိုရောက်ရင်ကော အဆင်ပြေပါ့မလား” ဟူသောအသံသည် မဝင့်မရဲ မယုံမရဲနှင့် ထွက်လာသည်။
“ဟေ့ ရှေ့မှာ ပိတ်မနေကြပါနဲ့ နောက်မှာလူတွေ တအားတိုးနေတာ လူမူရေးနားလည်ကြပါအုန်း၊ လူတွေကလဲ စုတ် ပြတ်နံစော်နေတာဘဲ”
“အောင်မယ် လူပါးဝလို့၊ ဒီခရီးကို နင်တို့လို တကိုယ်ကောင်းသမားတွေ လိုက်ဖို့တောင်မတန်ဘူး သေနာရဲ့၊ ဒီင်္အရပ်မှာပဲ နင့်အဖေ အားကိုးနဲ့ လူစွာလုပ်လို့ရမယ်၊ ဒီရထားစီးပြီဆိုမှတော့ နင့်စရိုက်ကို ပြင်ရင်ပြင် မပြင်ရင် ဟိုကလူတွေက နင့်ကို အရေခွံခွာလိမ့်မယ် ဟဲ့ အကောင်ရဲ့” ဟုဆိုသော ရန်ထောင်သံလဲ ကြားရပါသည်။
“တော်ကြပါ.. တော်ကြပါ ဒီခရီးသွားဖို့ ဘယ်လောက်တောင်စောင့်ရတယ်ဆိုတာ၊ စိတ်ရှည်ရှည် ထားကြမှပေါ့၊ သည်းခံ ကြမှပေါ့” ဟုဆိုသော လူရည်သန့်ပုံစံ ဖြန်ဖြေရေးသမားတယောက်၏ စကားသံကြောင့် လူကြီးပိုင်းထဲမှ တယောက်က “ဟေ့ အခုပြောတဲ့ ပုဂ္ဂိုလ်လေးကို တွေ့ဖူးသလားလို့”
ထိုအခါ လူလတ်ပိုင်းအရွယ်တယောက်က
“သူ့ကို ကျနော် သိတယ်၊ အထင်မကြီးကြနဲ့ သတိထားပြီးနေကြ အဲဒီကောင် ခါးပိုက်နှိုက်၊ လူပုံကိုကြည့်လိုက်ရင် မန်နေ ဂျာလိုလို၊ အရာရှိလိုလို၊ ဟိုမှာဟိုမှာ အထုပ်နဲ့ကောင်မလေးနား ကပ်သွားဘီ၊ ကောင်မလေးတော့ ဒုက္ခပဲဗျို့” “ဒါဆိုတို့တွေ သတိထား စောင့်ကြည့်ပြီး အမိဖမ်းရအောင်”
“မလုပ်နဲ့ မလုပ်နဲ့၊ ဒီအကောင်တွေက အဖမ်းခံရလည်း ခဏပဲ ပြီးရင် နိုင်ငံရေးအကျဉ်းသား တယောက်လွှတ်တာနဲ့ သူ တို့လို လူမျိုးတွေကို ထောင်နဲ့ချီပြီး လွှတ်ပေးလိုက်တာ၊ သူတို့ကို အဖမ်းခံရအောင်လုပ်တဲ့သူကို မှတ်ထားပြီး ထောင်က လွတ်တာနဲ့ ဒုက္ခပေးတာ”
“ဟုတ်ရဲ့လားဗျာ”
“ဟုတ် .. ဟုတ်နဲ့တောင်နေသေးတယ်။
ကျနော့် သူငယ်ချင်းတယောက်ကို ငြိုးထားပြီး ထောင်ကထွက်တာနဲ့ ဓားနဲ့ထိုးလိုက်တာ ပွဲချင်းပြီးကို သေရောဗျာ” ဟုဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်သူကြောင့် သည်အရပ်ဒေသ၌အကြောက်တရား၏ ဖိနှိပ်မူကိုနဖူးတွေ့ ဒူးတွေ့ကြုံတွေ့ ဖူးသော အမျိုးကောင်းသားများအားလုံး ကိုယ်နှင့်မဆိုင်သလို မျက်နှာလွှဲ နေလိုက်ကြတော့သည်။
ထိုစဉ် “အား..နာလိုက်တာ” ဟူသောအသံနှင့် မရှေးမနှောင်းပင် “ဆောရီးဗျာ ဆောရီး မတော်လို့နော်” “မတော်တာနောက်ထား၊ ဖိနပ်ပြတ်သွားဘီ၊ နေ့သွင်းနဲ့ ဝယ်ထားရတဲ့ ဖိနပ်ကလေး သွားပါဘီ” ဆိုသော နွမ်းဖတ်ဖတ် ဝတ်စုံကလေးကိုသာ ဝတ်ဆင်ထားရရှာသည့် မိန်းကလေးငယ်၏ ငိုမဲ့မဲ့မျက်နှာကလေးနှင့် သနားစရာ အသံကလေးကို ကြားရပြီးနောက် တဆက်တည်းပင် …
“တောင်းပန်ပါတယ်ဗျာ…ဟို,ဟို ဘူတာ အဆုံးရောက်ရင် ကျနော်ပြန်ဝယ်ပေးပါ့မယ်…ကတိပေးပါတယ်ဗျာ”
ထိုအခါ လူကြီးတယောက်က ဝင်၍ ပြောသည်မှာ “ဟေ့လူ နေပါအုန်း ခင်ဗျားကတိက ယုံရမှာလား၊ စစ်ဖက်က ပေးတဲ့ ကတိမျိုးဆိုရင် ဒို့က သိပ်ယုံချင်တာ မဟုတ်ဘူး၊ ကလေးမ ဖိနပ်ဖိုးကို အခုပဲလျော်ပေးလိုက်”
“ကျနော် .. ကျနော် စစ်ဖက်က မဟုတ်တော့ပါဘူး၊ တိုက်ပုံပြောင်းဝတ်လိုက်ပါပြီ၊ ဒါကြောင့် နဲနဲတော့ ယုံပေးပါဗျာ၊ အခု ကျနော့် သေတ္တာတွေက တပည့်တွေနဲ့ ပါသွားလို့ပါ တောင်းပန်ပါတယ်၊ ကျနော် ဆက်ဆက် လျော်မှာပါဗျာ”။
“ဒီမှာ…ဘေးနားမှာကပ်ပြီးထိုင်ပါရစေနော်”
“ရပါတယ် ထိုင်ပါ”
“ဟာ, ဆရာမကြီးပါလား၊ တွေ့ရတာ ဝမ်းသာလိုက်တာ”
“မင်းက ဘယ်သူလဲ”
“ဟာ ဆရာမကြီးကလဲ ကျနော် ဝင်းသိန်းလေ၊ အင်းလေ နှစ်တွေတောင် ကြာမှပဲ၊ ကျနော်တောင် မြေးတယောက်ရနေပြီ ဆိုတော့”
“ဟဲ့ .. ကားပွဲစားလုပ်တဲ့ ဝင်းသိန်းလား အရင်က ကျောင်းဆရာ လုပ်တယ်လေ”
“ဟုတ်တာပေါ့ ဆရာမကြီးရယ် ခေတ်ကပြောင်းသွားတော့ ဘာလုပ်စားရမလဲတောင် မသိတော့ဘူး၊ အရင်ကတော့ လေ နဲ့ပဲရင်းပြီး လုပ်စားနေတဲ့သူဆိုတော့၊ အခု ဘာမှလုပ်မစားတတ်တော့ဘူး၊ ဒါကြောင့် သမက်ကလေးက ဒီရထားနဲ့လိုက် ဟိုရောက်လို့ ဂွင်ကောင်းရင် သူတို့ဆရာတပည့်ကိုခေါ်လိုက်၊ သူတို့လိုက်လာပြီး ကုမ္ပဏီထောင်မယ်၊ အခြေအနေ သွား ကြည့်ဆိုပြီး စရိတ်ပေးလွှတ်လိုက်လို့”
“နေပါအုန်း သားမက်က ဘာလုပ်တာမို့်လို့လဲ”
“သူက တိုင်းအဆင့် အရာရှိကြီးရဲ့ တူရဲ့ တပည့်ပါ အဲဒိ အရာရှိကြီးက ဟိုဘက်ခေတ်တုန်းကလဲ သူ့ရဲ့တိုင်းမှာ အကြီး ဆုံးပဲ၊ အခု ခေါင်းပေါင်း ပေါင်းလိုက်တော့လဲ သူပဲ အကြီးဆုံး၊ နေပါအုန်း ဆရာမကြီးကကော ဘာသွားလုပ်မလို့လဲ၊ ဒီ လောက်လူတွေ ကျပ်ညပ်နေတဲ့ ရထားနဲ့ လိုက်ရအောင်”
“သားရယ် ဒီရထားနဲ့ ဒီခရီးကို လိုက်ရတာတောင် ကျေးဇူးတွေ အထပ်ထပ်တင်နေရတာ ခရီးဆုံးရောက်တော့မှ သေ တော့လဲ အသေဖြောင့်တာပေါ့၊ ဒီိအရပ်မှာက သေရတာတောင် အသေဖြောင့်တာ မဟုတ်ဘူး၊ မင်းလဲ သိရဲ့သားနဲ့”။
ခရီးသွားများကလဲ များသထက်များလာပါပြီ။ ဘူတာကြီးသည်လည်း လူအုပ်ကြီးကြားထဲတွင် ပျောက်ကွယ် တော့မတတ် ဖြစ်နေပါပြီ။ ရထားပေါ်တွင် လူများမဆန့်မပြဲ ဖြစ်နေပါပြီ။ မျှော်လင့်တုန်း ကျော့ဆုံးလဲ လာချေပြီ။
“ခေါင်းတွဲလာချိတ်တော့မယ်ဟေ့ ဒီတခါတော့ တကယ်ထွက်ပဟ”
“အတင်းမတိုးကြပါနဲ့”
“တိုးမှာပဲဟေ့ ဦးဦးဖျားဖျား ဒီရထားနဲ့လိုက်မှ ဟိုမှာနေရာကောင်းကောင်းရမှာ”
“မြန်မြန်တက်”
“တိုးသာတိုး”
“အဖိုးကြီးတွေ ဘာလုပ်နေတာလဲ”
“တိုးနေတာဟေ့ မင်းတို့လောက်တော့ ပျင်းတောင်ပျင်းသေးတယ်၊ ငါတို့က ရန်ကုန်မြို့လည်က ရုပ်ရှင်ရုံတွေမှာ တိုးဝှေ့ ကြည့်လာတဲ့သူတွေပါကွ”။
“ဟိုမှာ အလန်းလေးတွေဟေ့”
“ဒီလူအုပ်နဲ့ ဒုက္ခရောက်တော့မယ်”
“မင်းကလဲတုံးလိုက်တာ သေသေချာချာ ကြည့်ပါအုန်း မင်းသမီးတွေနဲ့ မော်ဒယ်တွေလေ ရထားတွဲတွေထဲ အတင်းတိုး ဝင်မယ်ထင်လို့လား ဝေးသေး ဂါတ်ဗိုလ်ကြီးကို အစောကြီးကတည်းက ကပ်ပြီးသား၊ ဂါတ်ဗိုလ်တွဲနဲ့ လိုက်လိမ့်မယ်” ။
လည်ပင်းတွင်ကြီးမားသည့် ရွှေဆွဲကြိုး၊ လက်မှာရွှေဟန်းချိန်း၊ ကျောက်စိမ်းလက်စွပ်၊ ပတ္တမြားလက်စွပ်၊ အပြူးသားဆင် ယင်ထားပြီး တပည့်များခြံရံထားသည့် အသားအရေ နုဖတ်နေသည့် ဗိုက်ရွှဲရွှဲ ပုဂ္ဂိုလ်တော်မြတ်ကြီးတဦးသည် ချွေးဒီးဒီး ကျနေသည့် မျက်နှာအား ရေမွှေးဆွတ်ထားသည့် လက်ကိုင်ပုဝါနှင့် သုတ်ရင်း …
“အိုက်လိုက်တာကွာ ချွေးတွေလဲ ရေချိုးထားတာကြနေတာပဲ”
ထိုအခါ သူနှင့် မလှမ်းမကမ်းမှပါလာသော သူ၏သူငယ်ချင်းဖြစ်သူက..
“မင်းက အဲယားကွန်းအခန်းထဲကနေ ရှိသမျှ လောင်းကစားဒိုင်လုပ်နေတဲ့ကောင်ပဲ၊ အခုလဲ ဟိုမှာဒိုင်သွားလုပ်အုန်းမလို့ မဟုတ်လား”၊
“အေးလေ ဘာဖြစ်လဲ လူတွေအားလုံးလိုလို လောဘသားတွေပဲ သူတို့လောဘတက်လေလေ ငါတို့အိုကေ လေလေ၊ ဟိုရောက်ရင် ပိုတောင်ကောင်းအုန်းမယ် မယုံရင်ကြည့်နေ”။
ပိန်ပိန်ရှည်ရှည် အသားအရေခြောက်ကပ်ကပ်နှင့် လူတယောက်သည် လောင်းကစားဒိုင် လုပ်သူနှင့် အပေါင်းပါများကို စိတ်မသက်မသာ ကြည့်ကာ သူနှင့်ပါလာသူထံ အကြည့်လွှဲလျက် ..
“ခက်တယ်ဗျာ မြန်မာပြည်ရဲ့လူ့အဖွဲ့အစည်းကို အမြစ်ကနေ လှန်ပြစ်ရမယ်၊ ဟိုနားနဲနဲ ဒီနားနဲနဲ ပြောင်းလို့မဖြစ်ဘူး” ဟုဆိုသောအခါ အတူပါလာသူက ..
“အေးဗျာ ဒီမိုကရေစီနဲ့လူအခွင့်အရေးအတွက် အရေးဆိုတာတွေ ဆက်လုပ်ရအုန်းမယ်၊ ပြည်သူတွေရဲ့ လူနေမှုဘဝ မြှင့် တင်ပေးဖို့လည်း ကျနော်တို့မှာ တာဝန်ရှိတယ်ဗျ”
“နေပါအုန်းဗျာ လူနေမှုဘဝတွေ ဘာတွေ၊ ကျနော်ဆိုလိုတာက စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်မားအောင် လုပ်ရအုန်းမယ်လို့ ပြောနေတာဗျ၊ ခုပဲကြည့်လေ ရထားပေါ်မှာ လူတွေကိုယ်ချင်းစာတရားလေးနဲ့ ဖေးဖေးမမ လုပ်ဖို့ဘယ်လောက်ကောင်း လဲ၊ ထိုင်စရာနေရာလေးရတာနဲ့ ကျောက်ချပြီး ထိုင်နေလိုက်တာ၊ ကိုယ်လေး တိမ်းပေးလိုက်တာနဲ့ ဘာဖြစ်သွားမှာမို့လို့ လဲဗျာ”။
ထိုစဉ်မှာပင် ရထားတွဲများနှင့် ခေါင်းတွဲကြီးချိတ်ပါပြီ။ လူသံများ ဆူညံသထက် ဆူညံလာပါသည်။
“မြန်မြန်တက်ပါဟ မြန်မြန်”
“ပြူတင်းပေါက်က ကျော်မတက်ပါနဲ့”
“မတက်လို့မဖြစ်လို့ဟေ့”
“လက်ကိုဆွဲထား ဆွဲထား”
“ကြည့်စမ်းပါအုန်း လူတွေကို အုံခဲနေတာပဲ ဘယ်လိုလုပ် ရထားကဆန့်မှာလဲ”
“ဟာ ရထားခေါင်မိုးမှာလဲ လူတွေအပြည့်ပဲ”
“ဒုက္ခပါပဲ လူတကိုယ်စာတောင် မနည်းလိုက်ရတာ သေတ္တာကြီးကို အတင်းထိုးသွင်းနေရသလား အောက်မှာ လူတွေဟဲ့ လူတွေ”
“မတော်လို့နော် ဆောရီး ဆောရီး”။
မီးရထားဝန်ထမ်းနှစ်ဦးလည်း လူအုပ်ကြီးကို ကြည့်ရင်း တပည့်ဖြစ်သူက ..
“ဆရာ ဒီရထားအဆင်ပြေပါ့မလား လမ်းမှာတခုခုဖြစ်ရင်တော့ ဒုက္ခပဲ” ဟုဆိုသောအခါ ဆရာဖြစ်သူက “မင်းအပူမပါ ပါဘူး၊ လိုက်ချင်လို့ လိုက်ကြတာ လိုက်ပလေ့စေ၊ တို့အလုပ်က ခရီးဆုံးအောင် စီစဉ်ပေးလိုက်ဖို့ပဲ”။
“ကျနော်တို့ မြန်မာပြည်က သံလမ်းအကျယ်က ကမ္ဘာပေါ်မှာ အကျဉ်းဆုံး၊ ဘယ်လောက် လူးလိုက်မလဲ၊ လမ်းမှာလိုက်မဲ့ သူတွေကလဲ အများကြီး၊ အခြေအနေမှန်ကို ဂါတ်ဗိုလ်ကြီးသိရဲ့လား”
“သိမှာပေါ့ကွ တကယ်ဆိုရင် ဒီခရီးကို ထွက်ဖို့ သေသေချာချာ ပြင်ဆင်ထားရမှာ၊ ခုတော့ ထွက်ဟ ထွက်ဟ ဆိုပြီး အာ ဏာပိုင်တွေက အချက်ပေးလိုက်ရော တက်သုတ်ရိုက်လိုက်ရတာ၊ ဒီလောက်တော့ ရှိမှာပေါ့ အရင်တသုတ်က လူတွေက တော့ ရထားကိုလည်း သေသေချာချာပြင်၊ ရထားနဲ့လိုက်မဲ့သူကိုလည်း စစ်ပြီးရွေးထားတာ၊ကျန်ခဲ့မယ့်လူတွေအတွက်လဲ အပြည့်အစုံစီစဉ်ထားတာ”
“ဒါတော့ ဟုတ်တာပေါ့ဗျာ သူတို့က နှစ်ပေါင်းများစွာ အသာစီးယူထားတာ”၊
“အခု အုပ်စုကတော့ ဘယ်သူလိုက်လိုက်ဆိုပြီးဖွင့်ပေးလိုက်တော့ တလကြမ်း အတင်းလိုက်လာတာကိုး၊ ပြင်ဆင်ချိန် ဘယ်လောက်ရလို့လဲ”
“ရပါတယ်ဗျာ ပြင်ဆင်ခွင့်ကို ယူမှ မယူတတ်တာ”
“ဟေ့ကောင် မင်းက ဘယ်လောက်နားလည်လို့လဲ၊သွားစမ်း ကိုယ့်အလုပ်ကိုယ်လုပ်”။
မြန်မာပြည်၏ ဒီမိုကရေစီဘူတာကြီးသို့ ရထားများ ဆက်တိုက်ထွက်ခွာလာကြပါပြီ။ ရထားစီးလာ၊ မိတ်သဟာ၊ ကျန်းမာ ချမ်းသာကြပါစေ။ အန္တရာယ်ကင်း၊ ဘေးများရှင်း၊ ဘဝတွေလဲ လင်းပါစေ။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းဝေးကြပါ စေ။
သန့်စင်အောင် (ရန်ကင်း)
No comments:
Post a Comment