Friday, October 4, 2013

မြန်မာပြည် လဝက မှာ ဗီဇာ သက်တမ်းတိုးခြင်း


September 21, 2013 at 8:19pm
မြန်မာပြည်က လဝက အကြောင်းရေးချင်နေတာကြာပြီ အာရုံစုစည်းမှုကမရနိုင်ဘူး။ အလုပ်ရှုတ်ပြီဆိုမှ မကျေနပ်တဲ့ အာရုံကရေးရေးပြဘို့ရလာတယ်။ ရောက်ပြီးကထဲက ၃လတခါ သက်တမ်းတိုးပြီးနေထိုင်လာတာ ဒုတိယအကြိမ်သက်တမ်းတိုးကထဲက တွေ့လိုက်ရတဲ့ ပြသနာပေါင်း သောင်းခြောက်ထောင် အကြောင်းလေး သူများတွေသိအောင်တော့ ရေးရဦးမယ်။ အတင်းမဟုတ်ပါ။ ကိုယ်တွေကြုံခဲ့တာလေးတွေပါ။
သက်တမ်းတိုးမယ်ဆို ရောက်ပြီး ၂ပတ်လောက်မှာစလုပ်မှစိတ်ချရပါတယ်။ ကိုယ်တိုင်လုပ်မည့်သူတွေအတွက်ပါ။ ကိုယ်တိုင်မဟုတ်ဘဲ ပွဲစားနှင့်လုပ်ချင်ရင်တော့ ဘယ်သူကိုမှတွေစရာ၊ ရန်ဖြစ်စရာ၊ စကားများစရာမလိုဘဲ၊ ပန်းဆိုးတန်း လဝက က အမှုထမ်း မမတွေကိုဘဲ ပိုက်ဆံ ၈သောင်းပေးရင် တခါထဲရပါကြောင်း။
ပိုက်ဆံ ၈သောင်းမပေးခြင်ရင်ဖြင့် ပြသနာပေါင်း သောင်းခြောက်ထောင်ဖြင့်ရင်ဆိုင်ရမည့် အကြောင်းများမှာ...ပထမ အကြိမ်တုန်းကလိုဘဲ

၁) ရပ်ကွက်ရုံးကို အရင်သွား။ ဗီဇာသက်တမ်းတိုး ထောက်ခံစာအတွက် အလှုငွေ ၃ ထောင်မှ ၅ထောင် အလိုက်သိသိထဲ့ပါ။ မထဲ့ရင်လဲထဲ့ရကြောင်းပြောပါလိမ့်မည်။

၂) မြို့နယ်ရုံးသွား ဗီဇာသက်တမ်းတိုးပြော တမြို့နယ်နှင့် တမြို့နယ် စာရွက်ဖြည့်ရန်ပုံစံမတူ၊ တနိုင်ငံထဲနေပြီး မြို့နယ်ကွဲတာနှင့် စာရွက်စာတန်းကြေး၊ အလှုအတန်းကြေးမတူပါ။ ဆက်ဆံရေးလဲမတူပါ။ ဒဂုံမြို့နယ်မှာတာဝန်ကျတဲ့ လဝက အမူထမ်းနှင့် မြောက်ဒဂုံမှာတာဝန်ကျတဲ့ လဝက အမူထမ်းဆက်ဆံပုံလုံးဝမတူပါ။ မြောက်ဒဂုံမှ လဝကအမူထမ်းတွေက လူတွေကိုဆက်ဆံပုံမှာ မတူမတန်သလိုနှင့် အထက်စီးမှပြော  အလှုငွေအရင်ထဲ့ ၃ထောင်နှင့် ၅ထောင်။ နောက်ပြီးမေးပါလိမ့်မည်။ ပွဲစားလား ကိုယ်တိုင်လုပ်တာလား။ စာရွက်တွေအတွက် တထောင်မှ နှစ်ထောင်ကျပ် ကျသင့်ငွေပေးပြီးအပြင် ကိုယ်တိုင်ဆို ဦးစီးမှုးနှင့်ဝင်တွေ့ ဦးစီးမှုးမှလျှာရှည် ဘာကြောင့်နိုင်ငံသားပြန်မလုပ်တာလဲမေး.. အမေးရှိတော့လဲ အဖြေရှိတာပေါ့... မလုပ်ချင်သေးလို့ဘာညာလျှောက်ပြော... ဒီစာအုပ်ကလေးနှင့် ကမ္ဘာ ပတ်ရတာ သက်တောင့်သက်သာရှိလှသဖြင့် မစွန့်လွတ်နိုင်သေး။။ မြို့နယ်ဦးစီးမှုး အစည်းဝေးသွားလျှင် ၃၊ ၄ နာရီထိုင်စောင့်ရ။ ဝန်ထမ်းညီမလေးတွေနှင့်ခင်သွားလျှင် သူတို့မှ စာရွက်စာတန်းကော်ပီလိုအပ်သမျှကို လုပ်ခိုင်းပြီး ထားခဲ့ခိုင်း။ 

၃) မြို့နယ်ပြီလျှင် ခရိုင်ရုံးကိုသွား ထုံးစံအတိုင်း ဗီဇာ သက်တန်းတိုးအတွက်ပြော စာရွက်စာတန်းဖြည့် ကော်ပီကူး ပိုက်ဆံမပေးလျှင် ကိုယ်တိုင် စာရင်းသွင်းစာအုပ်ကိုင်ပြီး ခရိုင်မှုးကို လက်မှတ်သွားထိုးခိုင်းရ။ ခရိုင်မှုးမှ မလိုအပ်သည်များကို ဘာဘာညာညာလျှောက်မေး။ ခရိုင်မှုး အစည်းဝေးသွားလျှင် ၃၊ ၄ နာရီထိုင်စောင့်။ စာရွက်ထားခဲ့ ရုံးဆင်းခါနီးမှ ခရိုင်မှုး ပြန်လာ ပိုက်ဆံအထုတ်လိုက်နှင့် လာဒ်ထိုးတဲ့ ကုလားမိသားစုမှ အရင်ဝင်တွေ့စေ။ သူတို့ပြီးမှ ပိုက်ဆံမပေးတဲ့ လက်မှတ်ထိုးတဲ့သူတွေဝင်။ ပိုက်ဆံပိုပေးလျှင် မြို့နယ်ရုံးမှ ဝန်ထမ်းက ခရိုင်ရုံးကို ယူသွားပြီးတင်ပေးလေ့ရှိ။ 

၎) ခရိုင်ပြီးလျှင် တိုင်းရုံးသို့ ယခင်ကသွားရပေမဲ့ အခု သွားစရာမလိုအပ်။ ခရိုင်းရုံးတင်တဲ့ရက်မှတ်ထား၊ ၂ ပတ်ကြာလျှင် ပန်းဆိုးတန်းရုံးမှာ ဓါတ်ပုံ ၄ ပုံနှင့်အတူ $ 36 ပေးသွင်း၊ FRC မှတ်ပုံတင်က မလုပ်မနေရ၊ FRC မှတ်ပုံတင်အတွက်က အပေါ်ရုံးမှာ တနှစ်ကို ၁၁ဒေါ်လာသွင်း။ ဓါတ်ပုံ ၂ပုံနှင့်။ စစခြင်းမှာ ကျမနဲ့တွေ့တာက အဲဒီရုံးဘဲ ကျမ ကိုမေးတယ် ကိုယ်တိုင်လုပ်တာလားတဲ့ ကျမက ဟုတ်တယ်ဆိုတော့.. Service Fees ပေးရမယ်တဲ့။ အဲဒါနဲ့ မရှင်းလို့ ပြန်မေးလိုက်တာ အသံက ကျယ်သွားတော့ တိုးတိုးမေးပါတဲ့။ Service Fees က အစိုးရကိုပေးရမှာလား။ ညီမတို့ကိုပေးရမှာလား ဆိုတော့ ကျမတို့ကိုပေးရမှာတဲ့။ ညီမတို့ လခ မရကျဘူးလားလို့ မေးတော့ မပေးချင်ရင်လဲမပေးပါနဲ့တဲ့ ... ဒီလောက်ပိုက်ဆံလေးနဲ့ လာမရစ်နဲ့တဲ့။ သူတောင်းစားအကြီးစားတွေဆိုတာ တချို့ အစိုးရရုံးတွေက ဝန်ထမ်းတွေဘဲ ... မြန်မာပြည်မှာ အရင်ဆုံးပြောင်းလဲသင့်တာက လူတချို့ရဲ့ Mindset ဘဲ။ မပြင်နိုင်ရင် ဘာမှလုပ်လို့မရဘူး။ စိတ်လေပါတယ်။ ပထမတော့ တောင့်ခံသေးတယ်။ နောက်အခေါက်တွေကျတော့ ၃ ထောင်လောက်နဲ့ ဘာမှမပြောချင်တော့တာနဲ့ တရုံးသွား ၃ထောင်နဲ့ ၄ကြိမ်မြောက်ကို ဖြတ်သန်းခဲ့ပါကြောင်း။

နောက်ဆုံးတခေါက်မှာ သူငယ်ချင်း လင်မယားနဲ့အတူတူ ပိုက်ဆံသွားသွင်းတော့ စာရင်းသွင်းတဲ့ ဝန်ထန်းညီမလေးက အမ ခဏလာပါဦးတဲ့ ဦးစီမှုးနဲ့ဝင်တွေ့ရမယ်တဲ့။ အဲဒါနဲ့ ဦးစီးမှုးနဲ့ဝင်တွေ့တော့ ကျမ ပိုက်ဆံသွင်းရမဲ့ရက်ကကျော်နေလို့တဲ့ ခေါ်ဆူပါတယ်။ ကျမလဲပြောပါတယ်။ သူငယ်ချင်းကိုစောင့်နေလို့ နောက်ကျတာပါလို့ပြောတော့ နောက်တခါမဖြစ်စေနဲ့တဲ့။ ဟုတ်ကဲ့ .. ဟုတ်ကဲ့ပေါ့။ သူလက်မှတ်ထိုးဘို့က အရေးကြီးတာကိုး...နေနှင့်ဦးပေါ့...

သူငယ်ချင်း လင်မယား ငွေသွင်းတော့ Cashier ကိုင်တဲ့ အမျိုးသမီးက သူငယ်ချင်းလှမ်းပေးလိုက်တဲ့ ငွေ US$ 100 တန်နှစ်ရွက်ကို တရွက်ယူပြီ နောက်တရွက်ကိုမရဘူး ပြန်လဲပေးဆိုပြီးပြောပါတယ်.. ပြီတော့ သူငယ်ချင်းပေးလိုက်တဲ့ တရာတန်ကို သူရဲ့ ငွေတွေထဲ့တဲ့ အန်ဆွဲထဲကိုထဲ့လိုက် ပြီးတော့ အန်ဆွဲ ပြန်ပိတ်ပြီး။ နောက်ထပ်ငွေကို ၂၀၀ ထပ်တောင်းတယ်။ ပြီးရင် ရာတန် ရဲ့ အပေါ်မှာပါတဲ့ နံပါတ်တွေကို စာအုပ်ထဲမှာ မှတ်ခိုင်းတယ်။ အဲဒီမှာ သူငယ်ချင်း လင်မယားနဲ့ ပြသနာကတက်တော့တာဘဲ။ ပေးရမှာက တရာကျော်ဘဲ။ သူက တရာ အန်ဆွဲထဲထဲ့လိုက်တာ ကျမတို့မှာ ၃ ယောက် သူကတယောက်ထဲ ဒေါ်လာတရာကိုပေါ်တင်ဘဲ ခိုးလိုက်ပါလေရော။ ကျမတို့ကိုလဲ အော်ကြီးဟစ်ကျယ်နဲ့ ရန်တွေ့တဲ့အပြင် သူဘေးနားက စာရေးမတွေကပါ ဝိုင်းအုံးပြီး ရန်တွေတော့ ကျမသူငယ်ချင်းကရှက်လို့တဲ့ ပြောမနေနဲ့တော့တဲ့ ဆိုပြီးအရှုံးပေးပြီးပြန်လာခဲ့ရတယ်။ ပြောချင်တာက အဆင်မသင့်လို့ အူတူတူအတတဆိုလဲဟုတ်သေး အပွဲပွဲနွဲလာပြီးမှ ဒီစာရေးမနဲ့ ကျမှခံလိုက်ရတာပြောပါတယ်။ သူတောင်စားအကြီးစားနဲ့သူခိုး အကြီးစားတွေနေတဲ့ရုံး။


ဘယ်နိုင်ငံမှာမှမတွေ့ဘူးတဲ့ ဗီဇာသက်တန်းတိုးခြင်းပါဘဲ... မှတ်သားထားလောက်ပါပေတယ်။ နိုင်ငံခြားသားတွေကို ရင်းနှီမြုတ်နှံမူလုပ်ဘို့ ခေါ်နေတာလဲ ဒီအစိုးရဘဲ... ဗီဇာလေးသက်တမ်းတိုးတာတောင် ဒီလောက်ခက်နေတာ ရင်းနှီမြုတ်နှံမူတွေ ဘယ်လို Plan တွေဆွဲပြီ လုပ်ကျ မလဲစောင့်ကြည့်ချင်သေးတယ်။

နိုင်ငံခြားသားတွေကလည်း ပြည်ပ အတွေ့အကြုံမရှိတဲ့ ပြည်တွင်းက နိုင်ငံသားတွေကိုလိမ်၊ ပြည်တွင်းက ပွဲစားတွေကလဲ နိုင်ငံခြားသားတွေကိုလိမ်နဲ့ ရှုတ်ယှက်တွေကိုခတ်လို့...။ အကောင်းဆုံးကတော့ ကဗျာရွတ်ပွဲတွေသွားတက်တာဘဲ ကောင်းပါတယ်။

မြန်မာပြည်သွားမဲ့ သူတွေအတွက်ဆောင်ရန်ရှောင်ရန်လေးတွေလဲ နောက်များမှဘဲ ထပ်ရေးပါဦးမယ်။ ဖုန်းနဲ့တမျိုး၊ မေးနဲ့တဖုံ ဗီဇာသက်တမ်းတိုးဖို့ မေးလာတဲ့ သူငယ်ချင်းများအတွက်နဲ့ နောက်သွားလည်ရင် လိုအပ်တဲ့အခါ အသုံးဝင်မယ်ထင်ပါတယ်။

လက်ရှိ မြန်မာပြည် ဗီဇာသက်တမ်းတိုးချင်းပါဘဲ။ နောက်အစိုးရတက်လာတဲ့အခါ ဘယ်လိုပြောင်းမယ်ဆိုတာမသိသေးပါဘူး။

No comments: