Wednesday, February 15, 2012
မောင်မောင်ကြွယ် (ခင်ငြိမ်းသစ်)
by Khin Nyein Thit on Tuesday, 14 February 2012 at 23:55 ·
ကျမရဲ့
ဖေဖေက အ.ထ.က သုဝဏ္ဏ ကျောင်းကို စတည်ထောင်ခဲ့ သူတွေ ထဲမှာပါဝင်ပါတယ်။
ဒါကြောင့်လည်း သုဝဏ္ဏမြို့မှာ ကျမဖေဖေရဲ့ နာမည်ကို မသိသူ ရှားပါတယ်။ ဖေဖေက
ကျောင်းသားတွေအပေါ်မှာလည်း အနစ်နာခံ တတ်တော့ ကျောင်းသားတွေက ကျမဖေဖေကို
ချစ်ခင်ကြပါတယ်။ ဒါကြောင့် လည်း ကျမတို့အိမ်မှာ ဖေဖေရဲ့ တပည့်တွေနဲ့
အမြဲစည်ကားနေတတ်ပါတယ်။
ကျမတို့အိမ်ကိုအမြဲလာတတ်တဲ့ ကျောင်းသားတွေထဲမှာ မောင်မောင်ကြွယ်လည်းပါပါတယ်။ မောင်မောင်ကြွယ်တို့မိသားစုလည်း သုဝဏ္ဏမင်းဒင်လမ်းမှာနေထိုင်ကြပါတယ်။ သူတို့မိသားစုတွေလည်း သုဝဏ္ဏမြို့ စတည်ကတည်းက နေထိုင်ကြတဲ့ မိသားစုတွေ ပါ။ မောင်မောင်ကြွယ် တို့ မှာမောင်နှ မ လေးယောက်ရှိပြီး အားလုံးက ဖေဖေ့ရဲ့ တပည့်ဖြစ်ခဲ့ဘူးသူချည်းပါပဲ။ မောင်မောင်ကြွယ်ရဲ့ အစ်ကိုအကြီးဆုံးနဲ့ ဒုတိယမြောက်အမဟာ ကျမတို့တွေထက် အသက်ကြီးလို့ ကျမတို့က သူတို့နဲ့ သိပ်မခင် ပါဘူး။ မောင်မောင်ကြွယ်ရဲ့ တတိယမြောက်အမ နွယ်နွယ်စိုးက ကျမနဲ့ ကျောင်းနေဖက်ပါ။ နွယ်နွယ်စိုးက ဥာဏ်လည်းကောင်းသလို ပညာလည်း တော်ပါတယ်။ မောင်မောင်ကြွယ်ကလည်း ဥာဏ်ကောင်းပြီး စာတော်သူပါပဲ။ အဲဒီအချိန်က မောင်မောင်ကြွယ်ဟာ အသက် ၁၄ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။
မောင်မောင်ကြွယ်က ခပ်ငယ်ငယ်ကတည်းက ကျမတို့ အိမ်မှာဝင်ထွက်နေတာပါ။ သူ့ရဲ့ အင်မတန်တော်တဲ့ အရည်အချင်းတစ်ခုက အိပ်ပျော်နေတဲ့ ခွေး ၂ ကောင်ကို ထကိုက်အောင် ဖန်တီးနိုင်ပါတယ်။ အစ အနောက်ဝါသနာပါလို့ မကြခဏ ပြဿနာရှင်းရတတ်ပါတယ်။ မဟုတ်ရင်မခံတတ်လို့ ကျောင်းထုတ်ခံရဖို့ သီသီလေးလွတ်သွားတာပါ။ ကျမတို့ သုဝဏ္ဏကျောင်းကို အသစ်ပြောင်းလာတဲ့ ဆရာက ကျောင်းသူတစ်ယောက်ကို အပြစ်မရှိဘဲ အတန်းရှေ့ထုတ်ရိုက်လိုက်လို့ အဲဒီကျောင်းသူ ရှက်ပြီးငိုတော့ မောင်မောင်ကြွယ်က ဦးဆောင်ပြီး ဆန္ဒပြလို့ ကျောင်းထုတ်ခံ ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မောင်မောင်ကြွယ်ကို ဆရာ၊ ဆရာမတွေက ချစ်ကြတော့ အားလုံးဝိုင်းဖြေရှင်းပေးကြလို့ ကျောင်းထုတ်မခံရတော့ပါ။ ကျောင်းအုပ်ကြီးကလည်း မောင်မောင်ကြွယ်မလွန်မှန်း သိလို့ပါ။ ကျမဖေဖေက သူ့ကို မျောက်လို့ခေါ်ပြီး၊ ကျမတို့က သူ့ကိုကြွက်လို့ခေါ်ပါတယ်။ ဘယ်လိုပဲခေါ်ခေါ်မောင်မောင်ကြွယ်က အပြုံးမပျက်ပါ။
အရေးအခင်း မတိုင်ခင်က ကျမက မောင်မောင်ကြွယ်တို့နဲ့ ခပ်တန်းတန်းနေပါတယ်။ မောင်မောင်ကြွယ်က ကျမညီမနဲ့ ရွယ်တူဖြစ်ပြီး ကျမမောင်လေးရဲ့ သူငယ်ချင်းပါ။ သူ့က အစအနောက်သန်မှန်းသိလို့ ကျမ သိပ်မရောတာပါ။ ၁၉၈၈ မတ်လ ၁၇ ရက်နေ့က ကျမမောင်လေး ကျောင်းထဲမှာကျန်ခဲ့တာကို မောင်မောင်ကြွယ်က သိသွားပြီး ကျမကိုလာမေးရာက ကျမသူတို့နဲ့ နိုင်ငံရေး စလုပ်ဖြစ်ပါတယ်။ သူတို့လို့ ဆိုရာမှာ ကျမမောင်လေး၊ မင်းဦး(အဲဒီ့အချိန်က ဆေးတက္ကသိုလ်ကျောင်းသား)၊ သက်နိုင် (၁၀ တန်းကျောင်းသား)၊ မောင်မောင်ကြွယ် တို့ပါပဲ။ မတ်လနောက်ပိုင်းမှာ ကျမနဲ့ စောစန္ဒာနွယ်၊ မောင်မောင်ကြွယ်၊ ကျမမောင်လေးတို့ ၄ ယောက် အစိုးရဆန့်ကျင်စာတွေကို လိုက်လံဝေငှပါတယ်။
ဇွန်လ ကျောင်းတွေပြန်ဖွင့်ပြီး ဇွန်အရေးတော်ပုံစတော့ မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးဟာ နေ့တိုင်းကျောင်းထဲက တရားပွဲတွေကို လာလေ့ရှိပါတယ်။ ဖွန်လ ၁၉ ရက်နေ့ညနေက မောင်မောင်ကြွယ်က တရားဟောဖို့ ရေးထားတဲ့ စာကြမ်းကို ကျမဖေဖေကို လာဖတ်ခိုင်းပြီး နဲနဲပါးပါး ဖြည့်စွက်ခိုင်းပါတယ်။ အဲဒီညမှာ တက္ကသိုလ်တွေကို ပိတ်လိုက်လို့ မောင်မောင်ကြွယ် တရားမဟောဖြစ်လိုက်ပါဘူး။ ဒါပေမဲ့ မောင်မောင်ကြွယ်က ဇွန်လနောက်ပိုင်းမှာ လက်ဖက်ရည်ဆိုင်က ထိုင်ခုံလေးပေါ်တက်ပြီး သူရေးထားတဲ့ တရားကို ရအောင်ဟောလို့ ကျမတို့က သူ့ကို အမြဲ နောက်ပြောင်လေ့ရှိပါတယ်။ အဲဒီနောက်တော့ မောင်မောင်ကြွယ်ဟာ ကျမတို့မောင်နုမနဲ့ ရဲဘော်ရဲဘက်တွေဖြစ်လာပါတယ်။ ကျမတို့မောင်နုမ ကျောင်းသားခေါင်းဆောင်မောင်မောင်ကျော်ဦးဆောင်တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ်တပ်ဦး(BYLF)ရဲ့ အဖွဲ့ဝင်ဖြစ်တော့ သူလည်း ကျမတို့မောင်နှမနဲ့ အတူတူပါပဲ။ မောင်မောင်ကျော် ကျမတို့ အိမ်ကိုလာမည်ဆိုလို့ မောင်မောင်ကြွယ်တစ်ယောက် ထိုင်စောင့်နေခဲ့ပါတယ်။ သူက မောင်မောင်ကျော်ကို အထင်ကြီးလေးစားနေတာကိုး။
သူ့အကြောင်း မှတ်မှတ်ရရက ဇူလိုင်လအတွင်းမှာ မာရှယ်လောကလည်း ရှိနေပါတယ်။ ကျမစာသင်ပြီးအပြန်မှာ အရက်မူးနေတဲ့ ကုလားတစ်ယောက်က ကျမကိုလာအာနေပါတယ်။ ကံဆိုးချင်တော့ ကျမတို့လမ်းထိပ်က လက်ဘက်ရည်ဆိုင်မှာ မောင်မောင်ကြွယ်တို့ သူငယ်ချင်းတွေထိုင်နေပါတယ်။ ကျမကိုတွေ့သွားတဲ့ မောင်မောင်ကြွယ်က လက်ဖက်ရည်ဆိုင်ကနေ ထွက်လာပြီး ကျမနောက်ကိုလိုက်အာနေတဲ့ ကုလားကို ဟောက်ပါတော့တယ်။ ကျမလည်း ဆက်ရပ်ကြည့်နေရင်မကောင်းလို့ အိမ်ပြန်လာပြီး ကျမမောင်ကို ဘာတွေဖြစ်နေလဲ စက်ဘီးနဲ့ သွားကြည့်ခိုင်းလိုက်ပါတယ်။ ကျမမောင်ပြန်လာတော့ A-4 စာရွက် တစ်ထုပ်နဲ့ မောင်မောင်ကြွယ် စက်ဘီးနောက်မှာပါလာပါတယ်။ ကျမက သူ့ကို ဆူပူတော့ သူက “အမကလည်း တော်လှန်ရေးအတွက်ပဲဟာကို၊ ဘာလဲ အမက အဲဒီဘဲကို ခိုက်နေတာလား” လို့ ပြောလို့ ကျမစိတ်တွေဆိုးခဲ့ဘူးပါတယ်။
၉.၈.၈၈ မှာတော့ ကျမမောင်လေးနဲ့ မောင်မောင်ကြွယ်က ကျမကို မခေါ်ပဲ သူတို့ ၂ ယောက်ထဲ ဆန္ဒပြနေကြတာပါ။ ကျမကိုဘာလို့ မခေါ်တာလည်းမေးတော့ အမက မပြေးနိုင်ရင် အပစ်ခံနေရမယ်လို့ သူတို့ပြန်ဖြေကြပါတယ်။ အရေးတော်ပုံ တစ်လျောက်လုံး သူက ကျမတို့အိမ်မှာပဲ နေပါတယ်။ အဲဒီ့ကာလအတွင်း ကျမတို့အိမ်မှာ သုဝဏ္ဏက ကျောင်းသားတွေ ၁၀ ယောက်လောက်ရှိပါတယ်။ ကျမတို့အိမ်မှာ အစိုးရ၀န်ထမ်း ၂ ယောက်ရှိလို့ ၀န်ထမ်းဆန် အပြည့်ရှိပါတယ်။ ကျမ အမရဲ့ ၀ိရိယကြောင့် ငါးခြောက်တွေလည်း အိမ်မှာ ရှိပါတယ်။ မနက်ဆိုရင် အမက ထမင်းချက်၊ ငါးခြောက်နဲ့ ဟင်းစီစဉ်လေ့ရှိပါတယ်။ အဲဒီအချိန်က ဈေးဆိုင်တွေလည်း မရှိတော့ မောင်မောင်ကြွယ်နဲ့ ကျမမောင်က အားလုံးစားဖို့ ဟင်းသီးဟင်းရွက် အရှာထွက်ရပါတယ်။
တရက်တော့ မောင်မောင်ကြွယ် ပဲဝါလေးတစ်ထုတ်နဲ့ အိမ်ရောက်လာပါတယ်။ ဘယ်ကယူလာတာလည်းမေးတော့ သူ့ကြီးတော်ဆီက တောင်းလာတာတဲ့။ သူ့ကြီးတော် အပျိုကြီးက မောင်မောင်ကြွယ်ကို အရမ်းချစ်ပါတယ်။ မောင်မောင်ကြွယ်က သူနေ့တိုင်း ကန်စွန်းရွက်နဲ့စားနေရတာလို့ ပြောလိုက်လို့ အားလုံးစားဖို့ ပဲဝါလေးပေးလိုက်တာပါ။ ကျမ အမေကတော့ “ဟဲ့ သား အိမ်ကလူတွေ တကယ်မှတ်နေအုံးမယ် ” လို့တောင် ပြောလိုက်ပါသေးတယ်။
အရေးတော်ပုံကာလ တစ်လျောက် အဟောအပြောကောင်းတဲ့ ကျမအဖေကို သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ခဏခဏလာခေါ်တတ်ပါတယ်။ ဖေဖေတရားဟောဖို့သွားတိုင်း မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးက ဖေ့ဖေ့ရဲ့ အစောင့်အရှောက် လုပ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကျမက ကျမအဖွားနေတဲ့ ရန်ကင်းမှာနေပါတယ်။ ကျမမောင်လေးကို အဖွားက ခေါ်ပေမဲ့ မောင်လေးက ရန်ကင်းမှာနေရင် သူလုပ်ချင်တာမလုပ်ရမှာကြောက်လို့ သုဝဏ္ဏမှာပဲနေပါတယ်။ ကျမတို့ရဲ့ ဘေးအိမ်မှာနေတဲ့ မ.ဆ.လ ဆရာတစ်ယောက်က တိုင်လိုက်လို့ ကျမမောင်လေးကို ဖမ်းသွားတဲ့ အခိုက် မောင်မောင်ကြွယ်က ကျမတို့ မိသားစုရဲ့ သားတစ်ဦးအဖြစ် နေထိုင်ပေးခဲ့ပါတယ်။ ကျမ ပုန်းအောင်းနေတဲ့ ရန်ကင်းကိုလည်း ကျမမေမေရဲ့ ဆက်သားအဖြစ် မကြာခဏ လာရောက် တတ်ပါသေးတယ်။ ကျမပါဝင်ခဲ့တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (BYLF) မှာသူလည်းပါတာမို့လို့ BYရဲ့ လုပ်ငန်းတွေကိုလည်း သူလုပ်ကိုင်နေပါတယ်။ မောင်မောင်ကြွယ်က ကျမတို့အဖွဲ့ရဲ့ ခေါင်းဆောင် မောင်မောင်ကျော်ရှိရာကို လိုက်သွားဖို့ မကြခဏတောင်းဆိုတတ်ပေမဲ့ ကျမတို့ရဲ့ ရဲဘော်ရဲဖက် အေးကျော်က မသွားဖို့ တားမြစ်လို့ မောင်မောင်ကြွယ်တောင်ပိုင်းကို တောမခိုဖြစ်လိုက်ပါ။
နောက်တော့ အေးကျော်က မောင်မောင်ကြွယ်ကို အ.က.သ ရဲ့ ကိုယ်စားလှယ်အဖြစ်ထားလိုက်တဲ့ အချိန်ကစလို့ မောင်မောင်ကြွယ် အ.က.သ အုပ်စုထဲရောက်သွားခဲ့ပါတယ်။ နောက်တော့ သူ့အိမ်ကို ထောက်လှမ်းရေးဝင်လို့ အန်တီဒေါ်ချိုချိုကျော်ငြိမ်းတို့ အိမ်မှာသူနေပါတယ်။ သူက ဘယ်မှနေနေ မိသားစု စိတ်ဓါတ်ရှိသူဖြစ်လို့ အန်တီချိုက သူ့ကိုချစ်ပါတယ်။ သူက အန်တီချို့သားတွေနဲ့လည်း တဲ့အောင်ပေါင်းတတ်သူပါ။ တစ်ခါက အန်တီချိုရဲ့ ကားဂိုထောင်ထဲကနေ ဦးကျော်ငြိမ်းရဲ့ နေ့စဉ်မှတ်တမ်းကို သူက ပြပါတယ်။ ကျမက “ဟဲ့….အဲဒါအဖိုးတန်တယ်”လို့ ပြောလိုက်တော့ သူက အဲဒါ ကျွန်တော်ယူထားတာတဲ့။ ဒီသမိုင်းတွေက သူ့အတွက် အဖိုးတန်တယ်ဆိုပဲ။ အဲဒီအချိန်တုန်းက ကျမကို ကိုအောင်ဒင်က ဗကသမှာ BYရဲ့ ကိုယ်စားလှယ်အဖြစ်ထားတော့ ကျမလည်း အန်တီချိုတို့ခြံထဲကို မကြာမကြာလာတတ်ပါတယ်။ အန်တီချို့ခြံထဲမှာ ကျမသူငယ်ချင်းစောစန္ဒာလည်း နေပါတယ်။ ရွှေဘုန်းလူ(ခေါ်) ချစ်ညီညီလည်း ရှိနေပါတယ်။ ချစ်ညီညီရဲ့ စာတွေ ကဗျာတွေကို အချီးကျူးဆုံးသူက မောင်မောင်ကြွယ်ပါ။
နောက်ပိုင်း သူတောခိုမယ်လို့ ဆုံးဖြတ်ပြီးချိန်မှာ ကျမမောင်လေးကိုလာခေါ်ပေမဲ့ အကြောင်းကြောင်းကြောင့် ကျမမောင် တောမခိုဖြစ်လိုက်ပါ။
ကျမမောင်လေးလည်း ကျမကို မလိုက်ရကောင်းလားလို့ တော်တော် ဒေါသထွက်နေခဲ့ပါတယ်။ ကျမမောင်လေး တော်တော်စိတ်ဆိုးပြီး ကျမကို စကားမပြောတာ တော်တော်ကြာပါတယ်။ မောင်မောင်ကြွယ်နဲ့ ကျမမောင်လေးဟာ စိတ်ချင်းဆက်သွယ်နေခဲ့တယ်ထင်ပါတယ်။ မောင်မောင်ကြွယ်တို့ ကိစ္စတွေ ပြည်တွင်းမှာ မသိချင်ကတည်းက ကျမမောင်က သူ့အိပ်မက် မက်တဲ့ အကြောင်းပြောပြီး တိုက်ပွဲမှာ ကျသွားပြီထင်တယ်လို့ သူပြောပြတာ ကျမ မှတ်မိနေပါတယ်။ ကျမကတော့ စိတ်ထဲမှာ စွဲလမ်းနေလို့ပါလို့ ပြောလိုက်ပါသေးတယ်။
အဲဒီ့နောက် သိပ်မကြာခင်မှာပဲ လွတ်မြောက်လာသူတွေက သတင်းစာ ရှင်းလင်းပွဲလုပ်ကြပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်တာကို ကျမ မသိလိုက်ပါဘူး။ အဲဒီအချိန်က သတင်းစာရှင်းလင်းပွဲတွေလည်း မကြာမကြာ လုပ်လေ့ရှိတော့ ကျမစိတ်မ၀င်စားပါဘူး။ နောက်တစ်နေ့မနက်စောစောမှာ ကျမတို့ မောင်နုမတွေအားတဲ့ အချိန် ခဏလောက် လာဖို့ မောင်မောင်ကြွယ်ရဲ့ မိဘတွေက ခေါ်ပါတယ်။ ဒါကြောင့် ကျမတို့ မောင်နုမ ချက်ချင်းပဲသွားလိုက်ပါတယ်။ ကျမတို့ရောက်တော့ မောင်မောင်ကြွယ့်မိဘတွေက သတင်းစာရှင်းလင်းပွဲပါတဲ့ သတင်းစာကို ပေးဖတ်ပါတယ်။ အဲဒီ့သတင်းဖတ်နေချိန်မှာ ကျမတို့ မောင်နုမ အရမ်း အံအားသင့်မိကြပါတယ်။ မောင်မောင်ကြွယ်မိဘတွေကတော့ ကျမကို မောင်မောင်ကြွယ်ဟာထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကို ရှင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျမ ရှင်းမပေးနိုင်ခဲ့ပါဘူး။ မောင်မောင်ကြွယ်ဟာ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာကို သူနဲ့ပတ်သက်ခဲ့သူတွေအားလုံးက သိနေခဲ့ပါတယ်။ ကျမတို့မိသားစုနဲ့ ဒီလောက်ရင်းနှီးနေတဲ့ ကလေးဟာ ဘယ်လိုမှ ထောက်လှမ်းရေးမဖြစ်နိုင်ပါဘူး။ သူတောခိုသွားခဲ့စဉ်က အသက် ၁၆ နှစ် ၀န်းကျင်ပဲ ရှိပါသေးတယ်။
မောင်မောင်ကြွယ် ကွယ်လွန်တယ်လို့ သိရပြီးတဲ့နောက် ၄ လအကြာမှာပဲ မောင်မောင်ကြွယ်ရဲ့ကြီးတော် နုလုံးရောဂါနဲ့ ကွယ်လွန်ပါတယ်။ မဆုံးခင် ဆေးရုံမှာ ကျမတို့မောင်နုမနဲ့ ကျမ မေမေသွားကြည့်ကြပါတယ်။ လက်မှာလည်း ပိုက်တန်းလန်း၊ အောင်စီဂျင်ဘူးနဲ့ နေရပေမဲ့ ကျမမောင်ရဲ့ လက်တစ်ဖက်ကိုကိုင်ပြီး အဖြစ်မှန်ကို ရှင်းပေးဖို့ အထပ်ထပ်မှာ ရှာပါတယ်။
မောင်မောင်ကြွယ့်ကြီးတော်ဆုံးတော့ သူ့ရဲ့အသုဘကို ကျမတို့ မောင်နုမ သွားရောက်ပို့ဆောင်ခဲ့ပါတယ်။ ကြံတောသုဿန်ကအပြန် ကျမမောင်လေးက ကျမကို “မရေ….မောင်လေးတို့မှာ အပြစ်ရှိသလို မခံစားရဘူးလား” လို့ မေးတော့ ကျမက “အဖြစ်အပျက်တွေလည်းသေချာမသိဘူး။ ဘယ်သူ့ကို ရှင်းပြရမလဲဆိုတာလည်း မသိဘူး။” လို့ ပြန်ပြောခဲ့မိတာ ကျမ မှတ်မိနေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် မောင်မောင်ကြွယ်ဟာ ကျမတို့ မောင်နုမတွေ အမြဲတမ်းသတိရနေရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျမဖေဖေရဲ့ တပည့်ကျော်တွေထဲက တစ်ယောက်လည်းဖြစ်ပြီး တစ်ခါတစ်ရံ ဖာသိဖာသာနေတတ်တဲ့ ကျမညီမလေးတောင် မောင်မောင်ကြွယ်(ကြွက်)ကို သတိရနေ တတ်ပါတယ်။ သတိရလောက်အောင်လည်း ကျမတို့ မိသားစုနဲ့ နီးနီးကပ်ကပ် ရှိနေခဲ့တာကိုး။
ခင်ငြိမ်းသစ်။
Khin Nyein Thit facebook မှကူးယူဖော်ပြသည်။

- မောင်မောင်ကြွယ်
- ကျနော်မှတ်မိသမျှ ကိုမောင်မောင်ကြွယ်(အပိုင်း-၂)။စစ်ငြိမ်းဒီရေ
- ကျနော်မှတ်မိသမျှ ကိုမောင်မောင်ကြွယ်(အပိုင်း-၁)။စစ်ငြိမ်းဒီရေ
အင်တာဗျူး(နန်းအောင်ထွေးကြည်၊မသင်းသင်းညီ၊မိုးသီးဇွန်၊ဒေါက်တာနိုင်အောင်၊ကိုမျိုးဝင်း))
RFA interviews with Ex-ABSDF by Ko Htike 1
၁၉၉၂ ခု ဖေဖော်ရီ ၁၂ ရက်က ကချင်ပြည်နယ် ပါချောင်ဒေသမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း အဖွဲ့ဝင်တချို့ကို စစ်အစိုးရက စေလွှတ်လိုက်တဲ့ ထောက်လှမ်းရေး သူလျှိုတွေအဖြစ် စွပ်စွဲပြီး ညှဉ်းပန်းသတ်ဖြတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
အနှစ် ၂၀ ကြာပြီးနောက်မှာ အဲဒီသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းအရေးယူဖို့ အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင်ဟောင်းတချို့ရဲ့ တောင်းဆိုသံတွေနဲ့အတူ ဝေဖန်ကန့်ကွက်သံတွေ၊ ထောက်ခံ ပြောဆိုမှုတွေကို ယခုတလော အင်တာနက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်လောင်လောင် တွေ့မြင်နေရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ABSDF မြောက်ပိုင်းမှာ ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူနှစ်ဦးရဲ့ပြောကြားချက်တွေနဲ့ အဲဒီအချိန်က ABSDF ကို ဦးဆောင်ခဲ့သူတွေ လက်ရှိခေါင်းဆောင်တွေရဲ့ သဘောထားတွေကို အာအက်ဖ်အေ အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုံစမ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။
---------------------------------------------------------------------------------------------------------------
ABSDF မြောက်ပိုင်းမှာ ၁၉၉၂ ခုနှစ်က ဘာတွေဖြစ်ခဲ့သလဲ။
RFA စုံစမ်မေးမြန်းချက်များ ။
၁၄ ရက် ဇန်နဝါရီ ၂၀၁၂။
၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တလကျော်အကြာ နိုဝင်ဘာလထဲမှာ ABSDF လို့ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို ထိုင်းမြန်မာ နယ်စပ်တနေရာမှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ABSDF ကျောင်းသားတပ်မတော်ဟာ သမိုင်းတကွေ့မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတခုလည်း ရှိခဲ့ပါတယ်။
အဲဒါကတော့ ၁၉၉၂ ခု အစောပိုင်းကာလ ABSDF မြောက်ပိုင်းတပ်အတွင်း စစ်အစိုးရရဲ့ ထောက်လှမ်းရေး သူလျှိုဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျောင်းသူကျောင်းသား အများအပြားကို ဖမ်းဆီးသတ်ဖြတ် သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ အခုဆိုရင် အနှစ် ၂၀ ရှိလာခဲ့ပါပြီ။
အဲဒီတုန်းက ဖြစ်ရပ်မှာ ထောက်လှမ်းရေးပါဆိုပြီး ဖမ်းဆီးနှိပ်စက်ခံရပြီး အသက်မသေဘဲ ပြန်လွတ်လာသူ တစ်ဦးကတော့ အခုအခါ သြစတေးလျှ နိုင်ငံမှာ နေထိုင်သူ မနန်းအောင်ထွေးကြည်ပါ။
မနန်းအောင်ထွေးကြည်- “ကျမကို လက်ကို ဒါးနဲ့မွှန်းတယ်၊ မျက်နာကို မီးနဲ့ရှို့တယ်၊ သူတို့က အီလက်ထရစ်ရှော့ကို ကျမကို ၂ လုံးပေးတယ်။ ခြေမနဲ့ ခြေညှိုးကြားထဲမှာတခုနဲ့ နောက်တယောက်ကနေပြီးတော့မှ နားသယ်စပ်ပေါ့ နောက်တလုံးထပ်ပေးတယ်။ ဒီရှော့ကို ပေးလိုက်တော့ ကျမက မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး အသက်က ရှုလို့ ကျပ်နေပြီး အဲဒီမှာ ကျမက ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ဆိုတော့ သူတို့က ရပ်ပေးလိုက်တယ်။ ဆိုတော့ အသက်ရှုခွင့် ရတယ်။ ပြီးတော့မှ ကျမ ထောက်လှမ်းရေးလုံးဝ မဟုတ်ပါဘူးဆိုတော့ ကျမ ရင်ညွန့်ကို သူတို့ စစ်ဖိနပ်နဲ့ ဆောင့်ဆောင့်ကန်တယ်။ အီလက်ထရစ်ရှော့ကို ပြန်ပြန်ပေးတယ်။ အဲဒီတော့ နောက်ဆုံးတော့ တချက်တော့ သတိလစ်သွားတယ်။ မြေကြီးပေါ်မှာ လဲနေတာပေါ့။ အဲဒီအချိန်မှာမှ ကျမ တခွန်းကြားလိုက်တာက တယောက်က ဒီကောင်မက ဒု-ဗိုလ်ပေါ့လေ NIB ကလွတ်ထားတဲ့ ဒု-ဗိုလ်တဲ့ ကျမ ကြားလိုက်တယ်။ အဲဒီကတည်းက ကျမ နားလည်လိုက်ပြီ။ ငါ ဒီလိုမှ မပြောရင်တော့ ငါ သေတော့မှာပဲလို့။ ဆိုပြီးတော့မှ နောက်တနေ့တော့ သံချောင်းက ရောက်လာတယ် ။”မငယ် ..နင်ခေါင်းမမာနဲ့ ။နင်ပြောလိုက်ရင် နင့်ကိုမသတ်ဘူး၊ နင်မပြောလို့ရှိရင် နှိပ်စက်ရင်းနဲ့ နင်သေသွားလိမ့်မယ်။” ကျမကို အဲဒီလို ပြောပြီးတော့ စစ်ကြောရေးပြန်ဝင်တယ်။
သန်းဇော်နဲ့ ဇော်ဇော်မင်းတို့ ဆက်ပြီးတော့ နှိပ်စက်တယ်၊ နောက်ဆုံးတော့ နှိပ်စက်တဲ့ဒဏ်တွေ ကျမ မခံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ ကျမ ထောက်လှမ်းရေးပါလို့ ပြောမှ သူတို့ အနှိပ်စက်ကို ရပ်ပေးတယ်။
နောက် ကျမတို့ မိန်းခလေး အင်္ဂါထဲမှာ တခုခုကို ဝှက်ထားနိုင်တယ် ဆိုပြီးတော့ ကျမတို့ မိန်းခလေးအင်္ဂါကိုပါ စစ်တယ်။
ခင်ချိုဦးရယ်၊ ကျမရယ်၊ နန်းစောရယ် ၃ ယောက်စလုံး ခံရတယ်။ နောက် ကိုထွန်းအောင်ကျော်ကို အကြီးအကျယ် နှိပ်စက်တယ်၊
လက်ဝါးကပ်တိုင်မှာ လက်ကို သံချောင်းထိုးပြီးတော့မှ လုပ်ထားတာကို ကျမ ဘာဖြစ်လို့ သိလဲဆိုတော့ ကျမကိုယ်တိုင် လက်ဝါးကပ်တိုင်ကို တင်ခံရတယ်။ ကိုအပ်စိုက်ဆိုရင်တော့ တော်တော်ကြမ်းတယ်၊ မီးတွေနဲ့လည်း ရှို့တယ်၊ သူ့ဖင်ခေါင်းနဲ့ ပါးစပ်ကို ဝါယာကြိုးထည့်ပြီးတော့မှ အီလက်ထရစ်ရှော့ပေးတယ်။ ပြီးတော့မှ သူ့ရဲ့ ယောက်ကျားတံဆာကိုလည်း အဲဒီလိုပဲ ငါးမျှားချိတ်တွေနဲ့ချိတ်။ ယောက်ကျားတံဆာ တခုလုံးလည်း ကျေမွနေပြီ သူတို့ ဒါးတွေနဲ့ မွှန်းထားတာ။ မသေခင်ကို သူ့ဆီက အပုပ်နံ့က ထွက်နေပြီ။ နောက်တော့ ဆေးလည်း ကုသလို့ မရတော့ဘူး သေသွားတယ်။ ဆိုတော့ အများကြီးပဲ သူတို့နှိပ်စက်တာ လူမဆန်အောင်ကို နှိပ်စက်တာ။”
၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့ တရက်တည်းမှာပဲ ကျောင်းသားရဲဘော် ၁၅ ဦးကို တကြိမ်တည်း ကွပ်မျက်ခဲ့ပါတယ်။ မနန်းအောင်ထွေးကြည် ပြောပြတာက- “ခင်ချိုဦးကို မသတ်ခင်မှာ မျိုးဝင်းကနေပြီးတော့မှ
ကဲ ငါ့ကောင်တွေ မဖျော်ဖြေရတာ ကြာပြီတဲ့ ခင်ချိုဦးကို မုဒိန်းကျင့်ခိုင်းတယ်။ အဲဒီမှာ သံချောင်း ခေါ် မြင့်စိုးကနေပြီးတော့မှ” ဟေ့ကောင်တွေ.. ဒါမျိုးတော့ မလုပ်နဲ့ကွ”လို့ လှမ်းတားတယ် ။မုဒိန်းမကျင့်ခိုင်းဘူး။ အဲဒီတော့ မျိုးဝင်းကနေပြီးတော့မှ ဆက်ပြီးတော့မှ ”အဲဒါဆိုလို့ရှိရင်လည်း တကိုယ်လုံးချွတ် ”ဆိုပြီးတော့မှ တကိုယ်လုံး ချွတ်လိုက်ရတယ်။ အဲဒီမှာမှ ခင်ချိုဦးက ”CS တဲ့ ..ကျမကို သေနတ်နဲ့ပဲ ပစ်ပေးပါ..” လို့ ပြောလိုက်လို့ သံချောင်းက သေနတ်နဲ့ ပစ်ပေးလိုက်တယ်။ ဌေးမြင့်ဝင်းကလည်း ”သူ့ကို သေနတ်နဲ့ ပစ်ပေးဖို့” ပြောလို့
သံချောင်းက သေနတ်နဲ့ ပစ်ပေးတယ်။
ဒါ့အတွက်ကြောင့် ကျမတို့က သေနတ်သံကို ၂ ချက် ကြားလိုက်ရတယ်။ ကျန်တဲ့ ၁၃ ယောက်ကတော့
မျိုးဝင်းနဲ့ လှဆိုင်းနဲ့က လည်ပင်းတွေကို ဒါးနဲ့ခုတ်သတ်တယ်လို့ ပြောတယ်။ မျက်မြင် ကိုယ်တွေ့ ရဲဘော်တယောက်က ပြောတာပါ။”
နောက်ထပ် အဖမ်းဆီးခံရသူ တစ်ဦးကတော့ မသင်းသင်းညီပါ။
သူဟာ တန်ပြန်ထောက်လှမ်းရေးအဖြစ် ခိုင်းစေခံခဲ့ရတယ်လို့ ပြောပြပါတယ်- “အစ်မကိုကျတော့ မျိုးဝင်းကခေါ်တယ်လေ၊ ဒီထဲမှာရှိတဲ့ အခု ဖမ်းထားတဲ့ သူတွေကိုပေါ့နော် ဘယ်သူက ထောက်လှမ်းရေးအစစ် ဖြစ်တယ်ဆိုတာကို ဖေါ်ပေးပေါ့နော်။ သူ့အနေနဲ့ ပြန်ထည့်ထားပေးတာ။ ထည့်ထားပေးတော့ အစ်မက သူ့စကားနားထောင်ပြီးတော့ အထဲထဲမှာ နေတယ်။ နောက်ကျတော့ နေရင်းနေရင်းနဲ့ တယောက်မှလည်း အဲဒီလိုမျိုးပေါ့နော် ထောက်လှမ်းရေးလည်း မဖြစ်နိုင်ဘူးပေါ့နော်။ သူ့ကို ပြောပြတယ် ကျနော် အခု မြင်သလောက် ပြောရရင်လို့ အားလုံးက ကျောင်းသားတွေချည်းပဲလို့၊ ဘယ်သူမှ ထောက်လှမ်းရေး မဟုတ်ဘူးလို့၊ အထင်လွှဲနေကြပြီလို့ ပြောပြတယ်လေ။ အဲဒါကို သူကလည်း လက်မခံဘူး။ မဟုတ်ဘူး ရှိတယ်၊ ရှိကိုရှိတယ်။ အဲဒါကတော့ လိုချင်တဲ့ပုံစံကတော့ ရမှာမဟုတ်ဘူးလို့ ညီမကို အဲဒီလိုမျိုး ထည့်ထားရင်တော့လို့။”
သူတို့စိတ်တိုင်းကျ ဖြစ်မလာတဲ့အခါ မသင်းသင်းညီကိုလည်း ဖမ်းဆီးနှိပ်စက်ပြီး ညှဉ်းပန်းခဲ့တယ်လို့ ဆိုပါတယ်- “စစ်တဲ့အခါကျတော့ ထောက်လှမ်းရေးဆိုပြီးတော့မှ စစ်တဲ့လူတွေအတိုင်းပဲ သူတို့က မညှာမတာပဲ နှိပ်စက်တာပေါ့နော်။ ကျင်စက်ကို ရင်ဘတ်ထဲ ထည့်ပြီးတော့မှ တို့တာ။ တို့ပြီးတော့ မေးတာ။ ကျမကတော့ ကိုမျိုးဝင်းကို ပြောတယ်လေ အဲဒီလိုကြီးတော့ ကျနော် ဒဏ်မခံနိုင်တော့ဘူး ကျနော့်ကိုတော့ အမြန်ပြန်လွှတ်ပေးပါ၊ မဟုတ်ရင်လည်း သတ်ရင်လည်း သတ်လို့ ကျနော် ဆက်မလုပ်နိုင်ဘူးပေါ့။ ကျနော် ပြောတယ် အဲဒီကျမှ သူတို့ဟာသူတို့ ဘယ်လို စဉ်းစားပြီး ကျနော်ကတော့ မိန်းခလေး ၅ ယောက်ထဲမှာ အစောဆုံး ပြန်လွတ်သွားတာပေါ့။”
ဒီကိစ္စဘယ်သူတွေမှာ အဓိက တာဝန်အရှိဆုံးလဲလို့ မသင်းသင်းညီကို RFA က မေးမြန်းကြည့်ပါတယ်-
“ကျနော်တို့ မြောက်ပိုင်းအနေနဲ့ပဲ ပြောမယ်ဆိုရင်တော့ မျိုးဝင်းရယ်၊ သံချောင်းရယ်၊ အောင်နိုင်ရယ်၊ အဲဒီ ဗဟိုကော်မတီမှာ တာဝန်ယူထားတဲ့ သူတွေ အားလုံးတာဝန်ရှိတယ်။ ကျနော်တို့ မြောက်ပိုင်းအနေနဲ့ ပြောတာပေါ့နော်။”
တဆက်တည်းမှာပဲ ဒီလုပ်ရပ်အတွက် အဓိက ဘယ်သူတွေမှာ တာဝန်ရှိပါသလဲလို့ မနန်းအောင်ထွေးကြည်ကိုလည်း RFA က ထပ်မေးကြည့်ပ့ါတယ်- “အဲဒီထဲမှာ တာဝန်ရှိတဲ့လူတွေကတော့ အရင်တုန်းကတော့ အထွေထွေအတွင်းရေးမှူး ရော်နယ်အောင်နိုင် ခေါ် အောင်နိုင်ပေါ့၊ နောက်ပိုင်းမှာ ABSDF northern Burma အနေနဲ့ သူ ယူလိုက်တယ်၊ ထွန်းအောင်ကျော်ကို ဖမ်းပြီးတော့ သူက ဥက္ကဋ္ဌဖြစ်သွားတယ်။ နောက် မျိုးဝင်း(နမ့်စော်လော်) ဆိုတာက သေဆုံးသွားပြီ။ နောက် သံချောင်း ခေါ် မြင့်စိုး ဆိုတာက အခု သက်ဆိုင်ရာတွေရဲ့ ဖမ်းဆီးခြင်းကို ခံထားရပြီးတော့ ပြစ်ဒဏ်ကျခံနေရတယ်။ သာယာဝတီထောင်မှာ သူ့ကို ချထားတယ်ရှင့်။
နောက်တယောက်ကတော့ ကျမတို့ကို ဖမ်းဆီးတုန်းက မျိုးဝင်းရဲ့ နောက်ကနေ အကြံပေးနေတဲ့ ထောက်လှမ်းရေး တာဝန်ခံ သန်းဇော် (မန္တလေး) ဆိုတာ အခု မြို့ထဲမှာ လွတ်လွတ်လပ်လပ် ရှိတယ်။ နောက် ကျောင်းသား ထောက်လှမ်းရေးကပဲ တပ်ကြပ်ဇော်ဇော်မင်း ဆိုတာ မြို့ပေါ်မှာ ရှိနေတယ်။ နောက် အခုလောလောဆယ် ABSDF မြောက်ပိုင်းမှာ ရှိနေသေးတဲ့ လှဆိုင်းဆိုတဲ့ ကချင် အမျိုးသားပေါ့ ..
သူကိုယ်တိုင်လည်း ကျောင်းသားကို ခေါင်းဖြတ်သတ် ခဲ့တယ်။”
ABSDF ရဲ့ မြောက်ပိုင်းတပ်မှာ အခုလို ဖြစ်နေချိန် ထိုင်း-မြန်မာနယ်စပ်က ABSDF ဗဟိုမှာတော့ ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ ABSDF အုပ်စုနဲ့ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ ABSDF အုပ်စု ဆိုပြီး ၂ ခြမ်းကွဲနေချိန်လည်း ဖြစ်ပါတယ်။
ကိုမိုးသီးဇွန်က- “ကျနော်တို့ ၁၉၉၁ လောက်မှာ ABSDF ညီလာခံလုပ်တယ်၊ ညီလာခံ ၂ လ လောက်ကြာတယ်၊ ညီလာခံထဲမှာ ပြဿနာတွေတက်တယ်။ နောက် ကွဲသွားတယ်။ ကွဲသွားပြီးတဲ့နောက်ပိုင်းမှာ ABSDF (မိုးသီးဇွန်) နဲ့ ABSDF (ကိုနိုင်အောင်) ဆိုပြီးတော့ တပ်ပေါင်းစုမှာ အဲဒီလို ခေါ်ကြပါတယ်။ သို့သော်ငြားလည်း မြောက်ပိုင်းသည် ကိုနိုင်အောင် ဗဟိုရဲ့ ဦးဆောင်မှုအောက်မှာ ရောက်သွားတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ ဖြစ်ရပ်တွေ အကုန်လုံးက ABSDF (နိုင်) ပေါ့လေ ကိုနိုင်အောင်တို့အဖွဲ့က ဖြစ်သွားတာ။ ကျနော်တို့ အနေနဲ့ တိုက်ရိုက်စွပ်ဖက်လို့ မရတော့ဘူး။ Spy ဆိုပြီးတော့ စွပ်စွဲပြီးတော့ ဖမ်းခဲ့တော့ အဲဒါ ကျနော်တို့လည်း မသိဘူး။ ဘယ်ဟာ အမှန်အမှားဆိုတာ။ ဒါပေမဲ့ ထောက်လှမ်းရေးတွေ ဖြစ်နေတယ် ဆိုတာတောင်မှ မသတ်ပါနဲ့ သူတို့ကို လွှတ်လိုက်ပါ ဆိုပြီးတော့ ကျနော်တို့က KIO ပေါ့ အဲဒီတုန်းက KIO ရဲ့ စက်သွယ်ရေးစက်ကတဆင့် တောထဲကနေ ကျနော်က လှမ်းပြီး ပို့လိုက်ပါတယ်။ ဒါပေမဲ့ သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ နှိပ်စက်မှုတွေ အဲဒီလို ဖြစ်နေတယ်လို့ ကျနော်တို့ ကြားလာတယ်။ ကြားလာတဲ့အတွက် ကျနော်တို့က စာထုတ်ပြီးတော့ ကန့်ကွက်တယ် ၁၉၉၂ ခုနှစ် မတ်လ ပိုင်းလောက် ဖြစ်မယ်။ ကျနော်တို့မှာ စာတွေရှိတယ်။ အဲဒီတော့ ဒီလုပ်ရပ်ကို တားဆီးပေးဖို့ ဆိုတဲ့ဟာတွေ ပါပါတယ်။ အခုဟာကကျတော့ ဘယ်လို ဖြစ်လာလဲဆိုတော့ ABSDF ဗဟို မိုးသီးဇွန်က ဥက္ကဋ္ဌ လုပ်တဲ့အချိန် သူကပဲ အမိန့်ပေးလိုက်သလိုလို တချို့ အင်တာနတ် Facebook တွေမှာလည်း ရေးတာတွေ ကျနော်တို့ တွေ့ရတယ်။ ဒါကတော့ နိုင်ငံရေးအရ သက်သက်လုပ်ကြံတာလို့ ကျနော် ပြောချင်တယ်။”
ABSDF မြောက်ပိုင်း ဖြစ်ရပ်ကို ကိုမိုးသီးဇွန် သုံးသပ်တာကတော့- “ဥပမာပေါ့ ကိုထွန်းအောင်ကျော်နဲ့ ပတ်သက်လို့ ကိုမောင်မောင်ကြွယ်တို့၊ နောက်တခါ ထိန်လင်းတို့ပေါ့ဗျာ နောက် ကျနော်တို့ သိတဲ့လူတွေလည်း ပါသွားတာကိုး။ အဲဒီတော့ အဲဒီကာလက ကျနော်တို့ ဒီဘက်က ယူဆတာကတော့ မိုးသီးဇွန်ကို ထောက်ခံတဲ့အဖွဲ့ကို နိုင်အောင်ကို ထောက်ခံတဲ့အဖွဲ့က သတ်လိုက်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ထားတာ။ တချိန်တုန်းက ဗကပမှာ ဖြုတ်ထုတ်သတ်တွေ ဖြစ်ခဲ့ဖူးတယ်။ အဓိကကတော့ ရန်သူက ဝင်ပြီးတော့ သွေးထိုးလှုံ့ဆော်တယ်လို့လည်း ကျနော် သုံးသပ်ပါတယ်။ ဒီလူတွေက အတွေ့အကြုံနည်းတာရယ်၊ သမိုင်းကို မလေ့လာတာပေါ့လေ အဲဒီအပေါ်မှာ သူတို့ မှန်မှန်ကန်ကန် သိမ်သိမ်မွေ့မွေ့ မဆုံးဖြတ်နိုင်တာတွေ ဖြစ်သွားတယ်ပေါ့ဗျာ။”
ABSDF ခေါင်းဆောင်ဟောင်းတစ်ဦး ဖြစ်တဲ့ ဒေါက်တာနိုင်အောင်ကတော့ မကြာခင်မှာ သူ့အနေနဲ့ ရှင်းလင်းချက် တစ်စောင် ထုတ်ပြန်ဖို့ရှိပြီး အခုလောလောဆယ် သူ ပြောပြနိုင်တာကတော့- “ကျနော့် တစ်ယောက်တည်းအနေနဲ့ ရှင်းလင်းချက်ပေါ့ အဲဒီလိုမျိုးလေး ထွက်ဖို့ရှိတယ်။ အလုပ်ရှုပ်နေတော့ အဲဒီဟာလေးကို ကျနော် ရေးဖို့ကိစ္စ လက်စ မသတ်နိုင်ဘူး ဖြစ်နေတယ်။ လူတွေက အချက်အလက်တွေ မှားပြောနေကြချိန်၊ ထင်ရာမြင်ရာ ပြောနေတာတွေလေ။ ဥပမာ တချို့ဆို ပြောတာရှိတယ် ကျနော် ရောက်သွားပြီးတော့ အမိန့်ပေးပြီး သတ်လိုက်တာတို့၊ ဘာတို့ ညာတို့လေ။ အဲဒီလိုမျိုး လွဲတာတွေ အများကြီး ရှိတယ်ဗျာ။ တခုလုံးအနေနဲ့ ပြောရရင် ဗဟိုမှာ တာဝန်ရှိသလားဆိုရင် ရှိတာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဖြစ်ပြီးတော့မှ ကျနော်တို့က သိရတာ။ အဲဒီအချိန်တုန်းက ကိုယ့်မှာ ကွဲနေတဲ့အချိန်၊ မာနယ်ပလော ထိုးစစ်နဲ့၊ နောက် စားဝတ်နေရေးနဲ့ ပြီးတဲ့အခါကျတော့ ကျနော်တို့ ကိုယ်စားလှယ်တစ်ယောက် ပို့လိုက်တယ်။ အဲဒီ ကိုယ်စားလှယ်က ပြန်မလာသေးဘူး။ သူတို့ အဒီကိစ္စတွေ နေရှင်းသတင်းစာထဲမှာ ဂျင်ဒီက ရေးလို့ ပါလာတော့မှ ကျနော်က သိပြီးတော့မှ ကျနော်က ကမန်းကတန်း လိုက်သွားရတာ အဲဒီလိုမျိုး ဟာမျိုးတွေလေ။ ဗဟိုအနေနဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့အခါကျတော့ ကျနော် တာဝန်ယူရတယ်ဆိုပေမဲ့ မြောက်ပိုင်းကိုလည်း ကျနော်တို့က ပိုင်တာမဟုတ်ဘူး။ အမိန့်ပေးလို့လည်း ရတာလည်း မဟုတ်ဘူးဗျာ။ ဆိုတော့ အဲဒီအချိန်မှာမှ စပြီးတော့ ABSDF ကို တည်ဆောက်နေရတဲ့အချိန်ကိုး။ ရိုးရိုးလေးပဲပေါ့ဗျာ ။ ဒီလောက် များတဲ့လူတွေ Spy ဆိုတာ ဖြစ်မှာ မဖြစ်နိုင်တာကြီးကို။ ဆိုတော့ ကျနော်တို့ရဲ့ ဦးတည်ချက်က တခုပဲရှိတယ် ။အဲဒီလို ဖမ်းထားတဲ့လူတွေကို ထပ်မသတ်ဖို့၊ နောက် လွှတ်ပေးဖို့ပေါ့။ အဲဒါ မြောက်ပိုင်းနဲ့ ညှိုတဲ့အခါကျတော့ သူတို့က မိဘတွေကို တနေ့နေ့ တချိန်ချိန် ပြန်အပ်ပြီးတော့ လွှတ်မယ် ဆိုတဲ့ ဥစ္စာမျိုး ကျနော်တို့ ဒါပဲ လုပ်ပေးလို့ ရတာကိုး။ တနေ့နေ့ကျရင်တော့ ဒီကိစ္စတွေကို ရှင်းရမှာပဲဆိုတာမျိုး အားလုံးက ဗဟိုက ခံယူထားတယ်။ သူတို့ကိုလည်း ကျနော်တို့ ပြောပြတယ်။ မြောက်ပိုင်းက တာဝန်ရှိတဲ့လူတွေ။”
ရန်ကုန်မြို့မှာ လက်ရှိနေထိုင်သူ မသင်းသင်းညီကတော့- “ကျနော်တို့က ဒီသေသွားတဲ့၊ အသတ်ခံလိုက်ရတဲ့ ကျောင်းသားတွေ အားလုံးဟာ ထောက်လှမ်းရေးမဟုတ်ဘဲနဲ့ အသတ်ခံရတာကိုပဲ အားလုံးကို သိစေချင်တာပေါ့။ သူတို့ကိုလည်း သူတို့ မှားခဲ့တယ် ဆိုတဲ့ဟာကို ဝန်ခံစေချင်တာ ဒီတခုတည်းပဲ ရှိပါတယ်။ ယုံကြည်ချက်နဲ့ ထွက်သွားကြတဲ့ သူတွေအားလုံးက ထောက်လှမ်းရေးပါဆိုပြီး အသတ်ခံလိုက်ရတယ်ဆိုတာ သမိုင်းမှာ ကျန်ခဲ့တာကို မလိုချင်ဘူး။ သမိုင်းအမှန်ကိုပဲ လိုချင်တာပါ။”
လက်ရှိ ABSDF ဥက္ကဋ္ဌ ကိုသံခဲကတော့ ဒီ မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တစုံတရာ ဝေဖန်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
ABSDF လက်ရှိ ဒု-ဥက္ကဋ္ဌ ကိုမျိုးဝင်း ပြောပြတာက- “ABSDF မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ပေါ့နော် အမှန်တရားနဲ့ တရားမျှတမှု ဖြစ်စေဖို့အတွက်ကို နစ်နာခဲ့တဲ့သူတွေအတွက်လည်းပဲ ကျနော်တို့ တစုံတရာ ပြန်လည်ပြီးတော့ အဖြေရှာပေးနိုင်ဖို့ အတွက်ကို ကျနော်တို့ ကော်မတီတရပ်ကို ဖွဲ့စည်းပြီး တာဝန်ပေးခဲ့ပါတယ်။”
ABSDF မြောက်ပိုင်း ဖြစ်ရပ်မှာ အသတ်ခံရသူတွေ၊ ညှဉ်းပန်းနှိပ်စက်ရင်း သေဆုံးသွားသူတွေအတွက် ကျန်ရစ်သူ မိသားစုတွေနဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ဒီရက်ပိုင်းတွေအတွင်း ဝမ်းနည်းဖွယ် အနှစ် ၂၀ ပြည့် အခမ်းအနားတွေ ကျင်းပကာ ကောင်းမှုကုသိုလ်တွေ ပြုကြတာလည်း သိမြင်ရကြောင်းပါခင်ဗျာ။
(တွေ့ဆုံမေးမြန်းသူ=ကိုဥာဏ်ဝင်းအောင်)
----------------------------------
ဆက်သွယ်မေးမြန်းချက်နားဆင်ရန်
အသံဖိုင်ရယူရန်
http://www.rfa.org/burmese/interview/absdf-north-02142012105231.html

No comments:
Post a Comment