Thursday, January 26, 2012

အာဆီယံ စီးပွားရေး အသိုက်အ၀ိုင်းနှင့် မြန်မာ့ပညာရေး


ဦးသိန်းစိန်အစိုးရ အာဏာရယူလာကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး နယ်ပယ်မှာ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေးရဲ့ နှစ် ၂၀ ကျော် ဓားမိုး အုပ်ချုပ်နေစဉ် ကာလအတွင်းမှာ ဒေသတွင်းနှင့် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ ပြောင်းလဲကုန်ပါတယ်။ ဆယ်စုနှစ် နှစ်ခုအကုန်မှာ တရုတ်က ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်ကို ရောက်ရှိလာပါတယ်။ အာဆီယံ ဒေသတွင်းက နိုင်ငံအချို့တွေဟာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ ကမ္ဘာ့ရေစီးကြောင်းထဲမှာ မျောနေကြပါပြီ။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ ဒေသစီးပွားရေး အသိုက်အ၀ိုင်းအတွက် ပြင်ဆင်လာကြတာကို တွေ့နေရပါတယ်။ Asean Economic Community ဖြစ်ပေါ်လာမယ်ဆိုရင် အကန့်အသတ် လျော့ကျလာမယ့် ပြည်ဝင်ခွင့်တွေကြောင့် လုပ်သားအင်အားစု ပြောင်းရွေ့မှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
လုပ်သားအင်အား ပြောင်းရွေ့မှုတွေနဲ့အတူ မိမိနိုင်ငံတွင်းမှာရှိတဲ့ လုပ်သားတွေ အနေနဲ့လည်း အလုပ်အကိုင်ရရှိရေး နယ်ပယ်မှာ စိတ်ခေါ်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့၊ မလေးရှား၊ ဗီယက်နာမ်၊ ထိုင်းနိုင်ငံတွေမှာ ပညာရေးအခန်းကဏ္ဍကို ပြင်ဆင်လာတာကို တွေ့ရပါတယ်။
ဆီမီယို အဖွဲ့ (Asian Ministers of Education Organisation - Seameo) ဟာ အာရှဒေသမှာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ် တွေမှာ တိုးတက်မှုတွေ ရရှိလာအောင် သင်တန်းနှင့် အသိပညာဆိုင်ရာတွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အာရှဒေသတွင်းမှာ ဆီမီယိုဌာနတွေဖွင့်ထားတာ ၁၉ ခုရှိပါတယ်။
ထိုင်းပညာရေးဌာန အတွင်းဝန် Sasithara Pichaichannarong က လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အ၀ိုင်း နှင့်ကိုက်ညီမယ့် ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ The Nation သတင်းစာကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ကို Asean Economic Commnity နှင့် ကိုက်ညီအောင် ပြုပြင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆီယံ ဒေသတွင်းမှာ ရှိတဲ့ ဆီမီယို ဌာနတွေ အနေနဲ့လည်း ဘာတွေလုပ်ခဲ့တယ် ဆိုတာထက် ဖြစ်ပေါ်လာမယ့် ဒေသတွင်းနဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် ပညာရေး ကိစ္စကို အလေးပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာစီယံ ဒေသတွင်းမှာ စီးပွားရေးအသိုက်အ၀ိုင်းနှင့်အတူ ပညာရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု တွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ Asean University Network (AUN) အာဆီယံ တက္ကသိုလ်များ ကွန်ယက်ကို ဖွဲ့စည်းပြီးအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လုပ်လာတာကို တွေ့ရပါတယ်။ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးတွေကို လုပ်ဆောင်ဖို့ ဆော်သြလာတာကို ကြည့်ရင် ဒေသတွင်းမှာ ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေ အတွက် ပညာရေးစနစ်ကို ပြုပြင်လာတာကို တွေ့ရပါတယ်။
Asean China Youth Caring and Sharing Programme အာဆီယံ၊ တရုတ် လူငယ်ဖလှယ်ရေး အစီအစဉ်ကို ထိုင်းနိုင်ငံမှာ ကျင်းပပြီး အာဆီနိုင်ငံတွေက ကျောင်းသားတွေနဲ့ တရုတ် ကျောင်းသားတွေ အပြန်အလှန် လဲလှယ်မှုတွေ ပြုလုပ်ကြတော့မှာဖြစ်ပါတယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံကြား ကျောင်းသား အပြန်အလှန် လှဲလှယ်မှုမှာ ဦးရေတသိန်းထိ ပါဝင်လာဖို့ရည်မှန်းထားကြပါတယ်။ ဖြစ်ပေါ်လာမယ့် အနာဂတ်ကို ရင်ဆိုင်ဖို့ နည်းပညာ တခုတည်းမဟုတ်ဘဲ လူသားအချင်းချင်းကြား နားလည်မှုတွေနဲ့ တည်ဆောက်မယ့် ကမ္ဘာ့လူ့မှု အသိုက်အမြုံလို့တောင် ခေါ်နိုင်ပါတယ်။
ထိုင်းနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အတွက် တက္ကသိုလ်တွေကလည်း အခြားနိုင်ငံတခုက ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ် နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ “ဆရာများ သမဂ္ဂ” ကလည်း သီးခြားစီမံကိန်းတွေနဲ့ AEC ကိုရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အစွန်အဖျားမှာ တည်ရှိတဲ့ မဲဆောက် အထက်တန်းကျောင်းဆိုရင် အာရှ၊ လက်တင်အမေရိက၊ ဥရောပနှင့် မြောက်အမေရိက ကျောင်းတွေနဲ့ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးကို စတင်နေပါပြီ။
နိုင်ငံတခုရဲ့ ပညာရေးအဆင့်အတန်းကို သိချင်ရင် အဲဒီနိုင်ငံက နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုမှာ ပညာရေးအတွက် ဘယ်အထိ သုံးထားတာကို ကြည့်ရင် သိနိုင်ပါတယ်။ ထိုင်းနိုင်ငံက ပညာရေး ဘတ်ဂျက်ကို အမြင့်ဆုံးသုံးပြီး လာမယ့်အနာဂါတ် အတွက်ပြင်ဆင်နေတာပါ။ ၂၀၁၁ ခုနှစ် ပြည်သူ့လွတ်တော် အစည်းအဝေးမှာ ကျောင်းဆရာများ သမဂ္ဂဖွဲ့စည်းခွင်းကို တင်ပြရာမှာ မြန်မာနိုင်ငံပညာရေး ဒုဝန်ကြီးက မလိုအပ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
အခုတလော နိုင်ငံရေးတွေနဲ့ အပြိုင် ကျယ်ကျယ်လောင် ပေါ်ထွက်လာတာက ခေတ်မမှီတော့တဲ့ မြန်မာ့ညာရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဆော်သြလာတာကို တွေ့ရပါတယ်။ အစိုးရနှင့် တတ်သိပညာရှင်တွေ ထပ်တူကျတဲ့ အမြင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဘယ်လိုပြောင်းလဲ မလဲဆိုတဲ့အချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။
နိုင်ငံတော် ဘတ်ဂျက် ခွဲဝေမှုမှာ စစ်တပ်အသုံးစရိတ်က အမြင့်ဆုံး သုံးလာတာတဲ့ အတွက် မြန်မာဟာ စီးပွားရေးနှင့် ပညာရေးမှာ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တွေနဲ့ တန်းတူအဆင့် ရောက်သွားပါတယ်။
ရွာအမှု ကျောင်းကိုပတ် ဆိုသလို တိုင်းပြည်ဆင်းရဲတော့ တိုင်းပြည်အမှုက ဘုန်းကြီးကျောင်းတွေကို ပတ်လာပါတယ်။ ဘက လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးတွေ အလျှိုအလျှို ပေါ်ပေါက်လာပါတော့တယ်။ ဘုန်းကြီးတွေလည်း မနေသာတော့ တိုင်းပြည်အရေးမို့ ၀င်ပါလာရတယ်။ အသိပညာ အတတ်ပညာရှင်တွေ ရှားပါးမှုက ဒေသတွင်းမှာ ရှက်စရာလို ဖြစ်လာပါတယ်။
အာဆီယံဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေကို သူ့နိုင်ငံသား ပညာရှင်တွေက ပညာရပ်ဆိုင်ရာ စာတမ်းတွေ၊ စတုတ္ထမဏ္ဍိုင်နှင့် ပညာရှင်ဆိုင်ရာ နယ်ပယ်တွေမှာ ကျယ်ကျယ်လောင်လောင် တင်ပြလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာပညာရှင်တွေ ရေးသားတဲ့ ဒေသတွင်းနဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ စာတမ်းက မရှိသလောက် ရှားပါးပါတယ်။ ဒီလက္ခဏာတွေက ရင်လေးစရာ တိုင်းပြည်အနာဂါတ်ကို မြင်မိပါတယ်။
လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြိုင် ပညာရေးပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် မြန်မာ့လူမျိုးက လူမျိုးခြားတွေရဲ့ လွှမ်းမိုးချယ်လှယ်မှုကို ခံနေရအုံးမှာပါ။ နိုင်ငံရဲ့ သဘာဝအရင်း အမြစ်ကို ရောင်းစားလာတာ နှစ်ပေါင်း ၆၀ ကျော်တာတောင် မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ် ပိုင်ဆိုင်မှုမှာ ကမ္ဘာ့ ထိပ်တန်း ၀င်နေတုန်းဖြစ်ကြောင်း သုတေသန စာတမ်း တခုမှာတွေ့ရပါတယ်။
အဲဒီအရင်း အမြစ်တွေဆိုတာ မသုံးတတ်ရင် ဘေးထွက်ဆိုးကျိုးတွေ များပါတယ်။ အရင်းအမြစ်တွေ ကြောင့် အနိဌာရုံတွေ ပေါ်ပေါက်ခဲ့သလို၊ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ အရင်းအမြစ်ကို စနစ်တကျ သုံးစွဲနိုင်တဲ့ ပညာရှိဖို့လိုအပ်ပါတယ်။
လက်ရှိအစိုးရရဲ့ သက်တမ်းမှာ မြန်မာက အာဆီယံ ဥက္ကဌ ဖြစ်လာတော့မှာပါ။ တနှစ်အတွင်း ဒေသဆိုင်ရာ အစည်းအဝေးနှင့် ဆွေနွေးမှု ပေါင်းစုံ (၇၀၀) ကျော်ကို လက်ခံကျင်းပပေးရမှာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဆွေးနွေးရာမှာ ဘယ်မြန်မာပညာရှင်တွေက ဦးဆောင်ကြမလဲ ဆိုတာ ပိတ်ကားပေါ်မှာ မကြာခင်မြင်ရတော့မှာ ဖြစ်ပါတယ်။
ဒေသတွင်းနှင့် နိုင်ငံတကာမှာ အဆင့်အတန်းမှီ နိုင်ငံတခု ဖြစ်လာရေး ဘယ်လို ပညာရေးနဲ့ ရင်ဆိုင်မလဲ၊ ရွာအမှုကျောင်းကိုပတ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးနဲ့ဘဲ ရင်ဆိုင်မလား၊ ခေတ်မှီ ပညာရေးစနစ်နဲ့ ရင်ဆိုင်မလား လက်ရှိအစိုးရနှင့် အတိုက်အခံတွေ အလေးထား စဉ်းစားရမယ့် အချိန် ဖြစ်တယ်လို့ ကောက်ချက်ဆွဲမိပါတယ်။
မောင်ရမ္မာ

No comments: