Sunday, January 29, 2012

ထိုအဖေ ဤသမီး (၃)


ဦးခြံသူကြီး (Burma Media Wash)

စကားပဏာမ
ထိုအဖေ ဗိုလ်ချုပ်အောင်ဆန်း ၏ ခြေရာကို၊ ဤသမီး ဒေါ်အောင်ဆန်းစုကြည်က ဘယ်ပုံဘယ်နည်း နင်း ခဲ့သည်ကို၊ အပိုင်း ၂ပိုင်းခွဲပြီး၊ ဖေါ်ပြခဲ့ပြီးဖြစ်သည်။ လက်ကျန်အပိုင်း၃ကို အောက်ပါအတိုင်း သုတဒါနအဖြစ် ဝေမျှလိုက်ပါသည်..။ အဖေနှင့်သမီး..၊ ဘာတွေ ဘယ်လို့ တူကြသည်ကို၊ ယှဉ်ကြည့်ပါလေ…ဒူ..ဝေ..ဝေ..။

ကျွန်တော် နှင့် ရိနေသောသတင်းစာရယ် (အပိုင်း-၃)

“၁၉၇၄-ခုနှစ်ကအတွေ့အကြုံခင်ဗျ..”
နောက်ကြောင်းကကျွန်တော့်အာရုံထဲ အစီအရီ ပေါ်လာလေသည်။
“ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို၊ ကျွန်တော် တစ်ပါတ်မျှ သွားခဲ့ရတယ်။ လွတ်လပ်ရေးမရမီက ထုတ်ဝေခဲ့တဲ့ သတင်းစာအဟောင်းတွေကို၊ မွှေနှောက်ရှာဖွေပြီး၊ ပြူးတူးပြဲတဲ စေ့စေ့စပ်စပ် ကြည့်ခဲ့ရတယ်..။ အကြောင်း တစ်ခုကြောင့်ခင်ဗျ။ အဲဒီအကြောင်းကို ခြေနေချိန်ခါ မကျသေးလို့၊ ပြောမပြနိုင်သေးပါ, ခင်ဗျာ”
ဟုတ်ပါသည်။ ခြေနေချိန်ခါမကျသေးမီပြောလိုက်လျှင်၊ ပြောလိုက်သည့် စကား ကောက်ကြောင်းအတိုင်း၊ ကျွန်တော့်နောက် ’သူတို့’ တကောက်ကောက် လိုက်လာကြလိမ့်မည်။ ဤသည်မှာ, ပြဿနာ…။ ထို့ကြောင့်’ဒါလေး, ကို နားလည်ပေးကြပါ’ဟုသာ၊ စာဖတ်သူ ရဲဘော်ရဲမေတို့အား လေပြေထိုးရပေတော့သည်။
“ပြောလိုရင်းကိုဆက်ရရင်၊ တရက်မှာ, သူရိယသတင်းစာလား…။ မြန်မာ့အလင်းသတင်းစာလား...။ ဆွေးမြေ့ပြီး, ရိ’နေတဲ့ သတင်းစာတစ်စောင်ပါ။ သတင်းစာအမည်ကိုတော့ အတိအကျ မမှတ်မိတော့။ ဒါကို မမှတ်မိတာက၊ ကိစ္စမရှိ..။ အတိအကျ မှတ်မိတာက၊ ဒီတသက်ဘယ်တော့မှ မေ့ပျောက်လိမ့်မယ်မဟုတ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်ထဲက တားမနိုင်ဆီးမရ ခုန်ထွက်လာတဲ့စကားဗျ..”
ဤစကားကို ဗိုလ်ချုပ်ပြောခဲ့သည်မှာ၊ မြို့တော်ခန်းမတွင် ဖြစ်သည်။ ထိုနေ့က မြို့တော်ခန်းမတွင် အခမ်းအနားတခု ရှိခဲ့သည်။ မြို့တော်ခန်းမတွင် ကျင်းပသည့်ကြောင့်၊ ဤအခမ်းအနား ‘ဟိတ်’ကြီးလှသည်ကို၊ အထူးပြောဖို့မလိုပြီ။
ပရိဿတ်က, များသည်။ ပညာဂုဏ်, ရာထူးဂုဏ်, ဓနဂုဏ်, အစရှိသည့်..‘အနှစ်ဂုဏ်’နှင့် ‘အကာဂုဏ်’ ..။ ‘အစစ်ဂုဏ်’နှင့်‘အတုဂုဏ်’..။ ဂုဏ်, ဂုဏ်, ဂုဏ်, ဂုဏ်…..ဂုဏ်တွေမောက်လွန်းလှသည့် လူကုံထံ ဆိုသူများ..၊ လူကြီးလူကောင်းဆိုသူများ..၊ ဂုဏ်သရေရှိလူကြီးမင်းဆိုသူများ..၊ ဂုဏ်ယူပြီးတက်လာခဲ့ကြသည်။
“ကျွန်တော်ဦးခြံသူကြီး ရဲ့ အထင်ကို ပြောမှာပါ...။ စိန်တွေ, ပတ္တမြားတွေ, နီလာတွေ, ပုလဲတွေရယ်…...။
ရွှေတွေရယ်...။ ပိုး, ဖဲ, ကတီပါတွေရယ်…။ အဲဒါတွေ ၀တ်ဆင်လာကြတဲ့Ladies and Gentlemen ဆိုသူတွေကို၊ ဗိုလ်ချုပ်က မျက်စိနောက်နေပါလိမ့်မယ်..။ ဒါက ကျွန်တော့် အထင်..”
ဟုတ်ပါသည်..။ ယခုပင်လျှင်ပြောခဲ့သည်မှာ၊ ကျွန်တော့်အထင်မျှသာ..။ အထင်မျှသာဟု ဆိုသဖြင့်၊ ဖေါ့မတွက်လိုက်ပါနှင့်..။ အကြောင်း အကြောင်းတွေက အထင်အရှား ရှိနေသည်ကို ဆိုပါမည်။
လူအများ၏ရင်ထဲမှပြစ်ပြစ်နှစ်နှစ်ထွက်လာသည့် “ဗိုလ်ချုပ်” ဟူသော နာမည်ပိုင်ရှင်သည်၊ အများပြည်သူအတွက် မရပ်မနား, အပြင်းအထန်, အလုပ်, လုပ်နေသူဖြစ်သည်။
အများပြည်သူထဲတွင်အများစုက၊ အောက်ခြေကလူတွေဖြစ်သည်။ ဤ အောက်ခြေက လူတွေကသာ များသောအားဖြင့် စစ်မြေပြင်တွင် ဗိုလ်ချုပ်နှင့် သေအတူရှင်အတူ စွန့်လွှတ်စွန့်စားခဲ့ကြသည် မဟုတ်ပါလား..။ ထိုစဉ်က ဂုဏ်ကြီးရှင်များ ဘယ်ဝယ် ဘယ်ဆီမှာ၊ အောင်းနေကြပါသနည်း။
“ဗိုလ်ချုပ်က အညာသား မို့၊ အညာစကားနဲ့ ပြောမယ်ဗျ..။ ဗိုလ်ချုပ်က အားကြီး နပ်၊ အားကြီး လှစ် တဲ့သူ..။ ဒီတော့အောက်ခြေကလူတွေ, တောသူတောင်သားတွေနဲ့ ဆုံတဲ့အခါ..၊ သူ့မျက်နှာပေါ်မှာ လင်းလက်လာမယ့် အကြည်ဓါတ်ကို၊ လှမ်းပြီးမြင်ရောင်လိုက်မယ်ဗျာ..။ အဲဒီအကြည်ဓါတ်မျိုးဟာ၊ မြို့တော်ခန်းမ အခမ်းအနား လူ့မလိုင်တွေကြားကိုရောက်နေတဲ့ ဗိုလ်ချုပ်ရဲ့ မျက်နှာမှာ၊ လင်းလက်လာနိုင်ပါ့မလား..”
ရှင်းနေပါသည်။ ထိုအခမ်းအနားမှာမြင်ရ တွေ့ရသည်များကို၊ ဗိုလ်ချုပ် မျက်စိနောက်မှာ သေခြာပေ၏။
“အဲ..အခမ်းအနားစပြီဗျ။ မြို့တော်ဝန်ဘိလပ်ပြန်ဦးစိုးညွန့်M.A., Barrister-at-Law က သြဘာစာကို ရွတ်ဖတ်ပါလေရော..”
သြဘာစာဟူသည်၊ မင်္ဂလာရှိ အခမ်းအနားကြီးများတွင် ရွတ်ဖတ်သော ကောင်းချီးပေးသည့်စာ ဟူ၏.။ မြို့တော်ဝန်က ၀င့်ထယ်သော အသံသြဇာဖြင့် သြဘာစာ ဖတ်ပြီး၊ ဗိုလ်ချုပ်ကို ထောပနာလေသည်။
“အဲ..သြဘာစာဆိုတာကဟိတ်ကြီးဟန်ကြီး ပလွှား ၀င့်ကြွားတဲ့စာ..။ ဒီလိုစာမျိုး ရွတ်ဖတ်သံက..ဟဲ..ဟဲ။ ကိုယ်တိုင်က အရိုးအတိုင်းပြောတဲ့၊ အရိုးအတိုင်း ပြောတာကိုမှ နားဝင်တဲ့ ဗိုလ်ချုပ်က..ဟဲ..ဟဲ..။ ဘယ်လိုမှ လိုက်ဘက်မညီ..”
သည်တော့ဗိုလ်ချုပ်နားကြားပြင်းကတ်သွားပြီထင့်..။ နားကလောသွားပြီထင့်...။ မြို့တော်ဝန်က သြဘာစာရွတ်ဖတ်လို့ ပြီးသွားပြီ..။ ဗိုလ်ချုပ်အလှည့်ရောက်ပြီ..။ စကားပြောရသည့်နေရာသို့ ဗိုလ်ချုပ်ရောက်သွားပြီ..။ ကဲ..ဗိုလ်ချုပ်ကပြောပြီ..။
“မြို့တော်ဝန်ကသြဘာစာဖတ်သွားတယ်။ ကျုပ်ကိုထူးခြားတဲ့ ပုဂ္ဂိုလ် အဖြစ်၊ ချီးကျူး ထောပနာသွားတယ်။ နောက်တပွဲကျရင် ဒိထက် ပိုထူးခြားအောင်၊ ကျုပ်က ဂျွမ်းထိုး ပြမယ်..တဲ့။ ဟိုက်..မှတ်ကရောဗျား..”
မြို့တော်ဝန်ခမျာ၊ မျက်နှာမည်သို့ထားမည်နည်း။ Ladies and Gentlemen များ၊ လက်ခုတ် လက်ဝါးတီးပြီး သြဘာပေးကြမည်လား..။ ငိုမရ, ရယ်မရဖြစ်နေသည့် မိမိတို့၏ မျက်နှာကို၊ အဘယ်သို့ ထားကြမည်နည်း..။
“ဗိုလ်ချုပ်က အဲဒီလိုမျိုးပြောတတ်တယ်။ ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ကရော၊ ဘယ်လို ပြောတတ်သလဲ..”
န၀တအာဏာသိမ်းပြီးအစောပိုင်း၊ စစ်ဦးဘီလူးပမာ ရမ်းကောင်းနေသည့် ကာလကို၊ ခဏမျှပြန်လှည့်ကြည့်ကြပါစို့..။
မ၀န့်မရဲဆန့်ငင်ဆန့်ငင်ရှေ့မတိုးနိုင်ကြသည့် အပါးက ဘိုးတော်ကြီးများကို၊ ပြတ်ပြတ်သားသား တင်းတင်းရင်းရင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည့်စကားများကို ပြန်လည်၍ ကြားယောင်ကြပါကုန်.။
“ကျွန်တော်ဦးခြံသူကြီးက‘တကွက်’တော့ ချန်ထားပါတယ်..။ စာဖတ်သူ ရဲဘော်ရဲဘက်များကို.၊ ယားကျိကျိဖြစ်အောင်၊ ချစ်စနိုးသောအားဖြင့် ’ကလိ’ချင်လို့ပါ ခင်ဗျာ..ဟဲ..ဟဲ..”
ဤမျှဆိုလျှင် ထိုအဖေဗိုလ်ချုပ်အောင်ဆန်းနှင့် ဤသမီး ဒေါ်အောင်ဆန်းစုကြည်တို့သည်၊ ဘာတွေ ဘယ်လိုတူကြသည်ကို ပေါ်ထင်လာချေပြီ။
ထို့ကြောင့် နိဂုံးချုပ်လိုက်ပါပြီ..။ သုတကုသိုလ် များထိုထိုကို ရစေလို၍ မျှဝေပါသည် ခေါ်လေသာဓု ဤယခု သာဓု..သာဓု..သာဓုပါခင်ဗျာ…။ ။ // ထိုအဖေ ဤသမီး ပြီးဆုံးသွားပါပြီ//

ဦးခြံသူကြီး(Burma Media Wash) [12:22PM;Jan 29, 2012]

No comments: