October 14, 2013 at 5:04am
သက်ဦးမွန်
ရန်ကုန် - အောက်တိုဘာ ၁၄၊ ၂၀၁၃ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သာကေတမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ၁၈နာရီအတွင်း ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး ၁၄နှစ်အရွယ် ယောက်ျားလေးနှစ်ဦး ဒဏ်ရာရရှိခဲ့သောကြောင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဒဏ်ရာရရှိခဲ့သူနှစ်ဦးမှာ ယမန်နေ့ ညနေ ၅နာရီ ၄၀မိနစ် အချိန်တွင် သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက် ယမုံနာလမ်း ၊အခွန်လွတ်ဈေးရှေ့တွင် ပစ္စည်းဟောင်းများလိုက်ကောက်စဉ် လမ်းဘေးတွင်ရပ်ထားသော ကွန်တိန်နာယာဉ်၏ နောက်ဘီးအနီးတွင် အနက်ရောင် ကြွပ်ကြွပ်အိပ်အားတွေ့ရှိ၍ အိပ်ကိုဖွင့်ကြည့်ရာ အနီရောင်နာရီအသေးတစ်လုံးကို တွေ့ရှိသဖြင့် နာရီလက်တံအားလှည့်ကြည့်ရာ ပေါက်ကွဲခဲ့ပြီး ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်း လူနာ (မစိုးရိမ်ရ) အဖြစ်ဆေးဝါးကုသခံနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးက သတင်း ထုတ်ပြန်ထားသည်။
အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်ဘက်မှ မင်္ဂလာဒုံ ဘက်သို့သွားသည့်လမ်းကြော ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ယမန်နေ့နေ့နံနက် ၀၀း၁၅ အချိန် ပေါက်ကွဲမှုမှာ ထိခိုက် ဒဏ်ရာရသူမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးတွင် အနက်သုံးလက်မခန့်နှင့် အကျယ် တစ်ပေ ပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားကာ ခရီးသည်နားနေဆောင်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ် ပျက်ဆီးသွားခဲ့သည်ဟု Yangon Police ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားထားသည်။
ဗုံးပေါက်ကွဲသည့်နေရာနှင့် နီးစပ်သည့်မြို့နယ်အချို့တွင် ညဘက်လုံခြုံရေးများတိုးမြှင့်ချထားပြီး ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
တစ်ရက်တည်း ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး သီတင်းကျွတ်မီးထွန်းပွဲတော်ကာလနီးလာပြီဖြစ်သောကြောင့် လုံခြုံရေးကိုရှေ့ရှုကာ ဗြောက်အိုးဖောက်ခြင်းများမပြုလုပ်ကြဘဲ လုပ်သားပြည်သူများအနေဖြင့်လည်း ၀ိုင်းဝန်းကူညီ ပူးပေါင်းပါဝင်ဖေါ်ထုတ်ပေးကြပါရန် ရဲတပ်ဖွဲ့မှ အသိပေးနှိုးဆော်ထားသည်။ ။
ရန်ကုန်တွင် ၁၈ နာရီအတွင်းဗုံးနှစ်ကြိမ်ပေါက်ကွဲ၊ လုံခြုံရေးတိုးမြှင့်ထား

No comments:
Post a Comment