Thursday, November 28, 2013

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ - သတ္တမပိုင်း


November 28, 2013 at 1:22am
ယခင်အပတ်မှအဆက်

ဗဟိုကော်မတီဝင် ၂၁ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၃ ဦး အဖြစ် ရွေးချယ်ခံရသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ကိုထွန်းအောင်ကျော်                         ဥက္ကဋ္ဌ
၂။ ကိုဝင်းမိုး                                       ဒု-ဥက္ကဋ္ဌ
၃။ ကိုသန်းဝင်း                                    အထွေထွေအတွင်းရေးမှူး
၎။ ကိုအောင်နိုင်                                  တွဲဖက်အတွင်းရေးမှူး (၁)
၅။ ဆလိုင်းကိုကိုဦး                               တွဲဖက် အတွင်းရေးမှူး (၂)
၆။ စိုင်းမျိုးဝင်းထွန်း                               အတွင်းရေးမှူး၊ နိုင်ငံခြားရေးကော်မတီ၊
၇။ ကိုထွန်းဦး                                      အတွင်းရေးမှူး၊ စည်းရုံးရေးနှင့် ဝါဒဖြန့်ချီရေးကော်မတီ၊
၈။ ကိုကိုလေး                                     အတွင်းရေးမှူး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ၊
၉။ ကိုကြည်မိုး                                     အတွင်းရေးမှူး၊ ထောက်ပံ့ရေးကော်မတီ၊
၁၀။ ကိုမောင်မောင်သိန်း                         အတွင်းရေးမှူး၊ လုပ်ငန်းစစ်ဆေးရေးကော်မတီ၊
၁၁။ ကိုကျော်လင်း                                အတွင်းရေးမှူး၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊
၁၂။ ဒေါက်တာသာသာဦး                        အတွင်းရေးမှူး၊ ကျန်းမာရေးနှင့် လူမှုရေးကော်မတီ၊
၁၃။ ကိုကျော်ထင်                                အတွင်းရေးမှူး၊ ဘဏ္ဍာရေးကော်မတီ၊

ကျန်နေသည့် ဗဟိုကော်မတီဝင် ၈ ဦးကို အလုပ်အမှုဆောင်ကော်မတီလုပ်ငန်းကော်မတီ ၁ ခုစီ၌ တွဲဘက် ၁ ဦးစီ အဖြစ် ခန့်အပ်လိုက်သည်။ (တွဲဖက်အတွင်းရေးမှူးများထဲတွင်မှတ်မိသလောက်မှာ- ကိုတင်စိုးနောင်၊ ကိုစိုးမြတ်သူ၊ ကိုအာကာစိုးနောင်၊ ကိုတင်စိုးနှင့် ကိုဆန်းလင်းတို့ ငါးဦးသာ မှတ်မိသည်။)

ကျွန်တော့အား ဥက္ကဋ္ဌအဖြစ်ရွေးချယ်လိုက်ပြီးနောက် ပထမဆုံးမိန့်ခွန်းကို ပြောကြားရန် အကျိုးတော်ဆောင် ဒေါက်တာတူးဂျာက ဖိတ်ခေါ်သဖြင့် မိန့်ခွန်းပြောရန် ရှေ့သို့ထွက်လာခဲ့သည်။ ကိုယ့်ကိုယ်ကို ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရမည်ဟု ညီလာခံစတက်လာစဉ်ကတည်းက မထင်ထားခဲ့၊ ညီလာခံတက်ရောက်လာသူများကို မဲဆွယ် စည်းရုံးခဲ့မှုလည်း စိုးစိမျှမလုပ်ခဲ့၊ သင့်တော်သည့်သူ ခေါင်းဆောင်ဖြစ်မှာဘဲ ငါတို့လက်နက်ကိုင် တော်လှန်ရေးကြီးကို ကျသည့်နေရာမှ ပံ့ပိုးပေးမည်၊ ဝင်လုပ်မည်၊ အမြန်ဆုံး ပြန်တိုက်နိုင်အောင် ကြိုးစားမည် ဟူသော စိတ်သာ ကိန်းဝပ်နေခဲ့သည့်အတွက် ညီလာခံတွင် မိမိယုံကြည်ရာကိုသာ ပြောဆိုခဲ့ခြင်း၊ မှန်သည်ထင်သည်ကို ရဲရဲဝင့်ဝင့် တင်ပြခဲ့ခြင်းတို့ကြောင့် လူအများ၏ ယုံကြည်လေးစားမှု ရရှိခဲ့သည်ဟု ထင်သည်။ ထို့ပြင် ၁၉၇၄-၇၅ မျိုးဆက် ထောင်တစ်သက်တစ်ကျွန်းကျခဲ့သည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်၍လည်း ယုံကြည်မှုရရှိခဲ့ပြီး ရွေးချယ်ခံရ သည်ဟု ထင်သည်။ ကျွန်တော့ ရင်ထဲတွင် ထိုစဉ်က ဥက္ကဋ္ဌအဖြစ် အရွေးခံရသည်ဟု သိရသည့်အခါ မိမိကံကြမ္မာကို အနည်းငယ်တော့ အံ့သြမိခဲ့သည်။ ကျွန်တော်ကိုးကွယ်သည့် သရက်ဇာလီတောင်ဆရာတော်ကြီး မပျံလွန်မီက ပြောခဲ့သည့်စကားကို အမှတ်ရမိသည်။ “ကိုရင် အခက်အခဲလွန်မြောက်မှ ရရှိတဲ့အောင်ပွဲသည်သာ အမြတ်ဆုံး ဖြစ်တယ်ဆိုတဲ့စကားကိုမှတ်ထား” ဟူ၍ မိန့်ဖူးပါသည်။ သူများ ၇ ရက်သွားရသောခရီးကို ကျွန်တော်တို့ ၂၆ ရက်ခန့် တောထဲတွင် အစာငတ်ရေငတ် တလည်လည် လျှောက်လိုက်ရသည်။ ညီလာခံသို့လာရာတွင်လည်း လှည်းကြမ်းကြီး စီးလာရသလိုပင်။ ထိုအခက်အခဲများကို လွန်မြောက်ပြီး ကျွန်တော် ဥက္ကဋ္ဌဖြစ်လာသည်။ မိမိစေတနာ၊ ရိုးသားစွာ ဘာမျှမမျှော်လင့်ဘဲ တော်လှန်ရေး အပေါ်ထားရှိသည့် စိတ်ထားကြောင့်ဟု ယုံကြည်လိုက်သည်။
“သဘာပတိကြီးနှင့်တကွ အားလုံးကို လေးစားပါတယ်။ ဒီနေ့ညီလာခံကြီးကို တက်ရောက်လာကြသော ကျောင်းသား ရဲဘော်များက ကျွန်တော့အား ဥက္ကဋ္ဌအဖြစ် ရွေးချယ်လိုက်တဲ့အတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိ ပါတယ်။ ကျွန်တော့်ကို ယုံကြည်တဲ့အတွက်လဲ အထူးကျေးဇူးတင်ရှိပါတယ်။ အလွန်ကြီးလေးသော တာဝန်ကြီး ကျွန်တော့်ပခုံးပေါ် ကျရောက်လာပြီလို့လည်း ခံစားမိပါတယ်။ ကျွန်တော်တို့ ကျောင်းသားများအနေနဲ့ ဒီမိုကရေစီ ပန်းတိုင်သို့ မရောက်မချင်း နောက်မဆုတ်ဘဲ ဇွဲနဘဲနှင့် တော်လှန်ရေးကို ဆင်နွှဲသွားမယ်လို့ ဒီနေရာကနေ ပြောကြားလိုပါတယ်။ ဗိုလ်နေဝင်း တည်ဆောက်ခဲ့တဲ့ စစ်အာဏာရှင် စနစ်ကြီး အမိမြေပေါ်က ပျောက်ကွယ်သွားတဲ့ အထိ ကျောင်းသားတပ်ဦးနှင့် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ အတူတကွ လက်တွဲပြီး ဘုံရန်သူကို ခြေမှုန်းသွားမှာဖြစ်ကြောင်း ကတိပြုလိုက်ပါတယ်။

ကျွန်တော်တို့ဟာ ဒီမိုကရေစီလိုလားတဲ့ ကျောင်းသားများဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကျောင်းသားအဖွဲ့အစည်းမျိုးကို မကြာခင် ဒီမိုကရေစီလိုလားတဲ့  တိုင်းပြည်များက လိုအပ်တဲ့ငွေကြေး၊ လက်နက်များ ထောက်ပံ့လာတော့မှာဖြစ်လို့ တိုတောင်းတဲ့ကာလအတွင်း မြန်မာပြည်ကြီးကို စစ်အာဏာရူးများ လက်ထဲက အမြန်ဆုံး တိုက်ခိုက် သိမ်းယူနိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီညီလာခံကြီး ဖြစ်မြောက်အောင် ကူညီကြတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့ အထူးသဖြင့် အင်န်ဒီအက်အဖွဲ့ကြီးကို အလေးအနက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်”  
ဤမိန့်ခွန်းသည် ကျွန်တော် ပထမဆုံးပြောခဲ့သည့် မိန့်ခွန်းဖြစ်ပါသည်။

(မှတ်ချက်၊။ ကျွန်တော် မိန့်ခွန်းပြောစဉ် စကားမှားသွားခဲ့သည်။ အကြောင်းမှာ နိုင်ငံခြားတိုင်းပြည်များကို အလွန်အမင်း အထင်ကြီးခဲ့ခြင်းပင်ဖြစ်သည်။ ကိုယ့်ကို နေရာထိုင်ခင်းပေး၊ စားစရာပေးနေသည့် တိုင်းရင်းသားများထက် တိုင်းတစ်ပါးသားများ၏ အကူအညီကို ပိုပြီးမျှော်လင့်ခဲ့သောကြောင့် ကျွန်တော်ပြောခဲ့သည့် စကားထဲတွင် အနောက်မျှော် အတွေးအခေါ် ပါသွားခဲ့သည်။ နိုင်ငံခြားဗဟုသုတ လုံးဝဗလာနတ္ထိဖြစ်နေသည့် ကျွန်တော်သည် ဒီမိုကရေစီရေးလုပ်နေသည်ဆိုသည်ကိုသိလျှင် အနောက်နိုင်ငံများက ငွေမထောက်ပံ့သည့်တိုင်အောင် လက်နက်တော့ ကျိန်းသေပေးမှာပဲဟု ယုံကြည်ခဲ့မိသည်။ အမှန်တကယ်တော့ မည်သည့်နိုင်ငံမဆို သူတို့နိုင်ငံအတွက် အကျိုးအမြတ်မရှိလျှင် နှုတ်၏ဆောင်မခြင်း (lip service) မှ လွဲ၍ လက်နက်ထောက်ပံ့မှုများ မပေးဟုဆိုသည်ကို အတွေ့အကြုံရလာမှ နားလည်သဘောပေါက်ခဲ့ရသည်။ တကယ်တန်း အားကိုးရမှာက မိမိတို့နှင့်အတူနေ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများသာဖြစ်သည်။)

အထက်ပါကြေညာချက်နှင့်ပတ်သက်၍ရှင်းလင်းချက်
ဤကြေညာချက်သည် ကျောင်းသားညီလာခံသို့ တက်ရောက်လာကြသော ကျောင်းသားကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်အရ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်နေ့၌ “မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦး” ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်းနှင့် ဤဖွဲ့စည်းပြီးသည့် အဖွဲ့အစည်းကို ဦးဆောင်မည့် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်စာရင်းကို အများသိစေရန် ထုတ်ပြန်သည့် ကြေညာချက် တစ်ရပ်ဖြစ်သည်။ ညီလာခံ၏ ဆုံးဖြတ်ချက်သည် အမြင့်ဆုံးဖြစ်သည်။ ညီလာခံကြီးမှ ဖွဲ့စည်းပေးလိုက်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်စာရင်းကို ဗဟိုဥက္ကဋ္ဌ၏လုပ်ပိုင်ခွင့်နှင့် တရားဝင်ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။

ညီလာခံပြီးနောက် ဝမ်ခကျောင်းဇရပ်ပေါ်တွင် ဗဟိုကော်မတီဝင်များ စုနေကြစဉ် အဖွဲ့အစည်း ဖွဲ့စည်းပြီးကြောင်း ကြေညာချက် ထုတ်ပြန်ရာတွင် ကျွန်တော်ရေးသားသော ကြေညာချက်ကို ဖတ်ပြီး ကိုဝင်းမိုးက မကြိုက်ဘူးဟု ဆိုသည်။ နောက်တစ်ခါ ပြင်ရေးပြီး ပြသသည့်အခါတွင်လည်း ခင်ဗျားရေးတာ ကျောင်းသားသမိုင်းကြီးဖြစ်နေတယ်၊ မကြိုက်ဘူးဆို၍ ပယ်ချခဲ့ပြန်သည်။ ဥက္ကဋ္ဌဖြစ်သော ကျွန်တော်က ဒုဥက္ကဋ္ဌဖြစ်သော ကိုဝင်းမိုးကို အလျှော့ပေးပြီး ညီညွတ်ရေးအတွက် ကြိုးစား၍ သည်းခံဆောင်ရွက်သော်လည်း အရာမထင်ခဲ့ပါ။ ကျွန်တော့်အနေဖြင့် အဖွဲ့အစည်းဖွဲ့ပြီးပြီးခြင်း မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများ သိရှိစေရေးအတွက် ကြေညာချက်ထုတ်ရန် အလွန်အရေးကြီးသည်ဟု မြင်ပါသည်။ သို့ရာတွင် ကိုဝင်းမိုးက အကြောင်း အမျိုးမျိုးပြကာ ကြေညာချက် မထုတ်နိုင်ရန် ပိတ်ပင်နေခဲ့သည့် အတွက်ကြောင့် နားမလည်နိုင်အောင် ဖြစ်ရသည်။

ကျွန်တော်ရေးသားသည့် ကြေညာစာတမ်းသည် ခေတ်အဆက်ဆက် ၁၉၆၂ ခုနှစ်မှ ၇ ဇူလိုင် အရေးအခင်း၊ ထိုမှတစ်ဆင့် ဦးသန့်၊ ဇွန်၊ မှိုင်းရာပြည့် အရေးအခင်းများကို ကျောင်းသားများက ဦးဆောင်ခဲ့ပြီး ၈၈ တွင်လည်း ကျောင်းသားများက ငြိမ်းချမ်းစွာ လက်နက်မဲ့ ဦးဆောင်တိုက်ပွဲဝင်ခဲ့သော်လည်း မအောင်မြင်ခဲ့သည်မှာ ကျောင်းသားများလက်ဝယ် လက်နက် မရှိသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ရပ်လုံး ထောက်ခံမှုရရှိခဲ့သော ဒီမိုကရေစီရရှိရေး တောင်းဆိုမှုကြီးကို အကောင်အထည်ဖော်ရေးအတွက် ကျွန်ုပ်တို့က လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဆိုသည့် ကြေညာစာတမ်းဖြစ်သည်။ ကျွန်တော်ရေးသည်ကို မကြိုက်လျှင် သူရေးမလားဆိုသော်လည်း သူကမရေး၊ သူဥက္ကဋ္ဌမဖြစ်သဖြင့် မထုတ်စေချင် သည့်သဘော သက်ရောက်နေခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ညသန်းခေါင်ယံအချိန်လည်း ရှိနေပြီ ဖြစ်သဖြင့် ကျွန်တော်က “ဒါဖြင့်လည်း နောက်မှ ရေးတော့မယ်ကွာ၊ ငါလည်း အိပ်ချင်ပြီ” ဆို၍ အိပ်တော့မှ သူတို့အားလုံးလည်း အိပ်ရာဝင်သွားကြပါသည်။ အိပ်ရာဝင်ပြီး မနက် ၃ နာရီခန့်တွင် ထ၍ ဖယောင်းတိုင်ထွန်းပြီး ကိုဝင်းမိုးနှင့် ညှိ၍မရသဖြင့် မည်သူမျှ ငြင်းမရနိုင်သည့် ညီလာခံမှ ဆုံးဖြတ်အတည်ပြုခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီစာရင်းကိုထုတ်ပြန်သည့် ကြေညာချက်ကိုသာ အများသိစေရန် ရေးသားထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ညီလာခံပြီးသည်မှာ ၅ ရက်ကြာပြီဖြစ်သော်လည်း မည်သည့်ကြေညာချက်ကိုမျှ ထုတ်ပြန်နိုင်ခြင်း မရှိသည့်အတွက် အများသိစေရန် ကြေညာချက်များကို ထုတ်ပြန်ရန် အရေးတကြီး လိုအပ်နေသည့်အတွက် ဖြစ်သည်။ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားသည့် သဘောဖြင့် ညီလာခံတွင် ကျွန်တော်ဖတ်ကြားခဲ့သော ကျောင်းသားလှုပ်ရှားမှု သမိုင်းစာတမ်းကိုမူ ကိုဝင်းမိုးက သဘောမတူသဖြင့် မထုတ်တော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် အိပ်နေသော ကိုထွန်းဦးအား နှိုး၍ ကေအင်န်ယူရုံးသို့ သွားပြီး ပုံနှိပ်ရန် ခိုင်းလိုက်သည်။ ကိုထွန်းဦးသည် “ဟုတ်ကဲ့” ဟု တစ်ခွန်းသာပြောပြီး ကျွန်တော်ပေးသော စာရွက်ကို ကိုင်ကာ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့သည်။ မနက် ၇ နာရီကျော်လောက်တွင် ကိုထွန်းဦးသည် ပုံနှိပ်ပြီး ကြေညာစာရွက်ကြီး တစ်ထပ်နှင့် ပြန်ရောက်လာခဲ့ပါသည်။ အားလုံးနိုးလာသောအခါ ထိုကြေညာချက်ကို ကြည့်ပြီး ကျေနပ်ကြသော်လည်း ကိုဝင်းမိုးလည်း နိုးလာပြီး ထိုကြေညာစာရွက်များကို တွေ့သည့်အခါ “ခင်ဗျား ဘာလို့ ကျွန်တော်တို့ကို မတိုင်ပင်ဘဲ စာရိုက်ရတာလဲ” ဟု ခပ်ထန်ထန် မေးသဖြင့် “ဒီကြေညာစာတမ်းထဲမှာ ဘာမှားတာပါသလဲ” ဟု သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်သည့်အခါ ဘာမှ ပြန်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။ ဗဟိုကော်မတီရုံးတွင် ဤကြေညာချက်ကို အားလုံးယူဖတ်ကြပြီး ကန့်ကွက်သူမရှိသဖြင့် တရားဝင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုအကြောင်းအရာသည် ကျွန်တော် ဥက္ကဋ္ဌဖြစ်စ ပထမဦးဆုံး ဗဟိုကော်မတီတွင်း ကြုံတွေ့ရသည့် အခက်အခဲပင် ဖြစ်သည်။
(မှတ်ချက်။ ။ဤအကြောင်းအရာများသည် ဖြစ်ရပ်မှန်များ ဖြစ်သည်။ ကိုဝင်းမိုး၊ ကိုအောင်နိုင်၊ ကိုမြတ်စိုးတို့သည် ယ္ခုအချိန်တွင် ကျွန်တော်နှင့် တစ်ဦးကို တစ်ဦး နားလည်ခင်မင်သောသူများဖြစ်နေကြပြီး ဖို့ဒ်ဝိန်းမြို့သို့သွားရောက် လည်ပတ်စဉ် ကိုမြတ်စိုးအိမ်တွင်ပင် တည်းခဲ့ပါသည်။ ထိုအခါက ကိုဝင်းမိုးကို “ငါတို့အခုလို ခင်မင်သလိုမျိုး အေဘီစဖွဲ့ကတည်းက ခင်မင်ယုံကြည်ခဲ့ကြရင် ဘယ်လောက်ကောင်းမလဲကွာ” ဟု နှမြောတသစွာ ပြောခဲ့ဖူးပါသည်။ မရင့်ကျက်သေးသည့်ကာလ၌ ဖြစ်လေ့ဖြစ်ထရှိသည့်သဘောဟု မှတ်ယူရမည် ဖြစ်ပါသည်။ ထို့အတူ ပြည်တွင်းရှိ ဗကသနှင့် မကဒအဖွဲ့ကြီးတို့သည်လည်း ထောင်ထဲတွင် ၁၅ နှစ် အနှစ် ၂၀ ခန့် နေပြီးမှ ပွင့်လင်းလူ့အဖွဲ့အစည်းအဖြစ် ပေါင်းစည်းနိုင်သည်ကိုကြည့်ပြီး ဘုံရန်သူကို တိုက်နေကြသော ရည်ရွယ်ချက်တူသူများ ဂိုဏ်းဂဏစွဲများကြောင့် ဘုံရန်သူပျောက်ပြီး ပူးပေါင်းလုပ်ရမည့်သူအချင်းချင်း တိုက်ခိုက်နေကြသဖြင့် အာဏာရှင်စနစ်ကို မတိုက်နိုင်ဘဲ ရည်ရွယ်ချက် ပန်းတိုင်ပျောက်ပြီး အားလုံးနစ်နာခဲ့ရသည်ကို ခေတ်သစ်လူငယ်များ သင်ခန်းစာယူနိုင်ကြမည်ဆိုလျှင် များစွာအကျိုးရှိပါလိမ့်မည်။)

“အေဘီအက်စ်ဒီအက်ဖ်” စတင်ဖွဲ့စည်းခဲ့သောနေ့နှင့်ပတ်သက်၍ ရှင်းလင်းချက် 
“တော်လှန်ရေးနယ်မြေရောက်ကျောင်းသားများနှီးနှောဖလှယ်ပွဲ” ခေါင်းစဉ်ဖြင့် ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် သဘာပတိအဖြစ် ကေအင်န်ယူ ဗိုလ်ချုပ်ကြီး တာမလာဘောက ဆောင်ရွက်၍ အကျိုးတော်ဆောင်အဖြစ် ကေအိုင်အို နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာတူးဂျာ၊ အရံအကျိုးတော်ဆောင်အဖြစ် ဆင်မြူရယ်တို့က ဆောင်ရွက်သည်။ မှတ်တမ်းတင်သူများအဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ခိုင်ထွန်းခိုင်နှင့် ခိုင်ဇော်ခိုင်တို့နှစ်ဦးက ညီလာခံ မှတ်တမ်းများကို မှတ်တမ်းတင်ပေးခဲ့သည်။ အထက်ဖော်ပြပါ မူရင်းစာရွက်များကို ကြည့်ပါက နိုဝင်ဘာလ (၁)  ရက်နေ့တွင် ကျောင်းသားများနှီးနှောဖလှယ်ပွဲ အခြေအနေသာရှိသေးပြီး “အေဘီအက်စ်ဒီအက်ဖ်” သည် အဖွဲ့အစည်း အဖြစ်ပေါ်ပေါက်ခြင်းမရှိသေးသည်ကို တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် ထိုစဉ်က ညီလာခံတွင် မပါဝင်ခဲ့သော နောက်ပိုင်းခေါင်းဆောင်များက “အေဘီအက်စ်ဒီအက်ဖ်” ၏ ခေါင်းဆောင်မှုကို ရယူလာသည့်အခါ “အေဘီအက်စ်ဒီအက်ဖ်” စတင်ဖွဲ့စည်းသည့်နေ့ကို နိုဝင်ဘာလ (၁) ရက်နေ့ဟု ပြောင်းလဲသတ်မှတ်လိုက်ခြင်းသည် အဓိပ္ပါယ်ကင်းမဲ့သောသမိုင်းမှားကို ပြုလုပ်ခြင်းပင်ဖြစ်သည်။ လက်ရှိဥက္ကဋ္ဌ ကိုသံခဲကို စာရွက်စာတမ်းနှင့်တကွ ရှင်းလင်းတင်ပြသော်လည်း လက်မခံခဲ့ဘဲ နိုဝင်ဘာလ (၁)  ရက်နေ့ဟုဆိုလျှင် မှတ်သားရသည်မှာ လွယ်ကူကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ဤသို့ဆိုလျှင် ဇန်နဝါရီလ (၄) ရက်နေ့သည် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်သော်လည်း မှတ်မိလွယ်ရန် ဇန်နဝါရီလ (၁) ရက်နေ့ဟု ပြောင်းလဲသတ်မှတ်ပေးရမလို ဖြစ်နေခဲ့သည်။ “အေဘီအက်စ်ဒီအက်ဖ်” ဖွဲ့စည်းခဲ့သောနေ့သည် လွယ်သည်ဖြစ်စေ ခက်သည်ဖြစ်စေ နိုဝင်ဘာလ ၅ ရက်နေ့မှာ အမှန်ပင်ဖြစ်သည်။

ထိုကြေငြာချက်တွင် အတည်ပြုထားခဲ့သည့် ၅ ရက်နေ့သည်ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတည်ဖြစ်သည်။ သမိုင်းကိုပြင်ရေး၍မရ၊  ၁ရက်နေ့ဟု ပြင်ရေးခြင်းသည် ပြင်ရေးသည့် သမိုင်းသာဖြစ်သည်။ ကျွန်တော် ဗဟိုကော်မီတီဥက္ကဋ္ဌဘဝမှ ဒုတိယညီလာခံကြီးတွင် ဥက္ကဋ္ဌအဖြစ် အရွေးခံရသော ကိုမိုးသီးကို တာဝန်လွှဲပေး လိုက်သည့်အခါ စာရွက်စာတမ်းများနှင့်တကွ ရုံးအဖွဲ့ကိုပါလွှဲပြောင်းပေးခဲ့ပြီး ကိုမိုးသီးမှဆက်လက်၍  (၅) ရက်နေ့ကို အထိမ်းအမှတ်အဖြစ်ဆက်လက်ကျင်းပခဲ့သည်။ သို့ရာတွင် အကြောင်းစုံကိုသိရှိသော ဗဟိုရုံးအဖွဲ့မှူး ကိုအောင်သိန်းကို ဒေါက်တာသောင်းထွန်းမှ ကျွန်တော့်လူဟူ၍ဖြုတ်လိုက်ပြီးနောက် ဗဟိုမှတ်တမ်းများကို ပြန်ကြားရေးတာဝန်ခံ လုပ်နေသောကိုခင်မောင်ဝင်း (ဒီဗီဘီ) က ထိန်းသိမ်းခဲ့သည်။ နောင်ကိုမိုးသီးနှင့် ကိုနိုင်အောင်တို့ နှစ်ခြမ်းကွဲသည့်အခါ ကိုမိုးသီးတို့ဖက်ခြမ်းမှ နိုဝင်ဘာလ (၅) ရက်နေ့ကိုဆက်လက်ကျင်းပပြီး ကိုနိုင်အောင်တို့အခြမ်းမှ (၁) ရက်နေ့ဟု သတ်မှတ်ကျင့်သုံးလာခဲ့ကြသည်။  ပြန်လည်ပေါင်းစည်းရေးလုပ်ပြီး နောက်တွင်လည်း အင်အားများသည့် ကိုနိုင်အောင်တို့ သတ်မှတ်သည့် (၁) ရက်နေ့ကိုသာ အတည်ပြု လုပ်ခဲ့ကြသည်မှာ ယနေ့အထိဖြစ်သည်။ ထို့ကြောင့် (၁) ရက်လား (၅) ရက်လား ပြဿနာပေါ်လာခဲ့ရသည်။ ပြဿနာမှာ ယခင်ဥက္ကဋ္ဌဖြစ်ခဲ့သူများ၏ လုပ်ရပ်ကို လေးစားတန်ဖိုးထား ခြင်းမရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။ ရှေ့မှလူများက လက်နှင့်ရေးခဲ့ခြင်းကို ခြေနှင့်ဖျက်မည် ဆိုသည့် နောက်လူများ၏ အဖွဲ့အစည်းမဆန်မှု အတ္တကြီးမားမှုတို့ကြောင့်ဆိုက မမှားချေ။ နောင်တက်လာသော ထိပ်ပိုင်းခေါင်းဆောင်တို့၏ သမိုင်းပြင်ရေးသည့် အကျိုးဆက်သည် နောက်လိုက်ရိုးသားသည့်ရဲဘော်များအကြား စိတ်ရှုပ်ထွေးခြင်း၊ တွေဝေခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်။ အဓိကသမိုင်းကို ပြင်ရေးသူတို့၏ အမှားကိုမမြင်ဘဲ၊ သမိုင်းမှန်တင်ပြသူ ကျွန်တော့်ကို အဖွဲ့အစည်း ဂုဏ်သိက္ခာချနေသူဟု သဘောသက်ရောက်အောင် လုပ်ကြံလာခဲ့ကြသည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်။ နောက်လိုက်များ ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားဆင်ခြင်မှုမလုပ်ကြဘဲ မိမိခေါင်းဆောင် ပြောသမျှ လုပ်သမျှ မှန်သည်ဟူ၍ မျက်စိမှိတ်ထောက်ခံခြင်းကြောင့်လည်း အေဘီအက်စ်ဒီအက်သည် ကျဆုံးလာခဲ့ရခြင်း ဖြစ်သည်ဟု မြင်သည်။ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနှင့် မဟုတ်ပါလား?။ စစ်တပ်တွင်လည်း စစ်ခေါင်းဆောင်များ လုပ်သမျှ မှန်သည်ချည်းဖြစ်သည်။ ထို့ကြောင့် ယနေ့ ဘာတွေဖြစ်နေသနည်း? မည်သူက မည်သည့်အတွက်ကြောင့် ပြောင်းလိုက်သည်ကို မမေးဘဲ (၁) ရက်နေ့ပါဟု ငြင်းနေခြင်းသည် အဖြေမဟုတ်။

ဆက်လက်ဖော်ပြပါမည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုဖွဲ့စည်းပြီးစီးကြောင်းကြေညာချက်အမှတ် (၂) စာမျက်နှာ နံပါတ် (၁)
ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုဖွဲ့စည်းပြီးစီးကြောင်းကြေညာချက်အမှတ် (၂) စာမျက်နှာ နံပါတ် (၁)
ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုဖွဲ့စည်းပြီးစီးကြောင်းကြေညာချက်အမှတ် (၂) စာမျက်နှာ နံပါတ် (၂)
ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုဖွဲ့စည်းပြီးစီးကြောင်းကြေညာချက်အမှတ် (၂) စာမျက်နှာ နံပါတ် (၂)
ဘယ်မှညာသို့- ခိုင်စောထွန်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- ကွယ်လွန်)၊ ကိုသန်းဝင်း၊ ကိုဝင်းမိုး၊ ဇော်ရဲ၊ ရင်ဒီ (ထိုင်းသတင်းထောက်)၊ ဇာနည်၊ ဦးကျော်ခိုင် (ကျဆုံး) (ဥက္ကဋ္ဌ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA: National United Front of Arakan))၊ ကိုထွန်းအောင်ကျော်၊  ကိုကိုဦး (ဆလိုင်း)၊ ဦးကျော်လင်း (ရှေ့နေ)၊ အမည်မသိတို့ ABSDF ဖွဲ့စည်းပြီးကာစ  အမှတ်တရ
ဘယ်မှညာသို့- ခိုင်စောထွန်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ- ကွယ်လွန်)၊ ကိုသန်းဝင်း၊ ကိုဝင်းမိုး၊ ဇော်ရဲ၊ ရင်ဒီ (ထိုင်းသတင်းထောက်)၊ ဇာနည်၊ ဦးကျော်ခိုင် (ကျဆုံး) (ဥက္ကဋ္ဌ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA: National United Front of Arakan))၊ ကိုထွန်းအောင်ကျော်၊ ကိုကိုဦး (ဆလိုင်း)၊ ဦးကျော်လင်း (ရှေ့နေ)၊ အမည်မသိတို့ ABSDF ဖွဲ့စည်းပြီးကာစ အမှတ်တရ

No comments: