Monday, October 14, 2013
ကြက်ဟင်းခါးသီး၏ ကျန်းမာရေးစွမ်းပကား
=======================
ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့
တောင် အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ် ဆိုပေမယ့်
ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရှိပါတယ်။
အာဟာရတန်ဖိုး
ကြက်ဟင်းခါးသီးမှာ ကယ်လိုရီပါဝင်မှု အလွန် လျော့နည်းပါတယ်။ ဒါပေမယ့်
တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် B1၊ B2 နဲ့ B3၊
ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊
မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါဝင်နေပါတယ်။ သံဓာတ် ပါဝင်မှုများပြီး
ဘီတာကယ်ရိုတင်း ပါဝင်မှုဟာ ပန်းဂေါ်ဖီစိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ်ပါဝင်မှုက
ဟင်းနုနွယ်ရွက်ထက် နှစ်ဆနဲ့ ပိုတက်စီယမ် ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ
အသီးသီး ပါဝင်နေပါတယ်။ ကြက်ဟင်းခါး သီးမှာ သွေးတွင်း သကြားဓာတ်ကို ကျစေတဲ့
အာနိသင် ရှိသလို Poly-peptide P လို့ ခေါ်တဲ့ အင်ဆူလင်လို
ဒြပ်ပေါင်းတစ်မျိုးလည်း ပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူ တချို့အတွက်
ကောင်းကျိုးရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။ ကျန်းမာရေး
အကျိုးကျေးဇူးတွေကိုလည်း ဖော်ပြလိုက်ပါတယ်။
(၁) သွေးပြဿနာများ
ကြက်ဟင်းခါးသီး အရည်ဟာ သွေးဆိပ်သင့်တာကြောင့် ဖြစ်တဲ့ အနာနဲ့ ယားယံမှုတွေကို
ကုသရာမှာ အလွန် အကျိုးကျေးဇူး များပါတယ်။ လက်ဆတ်တဲ့ ကြက်ဟင်းခါးသီး
အရည်ကို သံပုရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်
သောက်ပေးရင် ၄-၆ လအကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါတယ်။
(၂) ကာလဝမ်းရောဂါ
ကာလဝမ်းရောဂါ အစောပိုင်းအဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါးရွက်
လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း
သံပုရာရည် လက်ဖက်စားဇွန်း တစ်ဇွန်းတို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေးပါ။
(၃) ဆီးချိုရောဂါ
ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင်ထွက် အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို
လျော့ကျစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း
အင်ဆူလင်အဆင့်ကို တိုးစေတာမျိုး မရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို
သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါတယ်။
(၄) စွမ်းအင်
ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို
ကောင်းမွန်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။
(၅) မျက်စိပြဿနာများ
ကြက်ဟင်းခါးသီးမှာ ဘီတာ ကယ်ရိုတင်းနဲ့ တခြား အာနိသင်တွေ ပါဝင်မှု
မြင့်မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက်
ကောင်းမွန်စေပါတယ်။
(၆) အရက်နာကျခြင်း
ကြက်ဟင်းခါးသီး အရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုးရှိပါတယ်။
အရက်သောက်တာကြောင့် ဖြစ်တဲ့ အသည်းဝေဒနာတွေကို ပြုပြင်ပေးပြီး အသည်းကို
သန့်စင်စေပါတယ်။
(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း
ကြက်ဟင်းခါးသီး အရည်ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်အောင်
တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်း
ကောင်းမွန်စေပါတယ်။
(၈) လိပ်ခေါင်း
ကြက်ဟင်းခါးရွက်က ရတဲ့အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊
နို့တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင်
တစ်လအကြာမှာ သက်သာသွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင်နေရင်
ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ
အုပ်ပေးပါ။
(၉) ဆိုးရီးယေးစစ် အရေပြားအနာ
ကြက်ဟင်းခါးရွက် အရည်ကို ပုံမှန်သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား
ဖန်းဂစ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါတယ်။
(၁၀) အသက်ရှူလမ်းကြောင်း
လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့
ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန် ရောင်တာ စတဲ့
အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေ ပါတယ်။ သတိပြုရမှာက ဆီးချိုကုသဆေး
သောက်နေတဲ့ ဆီးချိုရောဂါ ရှိသူတွေ အနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင်
ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ကြက်ဟင်းခါးသီးကို
အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။
Ref:yatanarpon
Labels:အတိတ်က မြိတ်သမိုင်း
သုတဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment