မော်တော်ယာဉ် ၆၀ နဲ့ ဟိုလမ်းမဲ့လို့ ဒီလမ်းလှမ်းတဲ့ အစာမဲ့ငှက်ဖျားတက်နေတဲ့ ABSDF
14 October 2013 at 18:54
ဒီ လူမျိုးစု သူပုန်အဖွဲ့အစည်းတွေ တပ်ပေါင်းစုထဲကနေ တိတ်တိတ်လေး ဖဲ့ ဖဲ့ပြီး အစိုးရနဲ့ စေ့စပ်ရေး ဆွေးနွေးကြလို့ ကျနော်တို့ရဲ့ အရိုးခံတော်လှန်ရေးနှလုံးသားတွေ အသဲကွဲခဲ့ရတာ အခုမှ မဟုတ်ပါဘူး.. ၁၉၉၄ ကတည်းကပါ...အဲမှာ ကဗျာတွေလည်း ရေးခဲ့ဖူးတယ်... အဲတုန်းက NDF လို့ခေါ်တဲ့ ၈၈၈၈ အဖွဲ့အစည်းတွေ တောထဲ မရောက်သေးခင်ထဲက လူမျိုးစုတွေ သက်သက်တဖွဲ့၊ DAB လို့ခေါ်တဲ့ ၈၈၈၈ အဖွဲ့အစည်းတွေ ထပ်ရောက်လာပြီးမှ NDFနဲ့ ထပ်ပေါင်းဖွဲ့တဲ့ ပိုအားကောင်းတဲ့ တဖွဲ့။ NDF ကတော့ အာသက်သက်ပါ ဘာမှ မလုပ်ဘူး၊ DAB က လက်တွေ့ကျတယ် တပ်ပေါင်းစုနဲ့တိုက်ခိုက်အားကောင်း ရှိတယ်။ DAB ထဲပါဝင်ဖို့ကို ခွန်ဆာ လာစေ့စပ်တယ် (ဘိန်းသမားမို့နိုင်ငံရေးလမ်းစဉ်မရှိလို့) အဝင်မခံခဲ့ဘူး။ ကွန်မြူနစ်တွေ လာညှိတယ် (ကရင်က ကွန်မြူ နစ်ဆို အသေကြောက်လွန်းလို့) အဝင်မခံခဲ့ဘူး။ စစ်အင်အားကြီး ၂ခု လျှော့သွားခဲ့တာပေါ့...အမှန်က သန့်ရှင်းတဲ့နိုင်ငံရေးပဲ လုပ်ချင်ခဲ့ကြတာပါ..နိုင်ငံရေးလူလည်မကျတတ်ခဲ့ဘူး ဆိုရမှာပေါ့...(ကျနော်တို့လည်း နောက်တော့ ဘာထူးလို့လဲ... (သန့်ရှင်းခဲ့လို့လား)...ပင်လယ်ထဲမှာ ထိုင်းငါးဖမ်းလှေတွေကို ပြန်ပေးဆွဲတယ် တနင်္သာရီတိုင်းထဲက သီဟိုခြံကျယ်ကြီးတွေ ဆီအုန်းခြံကျယ်ကြီးတွေကို နှစ်စဉ်ကြေးကောက်တယ်၊ ပီနန်နဲ့ ဘိတ် ပြေးဆွဲနေတဲ့ လူငယ်ပိုင် မှောင်ခိုကုန် ခိုးလှေတွေကို တော်လှန်ရေးရံပုံငွေ အလှူခံတယ်(အလှူခံတယ်ဆိုတာ သိတယ်မဟုတ်လား မပေးမနေရပဲ) ဘိတ်မြို့ပေါ်က သူဌေးကြီးတွေဆီက ပုံမှန်ငွေယူတယ်...သေနတ်ကိုင်ထားပြီး အဲဒီ နယ်မြေဂွင် တခုလုံးကို လမ်းသလားပြ၊ တိုက်ပြနေတဲ့ ဒီသူပုန်တပ်ကြီးကို ကြောက်လွန်းတာရော လေးစားတာရောနဲ့ ရက်ရက်ရောရော ပေးကြတာပဲ...ဝင်ငွေမဆိုးခဲ့ပါဘူး..တခေါက်တော့ ရနောင်းကို ငွေလက်ခံဖို့ ဗိုလ်တုတ် ဆိုတဲ့ တပ်ခွဲမှူးကို အရင်အခေါက်တွေလိုပဲ တယောက်ထဲ လွတ်လိုက်တာ ဟိုက ထိုင်းမာဖီးယားက သတ်ပစ်လိုက်ရော...ငွေမရ ရဲဘော်သေပဲ...အဖွဲ့အစည်း ရပ်တည်ရေးအတွက် လုပ်ရတာတွေပေါ့။ ဒီ အလုပ်တွေကို အဓိက တာဝန်ယူပြီး လုပ်ကျွေးခဲ့တာက ထားဝယ်သား ဘိတ်သားတွေနဲ့ သီးသန့် ဖွဲ့စည်းထားတဲ့ ABSDF ရဲ့ တောင်ပိုင်းတပ်ရင်းတွေပဲ...ကျေးဇူးတင်ရပါမယ်...တခြားနယ်မြေက တပ်တွေက ငွေမရှာနိုင်ဘူးလေ...) အဲတော့ မာနယ်ပလောမှာ ဈေးမတည့်လိုက်တဲ့ ခွန်ဆာက ဗိုလ်ခင်ညွန့်နဲ့ သွားပေါင်းလိုက်ရော...ကွန်မြူ နစ်ကိုကြတော့ ဝ ကအာဏာသိမ်းပြီး တပ်ပါဖြိုပစ်လိုက်တာ ခွေးပြေးဝက်ပြေးပဲ၊ ဆရာနိုင်ဝင်းဆွေဆို မာနယ်ပလောကို လမ်းလျှောက်ရောက်လာခဲ့ရတယ်...DAB ထဲက (အခုမှသာ အတိုက်ခံရလို့ ကယ်ပါကူပါ တစာတစာ အော်ဟစ်မျက်ရည်ကျပြနေတဲ့) ကချင်ဟာ စောစောစီးစီးပဲ ၁၉၉၂ မှာ ရန်သူနဲ့ စေ့စပ်လိုက်ပြီးတော့၊ DAB ထဲမှာလည်း ဆရာကြီး ဝင်လုပ်နေပြန်တယ်။ ကျောင်းအုပ်ဆရာကြီး ဘဝက ကချင်ခေါင်းဆောင် ဖြစ်လာတဲ့ ဘရန်ဆိုင်းက တခြားကောင်တွေထက်စာရင် ပညာတတ်တယ် ပိုပြီး ခေါင်းရှိတယ်။ အဲအချိန် ကျနော်တို့ကျောင်းသားက ကရင်နဲ့ပေါင်းပြီး အဓိကခံစစ်သေကုန်းတွေ မကျဖို့ အသဲအသန် ပြန်ခံတိုက်နေရချိန် ၉၁ ၉၂ တွေပေါ့..မတိုက်လို့လည်း မရဘူး..ဘာလို့ဆို ဗိုလ်ချုပ်မြကြီးဟာ စရောက်ထဲက ကျနော်တို့ ကျောင်းသားအုပ်ကြီးကို ပြုံဲးပြုံးနဲ့ကြည့်ပြီး သိပ်အားကိုးမျှော်လင့်ခဲ့တယ်...တကယ်လည်း ကျနော်တို့ကျောင်းသားတပ်ထဲမှာ (ကရင့်ခြံစည်းရိုးစောင့်) ဆိုတဲ့ စကားလုံး ပေါ်ထွန်းခဲ့တယ်..ပွိုင့်၄၀၄၄ ပွိုင့်၅၀၂၈ စတဲ့ အဓိက စိုးမိုး ကျောက်တောင်ကုန်းတွေကို တက်လုဖို့ ပွဲကြမ်းနေချိန်မှာ ကရင့်အိပ်ကပ်ထဲမှာရှိတဲ့ မူဆလင်တပ်သား အနဲငယ်က လွဲလို့ တခြား ဘယ် လူမျိုးစု တပ်တွေမှ စစ်ကူပို့ပြီး ကူ မတိုက်ခဲ့ပါဘူး...ခေတ် အဆက်ဆက်က သိမ်းလာခဲ့ပြီး ဘယ်လိုဖျက်ဆီးရမှန်း မသိတဲ့ လိုလည်းမလိုချင်တော့တဲ့ မြန်မာ့တပ်မတော်(လေ)ရဲ့ ဗုံးဟောင်းတွေကို လေယာဉ်ထဲပိုက်ပြီး နေ့စဉ်နီးပါး လာလာသွန်ချနေတာပါ...အဲအချိန်မှာ မွန်တွေဟာ တိတ်တိတ်လေး ဖဲ့ ဖဲ့ပြီး အစိုးရနဲ့ တွေ့ဆုံနေကြတယ်...ဒါပေမဲ့ မွန်ကိစ္စဟာ အခါတိုင်းနီးပါး ပျက်ခဲ့ပါတယ်...နောက် မကြာပါဘူး..ရအောင်စေ့စပ်ချင်တဲ့ မွန်က ခွဲထွက်ရော...မွန်ကွဲရော..လူမသိအောင် ဘိန်းလုပ်စားနေတဲ့ ရလလဖ က စေ့စပ်ရေး ရသွားတယ်... ကလလတ စေ့စပ်ရေးရသွားတယ်..(ကရင်နီနဲ့လည်း မတည့်လို့ အချင်းချင်း တိုက်ပွဲတွေဖြစ် နယ်မြေကျဉ်းနေရတဲ့ ကလလတ ကတော့ ရောင်းစားစရာ ကျွန်းသစ်ကုန်ပြီး စားစရာ မရှိတော့လို့ စေ့စပ်လိုက်တာပါ(မြန်မာစစ်တပ်ကတောင် ရိက္ခာထောက်ပံ့ပေးရတဲ့ ဆန်တွေပဲတွေတောင် ကျနော်ရောက်ခဲ့တုန်းက စားခဲ့ရသေးတယ် အဲဒီတုန်းက ကလလတနယ်မှာ ABSDF ယူနီဖောင်း မဝတ်ရဘူး...ကလလတ ယူနီဖောင်းဘက်တံဆိပ်ဝတ်ပြီးတော့ တောင်ကြီးမြို့ထိ တက်လည်လို့ရတယ်..တချို့ရဲဘော်တွေ ရန်ကုန်ထိတောင် တက်တယ်)... ၁၉၉၄ မှာ အောင်ထွန်းလေး ဗိုလ်ချုပ်မြကြီးက စ ဖောက်တော့တာပဲ...စေ့စပ်ရေးကိုယ်စားလှယ်အဖွဲ့တွေကို တိတ်တိတ်လေး ဗိုလ်ခင်ညွန့်ဆီ လွှတ်နေခဲ့တာ...နောက် နှစ် တော်တော်ကြာတော့ သူကိုယ်တိုင် ရန်ကုန်ရောက်သွားပြီး ဗိုလ်ခင်ညွန့်နဲ့ သောက်စား ဖြစ်တော့တာပဲ..(ဒီနေရာမှာ တခုပြောချင်တာ..တိုင်းရင်းသားဆွေးနွေးပွဲ ကိုယ်စားလှယ်တွေဟာ မြန်မာစကားလည်း မကျွမ်းကျင်၊ နိုင်ငံရေးစကားလည်း မပြောတတ်နဲ့ ဆွေးနွေးချက်တွေမှာ နင်လားငါလား ယှဉ် မပြောနိုင်ဘူး..သွားတက်ရတော့ လူက နည်းတယ်..အဲဒါကို ဟိုက စစ်ဗိုလ်မှူးတွေက စားပွဲပတ်လည် ဝိုင်းပြီး လက်ပိုက်ပြီး လူမိုက်ကြည့်လိုလိုတွေနဲ့ ဝိုင်းစိုက်ကြည့်ပြီး ရှေ့တိုးလိုက်နောက်ဆုတ်လိုက်လုပ်ပြီး စကားပြောခိုင်းတာ..အလိုလို စိတ်ဓါတ်စစ်ဆင်ရေးလုပ်ထားတာပေါ့...ဒါကတော့ မြန်မာစစ်ဘက်က လူယဉ်ကျေးမဆန်ဘူး ပြောရမှာပဲ) ကရင် ဒီလိုလုပ်မှုဟာ ကျနော်တို့ ခေါင်းဆောင်တွေကို အသဲအသန်ခေါင်းစားစေခဲ့တာပေါ့...ABSDF ၂ဖွဲ့လုံး ကိုယ်ပိုင်နယ်မြေ ဖန်တီးဖို့ ကြိုးစားခဲ့တယ်...ကျနော်တို့ မောင်မိုးသီးဆိုဒ်ကတော့ လူမနေသူမနေတဲ့ တောဝက်အုပ်ကြီး ဖြတ်လာပြီဆို လူက မတွေ့အောင် ပုန်းပေးနေရတဲ့ ဆင်ရိုင်းတွေတောင်ရှိတဲ့ တနင်္သာရီ ကျောရိုးပေါ်က တောနက်ကြီးထဲကို ရောက်ရှိ အခြေချသွားရော..ကချင်က စ ဖောက်ခဲ့တော့ ဒီ လူမျိုးစုတွေဟာ တဖွဲ့အပေါ်တဖွဲ့ သစ္စာထားပြီး ဘယ်တော့မှ ပြန်မကြည့်တတ်ကြဘူး..ကိုယ်ကောင်းစားပြီးရော ဇွတ်လုပ်တော့တာပဲ...အခုလည်း ဒီငြိမ်းချမ်းရေးကာလမှာ ဖြူ ရင် ဖြူ မဲ ရင် မဲ အသံတည်းထွက်မယ်လို့ ပြောနေတာ ကျနော်တော့ မယုံချင်ပါဘူး.. သူတို့က ပင်လုံအခွင့်အရေးတွေလောက်ထိတောင် ထီပြန်ပေါက်နိုင်မယ်လို့တောင် စိတ်ကူးယဉ်နေကြတာ...မထင်ပါဘူး..မြန်မာအစိုးရမှာ ဒီလောက် ရက်ရောတဲ့စေတနာ မရှိနိုင်ပါဘူး...
၁၉၉၄ ကနဲ့ မတူတဲ့ အခုအသဲကွဲချက်က မရှိမဲ့ရှိမဲ့ လူရိုသေရှင်ရိုသေသိက္ခာလေးအကုန်မွဲ ကျကွဲပဲ...ABSDF ဟာ စေ့စပ်ရေးလမ်းကြောင်းပေါ် တက်သွားမယ်လို့ ကျနော်ဘယ်တော့မှ မယုံကြည်ခဲ့သလို တခါမှ တွေးတောင် မတွေးကြည်မိဖူးပါဘူး...ပြီးခဲ့တဲ့ ၃ နှစ်ကတောင် ဆုံဆည်းရာဘလော့မှာ ဒီအကြောင်းတွေ လူမျိုးစုကောင်တွေကို ဖဲ့ရင်း ဆောင်းပါးတချို့ရေးခဲ့တာ ပြန်မဖတ်ကြည့်ရဲတော့ဘူး။ ပြန်အားဖြည့်ထားတဲ့ ABSDF (မြောက်ပိုင်း) ကလွဲလို့ ABSDF တောင်ပိုင်းတခုလုံးမှာ လူအားရော/စားစရာရော သိပ်မရှိတော့ပါဘူး၊ သံလွင်စခန်းက ရဲဘော်ဟောင်းတဖွဲ့ဟာ ဇလ ဆိုတဲ့နေရာလေးမှာ ကလေးငယ်တွေနဲ့ ပေါ်တင်ကြီး အငတ်ခံ အိုမင်းနေကြရတယ်...ဒေါက်တာနိုင်အောင်ဟာ ABSDF ကိုထားပြီး NGO ကို ဖင်ချငွေယူဖို့ NDD ကို ထောင်ခဲ့တယ်...အဖွဲ့လည်ပတ်နိုင်အောင် လည်ဝယ်တဲ့ ABSDF ခေါင်းဆောင်တချို့ကို ခေါ်ထုတ်ခဲ့ပြီး ABSDF ကို ကိုသံခဲနဲ့ ကိုမြင့်ဦးတို့လို လူရိုးလူအေးတွေနဲ့ ထားပစ်ခဲ့တယ်...ကိုနိုင်အောင့် အကွက်အောင်မြင်ခဲ့ပါတယ်...NDD ဟာ ABSDF ကို တနှစ် ဘတ် ၂သန်း ထောက်ပံ့ပေးလာတာ ကြာပါပြီ...မလောက်ပါဘူး...ABSDF က တောင်ပိုင်းမှာ မွန်တွေ အရိုးပေးကိုက်ထားတဲ့ ခဲမိုင်းအိုတခု ရထားတယ်...ထုတ်စားတာနဲ့ အလုပ်သမားခနဲ့ ဖျားနားမှုနဲ့ မကိုက်ဘူး...ကျနော်တို့ နိုင်ငံတကာက ရဲဘော်ဟောင်းတွေ ဝိုင်းစုပြီး ABSDF ကို ငွေကြေးထောက်ပံ့တာ ကိုယ့် ဝင်ငွေရဲ့ ၂% လောက်ပဲ ရှိပါတယ် (ကျနော်တယောက်ထဲပဲ နီးစပ်ရင်းနှီးရာ ရဲဘော်တွေဆီ ပို့တာကတောင် ပိုများဦးမလားပဲ)...ကိုသံခဲက ဟိုနိုင်ငံသွား ဒီနိုင်ငံသွားပြီး ရဲဘော်တွေကို အလုပ်အဖွဲ့တွေ ဖွဲ့ပေးခဲ့လည်း ခဏနေရင် ပြန်ပျက်တာပဲ... အမြဲတမ်း ဒိုင်ခံလုပ်ပေးနေတာ ဆိုလို့ ကျနော်တို့ သြစတေးလျက မဲဘုန်းက တယောက်ရယ် ဆစ်ဒနီက တယောက်ရယ် ပဲရှိတယ်...ဆိုချင်တာက ဒီတောတွင်း ABSDF ပုံမှန်လေး ကျမ္မာလည်ပတ်နိုင်အောင်လို့ အဝေးရောက် ABSDF ဟောင်းတွေရဲ့ ပူးပေါင်းပါဝင်ပတ်သက်မှုဟာ သိသိသာသာကြီး မယုံကြည်နိုင်အောင်ကိုပဲ အားနည်းလွန်းနေပါတယ်...ဒါကိုလည်း ကိုသံခဲက အစည်းဝေးတွေမှာ အတော်ဝမ်းနည်းတဲ့ Key ကြီး နဲ့ ကျနော်တို့ဆီမှာ အင်အားဟာ အတော်နည်းတဲ့ ရာခိုင်နှုန်းလောက်ပဲ ကျန်ခဲ့တာပါလို့ ပေါ်တင်ပဲ ပြောပါတယ်...အာလုံး သူ့ကို နားလည်ပါတယ်...ဒါပေမဲ့ ဒီဘက်ဘဝတွေရဲ့ အခက်ခဲကလည်း မလွယ်ကူလှပါဘူး...ကိုယ်တိုင် လာဖြတ်သန်းကြည့်မှ သိမှာပါ... ABSDF မှာ အခုဆို ဟိုး အရင် တော်လှန်ရေး အစတုန်းကလို ရဲဘော်တွေ နိုင်ငံခြားထွက်သွားမဲ့ လမ်းကြောင်းတွေကို စခန်းခေါင်းဆောင်တွေက လိမ်လည်ပြီး မပိတ်ဆို့ထားတော့ပါဘူး..သွားချင်သူသွားပါ ကူညီမှုပေးတယ်လို့ ပေါ်တင်ဖွင့်ထားပေးတယ်...အချိန်ရဲ့ရွေ့လျားဖိအားကို ကောင်းကောင်း သဘောပေါက်ခဲ့ပြီလေ... ဘာမှမရှိတဲ့ ဒီ ABSDF မှာ တခြား ဘယ်အဖွဲ့အစည်းတွေမှ မဖန်တီးနိုင်တဲ့ နိုင်ငံရေးသြဇာတခု အမြဲတမ်း ရှိနေတယ်...အသံနဲ့ အကောင်းဆုံး ဟစ်နိုင်ပြီး.လက်တွေ့မှာ နှီးတချောင်းတောင် မဖျာနိုင်သူတွေလိုလည်း ဖြစ်နေတယ်...တခြားအဖွဲ့တွေ တကောင်ပြီးတကောင် သူ့လမ်းကြောင်းသူရွေးပြီး လည်ပင်းထိုးခံ အလှီးခံ လိုက်တာကို ဖြစ်နေကြပဲလို့ ကျနော် သဘောထား ဝမ်းမနည်းတတ်ခဲ့ပဲ အခု ABSDF လျှောက်ဝင်သွားတဲ့ လမ်းအပေါ် အတော်စိတ်မကောင်း ဖြစ်မိပေမဲ့ တွက်ချက်ပြီး နားလည်နိုင်ပေးခဲ့ပါတယ်...အိုကေပါတယ်...ကျနော့်စိတ်တွေ ပြန်လည် လန်းဆန်းလာခဲ့ပါတယ်...
သိပ်မပေါ်လွင်တဲ့ ပထဝီရေးအချက်တခုက ဒီငြိမ်းချမ်းရေးတုကာလမှာ ABSDFဟာ မပါးနပ်ရင် ခွေးကျကျပြီးတော့ အပြီးသတ်တောင် သေဆုံးသွားနိုင်တာပဲ.. အစိုးရအနေနဲ့ တခြားအဖွဲ့တွေတိုင်းကို ကိုယ့်နယ်မြေကိုယ်ထိုင်ခိုင်း ကိုယ့်သေနတ်ကိုယ်ကိုင်ခိုင်း ကိုယ့်စီးပွားရေးကိုယ်လုပ်ခိုင်းပြီး ညှိယူကျေနပ်အဆင်ပြေသွားနိုင်ပေမဲ့ ဒီ ABSDF က လက်နက်ကိုင်လမ်းစဉ်ကြီးနဲ့၊ သေနတ်လည်းမရှိဘူး၊ ကိုယ်ပိုင်နယ်မြေလည်းမရှိဘူး၊ သောက်ကြီးသောက်ကျယ် အလုံးကြီး ဟစ်အော်ထားတဲ့ နိုင်ငံရေးလမ်းစဉ်ကို ပြည်တွင်းလူထုရော နယ်စပ်သူပုန်တွေကပါ ထောက်ခံနေတယ်..နောက်တော့ ပြည်တွင်းက လာခဲ့တဲ့ကောင်တွေမို့ ပြည်တွင်းထဲလည်း ပြန်ခေါ်ထဲ့လို့လည်းမရပြန်၊ ရသလိုရှာဖွေကြံဖန် စီမံပေးရမှာပဲ..ဒါတွေက ဦးအောင်မင်းနဲ့ သူတို့တွေ လက်ဆွဲနှုတ်ဆက်တုန်းက လက်ချင်းတုန်ခါ စီးဆင်းမှုမှာ ဘယ်သူ့ထဲမှာ ဘာဖဲတွေ ကျန်သေးလဲဆိုတာ သူတို့ချင်းပဲ သိကြမှာပါ။ အခုတောင် ဆက်ဆံရေးရုံးဖွင့်ခွင့်ရမဲ့နေရာတွေနဲ့ လူမျိုးစုအဖွဲ့တွေက လုပ်ခွင့်ပြုနိုင်မှာနဲ့က ဘာတွေ ဘယ်လို စားခွက်ခုတ်ကြပြီး ခက်ခဲနိုင်ကြဦးမလဲ မသိသေးဘူး...သေချာတာကတော့ ဂဌုန်ဆားချက်တာ တခုပဲ လုပ်တတ်တဲ့ ဒီသူပုန်ငပျင်းတွေဟာ ငွေဝင်ဖို့ စီးပွားရေးဂွင်ဖန်လာတော့မှာပဲ..ပျင်းလား/မပျင်းလား ခုတ်ရောင်းစားခဲ့ဖူးတဲ့ ကျွန်းပင်တွေကို တပင်မှ ပြန်စိုက်ခဲ့တာကိုပဲ ကြည့်ပါ...ပါးစပ်ကတော့ ငါ့ပြည်နယ် ငါချစ်တယ် ပြောနေအော်နေတာပဲ...ပြီးတော့ သူတို့ပဲ သူ့ တို့ အမျိုးသား အလံတော်ကို အတင်းထိုးပေါင်စား ပစ်လိုက်ကြတာ မြန်မှမြန်ပဲ...တော်ပြီဗျာ...မပြောတော့ဘူး...
(((အခု ကျနော် အဓိက ပြောချင်တာကို ပြောပြီးတော့ အိပ်တော့မယ်)))
ဒီ (ကားအစီး ၆၀) ကိစ္စကို ကိုဆန်နီက Vid chat မှာ ကနေဒါက ရဲဘော်တွေကို ဗြောင်လိမ်ခဲ့တယ် တဲ့... သိပ်မကြာဘူး.. ကိုသံခဲ လက်မှတ်နဲ့ စာရွက် ထွက်လာရော...ကျနော် ဘုန်းဘုန်းလဲသေလိုက်လို့ရပါပြီ...အဖွဲ့အစည်းရဲ့ အဝေးမှာ ကျနော်နေပေမဲ့ ကျနော့်စိတ်ကို တောတွင်းရဲဘော်တွေနဲ့ တသားထဲကျအောင် အမြဲတမ်းထားခဲ့ပါတယ်.. ..ကဗျာရေးလည်း တော်လှန်ရေးကဗျာ နိုင်ငံရေးကဗျာကို တောတွင်း စစ်ပွဲအတွေ့အကြုံ နမိတ်ပုံတွေနဲ့ပဲ လှည့်ပတ်ပြီးအမျိုးမျိုးရေး၊ အမြဲတမ်းပဲ ABSDF ရဲ့ ဆုံဆည်းရာဘလော့ တခုတည်းမှာပဲ ရေးတယ်။ (သုအိုင်စံ) ဆိုတဲ့ကလောင်ကို ကျနော် မပြောပြမချင်း တောထဲက ရဲဘော်တယောက်ယောက်လို့ပဲ စာဖတ်သူတွေ ထင်ထားခဲ့တာ...ငွေတွေလည်း ပို့နေတာပဲ...ဆုံဆည်းရာက ရဲဘော်တွေ အသိဆုံးပါ..အခုတော့ နေ့စဉ် အွန်လိုင်းပေါ်တက်လိုက်ရင် (ကားအစီး ၆၀)ဆိုတဲ့ စကားလုံး နဲ့ အဲဒီ (ကိုသံခဲစာရွက်) ကို မတွေ့မိအာင် ရှောင်နေရပါတယ်...တနေရာရာမှာတော့ သွားတွေ့ ဖြစ်နေတာပါပဲ...ကျနော်တို့ရင်ထဲမှာ နှစ်ရှည်စိုက်ထူထားတဲ့ ယုံကြည်ချက်အလံတော်ဟာ အမြင့်ဆုံးအောင်ပွဲ တခုကလွဲလို့ ဘာတခုနဲ့မှ မလဲလှယ်နိုင်ပါဘူး...ကမ္ဘာ့နေရာစုံက ရဲဘော်တိုင်းကို လိုက်မေးကြည့်ပါ ဘယ်သူ့ရင်ထဲမှာမှ ဒီအလံတော်ဟာ မပြိုလဲသေးပါဘူး..ဒါ့အပြင် ABSDF ရဲ့ လမ်းစဉ်ထဲမှာ အနာဂတ် ဖက်ဒရယ်တည်ထောင်ရေးဆိုတာ စတင်ဖွဲ့စည်းထဲက ပါတယ်...အရှည်ဆုံးခရီးလျှောက်ရမဲ့ကောင်တွေပါ....တောထဲမှာ စစ်တိုက်တုန်းကလည်း ကိုယ့်ရဲဘော် ၁ ယောက်ကျ ရန်သူ ၅ ယောက်ကျ မလဲနိုင်ဘူးလို့ ကျနော် ယူဆခဲ့တာပဲ...ကြေးစားစစ်ခွေးတွေနဲ့ မတူတဲ့ ကျနော်တို့က တိုးတက်တဲ့ အတွေးအခေါ်နဲ့ အမြင့်ဆုံးနိုင်ငံရေးလမ်းစဉ် ရှိတဲ့ လူငယ်ကျောင်းသားပညာတတ်တွေဖြစ်လို့ပဲ...ကျနော်ဆို ၁၆နှစ်အရွယ်ထဲက ဒီအဖွဲ့အစည်းထဲမှာ ဒီလူကြီးတွေကြားထဲမှာ ဒီရဲဘော် ဒီဘော်ဒါတွေကြားထဲမှာ ပေပေတေတေ စခန်းမှာနေလိုက် ဗဟိုမှာနေလိုက် ရှေ့တန်းသွားလိုက်နဲ့ လူဖြစ်လာခဲ့တဲ့ကောင်ပါ...သူ့ရာဇဝင်ဟာ သူ့သွေးထဲမှာ မရှိမဖြစ်အရာလို ထုတ်ပစ်မရအောင် အမြဲလှည့်ပတ်စီးနေတယ်...အခု ကျနော့် ဦးနှောက်ကို (ကားအစီး၆၀) ဆိုတဲ့ သုံးပြီးသားကွန်ဒွန်လို တန်ဖိုးစုတ်တခုက ဝင်တိုက်လိုက်တဲ့ ဒဏ်ရာဟာ ဘယ်တော့မှ ပျောက်ကွယ်မှာ မဟုတ်တော့ဘူး။ ရင်ထဲမှာ ထင်မှားပြီး နည်းနည်းပါးပါး ပေါ့ပါးသွားလေမလားလို့ ဒီကိစ္စကို လူသိရှင်ကြား ဒီနေရာကနေ ခမ်းခမ်းနားနား သောက်ကြီးသောက်ကြယ်ပဲ ဝန်ခံပါတယ်...(ကားအစီး ၆၀) ကိစ္စဟာ ကိုယ့်သမိုင်းသိက္ခာရှေ့ထွက်မိုင်းပေါက်ထွက်သည့်အလား ယမ်းဘောသီးတွေ တဖက်ထဲစုန်ကန်ထွက်သွားသလို သမိုင်းချီပြီး အရှက်ရမိပါတယ်...အခုနေ ကျနော့်လက်ထဲမှာ M16 တလက်ရှိနေလို့ကတော့ ကိုယ့်ကိုယ်ကိုယ် ခွပ်ဒေါင်းအလံခြုံ၊၊ သေနတ်ပြောင်းကို ကိုက်ငုံပြီး အတွဲလိုက် ကုတ် လိုက်မိမှာ သေချာပဲ... ရှက်တယ်ဆိုတဲ့ စကားလုံးထက်ကို ပိုပြီး ဟက်ဟက်တက်တက်ကွဲ ပက်ပက်စက်စက်လဲ သမိုင်းဝဋ်သင့် အရှက်ကွဲဖြစ်တာဗျာ...အခုဆို ကျနော်တို့ဟာ ပြည်သူ့တံတွေးခွက်ထဲမှာ မနစ်မြုပ်သွားရုံ ကိုယ်ဖော့ ကူးခပ်နေရပြီပေါ့... ယုံကြည်နေပါတယ်...ဒီမိစ္ဆာဆိုး စီးနင်းနန်းထိုင်ထားတဲ့ဂြိုလ်ကနေ လွတ်ထွက်ကျွတ်ထွက်လာဦးမဲ့ ငါတို့ရဲ့အနာဂတ်ကြီး အသေအချာ ရှိနေတယ် ဆိုတာကိုပေါ့.။ ။
(((((ကျေးဇူးပြု၍ ဒီစာကို ဘယ်ကိုမှ ကူးမထုတ်သွားပါနဲ့ဗျာ...စိတ်ထဲ ဖိစီးနေလို့သာ ရေးလိုက်တာ အစီစဉ်မကျ ဟိုရောက်ဒီရောက်ပဲ...နောက်မှပဲ ရသဆောင်းပါးပုံစံ ဖတ်ပျော်မဲ့ ဖန်ဆင်းစကားလုံးတွေ ထပ်ပေါင်းပစ်ထဲ့ပြီး သေချာ ပြန်ပြင်ရေးချင်တာပါ...ရှယ်လို့တော့ရပါတယ်...)))))
ဒီစာကိုဖတ်မိတဲ့ ABSDF ရဲဘော်တွေထဲက စိတ်ပါလို့ ဘာကိုဖြစ်ဖြစ်၊ ဘယ်ခေါင်းဆောင်ကိုဖြစ်ဖြစ်၊ တဖွဲ့လုံးကိုဖြစ်ဖြစ်၊ ဒီစာရေးတဲ့ ကျနော့်ကိုပဲဖြစ်ဖြစ်၊ ဖဲ့ချင်ရင် ဆွမ်းကြီးဝင်လောင်းချင်ရင်လည်း ကောင်းကောင်းဆိုးဆိုး၊ ဆဲဆဲဆိုဆို၊ ပေးချင်တဲ့ ကွန်မင့်ပေး၊ ရေးချင်တာရေးသွားကြ...ကျနော်ပြန်ဖျက်ရင် အကုန် ပါသွားမှာပဲလေ...(ဟဲဟဲ).မဖျက်ပါဘူး...ဆုံဆည်းရာမှာ သွားပစ်တင်လိုက်မယ်..ရေးကြပါ..ဆဲကြပါ။
သုအိုင်စံ
၁၄-၁၀-၂၀၁၃
https://www.facebook.com/notes/akarikz-yannaing/
No comments:
Post a Comment