“မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ” တတိယပိုင်း
October 31, 2013 at 5:35am
ယနေ့
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်ပါ
ကျွန်တော့်ရဲ့ ကိုယ်တွေ့မှတ်တမ်း အခန်းဆက်ဆောင်းပါးရှည်
“မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့်
ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ” တတိယပိုင်း
ထိုနောက်
လုပ်သားကောလိပ်မှ ကျောင်းသားများ တဖွဲဖွဲရောက်လာကြရာ စုစုပေါင်း လူ ၄၀ ခန့်
ရှိလာခဲ့ပါသည်။ ထိုအခါ ကျွန်တော်တို့အုပ်စုမှ ၁၅ ယောက် လုပ်သားအဖွဲ့မှ ၄၀
ယောက်နှင့် ရန်ကုန်မှထွက်လာသော အုပ်စု၊ စုစုပေါင်း ၅၄ ယောက်
ဖြစ်လာပါတော့သည်။ လမ်းတွင် မွန်ပြည်သစ်ပါတီက တစ်ရွာဝင်တစ်ရွာထွက်
လိုက်ပို့ပြီး တရားဟောပြော ခိုင်းသဖြင့် ထိုကျေးရွာများတွင် ကျွန်တော်တို့
ဘာကြောင့် တောသို့ ထွက်လာရသည်၊ စစ်အစိုးရ၏ ကောက်ကျစ်ယုတ်မာမှုများကို
ပြည်သူတို့ မည်ကဲ့သို့ ခံစားခဲ့ရသည်တို့ကို ကျွန်တော်က
ဦးဆောင်ပြီးဟောပြောကာ မလှမြိုင်၊ ကိုကိုလေးနှင့် လုပ်သားကောလိပ်ဥက္ကဌ
ကိုအောင်ကြည်ဦးတို့မှလည်း ဟောပြောကြပြီး ရွာသူရွာသားများက အားတက်သရော
တက်ရောက်နားထောင်ခဲ့ကြပါသည်။ မွန်ပြည်သစ်ပါတီက
ကြိုတင်အကြောင်းကြားထားသဖြင့် ရွာတိုင်း၊ ရွာတိုင်းသည် ကျွန်တော်တို့
ရောက်လာသည့်အခါ ရေမွှေး၊ အမွှေးနံသာများ ပန်းကုန်းစွပ်၍ ဝမ်းပန်းတသာ
ကြိုဆိုကြပါသည်။ အချို့ရွာများသည် စားဖွယ်သောက်ဖွယ်များ ကြိုတင်ချက်ပြုတ်
စီစဉ်ထားပြီး အချို့ရွာများတွင်မူ ရောက်မှ ချက်ပြုတ်ပြီး ထမင်းနှင့် ဆားသာ
ကျွေးမွေးနိုင်သောရွာများလည်း ရှိသည်။
ကျွန်တော်တို့အုပ်စု
ခရီးသွားနေသည့်သတင်းကို ကြားရ၍ အစိုးရစစ်တပ်က နောက်မှ တလကြမ်း လိုက်ပြီး
မော်တာများနှင့်ထုသဖြင့် တောတွင်းလမ်းပြရာသို့
ရှောင်တိမ်းပြေးလွှားရသောအခါများလည်း ရှိသည်။ ကျွန်တော့် ညှပ်ဖိနပ်မှာ
ရွံ့ထဲတွင်နစ်ပြီး သဲကြိုးပြတ်သွားသဖြင့် ခြေဖဝါးနှင့်သာ တောင်တက်၊
တောင်ဆင်း လမ်းကြမ်းကို လျှောက်ခဲ့ရသဖြင့် သေရာပါခြေဖဝါးအာရုံကြောများ
ပျက်စီးသွားပြီး ယနေ့တိုင် နင်းလိုက်တိုင်း လျှပ်စီးလက်သကဲ့သို့
နာကျင်မှုကို ခံရပါတော့သည်။
တခါတရံ ရွာတရွာသို့
ညသန်းခေါင်အချိန်လောက်မှ ရောက်သွားပြီး ရသည့် ထမင်းကြမ်းခဲ လက်တဆုပ်စာ
စားပြီး အိပ်ရသည့်အခါလည်းရှိသည်။ အိပ်နေပြီး တနာရီခန့်အကြာ
ရန်သူချီတက်လာပြီ။ ထထ နေရာ ပြောင်းရမယ်ဆိုပြီး အိပ်ရာမှလာနိုးသဖြင့်
အိပ်ချင်မူးတူးနှင့် ညမှောင်မှောင် ဘာမျှမမြင်ရဘဲ ထလိုက်ရသည့်အခါလည်း
ရှိသည်။ ကျွန်တော်တို့အုပ်စုသည် မွန်ပြည်သစ်ပါတီရဲဘော်များ
စောင့်ရှောက်မှုဖြင့် ဘယ်နေရာ၊ ဘယ်ဒေသသို့ ရောက်နေမှန်းမသိဘဲ
မျက်ကန်းတောတိုး နေသကဲ့သို့ လမ်းတွင်တွင်လျှောက်၊ လျှိုမြှောင်
အသွယ်သွယ်ဖြတ်၊ မဆုံးနိုင်သော တောင်တန်း တောင်ကြောများကို တက်ရင်း
တစ်ပတ်လည်း မရောက်နိုင် နှစ်ပတ်လည်း မရောက်နိုင် သံသရာလည် နေပါတော့သည်။
လုပ်သားများကောလိပ်မှ
ဥက္ကဋ္ဌ ကိုအောင်ကြည်ဦးသည် အရပ်ပုပု၊ မျက်နှာဝိုင်းဝိုင်း
ဗိုလ်မှူးဗထူးနှင့် အတော်တူသည့် လူတစ်ယောက်ဖြစ်သည်။ သူသည် သူ့အုပ်စုကို
စည်းကမ်းတကျ ထိန်းသိမ်းထားနိုင်သည်။ လုပ်သားများကောလိပ် ရဲဘော်များသည်
မနက်တန်းစီဟု ကိုအောင်ကြည်ဦးမှ အမိန့်ပေးလျှင် စနစ်တကျတန်းစီပြီးသား
ဖြစ်သည်။ လူညီသည်။ အမိန့်နာခံမှု ရှိသည်။ ကိုအောင်ကြည်ဦးသည်
ကျွန်တော့်ကိုလည်း ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့သော
ကျောင်းသားခေါင်းဆောင်၊ စီနီယာတစ်ယောက်အနေနှင့် လေးစားသမှုရှိသည်။
လမ်းတလျှောက် ကျွန်တော်တို့ ခရီးသွားအုပ်စုနှင့် လာရောက်ပူးပေါင်းကြသည့်
မြို့မှတောခိုလာကြသည့်သူများမှာ နောင်တွင် ဗိုလ်ချုပ်ထွန်းဦးဟု
ခေါ်ဝေါ်ခြင်းခံရသည့် စက်မှုတက္ကသိုလ်မှ ထွန်းဦးနှင့်
သူ့သူငယ်ချင်းတာကြီးတို့အပြင် ရန်ကုန်အုပ်စုမှ ကျောင်းသား ၂၀ ကျော်လည်း
ခရီးရှည် ချီတက်ရာတွင် ပါဝင်လာခဲ့ပါသည်။
အင်းစိန်ထောင်တွင်းရှိစဉ်
ကျွန်တော်နှင့် ၄ တိုက်တွင် ဘေးခြင်းကပ်အခန်းတွင်နေခဲ့သော
ပြည်ချစ်ပါတီမှရဲဘော် အောင်သူကိုလည်း လမ်းခရီးတွင် မထင်မှတ်ဘဲ တွေ့ရသည်။
သူက သူလည်းတောထဲကို တစ်ယောက်တည်း ထွက်လာခြင်းဖြစ်ကြောင်းပြောကာ
တုတ်တစ်ချောင်းဝှေ့ယမ်းရင်း သီချင်းဆိုပြီး ကျွန်တော်တို့နှင့်
လိုက်လာခဲ့သည်။ အောင်သူသည် အလွန်ရွှတ်နောက်တတ်ပြီး ထောင်တိုက်ထဲတွင်နေစဉ်
ညစ်ညစ်ပတ်ပတ် ပေါက်ကရစကားတွေ လည်း ပြောတတ်သူဖြစ်သည်။
ကျွန်တော်တို့အုပ်စုနှင့်
ထပ်ပေါင်းလာသူ နောက်တစ်ယောက်မှာ ကိုကိုလေး သူငယ်ချင်း သတ္တဗေဒ ကျောင်းသား
ကိုကိုနိုင် ဖြစ်ပါသည်။ ကိုကိုနိုင်သည် ကုလားဆင်ဖြစ်သည်၊ နှုတ်ခမ်းလေးများက
ရဲနေသည်။ မျက်လုံး မျက်ဖန်လှပပြီး ဆံပင်များက မဲမှောင်ပြီး ထောင်နေသည်။
အသားလတ်လတ် အရပ်က ၅ ပေ ၆လက်မခန့်နှင့် ပြေပြစ်သော ကိုယ်ဟန်နှင့်
ဆွဲဆောင်မှုရှိသော လူချောတစ်ယောက် ဖြစ်သည်။ လမ်းခရီးတွင်တွေ့ပြီး ကိုကိုလေးက
ကျွန်တော် မည်သူမည်ဝါဖြစ်ကြောင်းရှင်းပြသည့်အခါ သူပါ
ကျွန်တော်တို့နှင့်အတူလိုက်မည်ဆိုပြီး ပါလာသည်။ ထို့ကြောင့် ကျွန်တော်တို့
အုပ်စုသည် စုစုပေါင်း ၁၈ ယောက် ဖြစ်လာသည်။
ရွာတစ်ရွာအရောက်တွင်
ထိုရွာမှကရင်တစ်ယောက်က ကေအင်န်ယူ က ပိတ်ထားသည်မှာ ကျောင်းသားတွေကို မဟုတ်
ကြောင်း၊ မွန်ပြည်သစ်ပါတီကိုသာဖြစ်ကြောင်း ပြောလာသဖြင့်
မလှမြိုင်တို့နှင့်တိုင်ပင်ပြီး ထိုရွာမှ စက်လှေနှင့်သွားလျှင်
ဘုရားသုံးဆူအောက်ဆိပ်သို့ရောက်သည်။ လှေကလည်း တစ်စီးတည်းသာ ရှိသဖြင့်
ကျွန်တော်က ကျွန်တော်တို့နှစ်ယောက်ခန့် လှေနှင့်တက်ကြည့်မည် ဟုတ်လျှင်
ပြန်လာခေါ်မည်ဟု ပြောရာ မလှမြိုင်က ဘာပဲဖြစ်ဖြစ် သူတို့မောင်နှမ ၆ ယောက်
အရင်စွန့်သွားမည်ဟု ဆိုလာသဖြင့် သွားခွင့်ပြုလိုက်သည်။
ကျွန်တော်တို့အုပ်စုတွင် မိန်းကလေးဆို၍ မလှမြိုင်နှင့် သူ့ညီမ
ရင်ရင်လှတို့နှစ်ယောက်သာ ရှိသဖြင့် သူတို့ဖာသာသူတို့ သွားတော့မည်
ဆိုသည့်အခါ မိန်းကလေးများအတွက် လုံခြုံစိတ်ချရမည့်လမ်းကို ကျွန်တော်
ရှာရန်မလိုတော့ပေ။ ကျန်ရစ်ခဲ့သည့်ကျွန်တော်တို့ ယောက်ျားများလည်း
ခွဲသွားစရာ မလိုတော့ဘဲ အများနည်းတူ ဆက်လျှောက်ရန် ဆုံးဖြတ်လိုက်သည်။
မလှမြိုင်တို့ မောင်နှမ ၆ ယောက် လှေနှင့် ထွက်သွားပြီးနောက်
ကျွန်တော်တို့အုပ်စုသည် ၁၂ ယောက် ဖြစ်သွားသည်။
အထူးသဖြင့်
ကျွန်တော်တို့ ဟောပြောမှုများကြောင့် ကျွန်တော်တို့ တရားဟောသောကျေးရွာများမှ
မွန်လူငယ်လူရွယ် အများအပြား စိတ်အားထက်သန်လာပြီး ကျွန်တော်တို့
စစ်ကြောင်းနှင့် စစ်တိုက်ရန် လိုက်ပါလာခြင်းကြောင့် လည်းကောင်း၊
မြို့မှတောခိုလာသောကျောင်းသားများ လမ်းခရီးတွင် လာရောက်
ပူးပေါင်းလာသဖြင့်လည်းကောင်း လူတန်းရှည်ကြီးဖြစ်လာပါတော့သည်။
ကျွန်တော်တို့ရှေ့မှထွက်သွားသော ကွမ်လှာဆရာတော်တို့အဖွဲ့ကိုလည်း
ကျွန်တော်တို့အုပ်စု မှီလာပြီး စုစုပေါင်း လူ ၃၀၀ ခန့် ဖြစ်လာပါတော့သည်။
ကံကောင်းစွာပင်
ရွာတစ်ရွာရှိ ဈေးဆိုင်တစ်ခု၌ ရော်ဘာဖိနပ်တစ်ရံ ဝယ်ယူပြီး
စီးလိုက်နိုင်သဖြင့် ခြေထောက် သက်သာရာရခဲ့ပါသည်။ မှတ်မှတ်ရရ ရွာတစ်ရွာတွင်
ခေတ္တနားပြီးနောက် ခန်းဆီးတစ်ခုကို သွားဆွဲလိုက်မိသဖြင့် ကိုကိုလေး၏လက်ကို
ကင်းကိုက်ခြင်းခံရတော့သည်။ အဆိပ်ရှိသည် သေနိုင်သည်ဟု ဝိုင်းခြောက်သဖြင့်
ကိုကိုလေးက မျက်စိပျက်မျက်နှာပျက်နှင့် “ကိုထွန်း၊ ဘယ်လိုကုနိုင်မလဲ” ဟု
လာမေးသည်ကို ရယ်သွန်းသွေးပြီး “မင်း မသေနိုင် ပါဘူးကွာ၊ အသက်နဲ့အဝေးကြီးပါ”
ဟု ပြောလိုက်ရသည်။ ထိုရွာမှ ကျွန်တော်တို့အုပ်စု ကြက်တစ်ကောင်ဝယ်ပြီး
ကြက်ကို ကြော်စားကြရာ ၂ ပါတ်နီးပါး ငတ်နေသဖြင့် တစ်ယောက်ကို တစ်တုံးသာ
ရသော်လည်း အရသာအရှိဆုံး ကြက်ကြော်အဖြစ် မှတ်တမ်းတင်ရမည် ဖြစ်သည်။
ထိုရွာမှ
မွန်းလွဲ ၁ နာရီလောက်တွင် ထွက်လာခဲ့ကြပြီး လျှောက်လာခဲ့ရာ တစ်လမ်းလုံး
မိုးရွာနေသဖြင့် လူတိုင်း ရေစိုရွှဲနေကြသည်။ လမ်းတစ်လျှောက် ဗွက်လမ်းကြီး
ဖြစ်နေသဖြင့် ခရီးမတွင်ဘဲ၊ အချို့နေရာတွင် ဗွက်က ဒူးဆစ် အထိ မြှုပ်သဖြင့်
ခက်ခက်ခဲခဲ လမ်းလျှောက်ကြရသည်။ ချောင်းငယ်များ၊ ရေအိုင်များကိုလည်း
ခဏခဏဖြတ်သန်းရပြီး အချို့နေရာများသည် ခါးစောင်းအထိ ရေမြှုပ်သဖြင့်
တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး ဆွဲတင်ရသည်လည်း ရှိသည်။ အိုင်တစ်ခုကို
ဖြတ်ရာ၌ တဖက်ကမ်းရောက်ပြီး ရှေ့သို့ဆက်လက်သွားနေစဉ် ငယ်သံပါအောင်
အော်လိုက်သည့် အသံကြားသဖြင့် ကမန်းကတန်း နောက်ပြန်လှည့်ပြေးလာပြီး ကြည့်ရာ
ကိုဇော်ဝင်း ခေါ် ကရင်ငပု တစ်ယောက် ပေါင်နှင့် ဗိုက်တို့တွင်
မျှော့မည်းမည်းကြီးများ တွယ်နေသည့်အတွက် ခုန်စွခုန်စွလုပ်ပြီး
အော်နေခြင်းကို တွေ့ရသဖြင့် ငိုအားထက် ရယ်အားသန် ဖြစ်ရသည်။ တွယ်နေသော
မျှော့များကို ဆွဲဖြုတ်ပေးပြီးနောက် လမ်းလျှောက်လာရာ မကြာခင် ကိုဇော်ဝင်း
ညှောင့်စူး ခံရပြန်သဖြင့် ပုဆိုးဖြဲ၍ သူ့ခြေထောက်ကို ပတ်တီးစည်းပေးပြီး
တွဲခေါ်လာခဲ့ကြရာ ချောင်းတစ်ခုသို့ ဆိုက်ရောက် လာပါတော့သည်။ ရွာမှထွက်သည်မှ
ချောင်းကိုရောက်သည့်အထိ အချိန် ၅ နာရီခန့်လျှောက်ရပြီး လမ်းခရီးတွင်
မည်သည့်ရွာမျှ မရှိချေ။ ညနေ ၅ နာရီကျော် ၆ နာရီခန့် ဖြစ်ပြီး
မှောင်စပျိုးနေပြီဖြစ်သည်။ မွန်ကျောင်းသားအုပ်စုနှင့် ကွမ်လှာဆရာတော်တို့
လူပေါင်း ၂၀၀ ကျော်ခန့်က ချောင်းကို လှေနှင့်ကူးပြီး ချောင်းတစ်ဖက်ကမ်းသို့
ရောက်နေပြီ ဖြစ်သည်။ ကျွန်တော်တို့ ချောင်းစပ်သို့ ရောက်သည့်အချိန်တွင်
တောင်ပေါ်၌ မိုးရွာသဖြင့် တောင်ကျရေ ဒလဟော ကျဆင်းလာရာ ချောင်းထဲတွင်
တောင်ပေါ်မှ သစ်ဝါးများ တရှိန်ထိုး တောင်ကျရေနှင့်အတူ မြောပါစီးဆင်းလာသဖြင့်
ချောင်းကူးရန် အခက်ကြုံရပါတော့သည်။
လုပ်သားများကောလိပ်မှကျောင်းသားရဲဘော်များက
ဝါးဖေါင်းတစ်ခုကို အမြန်ဆုံးပြုလုပ်၍ ရေတွင်ချသော်လည်း
ရေစီးသန်လွန်းသဖြင့် ဝါးဖေါင်မှာ လန်ထွက်သွားခဲ့ပါသည်။ ထိုအချိန်တွင်
ကိုကိုနိုင်သည် ရုတ်တရက် ရေစီးကြမ်းကို ဖြတ်ကူး၍ တစ်ဖက်ကမ်းသို့
ကူးခတ်သွားခဲ့သည်။ သူနှင့်အတူ ကိုစိုင်းကလည်း လက်ပစ်ကူးသွားခဲ့ရာ
တစ်ဖက်ကမ်းသို့ များမကြာမီ ချောမောစွာ ရောက်ရှိသွားခဲ့သည်ကို အားလုံးမှ
ရင်တမမနှင့် ကြည့်နေကြရသည်။ တစ်ဖက်ကမ်းသို့ ရေမတက်မီ ရောက်သွားခဲ့သူများသည်
ထိုဖက်ကမ်းတွင်ရှိသော ရွာထဲတွင် ကောင်းစွာ နေနိုင်သော်လည်း ကျွန်တော်တို့
အုပ်စုမှာမူ မိုးကလည်း တစ်ဖွဲဖွဲရွာနေသဖြင့် အဝတ်အစားများအားလုံး တစ်နေကုန်
ရေစိုစွတ်လျက် နေကြရသဖြင့် ခိုက်ခိုက်တုန်အောင် ချမ်းနေကြသည်။ ည ၆ နာရီ
ကျော်လာသဖြင့် မှောင်လာသည်။ တောကလည်း ပို၍အေးစိမ့်လို့လာသည် လူတိုင်းက
ရေစိုနှင့် ၅ နာရီကြာ နေလာပြီး ညအချိန် စိမ့်အေးလာသောအခါ အားလုံး
တုန်တုန်ခိုက်ခိုက် ဖြစ်နေကြသည်။
ကိုကိုနိုင်
ထိုစဉ်
ကိုကိုနိုင်က တစ်ဖက်ကမ်းမှ လှေတစင်းကိုယူပြီး လှော်ခတ်လာသည်။
ဤသူငယ်၏ဇွဲသတ္တိမှာအံ့မခန်းပင် ဖြစ်သည်။ ကျွန်တော်တို့
ဘက်ကမ်းသို့ရောက်လျှင် လှေကိုကပ်ပြီး ကျွန်တော့်ကို အော်ခေါ်သည်၊ “ကိုထွန်း
လှေပေါ် မြန်မြန်တက်” ဟု ပြောသည်။ ကျွန်တော်က “ကလေးတွေနဲ့ မိန်းမတွေ
အရင်တက်ပါစေ၊ နေမကောင်းတဲ့ သူတွေလည်းတက်” ဟု ပြောသဖြင့် မိန်းကလေးများနှင့်
ကလေးများ လှေပေါ်တက်ကြသည်။ ထိုအချိန်တွင် ကိုဇော်ဝင်းသည်
ညှောင့်စူးသည့်အရှိန်ဖြင့် အဖျားတက် ငန်းဖန်းပြီး တုန်ခိုက်နေသဖြင့်
သူ့ကိုတွဲတင်ရသည်။ ကိုကိုလေးကလည်း ကင်းကိုက်သောလက်ကို
ပဝါနှင့်ကြိုးသိုင်းထားပြီး လှေထဲသို့ ဝင်ထိုင်သည်။ လုပ်သားကောလိပ်မှ
အချို့က ကိုကိုလေးကို ကြည့်မရ၊ “ဟေ့ကောင် ကိုကိုလေး လှေပေါ်ကဆင်း” ဟု
အော်ကြသည်။
လှေပေါ်တွင် လူပြည့်သွားသဖြင့် ကျွန်တော်
သူတို့လှေနှင့်မလိုက်နိုင်တော့။ ကျွန်တော်တို့အုပ်စုမှ ကိုကိုနိုင်၊
ကိုစိုင်း၊ ကိုဇော်ဝင်း၊ ကိုကိုလေးတို့မှလွဲ၍ ကျန်လူအားလုံး
ဒီဘက်ကမ်းမှာရှိနေသဖြင့် တာဝန်ရှိသော လူကြီးတစ်ယောက် အနေဖြင့် ကျွန်တော်
ကိုယ်လွတ်ရုံးပြီး မသွားနိုင်၊ မသွားသင့်ဟု ယူဆသည်။ ထို့ကြောင့်
အများစုနှင့် အတူနေခဲ့သည်။ တောခိုလာသည့် အတွေ့အကြုံထဲတွင် ထိုအခြေအနေသည်
အသက်နှင့်နီးသော အခြေအနေတစ်ခုအဖြစ် ရင်ထဲတွင် ခံစားရသည်။
အဘယ့်ကြောင့်ဆိုသော်
ညပိုင်းရောက်လာပြီး မိုးကလည်း တဖွဲဖွဲရွာနေသဖြင့် လူတိုင်း ခိုက်ခိုက်တုန်
ချမ်းနေကြပြီး ငှက်ဖျားထူထပ်သောတောကြီးထဲတွင်
ရေကဒူးဆစ်နားအထိမြှုပ်နေသည့်ကမ်းခြေတွင် လှဲအိပ်စရာမြေမရှိ၊ နားခိုစရာ
အမိုးအကာမရှိ နောက်ကြောင်းပြန်လှည့်လျှင်လည်း နောက်ဆုံးရောက်ခဲ့သည့်ရွာမှ
နေ့မြင်သာသောအချိန်တွင်ပင်လျှင် ၅ နာရီခန့် လျှောက်လာခဲ့ရသဖြင့် ယခုကဲ့သို့
လမိုက်ညတွင် မမြင်မစမ်းနှင့် ထို့ထက်မက လျှောက်ကြရမည်ဖြစ်သည်။ ညကလဲ
ချက်ချင်းဆိုသလို မှောင်လာလိုက်သည်မှာ မိမိလက်ကိုပင်
မိမိမမြင်နိုင်လောက်အောင် မှောင်မဲလာခဲ့သည်။ လကွယ်နေ့ည ဖြစ်သဖြင့်
ပိန်းပိတ်အောင် မှောင်သည်ဆိုခြင်းကို ထိုစဉ်အခါတွင်
ကောင်းစွာသဘောပေါက်ခဲ့ရသည်။
နောက်ဆုံး တစ်ဖက်ကမ်းကိုလည်း
ကူးဖို့မလွယ်၊ ဒီအတိုင်းနေလျှင်လည်း ချမ်း၍သေနိုင်သည်အထိ အအေးဓါတ် ကလည်း
ဖိစီးလာသဖြင့် လူကြီးတစ်ယောက်အနေနှင့် နောက်ကြောင်းပြန်လှည့်ပြီး
နားခိုစရာရှာရန် ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းလာ၍ ပေါင်းကြသော
ရန်ကုန်အုပ်စုမှ ကျောင်းသားလေးများက သူတို့ ဤနေရာတွင် နေခဲ့မည် မလိုက်ဟု
ငြင်းသဖြင့် “အေး မင်းတို့သဘောပဲ” ဟုဆိုကာ ကျန်လူအားလုံးကို နောက်ကြောင်း
လာလမ်းအတိုင်း ပြန်လျှောက်စေသည်။ နောက်ပိုင်းတွင် သူတို့မနေရဲဘဲ
ကျွန်တော်တို့နောက်မှ ပြန်လိုက်လာခဲ့ကြောင်း နားသည့်နေရာရောက်မှ သိရသည်။
ကျွန်တော်တို့တွင်
အားလုံးပေါင်းမှ ဓါတ်မီးက သုံးလက်သာပါသည်၊ ထို့ကြောင့် ခွဲတမ်းချရသည်။
ကျွန်တော်က ရှေ့ဆုံးမှသွား၍ ကျွန်တော့်ထံတွင် ဓါတ်မီးတစ်လက်ထားပြီး
အလယ်ကလိုက်သူတွင် ဓါတ်မီးတစ်လက်၊ နောက်ဆုံးက လိုက်သူတွင် ဓါတ်မီးတစ်လက်
ကိုင်စေသည်။ မှောင်သည်ကလည်း ပိန်းပိတ်အောင်မှောင်သည်၊ တောကြီး မျက်မဲဆိုသည်
ဒါမျိုးကို ဆိုသလားဟုပင် တွေးမိသည်။ လမ်းတလျှောက် အားလုံး တစ်ယောက်ပခုံး
တစ်ယောက် ကိုင်စေပြီး လျှောက်ခိုင်းသည်။ ပတ်ဝန်းကျင်သည် မှောင်လွန်းသဖြင့်
မီးထိုးသည့်နေရာကိုသာ မြင်ရသည်။ အမှောင်ထုကြီးက ပတ်ပတ်လည်မှ ဖိစီးနေသလို
ခံစားနေရသည်။ ကျွန်တော်တို့ လူတန်းကြီး မီးရထားတွဲကြီးကဲ့သို့
လူမပျောက်စေရန် တစ်ယောက် ပခုံးတစ်ယောက်ကိုင် လမ်းလျှောက်ကြရင်း ရှေ့ဆုံးမှ
ကျွန်တော်က “ချိုင့်ရှိတယ်”ဟု ပြောလျှင် နောက်မှလည်း “ချိုင့်ရှိတယ်၊
ချိုင့်ရှိတယ်” ဟု နောက်လူကို သတိပေးရင်း သွားကြသည်။ ရွံဗွက်ကလည်း
အချို့နေရာတွင် ခြေမျက်စိ၊ အချို့နေရာတွင် ခြေသလုံး၊ ဒူးဆစ်မြုပ်သည်
အထိရှိသည်။ နောက်ကလည်း ခဏရပ်ပါအုံး ဖိနပ်ရွံထဲကျွတ်ကျန်ခဲ့လို့ဆိုလျှင်
ရပ်စောင့်ပေးရသည်။ ရှေ့မှာတုံးရှိသည် ကျော်ရမည်ဆိုလျှင် နောက်မှလည်း
တုံးရှိသည်ဟု သတိပေးရင်း လျှောက်လာသည်မှာ တစ်နာရီခန့်ကြာသောအခါ၊
ကျွန်တော်သည် ရှေ့လမ်းကို မီးထိုး လာနေရာမှ စိတ်တွင် ရုတ်တရက် ဖြစ်ပေါ်လာသော
နှိုးဆော်မှုအရ ကျွန်တော်၏ ဘယ်ဖက်ဘေး၊ သွားရာလမ်းနှင့် ထေါင့်ဖြတ်နေရာသို့
မီးထိုးကြည့်ချင်စိတ်ပေါ်လာသဖြင့် မီးထိုးကြည့်လိုက်ရာ မိုးဖွဲလေးများကြားမှ
မှုံဝါးဝါး ယာတဲလေးတစ်ခုကို ထိုးမိရက်သား ဖြစ်နေသည်ကို အံ့သြဝမ်းမြောက်စွာ
ဘွားကနဲ တွေ့လိုက်ရသဖြင့် ပျောက်မသွားစေရန် မီးထိုးထားပြီး “ဟေ့
အခုမီးထိုးထားတဲ့နေရာကို ပြေးကြ၊ မပျောက်သွားစေနဲ့” ဟု အော်ပြောလိုက်ရာ
နောက်မှပါလာသူများ သူ့ထက်ငါ တိုးဝှေ့ပြီး တဲလေးရှိရာသို့ ပြေးသွားကြသည်။
အကယ်၍ ကျွန်တော့်အနေနှင့် ထိုအချိန်က ဘေးသို့ မီးထိုးမကြည့်မိလျှင်
ထိုတဲအိမ်လေးကို မမြင်ဘဲ လွန်သွားကြမည်ဖြစ်သည်။ မည်သူကမျှ ဘေးဘီကို
မီးထိုးကြည့်ဖို့ စိတ်မကူးကြဘဲ လမ်းကိုသာ အာရုံစိုက်ကြည့်ပြီး
သွားနေကြသဖြင့် ဘေးဘီကြည့်ရန် စိတ်ကူးမရနိုင်၊ အမှောင်ထုက
အားကြီးလွန်းသဖြင့် အလင်းရောင်က မထိုးဖေါက်နိုင်။
ယာစောင့်တဲလေးသည်
ခြေတံရှည်ဖြစ်သည်။ တဲပေါ်တွင် လူ ၈ ယောက်လောက် နေနိုင်သည်၊ ထိုထက်ပို၍မရ၊
ပိုလျှင်ပြိုကျနိင်သည်။ ထို့ကြောင့် လူမမာများ လမ်းတွင်ဖျားနာလာသူများကို
တဲပေါ်သို့ တက်ပြီးနေစေသည်။ ကျန်လူများ တဲအောက်တွင် စုထိုင်ကြသည်၊
လှဲရန်နေရာမရှိ၊ အားလုံး မိုးလွတ်ရာနေရာတဲအောက်တွင် ကြပ်ကြပ် တည်းတည်း
စုထိုင်ကြသည်။ မြေကွက်လပ်နှင့် လူတွေအပိုအလိုမရှိ ကွက်တိ ဖြစ်နေသည်။
ထူးဆန်းသည်မှာ တဲအိမ်အောက်ခြေရှိ လူအားလုံးကို ရည်တွက်ကြည့်သောအခါ အားလုံး
၁၀၁ ယောက် တိတိ ရှိသည်။ ထို ၁၀၁ ယောက်ဆိုသော ကိန်းဂဏန်းသည် နောင်တွင်
ဘုရားသုံးဆူရှိ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်
တပ်ဦး၏ ၁၀၁ စခန်း ၏ ရှေ့ပြေး နမိတ်ဖြစ်သည်ဟု ထိုစဉ်က မတွေးခဲ့မိချေ။
တဲပေါ်တွင်တွေ့ရသော
ရေတစ်အိုး၊ ဆန်နို့ဆီခွက် နှစ်လုံးလောက်ကို ချက်ချင်း မီးဖို၍
ချက်စားကြသည်။ ရေက မလောက်သဖြင့် ဆန်ကမနပ်၊ စားပြီးနောက်
ကျွန်တော်ကဦးဆောင်၍ သရဏဂုံသုံးပါး၊ ဂုဏ်တော်၉ပါးကို တိုင်ပေးပြီး
အားလုံးကို လိုက်ရွတ်စေသည်။ ထို့နောက် ပရိတ်ကြီး ၁၁ သုတ်မှ နတ်ပင့်၊
မင်္ဂလသုတ်၊ မေတ္တာသုတ်တို့ကို တိုင်ပေးပြီး “ငါတို့သည် မြန်မာနိုင်ငံကြီး
သာယာဝပြောရေးအတွက်လည်းကောင်း၊ မြန်မာပြည်သူပြည်သားများ ဒီမိုကရေစီရရှိရေး
အတွက်လည်းကောင်း တိုက်ပွဲဝင်ရန်ထွက်လာကြသည်၊ ဤမှန်ကန်သောသစ္စာစကားကြောင့်
ငါတို့သည် ဘေးမသီ ရန်မခဘဲ လိုရာပန်းတိုင်သို့ ရောက်သည် ဖြစ်ပါစေသား” ဟု
သစ္စာဆိုကြသည်။ ထို့နောက် မိဘဆွေမျိုးတို့နှင့်တကွ တောစောင့်နတ်၊
တောင်စောင့်နတ်၊ ကိုယ်စောင့်နတ် အစရှိသည်တို့ကို အမျှဝေပြီး အိပ်ကြသည်။
ထိုတဲအောက်တွင်
ဆောင့်ကြောင့်ထိုင်လျက် မိုးလင်းသည်အထိ အိပ်ကြပြီး
မိုးသောက်နံနက်ခင်းရောက်လျှင် အိပ်ရာမှ နိုးသောအခါ ကျွန်တော်တို့ ၁၀၁
ယောက်အုပ်စုမှ တစ်ယောက်သည် မခံမရပ်နိုင်လောက်အောင် အပြင်းအထန်
ဗိုက်နာလာသဖြင့် ထမ်းစဉ်လုပ်၍ လုပ်သားများကောလိပ်မှ ကျောင်းသားများက
အပင်ပန်းခံပြီး နှစ်ယောက်တစ်လှည့် သယ်ကြသည်။ လုပ်သားများကောလိပ်မှ
ကိုအေးကျော်နှင့် ကိုဖုန်းတင့်တို့မှာ အားကစားသမားများဖြစ်၍
ဒိုင်ခံထမ်းကြ ရှာသည်။ (မှတ်ချက်။ ထိုလူနာသည်
တိမွေးကုကျောင်းသားတစ်ဦးဖြစ်ပြီး ဘုရားသုံးဆူသို့ ရောက်ပြီးနောက်
အူအတက်ပေါက်နေသဖြင့် ထိုင်းဆေးရုံမှ အချိန်မီ ခွဲစိတ်ပေးခဲ့သဖြင့်
အသက်ရှင်ပြီး နေကောင်းသည်နှင့် ပြည်တွင်းသို့ ပြန်သွားသည်ဟု ကြားသိရသည်။)
တစ်ဖက်ကမ်းသို့ရောက်နှင့်နေသော
ကိုစိုင်းနှင့် ကိုကိုနိုင်တို့ကလည်း မနက်လင်းသည်နှင့် တောင်ကျရေ မရှိတော့
သောကြောင့် ကျွန်တော်တို့ဖက်ကမ်းကို ကူးလာပြီး ကျွန်တော်တို့ကို
စိုးရိမ်တကြီးရှာကြသည်။ ထိုစဉ်က သူတို့၏ စွန့်စားမှု၊ အနစ်နာခံမှုတို့ကို
ယနေ့အထိ တန်ဖိုးထားပြီး လေးစားလျက် ရှိပါသည်။ ကိုစိုင်းက
လုံခြည်ကွင်းသိုင်းပြီး အောက်ခံဘောင်းဘီတိုပေါ်လျက် ကျွန်တော်
နေကောင်းမကောင်း တစ်ဖက်ကမ်းမှ ရောက်လာပြီး ပူပန်စွာ မေးမြန်းပုံကို ယခုထိ
မြင်ယောင်နေမိဆဲရှိပါသည်။ ကိုစိုင်းတစ်ယောက် နယ်စပ်ရောက်ပြီးနောက်
ပြည်တွင်း ဆက်သွယ်ရန် ပြန်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားသည်မှာ
ယနေ့စာရေးနေသည့်အချိန်ထိ ဖြစ်ပါသည်။ သူသေသည် ရှင်သည် မသိတော့ပါ။
ကျွန်တော်တို့အားလုံး
တစ်ဖက်ကမ်းသို့ ကူးသောအခါ လှေပင်မလိုတော့အောင် ရေကကျနေပြီဖြစ်ကြောင်း
အံ့ဩစွာ တွေ့ရသည်။ ကိုဇော်ဝင်းက ရွာထဲရှိ တဲအိမ်ထဲတွင်
ကျွန်တော့်အလာကိုစောင့်နေပြီး တွေ့သည့်အခါ “မသေလို့ တွေ့ရတယ် ကိုထွန်းရယ်”
ဟု လည်းပင်းကို တင်းတင်းဖက်၍ ငိုကြွေးပါသည်။ အော် ငါတို့သေကံမရောက်
သက်မပျောက်ဆိုသလို ဘုရားတရား ဂုဏ်ကျေးဇူးကြောင့်ပဲဟု ယူဆခဲ့သည်။
ဆက်ရန်။
အားလုံးကိုလေးစားလျက်
ထွန်းအောင်ကျော်
မာနယ်ပလော မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ရုံးရှေ့၌
ဘယ်မှညာ- ကျွန်တော် ထွန်းအောင်ကျော်၊ ဗိုလ်မှူးဇော်ဘောင်း (KIA)၊ ကိုကိုလေး
ဘုရားသုံးဆူ၌
အမှတ်တရ
ညာမှဘယ်သို့ - ဦးပဇင်းလေး၊ အမည်မသိ၊ ဆန်းဦး၊ ကျွန်တော် ထွန်းအောင်ကျော်၊
ကျော်ကျော်ဦး၊ ထိုင်းဗိုလ်မှူး တုံ (လက်ပိုက်လျက်)၊ အောင်ကြည်မြင့်၊
သက်နိုင်၊ အောင်ကြည်ဦး၊ ထွန်းဦး (ကျဆုံး) နှင့် အမည်မသိ၊
တစ်ဖက်ကမ်းသို့ လက်ပစ်ကူးသွားခဲ့သည့် ကိုကိုနိုင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ စတုတ္တပိုင်း
November 7, 2013 at 9:27am
ယခင်လမှအဆက်
ဒီနေ့ထုတ် နိုဝင်ဘာလ (၇) ရက်နေ့ ရန်ကုန်တိုင်းမ်အပတ်စဉ်ဂျာနယ်မှာပါတဲ့ ကျွန်တော့်ရဲ့အခန်းဆက်ဆောင်းပါးရှည်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသ စတုတ္တပိုင်း
ကျွန်တော်တို့
စက်တင်ဘာလ၂၀ရက်နေ့တွင် ရန်ကုန်မှထွက်ခဲ့ပြီး ဘီလူးကျွန်းတွင် နှစ်ည၊
နောက်၂၃ ရက်နေ့တွင် သံဖြူဇရပ်ရောက်ပြီး ထိုမှစတင်ခရီးထွက်လာရာ ရက်ပေါင်း ၂၀
ခန့် ကြာနေသော်လည်း ၇ ရက် ခရီးဟုဆိုသည့် ဘုရားသုံးဆူသို့ မရောက်နိုင်ဘဲ
တောတွင်းတွင်သာ တစ်လယ်လယ်နှင့်ရှိနေခဲ့ရာ ဗိုလ်ကြီးစိုးမြင့်ကို မေးရာ
လုံခြုံရေးမကောင်းသေးသည့်အတွက် ကေအင်န်ယူ ကလည်း မွန်ပြည်သစ်ပါတီကို
သူတို့နယ်မြေဖြတ်သန်းခွင့်မပေးဘဲ လမ်းပိတ်ထားကြောင်း
ဖွင့်ဟပြောကြားလာသဖြင့် ကျွန်တော်တို့ မွန်ပြည်သစ်ပါတီ
အစောင့်အရှောက်မယူတော့ဘဲ ကိုယ့်ဘာသာကိုယ် ကရင်နယ်မြေကို ဖြတ်သန်းရန်
ဆုံးဖြတ်လိုက်သည်။
ပြဿနာမှာ မွန်ပြည်သစ်ပါတီနှင့် ကေအင်န်ယူ
တို့ ရှစ်လေးလုံးကာလအတွင်း စစ်တိုက်နေကြခြင်းကို ကျွန်တော်တို့
မသိခဲ့ခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့ချီတက်ရာ လမ်းတစ်လျှောက် ကေအင်န်ယူ
နယ်မြေများကို ရှောင်ကွင်းပြီး ခေါ်နေသဖြင့် ၇ ရက်ခန့် သွားရမည့်ခရီးကို
ရက်ပေါင်း ၂၀ခန့်ကြာသော်လည်း မရောက်နိုင် ဖြစ်နေခြင်းဖြစ်သည်။ နောက်ဆုံး
မုဆိုးတစ်ယောက်နှင့်တွေ့ပြီး သူလမ်းပြပေးမည်၊ တစ်ရက်နှင့်ရောက်မည်ဆိုသဖြင့်
သူ့နောက်လိုက်ကြသည်။ မွန်ပြည်သစ်ပါတီ၏အကူအညီ မယူတော့ဘဲ ကိုယ့်လမ်းကိုယ်
ထွင်ကြရတော့သည်။ လမ်းခရီးတွင် ကျောက်ကမ်းပါးရံအောက်ရှိ မိုးတွင်း၌
စမ်းချောင်းအဖြစ် စီးဆင်းနေသော လူသွားလမ်းသဖွယ်ဖြစ်နေသည့် လမ်းအတိုင်း
လျှောက်လာကြရာ မျက်နှာချင်းဆိုင်ဖက်မှ စစ်ဝတ်စုံအပြည့်အစုံနှင့်
လက်နက်ကြီးငယ် သယ်ဆောင်လာသော ၁၅ ဦးခန့် ပါဝင်သည့် ကေအင်န်ယူ တပ်ခွဲနှင့်
ဆုံတွေ့ခဲ့သည်။ ထိုအခါ ကေအင်န်ယူ ဗိုလ်ကြီးက “ခင်ဗျားတို့ ဘယ်သွားကြမှာလဲ”
ဟု မေးရာ ကျွန်တော်တို့က “ဘုရားသုံးဆူကို သွားမလို့” ဟု ပြန်ဖြေလိုက်သည်။
ဗိုလ်လုပ်သူက “ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ။ ကျွန်တော်တို့
သေ့ဘောဘိုးစခန်းမှာ ကျောင်းသားတွေ အများကြီး ရောက်နေတယ်။ အဲ့ဒီကို
ကျွန်တော်တို့ ပို့ပေးမယ်“ ဟုဆိုသဖြင့် ဘယ်လောက်ကြာကြာ သွားရမှာလဲဟု
ကျွန်တော်က ပြန်မေးရာ သူက ၇ ရက်ခန့်ကြာမည်ဟု ဆိုသဖြင့် ကျွန်တော်က
ဘုရားသုံးဆူကိုပဲ သွားတော့မယ်ဟု ငြင်းလိုက်ပြီး ကျေးဇူးတင်စကား ပြောကြားကာ
ထွက်ခွာလာခဲ့သည်။ ထိုစဉ်က အခြေအနေသည် တောခိုလာသော ကျောင်းသားများကို
ကေအင်န်ယူ က သူတို့၏စခန်းများသို့ ဆွဲဆောင်ခေါ်ယူနေပြီး
မွန်ပြည်သစ်ပါတီကလည်း အပြိုင်အဆိုင် ခေါ်ယူနေသည့်အချိန်ဖြစ်သည်။
လမ်းခရီးတွင်
ကျွန်တော်တို့ ရောက်သောရွာများမှ ပန်းကုံးစွပ်ခြင်း၊ အမွှေးနံသာရည်တို့ကို
ပက်ဖျန်းကြိုဆိုခြင်းတို့ကို ခံခဲ့ရသော ကျွန်တော်တို့မှာ
နယ်စပ်မှောင်ခိုဂိတ်ကြီးရှိသော ဘုရားသုံးဆူနယ်စပ်ရွာကြီးသည်
ယခင်တောရွာများထက် ငါတို့ကို ခန်းနားစွာ ကြိုဆိုကြလိမ့်မည်ဟု ထင်ထားသည်မှာ
တက်တက်စင်အောင် လွဲပေတော့သည်။ လူ ၂၀၀ ကျော် ရှိသည့်
ကျွန်တော်တို့အုပ်စုကြီး ဘုရားသုံးဆူသို့ ရောက်သော်လည်း ရောက်မှန်းမသိ
ဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်း ရှစ်လေးလုံးအုံကြွမှုကြီး
ဖြစ်နေသောအချိန်တွင် မွန်နှင့် ကရင်တို့သည် နယ်စပ်တွင် နယ်မြေလု နေကြသည်။
တိုက်ပွဲများကြောင့် ဘုရားသုံးဆူရွာကြီးသည် မီးလောင်ပြင်များ၊ ဥဒဟို
အပေါက်ကြီးများ ဖြစ်နေသောအိမ်များ၊ ယိုယွင်းနေသောအဆောက်အုံများဖြင့်
လူသူမတွေ့ရသော ရွာပျက်ကြီး ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်တို့အုပ်စုသည်
ထိုရွာပျက်ကြီးကိုကျော်ပြီး ချီတက်သွားကြသည်။ ထိုအခါ လူငယ်တစ်ယောက်
နောက်မှနေ၍ ပြေးလိုက်လာပြီး “အကိုတို့ အကိုတို့ ဘယ်ကို သွားနေတာလဲ၊ အခု
အကိုတို့ ယိုးဒယားနယ်ထဲ ရောက်တော့မယ်” ဟု ဆိုမှ “ငါတို့ ဘုရားသုံးဆူကို
သွားနေတာလေကွာ”ဟု ပြောရာ ထိုလူငယ်က “ကျန်ခဲ့တဲ့ ရွာပျက်ကြီးက
ဘုရားသုံးဆူ ခင်ဗျ” ဆိုမှ ဟိုက်ခနဲ ဖြစ်ကုန်ကြသည်။ ထင်တာနှင့်မြင်တာ
တက်တက်စင် လွဲသည်မှာ ပထမအကြိမ်ပင် ဖြစ်သည်။ နောက်ဆုံး ရက်ပေါင်း ၂၆ ရက်
အကြာမှ ဘုရားသုံးဆူသို့ ရောက်ရှိလာပါတော့သည်။
ထို့ကြောင့်
နောက်ကျောင်းပြန်လှည့်ကြသည်။ ယင်းလူငယ်၏ လမ်းပြမှုဖြင့် National Democrtic
Front (NDF) ခေါ် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (မဒတ) ရုံးသို့ ရောက်သည်။
ကျောင်းသားသီချင်းသီဆိုပြီး တက်လာသော ကျွန်တော်တို့တစ်သိုက်ကို မဒတရုံးမှ
ကချင်ဗိုလ်မှူးကြီး ဇော်ဘောင်းက ဓါတ်ပုံလှမ်းရိုက်ပြီး မှတ်တမ်းယူသည်။
ထိုပုံသည် ကျွန်တော်တို့ခရီးရှည် ချီတက်လာခြင်း၏ သမိုင်းဝင် ရှားရှားပါးပါး
ဓါတ်ပုံပင် ဖြစ်သည်။
(မှတ်ချက်။ ရှစ်လေးလုံးအရေးအခင်းကြီးဖြစ်နေစဉ်
မွန်နှင့် ကရင်တို့သည် နယ်စပ်တွင် နယ်မြေလုနေကြ သည့်အတွက် အချင်းချင်း
ပစ်ခတ်သော ကျည်ဆန်များကြောင့် ဘုရားသုံးဆူရွာကြီး ပျက်သွားသည့်အပြင် တစ်ဖက်
ထိုင်းနိုင်ငံအတွင်းသို့ ကျည်များကျပြီး မီးလောင်သဖြင့် ထိုင်းနိုင်ငံမှ
ကရင်နှင့် မွန်တို့အား ထိုင်းဘတ်ငွေ ၁၆ သန်း လျော်ကြေးငွေတောင်းသဖြင့်
ပေးလိုက်ရသည်။ ထိုစစ်ပွဲအတွင်း နှစ်ဖက်အကျအဆုံးများနှင့် လက်နက်ခဲယမ်းများ
အတွက် ကုန်ကျစရိတ်သည်လည်း ထိုင်းဘတ်ငွေ သန်းနှင့်ချီ၍ ရှိခဲ့သည့်အတွက်
တော်လှန်ရေးအတွက်ရော ဒီမိုကရေစီ အရေးအတွက်ပါ ဆုံးရှုံးခဲ့ရသည်။)
ဘုရားသုံးဆူရှိကျောင်းသားများ
ကျွန်တော်တို့အုပ်စုကြီး
ကျောင်းသားသီချင်းများသီဆိုပြီး ဘုရားသုံးဆူရှိ မဒတရုံးသို့
ကျော်လွန်လာသည့်အခါ မိုးကလဲ တဖွဲဖွဲရွာနေခဲ့သည်၊ ထိုအချိန်တွင်
ကျွန်တော်တို့ ချီတက်လာရာ လမ်းကြောင်းရှေ့သို့ မော်တော်ဆိုင်ကယ်တစ်စီး
အရှိန်နှင့်မောင်းလာပြီး ရှေ့မှပိတ်ရပ်လိုက်သည့်အတွက် ချီတက်လာခြင်း
ရုတ်တရက် ရပ်သွားခဲ့ရသည်။ မော်တော်ဆိုင်ကယ်ပေါ်တွင် လူနှစ်ယောက်ပါလာသည်။
အသက် ၂၀ ကျော် ၂၅ နှစ်ခန့်တော့ ရှိမည်။ ရှေ့ကလူက အသားညိုညို ပိန်ပိန်ပါးပါး
အရပ် ၅ ပေ ၇ လက်မခန့်ရှိပြီး မျက်နှာသွယ်သွယ်နှင့် ဖြစ်သည်။
ကျွန်တော်တို့က
သူတို့ဘယ်သူတွေမှန်း မသိသလို ဘာကြောင့်ရှေ့မှ ပိတ်ရပ်ရသည်ကို သိချင်သဖြင့်
သူတို့ကို စောင့်ကြည့်သည်။ ဆိုင်ကယ်မောင်းလာသူက ယိုင်တိုင်တိုင်ဖြင့်
လျှောက်လာသဖြင့် အရက်မူးနေမှန်း သိသာသည်။ သူ့နောက်မှလူကလည်း
ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ကျွန်တော်တို့ရှေ့ရောက်လျှင် ဆိုင်ကယ်
မောင်းလာသူက “ကိုထွန်းအောင်ကျော်ဆိုတာဘယ်သူလဲ” ဟု မေးသည်၊ ပထမတော့ ငါ့နာမည်
ဘယ်လိုလုပ်သိနေသလဲဟု အံ့သြသွားမိသည်။ ထို့ကြောင့် “ထွန်းအောင်ကျော်ဆိုတာ
ကျွန်တော်ပါပဲ၊ ဘာကိစ္စရှိလို့ပါလဲ၊ ခင်ဗျားကကော ဘယ်သူလဲ” ဟု
ပြန်မေးလိုက်သည်။ ထိုအခါ သူက “ကျွန်တော့်နာမည် တင်စိုးနောင်ပါ၊
ကျွန်တော်တို့က ကျောင်းသားစခန်းက ခေါင်းဆောင်တွေပါ၊ အကိုကြီးသတင်းကို
ကျွန်တော်တို့ကြား နေရပါတယ်၊ ထွန်းအောင်ကျော်စစ်ကြောင်း ချီတက်လာတယ်ဆိုတာ
ကြားနေရလို့ စောင့်နေတာပါ၊ ကျွန်တော်တို့ကတော့ နိုင်ငံရေးကို ဘာမှမသိဘူး
အကိုကြီး ကျွန်တော်တို့ကို ဦးဆောင်ပါ” ဟုဆိုသည်။
သူတို့နှစ်ယောက်လုံးက
မူးနေကြသဖြင့်လည်းကောင်း ကျောင်းသားများ ဆိုသဖြင့်လည်းကောင်း ပထမဆုံး
ဘုရားသုံးဆူရောက်ကျောင်းသားများ၏ အနေအထားကို မြင်သည့်အခါ မြင်မြင်ချင်းပင်
အတော် စိတ်ပျက်လက်ပျက် ဖြစ်သွားမိပါတော့သည်။ ကျွန်တော်တို့တတွေ
စစ်အာဏာရှင်အား တိုက်မည်ဟူ၍ အားနှင့်မာန်နှင့် တက်လာသည်ကို
ရောက်နှင့်သောသူများ၏ခေါင်းဆောင်ဆိုသူတို့က မူးမူးရူးရူးနှင့်
လာကြိုသည်ဆိုတော့ ရောက်ရောက်ခြင်း ဆောက်နှင့်ထွင်း ဆိုသလို
ခံစားမိပါတော့သည်။
ကိုတင်စိုးနောင်သည်
ရန်ကုန်စက်မှုတက္ကသိုလ်မှကျောင်းသားတစ်ဦးဖြစ်ပြီး မော်လမြိုင်၊
ကျိုက်သုတ်ဘုရားကြီးတွင် ဦးဆောင်ခဲ့သည့် သပိတ်ခေါင်းဆောင်တစ်ဦးဟု သိရသည်။
ကိုတင်စိုးနောင်သည် ကျဆုံးသွားပြီ ဖြစ်သည်။ ကိုတင်စိုးနောင်၏
စစ်အာဏာရှင်ကို ဆန့်ကျင်သည့်စိတ်ဓါတ်ကို လေးစားပါသည်။ သို့ရာတွင်
ထိုအချိန်က ကျောင်းသားခေါင်းဆောင်များ၏ မရင့်ကျက်မှုကို
အမှန်အတိုင်းမြင်မှသာ အေဘီအက်စ်ဒီအက်ဖ် ဘာကြောင့် မအောင်မြင်သည်ကို
အကဲဖြတ်နိုင်ရန် အမှန်အတိုင်း တင်ပြလိုက်ခြင်းသာ ဖြစ်သည်၊
ကျဆုံးသွားသူတစ်ယောက်ကို အပုတ်ချလိုစိတ်နှင့် ရေးသားခြင်း မဟုတ်ပါ။
ကိုတင်စိုးနောင်၏အုတ်ဂူကို စံခဘူရီ စေတီခြေရင်းတွင် ဂူသွင်းထားပြီး
ကျွန်တော်ကိုယ်တိုင် သွားရောက်ပြီး အမိန့်ပြန်တမ်း ပြုလုပ်ပေးခဲ့ပါသေးသည်။
ကိုတင်စိုးနောင်နှင့်ပါလာသူမှာ
ကိုအောင်မျိုးဆန်း ဖြစ်သည်။ သူနှင့်မာနယ်ပလောတွင်တွေ့စဉ်က သူလည်း
အကျွတ်တရားရပြီး အရက်မသောက်တော့ကြောင်း ပြောကြားသည်ကို
နောက်ဆုံးကြားသိရပါသည်။ တော်လှန်ရေး နယ်မြေထဲတွင် ဆက်လက်လှုပ်ရှားနေသေးသည်ဟု
ကြားရသည်။
ကိုတင်စိုးနောင်တို့နှစ်ယောက် လမ်းပိတ်ရပ်နေ၍
နောက်မှလိုက်လာသူများက ဒေါ်သထွက်ပြီး ရိုက်မည်တကဲကဲ လုပ်နေသည့် အခြေအနေကို
ထိန်းလိုက်ပြီး သူတို့နှစ်ယောက်ကို ချော့မော့ပြီး ပြန်ခိုင်းလိုက်သည်။
မနက်ဖြန်မှ အေးအေးဆေးဆေး စကားပြောကြမည်ဟု နှစ်သိမ့်လိုက်မှ
မော်တော်ဆိုင်ကယ်မောင်းပြီး ပြန်သွားကြသည်။
ထို့နောက်
ရောက်လာသောကျွန်တော်တို့အုပ်စုကို မွန်ပြည်သစ်ပါတီမှ နိုင်ဗညားအောင်က
နေရာချပေးသည်။ ကျွန်တော်တို့အုပ်စုကို အကောင်းဆုံး
ပျဉ်ထောင်သွပ်မိုးအိမ်ကြီးတွင် နေစေသည်။ ကျွန်တော်က မသိသော်လည်း
ကျွန်တော်တို့ ချီတက်လာရာအုပ်ကြီးကို ဘုရားသုံးဆူတွင်
“ထွန်းအောင်ကျော်စစ်ကြောင်း” ချီတက်လာနေသည်ဟု သတင်းကြီးနေ၍ လူများက
ကျွန်တော့်နံမည်ကို သိနေကြသည်ဟု ဆိုသည်။
ကျွန်တော်တို့ရောက်ပြီး
နောက်တစ်နေ့တွင် ရောက်နေသော ကျောင်းသားများအားလုံးကို
ဘုန်းကြီးကျောင်းဇရပ်ကြီး တစ်ခုတွင် စုဝေးစေပြီးနောက် မွန်ပြည်သစ်ပါတီမှ
ဗဟိုကော်မတီဝင် နိုင်ဗညားအောင်က စကားပြောသည်။ ကျွန်တော်တို့အားလုံးကို
မွန်ပြည်သစ်ပါတီက နွေးထွေးစွာကြိုဆိုကြောင်း၊ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်အဖြစ်
ဝင်လိုပါက ဝမ်းပန်းတသာ လက်ကမ်းကြိုဆိုကြောင်းနှင့် မွန်ပြည်သစ်ပါတီသည်
မွန်အမျိုးသားတို့ကို ဖိနှိပ်ခံထားရမှုမှ လွတ်မြောက်ရေးအတွက်
တိုက်ပွဲဝင်နေကြောင်း ထို့ကြောင့် အားလုံးပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်သည်ဟု
ပြောကြားသွားခဲ့ရာ ကျောင်းသားများဖက်မှ ထပြောမည့်သူမရှိဘဲ ဖြစ်နေစဉ်
နိုင်ဗညားအောင်က ဆွေးနွေးကြပါဟု ထပ်ပြောသောအခါ ကျွန်တော်က ကျွန်တော်တို့သည်
မြန်မာနိုင်ငံတော်ကြီးတွင် ဒီမိုကရေစီစနစ် တည်ထောင်ရန် သန္နိဋ္ဌာန်ချပြီး
ထွက်လာသည့် ကျောင်းသားများဖြစ်ကြောင်း ထို့ကြောင့် ကျွန်တော်တို့အနေနှင့်
မည်သည့် အဖွဲ့အစည်းကိုမှမဝင်ဘဲ ကျောင်းသားအလံတော်အောက်တွင်
ရပ်တည်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များကို ရည်ရွယ်ချက်တူ မဟာမိတ်အဖွဲ့များအဖြစ်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ရာ တက်ရောက်လာကြသော
ကျောင်းသားထုကြီးက တစ်ခဲနက် ထောက်ခံခဲ့ကြသည်။
ထို့နောက်
ကျောင်းသားအုပ်စုရုံးခန်းရှိရာသို့ သွားရောက်ပြီး
ရောက်နှင့်နေသောကျောင်းသားကော်မတီကို တွေ့ဆုံရာ၌ ကိုတင်စိုးနောင်က သူ
ဘုရားသုံးဆူကျောင်းသားဥက္ကဋ္ဌနေရာမှ ဆင်းပေးမည်ဖြစ်ကြောင်း ကျွန်တော့်ကို
ဦးဆောင်ပါဟု ထပ်ပြောလာသည်။ ထိုအခါ မုဒုံ၊ သံဖြူဇရပ်တို့မှ ထွက်လာသော
ကျောင်းသားအုပ်စုမှ သိန်းဝင်းက “ကိုနောင် ဒီကောင်တွေကို
ဘာလို့နေရာပေးရမှာလဲ။ ကိုနောင် ဆင်းပေးစရာမလိုဘူး ဘယ်ကောင်ကိုမှ
ဂရုစိုက်စရာမလိုဘူး” ဟု ပုဆိုးဂွင်းသိုင်းပြီး ထရမ်းသည်။ ဘုရားသုံးဆူတွင်
ရောက်လာသော ကျောင်းသားအများစုမှာ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်တို့မှ
လာသူက အများစုဖြစ်သည်။ ရန်ကုန်ကျောင်းသားအုပ်စုမှာ ၁၀၀ ပင်မပြည့်။
ထိုအချိန်က
စခန်းတွင် စုစုပေါင်းလူအင်အား ၁၅၀၀-၂၀၀၀ ခန့်ရှိသည်။ ကျွန်တော်တို့
ရောက်လာသောအခါ ရန်ကုန်တက္ကသိုလ်ကျောင်းသား ခေါင်းဆောင် ကိုသန်းဝင်းလည်း
ဘုရားသုံးဆူသို့ ကျွန်တော်တို့ ထက်စောပြီး ရောက်နှင့်နေသည်။ ရန်ကုန်တွင်
ခေါင်းဆောင်ဖြစ်သော်လည်း နယ်စပ်တွင် ကိုသန်းဝင်းသည် ချောင်ထိုးခံထားရသည်၊
စခန်းကော်မတီတွင် ကိုသန်းဝင်း မပါ၊ စခန်းကော်မတီတွင် ဒေါက်တာနိုင်အောင်၊
ကိုဇော်ဦး (ယခု သမ္မတဦးသိန်းစိန်၏အကြံပေး)၊ အောင်မျိုးဆန်း၊
ဆန်းထွန်းတို့က ဦးဆောင်နေကြောင်း သိရသည်။ ကိုတင်စိုးနောင်သည် တောခိုလာစဉ်
ငွေများ ပါလာခဲ့သည်ဟု သိရသည်။ မိဘများကလည်း ချမ်းသာသည့်သူများ
ဖြစ်သည်ဟု ဆိုသည်။ စခန်းကော်မတီဝင်များသည် ဘုရားသုံးဆူဈေးထဲသို့
ညပိုင်းတွင်သွား၍ အမြဲသောက်စားမူးရစ်နေကြောင်း ကြားသိရ၍ အတော်ရင်လေးမိသည်။
ကျွန်တော်တို့ မရောက်ခင် ကိုဇော်ဦးက
ဘန်ကောက်တက်ပြီး ဘတ်ငွေငါးသောင်း ရှာယူလာခဲ့သည် (ဘယ်သူကပေးသည်ကို
စခန်းမှလူများမသိ) ထိုဘတ်ငါးသောင်းသည်
စောင်ဝယ်ရန်နှင့် စခန်းအတွက်ဆေးးဝါးများ၊ ရဲဘော်များအတွက် ရိက္ခာဝယ်ယူရန်
ဖြစ်သော်လည်း
စခန်းကော်မီတီဝင်များ သောက်စားပစ်သဖြင့် ငွေစာရင်းရှင်းခိုင်းရာ
မရှင်းနိုင်သဖြင့် ကိုသန်းဝင်းတို့ ရန်ကုန်အုပ်စုနှင့်
ဆက်ဆံရေးတင်းမာနေခဲ့ကြသည်။
ကျွန်တော်တို့ရောက်သည်နှင့်
စခန်းတွင် ငှက်ဖျားဖြစ်သူတို့က ဖြစ်နေပြီး သေဆုံးသူများကလည်း ရှိနေခဲ့သည်။
ကျွန်တော်တို့နှင့် အတူပါလာခဲ့သော ကျောင်းသားလူငယ်လေးတစ်ယောက်လည်း လမ်းတွင်
ငှက်ဖျားရောဂါ ခံစားရင် စခန်းရောက်ပြီး မကြာခင် သေဆုံးသွားသဖြင့်
လုပ်သားကောလိပ်မှ ကိုအောင်ကြည်ဦးကဦးဆောင်ပြီး မီးသဂြိုလ်ရာသို့
သွားရောက်ခဲ့သည့်အခါ ကျောင်းသားလေးသူငယ်ချင်းတစ်ဦးက
ကျွန်တော့်ကိုတွေ့သည်နှင့် “အကိုရယ်ကြည့်ပါဦး အေးထွေးရေ
ငါတို့အကိုကြီးလာပြီ၊ မင်း အမေကိုငါဘယ်လိုပြောရမလဲ” ဟု အော်ငိုသည်၊
ကျွန်တော်တို့အားလုံး မျက်ရည်ကျခဲ့ကြသည်။ တော်လှန်ရေးကမစသေး။ စတေးတဲ့သူတွေက
စတေးနေရပြီ။ စစ်အစိုးရနှင့်မတိုက်ရသေးဘဲ
သဘာဝရန်ငှက်ဖျားနှင့်နပန်းလုံးနေရသည်မှာ ခံပြင်းစရာတော့ကောင်းသည်။
စေတနာရှင်များက
စခန်းသို့ ဆေးဝါးများ လာရောက်လှူဒါန်းသော်လည်း ဆေးအကြောင်း နားလည်သူတို့က
ဆေးမကုသဘဲ တပည့်ရမ်းကုများနှင့် လွှတ်ထားပြီး သောက်စားမူးရစ်နေကြသဖြင့်
နေမကောင်းသူတို့ကို ဆေးထိုးပေးသည့်အခါ ဆေးထိုးအပ်ကို ပြုတ်ရမှန်းမသိဘဲ
ထိုးသဖြင့်လည်းကောင်း၊ သန့်ရှင်းမှုမရှိဘဲထိုးလိုက်သဖြင့် လည်းကောင်း၊
အသားတွင်း ပိုးဝင်၍ တင်ပါးကြီးများ ရောင်ယမ်းလာပြီး ခွဲထုတ်ရသည်များကလည်း
တစ်ယောက်ပြီး တစ်ယောက် ဖြစ်နေသည်မှာ အတော့ကို စိတ်ဆင်းရဲခြင်း
ဖြစ်ရပါတော့သည်။
စခန်းကော်မတီဝင်များသည် တော်လှန်ရေးကိစ္စထက်
ပျော်ပွဲစားထွက်သည့်အလား သောက်စားနေကြသော်လည်း ရဲဘော်များမှာ
ဘုရားသုံးဆူတွင် မွန်နှင့် ကရင်တိုက်ပွဲဖြစ်စဉ် နှစ်ဖက်ပစ်လိုက်သော
ကျဉ်ဆံခွံများကို လိုက်လံကောက်ပြီး ရောင်းစားသူက ရောင်းစား၊ ရွာထဲရှိ
အချို့နေရာများတွင် မိုင်းများ မြှုပ်ထားပြီး ထိုမရှင်းရသေးသော
မိုင်းကွင်းထဲသို့ဝင်ပြီး တိုက်ပွဲများကြောင့် ထွက်ပြေးသွားသည့်
ရွာသားများ၏ အိမ်ဝင်းထဲရှိ သင်္ဘောသီးပင်များ၊ ကျောက်ဖရုံသီးပင်များကို
ရှာဖွေစားသောက်ကြနှင့် အတော့်ကို ငတ်ပြတ်ခဲ့ကြသည်။
ကျောင်းသားညီလာခံကိုယ်စားလှယ်များ
အရင်ရောက်နေသော
နာမည်ကြီး အဆိုတော်ထူးအိမ်သင်၊ မွန်းအောင်၊ ရကသခေါင်းဆောင်ကိုသန်းဝင်းတို့
ရန်ကုန်အုပ်စုနှင့်အတူ ကိုအောင်ကြည်ဦးတို့ ဝါးကားစ်ကောလိပ် (Workers
Collage (လုပ်သားများကောလိပ်)) မှ လူအင်အား ၄၀ ကျော် ကိုထွန်းဦး၊
တာကြီးတို့ကို ဘုန်းကြီးကျောင်းဝင်း အတွင်းနေရာချပေးသည်။ နယ်မှရာနှင့်ချီ၍
အုပ်စုလိုက်ကြီးထွက်လာသော မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်မှလူများ
ဘုရားသုံးဆူသို့ အရင်ရောက်လာပြီး စခန်းကော်မတီဖွဲ့ကာ ခေါင်းဆောင်မှု
ယူထားကြသည်။ ရန်ကုန်မှ ရောက်လာသော ခေါင်းဆောင်များကို နေရာမပေးဘဲ
ဒေသခံလူများစု၏ နောက်ခံအားကိုယူပြီး ထင်သလို အုပ်ချုပ်နေသဖြင့်
ရန်ကုန်အုပ်စုနှင့် နယ်အုပ်စုတို့ အကြားတွင် အားပြိုင်မှု ဖြစ်လာသည်။
(မှတ်ချက်။ အေဘီအက်စ်ဒီအက်စ် မြောက်ပိုင်းတွင် အလားတူ အားပြိုင်မှု ဖြစ်ပေါ်၍
ကချင်ပြည်နယ်တွင် နေထိုင်သည့် နောက်ခံလူအင်အားကြီးသူတို့က
မြို့ပေါ်ကျောင်းသား ခေါင်းဆောင်များကို သူလျှိုဟု အမည်တပ်ကာ
ခေါင်းဆောင်မှုကို ရယူရန် သတ်ဖြတ်ရှင်းလင်းသည့် အခြေအနေအထိ
ဆိုက်ရောက်ခဲ့သည်ဟု မြင်သည်။)
စခန်းကော်မတီဝင်များ
ညပိုင်းတွင် နယ်စပ်ညဈေးသို့ သွားရောက်သောက်စားမူးယစ်နေကြချိန်တွင်
တောခိုလာသော ရဲဘော်များသည် ဘယ်လိုနေထိုင်စားသောက်ရမည်မသိ
အတော်ဒုက္ခရောက်ခဲ့ကြသည်။ ကျွန်တော်တို့ရောက်ပြီး မကြာခင်
ကျောင်းသားညီလာခံကြီး ကျင်းပမည်ဖြစ်၍ ဘုရားသုံးဆူမှ
ကိုယ်စားလှယ်ရွေးမည်ဆိုသည့် အသံကို ကြားရသည်။ မလှမြိုင်တို့မောင်နှမသည်လည်း
ကျွန်တော်တို့ထက် တစ်ပတ်ခန့်စောပြီး ကျန်းကျန်းမာမာနှင့် ဘုရားသုံးဆူသို့
ရောက်နေကြောင်း တွေ့ရသဖြင့် အလွန်ဝမ်းသာသွားသည်။ မြန်မာငွေနှင့် ဘတ်ငွေ
ဘယ်နေရာတွင်လဲရမှန်း မသိသဖြင့် မလှမြိုင်၏မောင်ငယ် မောင်လှရွှေထံမှ ဘတ် ၅၀၀
ချေးရသည်၊ ပါလာသည့် ကိုယ်အုပ်စုမှကလေးများကို ယိုးဒယား
မားမားခေါက်ဆွဲခြောက်ထုတ်ဝယ်ကျွေးတော့ ခေါင်းမဖော်ဘဲ စားကြသည်။
ငတ်နေကြသည်ကိုး။ မလှမြိုင်တို့က ဘန်ကောက်သို့ သူတို့အစီအစဉ်ဖြင့်
သူတို့တက်တော့မည်ဟု ဆိုလာသဖြင့် ချေးငွေကို ပြန်ဆပ်ရန် မိမိထံမှ ပါလာသည့်
မြန်မာငွေ ၆ သောင်း ကျော်ကို ဘတ်ငွေနှင့်အမြန်လဲခိုင်းရသည်။
ထို့နောက်
ညီလာခံကိုယ်စားလှယ်ရွေးကြသည့်အခါ ရန်ကုန်အုပ်စုမှ ကျွန်တော်၊
ကိုအောင်ကြည်ဦးတို့ အရွေးခံရပြီး မော်လမြိုင်၊ မုဒုံအုပ်စုမှ
ကိုတင်စိုးနောင်၊ ကိုဆန်းထွန်း၊ သန်းလှိုင်ဦး၊ နှင့်ဒေါက်တာနိုင်အောင်တို့
အရွေးခံရသည်။ သန်းလှိုင်ဦးက ခရီးလွန်နေသည်ဟုဆိုသည်။ မွန်ပြည်သစ်ပါတီဝင်
မွန်ကျောင်းဆရာ ကိုစိုးသန်းနှင့် တစ်ဦးလည်း ရွေးချယ်ခံရသည်။ ပထမတွင်
သူတို့နှစ်ဦးသည် မွန်ပြည်သစ်ပါတီဝင်များဟု မသိကြချေ၊
ထိုကြောင့်ရန်ကုန်အုပ်စုမှ နှစ်ဦး၊ နယ်အုပ်စုမှ ခြောက်ဦးစုစုပေါင်း
၈ဦးရှိသည်။
ကျွန်တော်တို့ လမ်းတစ်လျှောက်
ဘုရားသုံးဆူသို့တက်လာစဉ် ရေဒီယိုနားထောင်ရာ သေ့ဘောဘိုးစခန်းတွင်
ကျောင်းသားခေါင်းဆောင် ကျောင်းဆရာ ကိုလှအောင်က အင်တာဗျူးတွင်
မည်သို့ပြောသွားသည်၊ ကျောင်းသား ခေါင်းဆောင် ကိုဝင်းမိုးနှင့် ကိုအောင်နိင်
(ယခု ဗီအိုအေ သန်းလွင်ထွန်း) တို့က ဘာတွေပြောသည်။ ကျောင်းသား ခေါင်းဆောင်
မောင်မောင်ကျော်က ဘာပြောသည် စသည်ဖြင့် ကြားနေရပြီး ကျွန်တော်တို့တသိုက်
ယခုထိ ဘုရားသုံးဆူသို့ မရောက်နိုင်သဖြင့် အားမလိုအားမရ ဖြစ်နေမိခဲ့သည်။
ယခုညီလာခံတက်ခွင့်ရသည့်အခါ ထိုကျောင်းသား ခေါင်းဆောင်များနှင့် တွေ့ရမည်
ပူးပေါင်းတိုင်ပင်လုပ်ကြမည်စသည်ဖြင့် တွေးပြီး ဝမ်းမြောက် အားတက်နေမိသည်။
လမ်းတွင်လည်း ယခင်က တော်လှန်ရေး လုပ်ခဲ့သော ဦးနုထံတောခိုခဲ့ကြသည့်
ဦးတင်မောင်ဝင်း၊ ဦးအောင်၊ ဦးဇာလီမော်တို့နှင့် ဗကပတွင် တောခိုရင်း
ကျဆုံးသွားကြသော ကိုဗဆွေလေး၊ ကိုသက်၊ ကိုစိုးဝင်းစသည့်
ကျောင်းသားတော်လှန်ရေးသမားများကို ကိုယ့်စီနီယာများအဖြစ်
လေးစားတန်ဖိုးထားရမည်ဖြစ်ကြောင်း ဟောပြောခဲ့ ဖူးသည်။
ကိုသန်းဝင်း၊
ကိုကိုလေး၊ ကိုထွန်းဦး၊ တာကြီး၊ ထူးအိမ်သင်၊ မွန်းအောင်တို့သည်
ကိုယ်စားလှယ် ရွေးရာတွင် အရွေးမခံရပေ။ သူတို့ကလည်း
ကိုယ်စားလှယ်ရွေးချယ်ခြင်းသည် ပြည်တွင်းကို ကိုယ်စားပြုသူများ
လည်းပါသင့်သည်၊ နယ်စပ်သို့ရောက်လာသော လူများမှ ရွေးချယ်လိုက်သူများကိုသာ
ကိုယ်စားလှယ်ဟု သတ်မှတ်၍ မရဟု ဝေဖန်ကြသည်။ သူတို့ပြောသည်မှာလည်း
သဘာဝကျသလိုရှိသည်၊ ကိုသန်းဝင်းသည် ရန်ကုန်ကျောင်းသား သမဂ္ဂကို
စတင်ဖွဲ့စည်းစဉ်က ထိပ်တန်းမှပါဝင်ခဲ့သော
ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူသည် ကိုဂျင်မီ (ယခု
ပွင့်လင်းလူ့အဖွဲ့အစည်း) တို့နှင့် တစ်တန်းတည်း ဦးဆောင်ခဲ့သူဖြစ်သည်။
သူတို့အုပ်စုက ညီလာခံသို့ သူတို့ပါ လိုက်လာချင်သော်လည်း
စခန်းမှရွေးချယ်လိုက်သော သူများကိုသာ မွန်ပြည်သစ်ပါတီက တာဝန်ယူခေါ်သွားမည်ဟု
ပြောသောကြောင့် ထွန်းဦး၊ သန်းဝင်း၊ ကိုကိုလေးတို့ ဘုရားသုံးဆူရှိ
မဒတရုံးသို့ သွားရောက်ပြီး သူတို့သည် ညီလာခံသို့ တက်ရောက်ရန်
အရည်အချင်းရှိသည့် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည်ဟု ကေအင်န်ယူ
ဘုရားသုံးဆူတာဝန်ခံ
မန်းအောင်ဋ္ဌေးနှင့် ကေအိုင်အေ ဗိုလ်မှူးဇော်ဘောင်းတို့ကို တင်ပြကြသည်။
ထိုအခါ ဘုရားသုံးဆူ မဒတရုံးမှ
“မင်းတို့ပြည်တွင်းခေါင်းဆောင်တွေပဲသွားရမှာပေါ့ ငါတို့လိုက်ပို့မယ်” ဟူ၍
ကိုသန်းဝင်းတို့ကို ပြောလာခဲ့သည်။ ထို့ကြောင့် စခန်းမှ ကိုယ်စားလှယ်အဖြစ်
သတ်မှတ်မပေးသည့် တင်စိုးနောင်ဦးစီးသော ဘုရားသုံးဆူစခန်းမှ
ပြည်တွင်းကထွက်ခွါလာသော ကျောင်းသားခေါင်းဆောင် ကိုသန်းဝင်း၊
ကိုကိုလေးတို့နှင့် အတူ ကိုထွန်းဦး၊၊ တာကြီး၊ ထူးအိမ်သင်၊
မွန်းအောင်တို့ကို ဘုရားသုံးဆူ မဒတရုံးမှ တာဝန်ယူ၍ မီနီအဲယားကွန်း ဘတ်စ်ကား
တစ်စင်းဖြင့် ပို့ဆောင်ပေးခဲ့ပါသည်။
ရှေ့လဆက်ရန်
ညာမှဘယ်သို့
- ဦးပဇင်းလေး၊ အမည်မသိ၊ ဆန်းဦး၊ ကျွန်တော်၊ ကျော်ကျော်ဦး၊ ထိုင်းဗိုလ်မှူး
တုံ (လက်ပိုက်လျက်)၊ အောင်ကြည်မြင့်၊ သက်နိုင်၊ အောင်ကြည်ဦး၊ ထွန်းဦး
(ကျဆုံး) နှင့် အမည်မသိ၊
ညီလာခံမတိုင်မီ
ကရင်စခန်းများမှ ကျောင်းသားကိုယ်စားလှယ်များ
နောက်တန်း ဘယ်မှညာ - ဆန်းလင်း (ကျဆုံး)၊ ဝမ်ဟုတ်၊ ကိုကျော်လင်း၊
ကိုအောင်ခင်၊ ကိုမျိုးသန့်(ကျဆုံး)၊ စံရွှေအောင်၊ မောင်မောင်တိတ်၊ ကိုကိုဦး၊
ကိုရီစိုး၊ ကိုတင်လေး (ပျောက်ဆုံး)။
ရှေ့တန်း ဘယ်မှညာ - သိန်းထိုက်၊ တင်စိုး၊ ဒေါ်နုနုအေး(ကွယ်လွန်)၊ အမည်မသိ၊
အမည်မသိ
No comments:
Post a Comment