Monday, November 18, 2013

လွတ်လပ်ရေး မော်ကွန်းဝင် အလံနီ ကွန်မြူနီပါတီ ဗဟိုကော်မတီဝင် ဒေါ်နှင်းမေ (သခင်စိုး၏ဇနီး)


ဆရာကြီး ဦးထွန်းဝေတဲ့ သခင်စိုးက ကျောင်းဆရာကြီး ဦးထွန်းဝေက ခဏလာချင်တယ်ဆိုလို့ ညကြီးသူတို့ မိုးချုပ်မှ ခေါ်လာတယ်။ အခန်းတံခါးပေါက် ပိတ်ပြီးထားတယ်။ နောက်တစ်ခါ တစ်ယောက်ကျတော့ ပိန်ပိန်ပါးပါးနဲ့ ဗိုလ်လက်ျာလို့ပဲ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်လက်ျာရဲ့ ညီတွေက ကျွန်မတို့နဲ့အတူ အာရှလူငယ်ထဲမှာပါတာကိုး . . .
ဒေါ်နှင်းမေ (သခင်စိုး၏ ဇနီး)
မြန်မာနိုင်ငံ၏ နိုင်ငံရေး လောကတွင် လွတ်လပ်ရေး ကြိုးပမ်းစဉ်မှ လွတ်လပ်ပြီး ခေတ်တိုင်အောင် အမျိုးသားရေး၊ နယ်ချဲ့ ဆန့်ကျင်ရေး၊ တိုင်းပြည် လွတ်လပ်ရေး တို့အတွက် အသက်နှင့်လဲ၍ ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြ သည့်အတွက် နိုင်ငံတော် အစိုးရမှ လွတ်လပ်ရေး မော်ကွန်းဝင်အဖြစ် ချီးမြှင့် ဂုဏ်ပြုခဲ့သူများတွင် လွတ်လပ်ရေး ကြိုးပမ်းစဉ်က မြန်မာနိုင်ငံ၏ နိုင်ငံရေးခေါင်းဆောင် သခင်စိုး၏ ဇနီး အလံနီ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ဒေါ်နှင်းမေ (ယခု အသက် ၈၈ နှစ်) ကို ရန်ကုန်မြို့ နေအိမ်တွင် မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့က တွေ့ဆုံ၍ နိုင်ငံရေး လှုပ်ရှားမှု အတွေ့အကြုံများ မေးမြန်း မှတ်တမ်း တင်ခဲ့ပါသည်။  ကွန်မြူနစ်ပါတီကို မြန်မာနိုင်ငံရေး လွတ်လပ်ရေး ကြိုးပမ်းမှုကာလ စတင် တည်ထောင်စဉ်က သခင်အောင်ဆန်းသည် ပထမဆုံး အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့ပြီး ဖက်ဆစ်ဂျပန် တော်လှန်ရေး နောက်ပိုင်း ကွန်မြူနစ်ပါတီမှ ကင်းကွာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ခေါင်းဆောင်ပိုင်း တော်လှန်ရေးအတွက် လျှို့ဝှက် စည်းဝေးစဉ်တွင် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နှင့် သခင်စိုး၏ဇနီး ဒေါ်နှင်းမေတို့မှာ ခေါင်းဆောင်များ၏ စားရေးသောက်ရေးမှအစ မလစ်ဟင်း ရအောင်စီမံရင်း တော်လှန်ရေး အတွက် သက်စွန့်ဆံဖျား တာဝန်များ ထမ်းဆောင်ခဲ့ကြသည်။ လွတ်လပ်ရေး ရပြီးနောက် လွတ်လပ်ရေး ကြိုးပမ်းစဉ်က အသက်စွန့်၍ လက်တွဲခဲ့ကြ သူများ အချင်းချင်း နိုင်ငံရေး အာဏာရခဲ့သူများက မထောက်မညှာ ပြုရက်ခဲ့သော နာကြည်းဖွယ် အတိတ်သမိုင်းနှင့် ရင်နင့်ဖွယ်ရာ ကျေးဇူးတရားကိုမျှ မထောက်မညှာ ဆက်ဆံ တတ်ကြသူများ မြန်မာနိုင်ငံ၏ နိုင်ငံရေး လောကအတွင်း တည်ရှိ ခဲ့ကြသည်ကို ဒေါ်နှင်းမေက ပြောနိုင် ဆိုနိုင်သည့် အခြေအနေ၊ ကျန်းမာရေး ကောင်းမွန်နေသော အချိန်အခါကိုက် မမေ့မလျော့ မပေါ့မဆ သတိထား နိုင်ကြစေရန် အလို့ငှာ ပြောကြား ခဲ့သည်များကို မြန်မာနိုင်ငံ၏ တိမ်မြုပ်ပျောက်ကွယ်လု သမိုင်းမှတ်တမ်း တစ်စိတ် တစ်ဒေသအဖြစ် ရေးသား ဖော်ပြအပ်ပါသည်။            ကျော်စွာ
 တောတွင်းမှာ ကွန်မြူနီပါတီ ဘယ်လို ပြိုကွဲခဲ့ပါသလဲ။ …
ပါတီဆိုတော့ ပြည်သူ့ ရဲဘော်ရယ်၊ သခင်သန်းထွန်းရယ်၊ သခင်သန်းထွန်းနဲ့ ဟိုဟာနဲ့က သုံးပါတီကပါတာ။ သုံးပါတီ သဘာပတိအစည်းအဝေး၊ ဒီအစည်းအဝေးပြီးမှာ ကျွန်မတို့ ပါတီ သုံးခုစလုံးက ကွဲသွားကြတာ။ ပြည်သူ့ရဲဘော်က လက်နက်ချသွားတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီက သခင်သန်းထွန်းက သူက မြောက်ပိုင်း တက်သွားတယ်။ ဗိုလ်ထွန်းလင်း၊ သူက ဗိုလ်ဖိုးကွန်းရဲ့ ကိုယ်စား တက်တာ။ ဗိုလ်ဖိုးကွန်း နေမကောင်းလို့။ ကျွန်မတို့ သားအမိတွေက အစည်းအဝေးလုပ်တဲ့ မနက်ဆိုရင် လာကြတယ်။ ကျွန်မတို့က ရွာတစ်နေရာမှာ တည်းရတယ်။ တည်းရတယ် ဆိုတော့ အစည်းအဝေးလုပ်မယ့် အချိန်ကျရင် လာကြရတယ်။ အဲဒီမှာက မှတ်တမ်းအဖြစ် ရိုက်ထားတာ။ သုံးပါတီ ကိုယ်စားလှယ်ရဲ့ နောက်ဆုံးစခန်းပေါ့။
သုံးပါတီအဖွဲ့ဆိုတော့ ဘယ်နှခုနှစ်လောက် ဖြစ်မလဲ။
ဂျပန်တိုက်ပြီးတော့မှလေ တောခိုကြတဲ့အချိန်။
အဲဒါဆိုရင် သုံးပါတီ ကွဲသွားတော့ အန်တီတို့က အလံနီ ကွန်မြူနစ်ပါတီက သတ်သတ် အဲဒီမှာ ပါတီစထောင် တာပေါ့။
ဟုတ်ကဲ့။ ပါတီက တစ်ပါတီစီ ဖြစ်ပြီလေ။ ဒါပေမဲ့ အဲဒီ သုံးပါတီက ညှိကြတာပေါ့နော်။ သဘောထားတွေ ညှိကြတာ။ အဲဒီမှာ နောက်ဆုံးပိတ် အစည်းအဝေး ဆိုပါတော့နော်။ အဲဒီအထဲကနေပြီးတော့ သခင် သန်းထွန်း ကလည်း မြောက်ပိုင်း တက်သွားတော့ ဖြုတ်၊ ထုတ်၊ သတ်နဲ့ ကိစ္စငြိမ်းသွားရော။ ပြည်သူ့ရဲဘော်က အလင်းဝင် သွားတယ်။  ဆရာကြီး ဗိုလ်ဖိုးကွန်းတို့က အလင်းဝင်သွားတယ်။ ဟိုတုန်းကတော့ ကျွန်မတို့ သူ့စခန်း၊ ကိုယ့်စခန်း ပေါ့နော်။ အလံနီက တစ်စခန်း၊ ပြည်သူ့ရဲဘော်ကလည်း သူ့နေရာနဲ့သူ။ သခင်သန်းထွန်းကလည်း သူ့နေရာနဲ့သူ။
သခင်စိုးနှင့် ပတ်သက်၍ ထိုစဉ်က သတင်းစာများတွင် ဖော်ပြခဲ့ပုံ
ကျွန်မတို့ကတော့ ရှင်းရှင်း ပြောရမယ်ဆိုရင် ကျွန်မနဲ့ သခင်စိုးနဲ့ ရတဲ့အချိန်နဲ့ ပတ်သက်လို့ ကျွန်မက ဘာမှ အတွေ့အကြုံမရှိဘူး။ ကျွန်မက နိုင်ငံရေးဆိုတာ သိပ်နားမလည်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက ၁၈နှစ် သမီးလောက်၊ ရှစ်တန်း၊ ဗိုလ်တထောင် တက်ခါနီး စစ်ဖြစ်တာ။ စစ်ဖြစ်လာတဲ့ အခါကျတော့ စစ်ဖြစ်တော့ ကျောင်းလည်း မနေရဘူး။ ဘာမှလည်း မနေရဆိုတော့ အာရှလူငယ် အစည်းအရုံး ပေါ်လာရော။ ပေါ်လာတော့ ကျွန်မက ကျောင်းသားတည်းက ခပ်တက်တက်ကြွကြွ စိတ်ရှိတာကိုး။ ရှိတော့ အာရှလူငယ် အစည်းအရုံးထဲကို ၀င်ပြီးတော့ အလုပ်လုပ်တာ။ အဲတော့ ခုနတုန်းက ဒီပုဂ္ဂိုလ်က အာရှလူငယ် အစည်းအရုံးမှာ သူက စည်းရုံးတာ။ လေထီးဆင်းတဲ့ ဗိုလ်အုန်းမောင်။ အာရှ လူငယ်အစည်းအရုံး ဖျာပုံမြို့၊ ကျွန်မတို့က ဖျာပုံသူတွေလေ။ ဥက္ကဋ္ဌက ဆရာဇော်ဂျီ ရဲ့ညီပေါ့။ ဆရာဇော်ဂျီကလည်း ဖျာပုံသား။ ဆရာဇော်ဂျီရဲ့ အစ်ကို တစ်ယောက် —- ကိုလှသောင်း သူက — ဥက္ကဋ္ဌ။ ကိုအုန်းမောင်က ဒုဥက္ကဋ္ဌ။ နောက်တက်ဘုန်းကြီး ဦးသိန်းဖေ မိန်းမ ခင်ကြည်ကြည်က သူက ဉာဏဗလမှူး။ အမျိုးသမီး။ ကာယဗလမှူးက ခင်ကြည်ကြည်ရဲ့ အဒေါ် ဒေါ်တင်တင်မြင့်။ အဲဒီမှာ ကျွန်မကတော့ ကာယဗလမှူး အထဲမှာ ၀င်တဲ့ အခါကျတော့ တွဲဖက် ကာယဗလမှူး ပေါ့။ ကျွန်မတို့က ဆော့ရတာပေါ့လေ သိုင်းဗန်တို၊ ဆရာဦးချစ်သန်းတို့၊ ဆရာဦးပြေသိမ်းတို့က သူတို့က သင်တာပေါ့လေ။ သိုင်းဗန်တိုကို အာရှလူငယ်အစည်းအရုံးမှာ။ သခင်သန်းထွန်းရဲ့ညီ ကိုညီလေး၊ ကိုညီလေးရဲ့ အောက်မှာ အာရှ လူငယ်ရဲ့ အဖွဲ့အစည်းက တော်တော်လေး ကြီးလာတယ်။ ကြီးလာတဲ့ အခါကျတော့ အာရှလူငယ် အဖွဲ့တွေက အကုန်လုံး မြို့တိုင်း၊ မြို့တိုင်း လိုက်ပြီးတော့ မြို့ကြီးတိုင်း ဘိစတိတ်မြို့တိုင်းကို လိုက်ပြီးတော့ ပြပွဲတွေ လုပ်တာ။ အဲဒီမှာ ကျွန်မတို့ ပါပါတယ်။ ဒါကြောင့် ကျွန်မက နိုင်ငံရေးကို နားလည်လို့ မဟုတ်ဘူး။ ကျောင်းသားဘ၀က လုပ်စရာ ဘာမှ မရှိတော့ ကျောင်းလည်း မတက်ရ ဆိုတော့ အဲဒီမှာ ၀င်ပြီး လုပ်ရင်းနဲ့ အစည်းအရုံးမှာ တဖြည်းဖြည်းပါတယ်။ သခင်စိုးရဲ့ ထောင်ထဲကနေပြီးတော့ ပထမဦးဆုံး ပို့လိုက်တဲ့ စာ ဘယ်ကပို့လဲဆိုတော့ မန္တလေးက ပို့တယ်လို့ ကျွန်မဒီထဲမှာ။ ကိုကျော်ဝင်း (ရဲနီ) ထဲမှာလည်း ပါလိမ့်မယ်။ အဲဒီဟာတွေကို ကျွန်မတို့ ဖတ်ပြပြီးတော့ နိုင်ငံရေးအရ ဂျပန်ကို ချဖို့ရာအတွက် စည်းရုံးတယ်။ အဲဒီတော့မှ ကျွန်မလည်း ဒီဟာတွေ နားလည်တော့တယ်။ နားလည်တော့ အဲဒီတော့မှ နိုင်ငံရေးဆိုတဲ့ အသိတရားနဲ့ အသိတရား ဆိုတာကလည်း ကြီးမားတဲ့ ငါတို့ရဲ့ တိုင်းပြည်ကို တိုင်းတစ်ပါးက လာစော်ကားတာ တို့ပြန်ချ ရမယ် ဆိုပြီးတော့မှ အာရှလူငယ်မှာ တွဲဖက် ကာယဗလမှူး ဖြစ်သွားတယ်။ သူတို့ကလည်း လျှို့ဝှက်ပြီးတော့ ဖျာပုံမြို့က အာရှလူငယ်အသင်း အဖွဲ့ချုပ်မှာ၊ အဲဒီရုံးမှာ လျှို့ဝှက်ပြီးတော့ ဆွေးနွေးတယ်။ ဒါမှမဟုတ်ရင် ဂျပန်ရန်သူက သိမှာစိုးတဲ့ အခါကျတော့ ဘာလုပ်လဲ ဆိုရင် ကျွန်မတို့ ဘုန်းကြီးကျောင်းတွေမှာ ချိန်းတာ ပေါ့နော်။ ဘုန်းကြီး အ၀တ်အစားနဲ့ ဘုန်းကြီးလို ၀တ်ပြီးတော့ လာပြီးတော့ ကျွန်မတို့ ရဲဘော်တွေ ပေါ့နော်။ ကျွန်မတို့ဆီ ဆွမ်းခံကြွတာ ဆွမ်းခံကြွတော့ စာလေးပေးတော့ ဘုန်းကြီးက ကျွန်မကို စာပေးတယ်ပေါ့၊ မလုပ် ကောင်းဘူးပေါ့။ နောက်တော့မှ အဲဒီစာလေးကို အသာထားပြီးတော့ ဒီလိုဆိုရင် ငါပြီးမှ ဖတ်ကြည့်မယ်ဆိုပြီး တော့ ဖတ်ကြည့်တဲ့ အခါကျတော့ ချိန်းတာ။ ဘယ်ကိုလာခဲ့။ သြော်ဒီလိုပါလား ဆိုပြီးတော့မှ ဖျာပုံ ဆယ်လမ်း တိုက်သစ် ဘုန်းကြီးကျောင်းဆိုတာ ရှိတယ်။ ကနေ့ထက်ထိ ဖျာပုံအသင်းက အမြဲတမ်း အဲဒီမှာ ကျင်းပ တယ်လေ။ အဲဒီဘုန်းကြီးမှာ လျှို့ဝှက်ပြီးတော့ သွားပြီးတော့ အမျိုးသမီးတွေ စုတာ။ အဲဒီမှာ ဒေါ်စောမြ၊ မိုင်းပန် စောမြက ခေါင်းဆောင်ပြီးတော့ ကျွန်မတို့ အမျိုးသမီးတွေရော အမျိုးသားတွေရော။ သူက မိုင်းပန်စောမြက မတ္တရာသူလေ။ မန္တလေး မတ္တရာက။ သူက ကျောင်းဆရာမ။ အဲဒီတော့ အစက မသိဘူးပေါ့လေ။ အစည်း အဝေး တက်ရင်းတက်ရင်းနဲ့ စိတ်တွေက နိုင်ငံရေးအရပေါ့ ၀င်စားလာတာ။ တို့နိုင်ငံအတွက် တို့ကာကွယ် ရမယ်။ တို့နိုင်ငံအတွက် တို့ဘာပဲဖြစ်ဖြစ် အကျိုးရှိတာ လုပ်ရမယ်။ ဆင်းရဲသားတွေအတွက် ဆိုပြီးတော့။ အဲဒီအသိလေးတွေပဲ ရှိတယ်။ ကျန်တာတွေ သိပ်နားမလည်ဘူး။ အဲဒီနောက်မှာ သင်တန်းတွေ ပေးတဲ့အခါကျမှ ကျွန်မက နားလည်လာတာ။ သင်တန်းကလည်း အကဲခတ်တာ ပေါ့နော်။ ဂျပန် တော်လှန်ရေးကို လုပ်လို့ရှိရင် သေရင်လည်း သေမယ်။ ဒုက္ခဆင်းရဲလည်း ရောက်မယ်။ ဒါကို ခံနိုင်ရည်ရှိတဲ့ သူတွေ ရွေးတာပေါ့။ ရွေးတော့ အမျိုးသမီးထဲက ကျွန်မပဲရတယ်။ အစ်မကြီးကနေပြီး တိတ်တဆိတ် ကျွန်မကို ကျွန်မမူလ နာမည်က မသန်း ကြည်တဲ့။ အခုမနှင်းမေဆိုတာက ပါတီထဲရောက်တော့ ဂျပန်က မသန်းကြည်ဆိုရင် ငယ်တဲ့ရုပ်နဲ့ လိုက်မှာစိုးလို့ ဆယ့်ရှစ်နှစ်သမီးက ဆိုတော့ ငယ်သေးတာကိုး။ လိုက်မှာစိုးတော့ မနှင်းမေဆိုတဲ့ နာမည် သူတို့တပ် လိုက်တယ်။ မနှင်းမေက အသက်ကြီးတဲ့ အဘွားကြီး ပုံစံပေါ့။ အစကတော့ မသိဘူးပေါ့။ ကျွန်မကို ဒီလို ကြောင့် မှန်းလည်း မသိဘူး။ အစ်မကြီး မစောမြက ဒီလိုဒီလိုပဲ လုပ်နိုင်လားဆိုတော့ ကျွန်မဘ၀ကို ပြောပြမယ်။ ကျွန်မ ဘ၀က အဖေကိုလည်း မမြင်ဖူးဘူး။ အမေကိုလည်း မမြင်ဖူးဘူး။ ရုပ်သေချာလည်း မသိဘူး။ ဘွားအေက မွေးထားရတာ။ ဘွားအေရယ်၊ အဒေါ်ရယ်၊ ဦးလေးရယ် အဲဒါတွေနဲ့ နေရတာ။ အဲဒီဘ၀ဆိုတော့ ကျွန်မစွန့်စွန့်စားစား လုပ်ချင်တယ်။ ဂျပန်ကို တိုက်ဖို့ရာအတွက်၊ ဘယ်လိုလုပ်ရမယ် ဆိုတာတော့ ကိုယ် မသိပေမယ့် သူတို့ လုပ်တာကို လုပ်မယ် ဆိုပြီးတော့။ အစ်မကြီးက မေးတယ်။ ဂျပန်ကို တိုက်ဖို့ ရာ အတွက် လိုက်မလားပေါ့။ တိတ်တိတ်လေးမေးတော့ ကျွန်မက လိုက်မယ်။ လိုက်မယ်ဆို ဘယ်လို လိုက်မလဲ ဆိုတော့ အစ်မကြီး မစောမြက ကျွန်မဆရာမကြီး ပေါ့နော်။ ကျွန်မကို ခေါ်သွားမယ်လို့ ကျွန်မ ဘွားအေကို ပြောထားတယ်။ မေမေကြီး ကျွန်မ အာရှလူငယ်မှာလည်း တွဲဖက် ကာယဗလမှူး ဆိုတော့ သင်တန်းတွေ ဘာတွေ သွားရတာပေါ့လေ။ သင်တန်း သွားတက်မလို့၊ ဒီအစ်မကြီးနဲ့။ သူက ကျောင်းဆရာမကြီး ဆိုတော့ ကျွန်မဘွားအေက သိပ်မှ နားမလည်တာကိုး။ အေးအေး လေးငါးရက်ပဲနော်။ ဆရာမကြီး ကျွန်မမြေးကို ပြန်ပို့နော် ဘာညာဆိုပြီးတော့ အဲဒီမှာညာပြီးတော့ တစ်ခါတည်း သေတ္တာထဲ အ၀တ်အစားတွေ ထည့်ပြီးတော့ လိုက်တာ။ အဲဒီတည်းကလိုက်တာ တောက်လျှောက်လိုက်တာ။ ဆရာကြီး သခင်စိုးရယ်လို့တော့ ကျွန်မ မသိဘူးပေါ့နော်။ အဲလို ကျွန်မစိတ်တွေ နိုင်ငံရေးထဲမှာ ဂျပန်ကို တိုက်ဖို့ရာ အတွက် စိတ်ဝင်စားတဲ့ အချိန်ပေါ့ ကျွန်မတို့ အိမ်ကို ကိုလှသောင်းတို့ ကိုအုန်းမောင်တို့က မလှကြည် နင်တို့အိမ်မှာတော့ ဧည့်သည် ခဏ ဆွေးနွေးချင်တယ်။ ခဏလာချင်တယ်။ အဲဒီတုန်းကလည်း တိတ်တိတ်ပုန်းပြီးတော့ လုပ်နေရပြီလေ လျှို့ဝှက်ပြီးတော့ ဂျပန်ကို။ ညာပြီးတော့ ပြောရတာပေါ့ ကျောင်းဆရာကြီး ဦးထွန်းဝေတဲ့ သခင်စိုးက သခင်စိုးမှန်းလည်း ကျွန်မလည်း မသိဘူး။ ကျောင်းဆရာကြီး ဦးထွန်းဝေက ခဏ လာချင်တယ် ဆိုလို့ ညကြီး သူတို့ မိုးချုပ်မှ ခေါ်လာတယ်။ ခေါ်လာတော့ ကျွန်မတို့ အိမ်ကလည်း လေးပင်သုံးခန်း ဆိုတော့ တစ်ခန်း အားနေတော့ အဲဒီမှာ အခန်းတံခါး ပေါက်ပိတ်ပြီး ထားတယ်။ နောက်တစ်ခါ တစ်ယောက်ကျတော့ ပိန်ပိန်ပါးပါး နဲ့ ကျွန်မကတော့ ဗိုလ်လက်ျာလို့ပဲ ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်လက်ျာရဲ့ ညီတွေက ကျွန်မတို့နဲ့ အတူ အာရှလူငယ်ထဲမှာ ပါတာကိုး။ ပုံသဏ္ဌာန်က အဲဒီအတိုင်းပဲ။ အိမ်မှာတစ်ည အိပ်ပြီးတော့ ဘယ်သူ ရောက်လာလဲ ဆိုတော့ သခင်သန်းထွန်း၊ သခင်သန်းထွန်းမှန်း ကျွန်မသိဘူး။ တိတ်တိတ်ပုန်းပဲ။ တိတ်တိတ်ပုန်း ဆိုတော့ အခန်းထဲမှာ ပေါ့နော် သူတို့ ဆွေးနွေးတာလည်း နားမထောင်ရဘူးလေ။ မနက်လည်း မိုးလင်းရော ကြက်ပျောက်၊ ငှက်ပျောက် အကုန်ပျောက်တာပဲ။ မိုးလင်းတော့ မရှိကြတော့ဘူး အကုန်လုံး။ အဲဒီတည်းက ဦးထွန်းဝေ သခင်စိုးဆိုတာ၊ နောက်မှသိတာ။ သခင်စိုးဆိုတာ ဆရာကြီး ဦးထွန်းဝေတဲ့ သူတို့က ပြောတယ်။ ကျွန်မက ဦးထွန်းဝေပဲ နားလည်တယ်။ အစ်မကြီး မစောမြနောက် ကျွန်မ လိုက်သွားရော လိုက်သွားတဲ့ အခါကျမှ သင်တန်းတွေတက်၊ အဲဒီတော့မှ ကျွန်မက နိုင်ငံရေးဆိုတာ ဘာလဲဆိုတာ အဲဒီတော့မှ ပြည့်စုံအောင် နားလည်တာ။ အစက နားမလည်ဘူး ဂျပန်တိုက်ဖို့ တစ်ခုတည်း အာရုံစိုက်နေတာ။ ကိုယ့်ဝမ်းထဲမှာ ပေါ့နော်။ ဘယ်ဟုတ်မလဲ ဆရာကြီး သခင်စိုးနဲ့ သင်တန်းတွေ တက်တဲ့ အခါကျတော့မှ အမျိုးသမီးတွေ တစ်လှည့်စီ တစ်လှည့်စီ လာကြတယ်။ အလှည့်တွေနဲ့ လာကြတယ်ပေါ့နော်။ သင်တန်းတက်တဲ့ အခါကျမှ အဲဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာတွေ ပြောတယ်။ အဲဒီတော့မှ သေနင်္ဂဗျူဟာ ဆိုတာ ဘာလဲ။ နည်းပရိယာယ်ဆိုတာ ဘာလဲ။ အဲလိုတွေပေါ့။ အဲဒီတော့မှသိတာ။ နိုင်ငံရေးဆိုတာ အဲဒီတော့မှ သိတယ်။ ပြန်ပြောရရင်တော့ ဘုမသိ၊ ဘမသိနဲ့ ပါလာတဲ့ သက်စွန့်ဆံဖျားတော့ လုပ်ခဲ့ရတာပေါ့လေ။ တောက်လျှောက်ကြီးကို သက်စွန့်ဆံဖျား ကိုယ်နားလည် သလောက်။ သခင်စိုးက သင်တန်းတွေ ပေးတဲ့အထဲမှာ ဖျတ်ဖျတ်လတ်လတ်နဲ့ လူတွေဆိုရင် သူ့ အနားကို ခေါ်ထား လိုက်ရော။ ခေါ်ထားလိုက်ပြီး သူ့ရဲ့ လက်သပ်မွေးတာ ပေါ့နော်။ ဘယ်မှာသွားပြီး ဘယ်လို သင်တန်းပေး။ အမျိုးသမီးထဲက ကျွန်မကို ခေါ်ထားလိုက်တာ။ အစ်မကြီး မစောမြက သူက ဒီ့ပြင်နယ်တွေ လျှောက်သွားရတာကိုး။ ကျွန်မကို အဲဒီမှာထားခဲ့တယ်။ အစ်မကြီး မစောမြက ဘယ်မှာ ထားခဲ့လဲဆိုတော့ ဒေးဒရဲမှာ။ သခင်စိုးက ဒေးဒရဲက ကျားကူးမှာ ပေါ့နော် သခင်မြတ်သူတပ်၊ နောက်ပြီးတော့ သခင်မြတ်သူ တပ်ရဲ့ ဘေးကကပ်လျက်က ဦးမြင့်အောင်။ အခုဗိုလ်ချုပ်မြင့်အောင်။ ဆင်စွယ်ရွာ သတ်တယ်ဆိုတာ ကျွန်မ အံ့သြတယ်။ ကျွန်မ တစ်သက်တာမှာ ဒီအလံနီပါတီမှာ တစ်ယောက်မှ လူသတ်ခဲ့တာ မရှိဘူး။ အခု ဆင်စွယ်ရွာ သတ်တယ်ဆိုတော့ ကျွန်မက ဘယ်ရောက်နေလဲဆိုတော့ ပခုက္ကူ အချုပ်ထဲမှာလေ။ လက်နက်မှုနဲ့ ရုံးတင် ခံရတာ။ ကျွန်မကို ဖမ်းပြီးတော့ ကျွန်မ လက်ထဲမှာ လက်နက်မိသွားတော့ အဲဒီတည်းက လက်နက်မှုနဲ့ ကျွန်မကို ပခုက္ကူ အချုပ်ထဲမှာ ထည့်ထားပြီးတော့ ရုံးထွက်ပြီး အစစ်ခံနေရတယ်။ အဲဒီမှာ သတ်တယ်ဆိုပြီး ကြားတော့ အလံနီက ဘယ်နည်းနဲ့မှ ဒီလောက် လူသတ်တာ မဖြစ်နိုင်ဘူး။ မယုံဘူး။ ဆိုရှယ်လစ်တွေပဲ ဖြစ်မယ်ပေါ့။ အဲဒီလိုသဘောပေါ့နော် စိတ်ထဲမှာ ခံစားရတယ်။ နောက်မှ အပြင်ရောက်မှသာ သိတာ။ လုံးဝမသိ ဘူး။ ကျွန်မ အလံနီပါတီထဲမှာ ရှိတဲ့ တစ်သက်တာမှာလည်း တစ်ခါမှ လူသတ်ခဲ့တာ မရှိခဲ့ဘူး။ အဲတော့ ကျွန်မ ဘယ်ယုံမလဲ။
အဲဒီဆင်စွယ်ရွာကို သွားတာက ဦးစီးတာက ဘယ်သူလဲ။
ဗိုလ်ချုပ် မြင့်အောင်က နဂိုတည်းက ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကလေးက မသင်းဦး။ အဲဒီလိုသူတို့က။ နောက်အရန်က မြင့်ဆွေ။ သမီးလေးတွေကလည်း ငယ်သေးတော့ ကျွန်မ အဖမ်းခံရတယ်ဆိုတော့ ကျန်ခဲ့တော့ သူ့အဖေကလည်း ကလေးနှစ်ယောက်နဲ့၊ ကျွန်မကလည်း ထောင်ထဲ ရောက်နေ ဆိုတော့ နောက်အိမ်ထောင်ပြု တယ်ဆိုပြီး ကျွန်မကို စာနဲ့ ရေးပေးပါတယ် ထောင်ထဲမှာ။ ဦးကတော့ အိမ်ထောင်ပြုလိုက်ရပြီ။ ကလေးနှစ်ယောက် ကျန်ခဲ့တော့ သူလည်း ဘယ်ပြုစုနိုင်မလဲ။ အဲဒီတော့ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ သူအိမ်ထောင်ပြုတာကို ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မအောက်မေ့ဘူး။ ကျွန်မတစ်ခုတည်း ရှိတာက နိုင်ငံရေးနဲ့ ပတ်သက်တာပဲ။ ပါတီက တာဝန်ပေးတာဆိုရင် အကုန်လုပ်မယ်။ ကျွန်မ မန္တလေးထောင်မှာ နှစ်ကြိမ်ကျတယ်။ မန္တလေးမြို့မှာ တာဝန်ပေးတော့ မန္တလေးမြို့ရဲ့ ကလာပ်စည်းတွေကို သင်ကြားရင်းနဲ့ အဖမ်းခံရတာက တစ်ကြိမ်။
အဲဒီတုန်းက ဘယ်သူက ဖမ်းတာလဲ။
အဲဒီတုန်းက ဖဆပလခေတ်၊ မတရားအသင်း ကြေညာခံရတာ။
လွတ်လပ် ရေးရခါနီးလား။
ဂျပန်လွတ်လပ်ရေး ရသွားပြီ။ ဂျပန်လက်ထဲက လွတ်သွားပြီ။

ဗိုလ်ရန်နိုင်က ဒေါက်တာဘမော်ရဲ့ သမက်ဖြစ်နေလို့။
မမကြည်နှင့် ကျွန်မက ဗိုလ်ချုပ်အောင်ဆန်းအိမ်မှာ အောက်ထပ်မှာ နေပြီးတော့ စားဖို့သောက်ဖို့ လုပ်ကိုင် ပေးပြီးတော့ ဂျပန်ကိုချဖို့ ရက်သတ်မှတ်တာလေ . . .
ယခင်အပတ်မှအဆက်-
အလံနီ ကွန်မြူနစ်ပါတီ သခင်စိုးကနေပြီးတော့ တော်လှန်ရေးကောင်စီ တက်တော့ ငြိမ်းချမ်းရေး ဆွေးနွေးခိုင်းတယ်။ အဲဒါ ပခုက္ကူထောင်ထဲမှာ။
တောထဲက ကျွန်မကို လက်နက်မှုနှင့် အဖမ်းခံရတယ်။ မညွန့်ကြည် ကောင်းကောင်းသိတယ်။ မညွန့်ကြည်က ဒီဘက်ကချောင်။ ကျွန်မက ဒီဘက်ကချောင်။ သမီးအကြီးမဆိုရင် သူတို့နှင့် ကျန်ခဲ့တာပဲ။ အငယ်မ တောင်ပေါ်ကို တောင်ပြေးလိုက်တာ။ ရဲနီလေးသုံးယောက်ကို ချိတ်လိုက်တယ်။ ညီလာခံကျင်းပဖို့ ပခုက္ကူကနေ ပို့မယ့် ပစ္စည်းတွေကို သွားစစ်ရတယ်။ တောင်ငူကနေပြီးတော့ မင်းလယ်ရွာကို ကျွန်မ ဆင်းလာတယ်။
မင်းလယ်ရွာမှာ အလံနီတွေ စတည်းချရတယ်။ မင်းလယ်ရွာ ဒီဘက်မှာ တောင်ပေါ်ကကျတဲ့ ရေဆန်ချောင်း ရှိတယ်။အဲဒါကို ဖြတ်ပြီးတော့မှ လာရတာ။ အဲဒီအဆင်းမှာ ထိုးစစ် သူတို့က အဲဒီမှာ ဘယ်တောင်ပေါ် ကလည်းတော့ မသိဘူး။ အဲဒီမှာ ကျွန်မတို့ မြင်တော့ ပစ်တာပေါ့။ အဲဒီမှာရဲနီတွေကို ပြေးဟေ့ သူတို့က ခြေထောက်သန်တယ်။ ပြေးနိုင်တယ်။ ကျွန်မက အမျိုးသမီး ဆိုတော့ မပြေးနိုင်ဘူး။ သူတို့မိသွားရင် တစ်ခါတည်း ပစ်သတ်မှာ။ ကျွန်မကျတော့ သူတို့ချက်ချင်း ပစ်သတ်ချင်မှ ပစ်သတ်မယ်။
အဲဒီမှာ ဦးစောမောင်၊ တင်ညွန့်၊ ရန်ပိုင် ပြေးကြဆိုပြီး ပြေးကြတာပဲ။ တောင်ပေါ် အဆင်းတွေမှာ ချုံပုတ်တွေ ရှိတယ်။ အဲဒီ ချုံကြီးထဲကို ကျွန်မအတင်း တိုးဝင်တာ။ ချုံကြီးထဲမှာကျွန်မလည်း လုံချည်နက်ပြာ ၀တ်ထား တယ်။ အဲဒီ ကလေးသုံးယောက် လွတ်သွားတယ်။ မဟုတ်ရင် တစ်ခါတည်း ပစ်သတ်မှာ။ ရှာကြတယ်။ မတွေ့ဘူး။ တစ်ယောက်တော့ အသံကြားရတယ် ချုံတစ်ခုထဲကို ၀င်သွားတယ် ဆိုပြီးတော့ သတင်းပို့တာ။ အဲဒီတော့မှ အဲဒီချုံပုတ်ကို ရှာတာ။ အသည်းယား လိုက်တာလည်း။ ကျောက်တုံးကြီးတွေလည်း အကြီးကြီးတွေပဲ။ ကျွန်မတင်ပါးကို လုံချည်နက်ပြာ ဆိုတော့ အထုပ်ကြီးဟေ့ ဆိုပြီး ဆွဲဆိုပြီးတော့ သူတို့လည်း ၀င်လာရော ကျွန်မလည်း ရယ်တယ်။ ဟိုတုန်းကတော့ ဘယ်ရယ်နိုင်မလဲ။ ကျွန်မခါးကြားထဲမှာ သေနတ်ရှိ တယ်။ ကိုယ့်ဟာကိုယ်သိတယ်။ ဒီဟာကို ဖြုတ်ပြီးတော့ ပစ်ရင် သူတို့တွေရမယ်။ ကျွန်မ အသေမခံနိုင်ဘူး။ သူကသေရင် ကျွန်မလည်း ပြန်ပစ်မှာ။ သူတို့ကလည်း ကျွန်မခါးပတ်ကို ဖြုတ်တော့ မဖြုတ်နဲ့ ငါဖြုတ်မယ် ဆိုပြီးတော့ သေနတ်နှင့် ခါးပတ်ကို တစ်ခါတည်း ပေးလိုက်တယ်။ ဖမ်းသွားတော့ ငါ့ဖိနပ်တစ်ဖက် ကျန်ခဲ့တယ်။ သူတို့ ရဲဘော် တစ်ယောက်က ဖိနပ်တစ်ဖက် ကျန်ခဲ့တယ်။ သွားကောက်ပေး ဆိုပြီးတော့ တစ်ယောက်က သွားကောက် လူကိုတော့ ချုပ်ကိုင်တာမျိုး မရှိပါဘူး။
ကျွန်မ လိုက်သွားတယ် မင်းလယ်ရွာကို။ မင်းလယ်ရွာ ဘုန်းကြီးကျောင်းကြီးမှာ အောက်ထပ်မှာ။ ဇရပ်ကြီး အောက်ထပ်မှာ ကျွန်မကိုချုပ်ထားတယ်။  အခုတော့ ဗိုလ်ချုပ် ဖြစ်သွားပြီ။ ရှမ်းလူမျိုးပဲ။ ကျွန်မကို မိတယ်ဆိုတဲ့ အကြောင်း ဆိုင်ရာတွေ အကြောင်းကြားတာပေါ့။ ညဆိုတော့ ကျွန်မကို ဒီအတိုင်း အလွတ်မထားဘူး။ တိုင်မှာကြိုးနှင့် ချည်မယ်ပေါ့။  ကြိုးယူလာတယ်။ အဲဒါနှင့် ကျွန်မ၀ုန်းခနဲ ထပြီးတော့ မိုက်ရိုင်း လှချည်လား။ ဗမာ့တပ်မတော်က အမျိုးသမီးတစ်ယောက် မိတာကို တိုင်မှာ ကြိုးချည်ပြီး သိပ်ရမယ်လို့ မိုက်ရိုင်း လှချည် လားလို့။ ဂျပန်တွေဆီမှာ အဖမ်းခံရတာ သူတို့က ငါ့ကိုဖမ်းတာ ကြိုးချည်ပြီးတော့တောင် ဘယ်သူမှ မလုပ်ဘူး။ အဲဒါနှင့် တစ်ယောက်နှင့် တစ်ယောက် တိုးတိုးပြောပြီးတော့ သူတို့ လူကြီးဆီကို အကြောင်းကြားတယ်။ တစ်ယောက်ကတော့ လက်နှစ်ဖက်ကို ချည်မယ်။ နောက်တစ်ယောက် ခြေထောက်ကို ချည်မယ်။ အမျိုးမျိုး လုပ်နေကြတာပေါ့လေ။ ငါဂျပန်တပ်မှာ အဖမ်းခံရတုန်းက ဂျပန်တပ်က လွတ်လာခဲ့တာ။ ကြိုးချည်ပြီး ဖမ်းမယ် မပြောနှင့် မင်းတို့ ဗမာ့တပ်မတော် အမျိုးသမီး တစ်ယောက်ကို ကြိုးချည်တယ် ဆိုတာ ရှက်စရာ ကောင်းတယ်။ ကျွန်မလည်း အရမ်း တုန်လှုပ်နေတယ်။ အဲဒါနှင့် ကြိုးမချည် တော့ဘူး။ အဲဒါနှင့် ဗိုလ်မှူးသိန်းတုတ်ဆီ ရောက်တယ်။ ဗိုလ်မှူးသိန်းတုတ်က  အလယ်ပိုင်းတိုင်း တာဝန်ခံကြီး၊ ချောက်က။ သူစစ်သင်္ဘော ပို့လိုက်တယ်။ အဲဒီတုန်းက သတင်းစာထဲမှာ အများကြီး ပါတယ်လေ။ သူတို့က ဓာတ်ပုံရိုက်တဲ့ လူတွေ ဖယ်ခိုင်း ကြိတ်ကြိတ်တိုးပြီးတော့ သင်္ဘောကို တင်ခေါ်လာတယ်။
ဦးကျော်ငြိမ်း၊ ဗိုလ်နေ၀င်း၊ ဦးအောင်ငြိမ်းတို့ တစ်ယောက်တစ်လှည့်စီ ရောက်လာပြီးတော့ သင်တန်း တက်ကြ တယ်လေ။ နောက်ဆုံး တော်လှန်ရေး လုပ်တော့မယ်ဆိုမှ ဗိုလ်ချုပ်အောင်ဆန်းအိမ်ကို လျှို့ဝှက်ပြီး တိတ်တိတ်ကလေး ခေါ်သွားတယ်။
ဗိုလ်ချုပ်အောင်ဆန်း တိုက်လေ။အဲဒီမှာ သခင်နု၊ သခင်ချစ်၊ ဗိုလ်ရန်အောင်လည်း ပါတယ်။ ဗိုလ်ရန်နိုင်က ဒေါက်တာဘမော်ရဲ့ သမက်ဖြစ်နေလို့။ မမချစ်နှင့် ကျွန်မက ဗိုလ်ချုပ်အောင်ဆန်း အိမ်မှာ အောက်ထပ်မှာ နေပြီးတော့ စားဖို့သောက်ဖို့ လုပ်ကိုင်ပေးပြီးတော့ ဂျပန်ကို ချဖို့ရက် သတ်မှတ်တာလေ။ အဲဒီမှာ ကျွန်မတို့ကို လာခေါ်တယ်။ ဗိုလ်ရဲထွဋ်က ဗိုလ်နေ၀င်း မော်တော်ယာဉ်နှင့် လာခေါ်တယ်မှတ်လို့။ တော်လှန်ရေးနေ့မှာ ဗိုလ်နေ၀င်းက ကျွန်မကို လာခေါ်တယ်။ ရဲထွဋ်က ခင်ဗျားဘာတွေ ပြောနေတာလဲ။ ဗိုလ်နေ၀င်း မဟုတ်ဘူးဗျ ကျုပ်တဲ့။ မသိဘူး။ကျွန်မက ဗိုလ်နေ၀င်းမှတ်လို့။
 ဒေးဒရဲ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်မှာ ပြည်သူပြည်သား၊ တိုင်းသူပြည်သားတွေနှင့် တပ်ကဆိုရင် ကျွန်မ၀င်မပါနိုင်ဘူး။ တာဝန် ပေးလိုက် တာက နိုင်ငံရေးခေါင်းဆောင် သခင်စိုး။ စစ်ရေးခေါင်းဆောင် ဗိုလ်နေ၀င်း ဒီကို လာတာ။ တို့ရဲ့ မြစ်ဝကျွန်းပေါ် အောင်ပွဲခံခဲ့ရတာဟာ  ဗိုလ်မှူး စောထွန်းစိန် ဆိုတာသိလား မသိဘူး။ သူတို့ကလည်း ကရင်တွေကို ကျွဲကူးရွာကြီးမှာ လေထီးနှင့် ဆင်းတာတွေကို တစ်နေရာပြီး တစ်နေရာ ပြောင်းတာ။ ဂျပန်မိမှာ စိုးလို့။ ကျွဲကူးရွာကြီးမှာ မြစ်ကနေပြီး စုန်ဆင်းလာတဲ့ ဂျပန်တွေကို ချတာ။ အဲဒီညမှာ သခင်သန်းမြင့်က ပြေးလာပြီးတော့ ဆရာကြီး ကျွန်တော့်ကိုလည်း သေနတ်ပေးပါ ဆိုတော့ ကျွန်မက ဘာမှ နားလည်တာ မဟုတ်ဘူး။ ဗိုလ်မှူးစောထွန်းစိန်က နားလည်တာ။ သူက အင်္ဂလိပ် စစ်တပ်မှာ လုပ်ခဲ့တာလေ။ သူက နားလည်းတော့ သူက လက်နက်တွေ အားလုံးကို သူကိုင်တယ်။ လက်နက် ဘယ်သူ့ ပေးတယ် ဆိုတာကို။ သခင်သန်းမြိုင် တစ်လက် ပေးလိုက်ပါကွာ ဆိုပြီးတော့ ပေးလိုက်တယ်။ ပစ်ချလိုက်ကြတာ တဖြောင်းဖြောင်းနှင့် သခင်သန်းမြိုင်က ဟိုမှာလည်း ကျည်လည်းကုန်နေပြီ။ ဆရာကြီး သခင်စိုးက အဲလိုဆို ကျည်ဆန်တော့ပို့မှ ဖြစ်မယ်တဲ့။ သာယာဝတီမှာ ဆင်းတာ မသာအိမ်မှာ သွားကျလို့လေ အဲဒီ ချာလီလေ။ ချင်းလေ။ ဗမာလိုလည်း မတတ်ဘူး။ အင်္ဂလိပ်လို တတ်တယ်။ ကိုဆောင်းက ကျွန်မတို့နှင့် တစ်တွဲ ဆရာကြီး သခင်စိုး၊ ချာလီ၊ ကိုတင်စိုး၊ ကိုဘသန်း၊ ဗိုလ်ချုပ်ရဲမြင့်။ ချာလီက ဗမာစကား သိပ်နားမလည်ဘူး။ ဦးက ကျွန်မကို မနှင်းမေလို့ မခေါ်ဘူး။ မေလို့ခေါ်တယ်။ ချာလီက နားမလည်ဘူး။ ဆရာကြီးက သူ့မိန်းမကို မေလို့ခေါ်တာ မင်းသွားမခေါ်နဲ့လို့ ပြောရတယ် ချာလီကို။ ချာလီလေးက ရိုးသားရှာတယ်။ အဲဒီတုန်း ကျွန်မတို့ကို တော်တော်လေး ခင်ရှာတယ်။
အဘရဲနီကျော်ဝင်းတို့နှင့် ဘယ်လို ဆုံခဲ့လဲ။
မတရားအသင်း မကြေညာခင်ကတည်းက သူတို့က လူပျိုတွေ။ ကိုတင်မြတို့။ အဲဒီတုန်းက ကျွန်မတို့က အပျိုတွေ။ အဲဒီတုန်းက ဆရာကြီးသခင်စိုးက ကျွန်မကို ယူလိုက်လို့။ သခင်တင်မြက ပါတီခွဲပြီးမှ အလံနီ ပါတီမှာပဲ တောထဲကျမှ သဘောထားတွေ ကွဲပြီး သခင်သန်းထွန်း ဘက်ကို ပါသွားတယ်။ ကျွန်မအလံနီပါတီမှာ ဗဟိုကော်မတီ အဆင့်ထိ။ ပေးတာက နောက်ဆုံးမှ။ ကျွန်မ ဒီလောက် လုပ်ခဲ့တယ် ဆိုပြီးတော့ ဒါတွေ ဘာမှ ခေါင်းထဲ မရှိပါဘူး။ ပခုက္ကူထဲကို အဖမ်းခံပြီးတဲ့ အခါမှာ ပါတီထဲကို မရောက်ဘူးလေ။ လွှတ်ငြိမ်း ချမ်းသာခွင့်ရမှ ရောက်တာ။
ထောင်ဘယ်နနှစ် ကျခဲ့လဲ။
တစ်သက်တစ်ကျွန်း ကျတာလေ။ ပထမ ချတာ ၁၀နှစ်။ ကျွန်မ အယူခံတယ်။ ခြောက်နှစ်။ အဲဒါကိုပြန်ပြီး ချတယ်။ တစ်သက်တစ်ကျွန်း။
အမှုကျတော့ ဘာအမှုတွေတပ်လဲ။
နိုင်ငံတော် ပုန်ကန်မှုနှင့် စွဲချက်တင်တယ်။ ငါ့ကို ထောင်ချတုန်းက ကျိုင်းကြီးနှင့် တစ်ယောက်ပြီး တစ်ယောက် ထွက်လာပြီးတော့မှ ဗြုန်းဆိုမှ အကုန်လုံး ရပ်ပေးရတယ်လို့။


သုံးယောက်တူညီလိုက်ခဲ့ရင် ကျွန်မတို့ ဒီနေ့ ဒီအခြေအနေ မနေရဘူး။ သခင်စိုး သဘောတရားရေးလည်း သူတို့လိုက် မှာပေါ့။ ဗိုလ်နေ၀င်းက တပ်ရှိတယ်။ သခင်စိုး စည်းရုံးထားတဲ့ နယ်မြေကြီးက အကျယ်ကြီးပဲ။ အဲဒီမှာ လူထု ရှိတယ်။ အဲဒါ အင်္ဂလိပ်ကို ပြန်မချရဲဘူးလား။ ပြန်မတိုက်ရဲဘူးလား။ ဘာလို့လက်ခံလဲ။  အခုကျမှ ကလေးတွေကိုလည်း နားလည်အောင် ပြောပြတယ် . . .
ယခင်အပတ်မှအဆက်-
ဆရာကြီး သခင်စိုးကျတော့ ဘာအမှုတွေနှင့်ချလဲ။
သူချတော့ သူနှင့်ကျွန်မ မတွေ့တော့ဘူးလေ။ ဦးကျော်ဝင်းတို့နှင့်အတူ အကုန်လုံးလွတ်တာ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လေ။ ၁၉၇၂ လမ်းစဉ် ပါတီဖွဲ့မှ လွတ်တာ။
လမ်းစဉ်ပါတီထဲ ၀င်ဖို့ကော ပြောသေးလား သူတို့က။
ဝင်ရတယ်လေ။ သခင်တင်မြကပဲ လာခေါ်ပြီး ၀င်ခိုင်းတယ်။
ဦးမြင့်အောင်က လမ်းစဉ်ပါတီဖွဲ့တော့ ဗဟိုကော်မတီထဲ ပါရလား။  ဗိုလ်နေ၀င်းရဲ့ လမ်းစဉ် ပါတီစဖွဲ့တော့လေ။
မပါဘူး။ လမ်းစဉ်ပါတီ ဆိုတော့လည်း ကျွန်မစိတ်ထဲမှာ ထင်လိုက်တာပေါ့လေ။ ၂၁ ချက် ဖတ်ခိုင်းတယ်။ ၂၁ ချက်က ကျွန်မတို့ လိုချင်တဲ့ သေနက ဗျူဟာတွေဟာ ဒါဆို ကွန်မြူနစ်ဝါဒပဲပေါ့။ အမှန်တော့ ပုံမှားရိုက် လိုက်တာ။ ကိုကိုမောင်ကြီး စာအုပ်ထုတ်ထားတယ်။ ကျိုတ်လတ်။ သူကသိပ်ကို နိုင်ငံခြား သွားချင်တဲ့သူ။ သူ့ စာအုပ်ထဲမှာလည်း ဒီအတိုင်းပဲ ရေးထားတယ်။ သူနိုင်ငံခြား သွားချင်လို့ ဟိုပါတီ၊ နောက်ဆိုရှယ်လစ် ပါတီ ကိုဘဆွေတို့ဆီ ရောက်သွားတာ အဲဒါပေါ့။ နိုင်ငံခြား သွားချင်လို့လေ။ …
ရဲနီကျော်ဝင်းကလည်း ပြောတယ်။ သူက အချောင်သမားဝါဒဆို သိပ်မုန်းတာ။ကွန်မြူနစ်မှာ ရှိတယ်မလား။ အချောင်သမားဝါဒနှင့် ပတ်သက်လို့ ဘယ်လိုများ သိထားတာရှိလဲ။
အခုတော့ လက်ဝဲ၊ လက်ယာလို့ ခေါ်နေကြတယ်။ လက်ယာကို အချောင်သမားပဲ။ ဂျပန်တော်လှန်ရေး ပြီးတော့ ကြည့်မြင်တိုင်၊ ဆေးကျောင်းမှာ ကျွန်မတို့ ရုံးစိုက်တယ်။ အလံနီပါတီ။ ဗိုလ်နေ၀င်းက ညနေကျရင် ဗိုလ်ချုပ်က ထမင်းစားပွဲ ရှိတယ်တဲ့။ အဲဒါဆရာကြီး သခင်စိုးတက်ဖို့ လာဖိတ်တာတဲ့။ အဲဒါအိမ်ထဲမှာ ခြင်ထောင်ချပြီးတော့ ၀င်အိပ်နေတယ်။ ဦးကို လာခေါ်ရင် နေ့လယ်က နေမကောင်းလို့ အိမ်နေတယ်လို့ ပြောလိုက်တဲ့။
အဲဒါနဲ့ ညနေဘက် လာခေါ်တော့ ဦးက နေမကောင်းဘူး။ ဟာအဲဒါဆိုမဖြစ်ဘူး။ ဆရာဝန် သွားခေါ်မှ ထင်တယ်။ မင်း,ဦးက မရဘူး။ သူနေမကောင်းရင် တစ်ခါတည်း အိမ်နေတယ်။ ဗိုလ်နေ၀င်းက သူကိုယ်တိုင် လာခေါ်တာ။ ကိုလှမြိုင်ကလည်း ဒေးဒရဲ အောက်လမ်းမှာ နေတာ။ သူလည်းလာတယ်။ နေမကောင်းဘူး ကျွန်မ ပြောပြတော့ သူကစာအုပ်ကြီး ပိုက်လို့ ပြန်သွားတယ်။ အမြဲတမ်းလာပြီး စာရေးတယ်။ ဦးဘာဖြစ်လို့လဲ  ဗိုလ်နေ၀င်းတို့ လာခေါ်တာ ဘာကြောင့် လိုက်မသွားတာလဲ။ ကျွန်မ နိုင်ငံရေးမှ နားလည်တာကိုး။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်း ထမင်းစားပွဲ မဟုတ်ဘူးတဲ့။ ဘုရင်ခံက ခေါ်တဲ့ ထမင်းစားပွဲတဲ့။ နိုင်ငံရေးအရ သူက အဲလို ပြောပြတော့မှ သြော်ဒီလိုပါလား။ ဇိကုပ်ခံရလိမ့်မယ်တဲ့။ ဘုရင်ခံက နိုင်ငံရေး ခေါင်းဆောင်တွေကို ဇိကုပ်တာ။
သခင်သန်းထွန်းက စည်းရုံးရေးမှာ တော်တယ်။ သဘောတရားရေးရာမှာ သခင်စိုးကို မမီဘူး။ လူတန်းစား အသိမှာ သခင်စိုးကို သူတို့မမီဘူး။ စည်းရုံးရေး ကောင်းတာ သခင်သန်းထွန်း၊ သဘောတရား ရေးကောင်းတာ သခင်စိုး၊ ဂျပန်ကို ၀ိုင်းချတာ တို့လူထုကြီး နည်းတာမဟုတ်ဘူး။ ဦးပြောတာ အဲဒီ သဘောထား။ အဲဒီလို သုံးယောက်တူညီ လိုက်ခဲ့ရင် ကျွန်မတို့ ဒီနေ့ ဒီအခြေအနေ မနေရဘူး။ သခင်စိုး သဘောတရားရေးလည်း သူတို့လိုက်မှာပေါ့။ ဗိုလ်နေ၀င်းက တပ်ရှိတယ်။ သခင်စိုး စည်းရုံးထားတဲ့ နယ်မြေကြီးက အကျယ်ကြီးပဲ။ အဲဒီမှာ လူထုရှိတယ်။ အဲဒါ အင်္ဂလိပ်ကို ပြန်မချရဲဘူးလား။ ပြန်မတိုက်ရဲဘူးလား။ ဘာလို့လက်ခံလဲ။ အခုကျမှ ကလေးတွေကိုလည်း နားလည်အောင် ပြောပြတယ်။ အဲဒီလို ဖြစ်ခဲ့ရတာ။ အမေတို့ နားမလည်ခဲ့ဘူးလို့။
ဒီခေါင်းဆောင်သုံးယောက်က တော်ရဲ့သားနှင့် တစ်ယောက်နှင့်တစ်ယောက် မတူညီဘဲ။
အဲဒီတုန်းက သခင်သန်းထွန်း၊ သခင်စိုး၊ ဗိုလ်ချုပ် အောင်ဆန်းရယ်ပေါ့။
နေ၀င်းမပါဘူး။ နေ၀င်းက လက်ယာသမားလား။ လက်ဝဲသမားလား။
ဗိုလ်ချုပ်နေ၀င်းက ဆိုရှယ်လစ်ဝါဒ လမ်းစဉ်ထောင်တော့ ဆိုရှယ်လစ်ဝါဒကို ရေးလိုက်တဲ့ အခါကျတော့ သခင်စိုးက ဒါ ကွန်မြူနစ်ဝါဒနှင့် တူတယ် ဆိုပြီးတော့ လက်ခံလိုက်တယ်လို့ ကြားတယ်။
ဗိုလ်နေ၀င်း ရေးခဲ့တာ ဘာများရှိလဲ။ ဘာစာအုပ်များ ရှိခဲ့လဲ။ သခင်စိုး ထောင်ထဲကနေပြီး မန္တလေးထောင်၊ အင်းစိန်ထောင်၊ မြင်းခြံထောင်၊ သာယာဝတီထောင် အဲဒီကနေ သူရေးခဲ့တဲ့ စာအုပ်တွေ အကုန်လုံး အပြင်ကို လျှောက်ဖြန့်တယ်။ ဟောဒီ ပုဂ္ဂိုလ်တွေ ထောင်ထဲက ထွက်တဲ့ အခါကျတော့ ယူလာပြီး ဖြန့်ပေးရတယ်။ ရနံသစ် က ဘာကြောင့် ထုတ်လဲ ဆိုတော့ ဟိုစာအုပ်တွေ ထုတ်ပြီးသားရှိတော့ အဲဒါလေးကို ကျွန်တော်တို့ကို ထုတ်ပေးပါတဲ့။ လာပြီး မေးပါရစေ ဆိုပြီး လာမေးတယ်။
သခင်စိုးရဲ့ အလံနီကွန်မြူနစ်ပါတီ ကွန်မြူနစ်ဝါဒက ဆင်းရဲသားတွေဘက်က ပြတ်ပြတ်သားသား ရပ်တည်တယ်လို့ ဖတ်ရတယ်။ အဲဒီလိုမျိုး ရပ်တည်ချက်နှင့် သွားရဲ့သားနှင့် ဘာကြောင့်လူထုက မျက်စိ လည်သွားရတာလဲ။
နောက်ပိုင်းမှာလား။ နောက်ပိုင်းမှာက မှားလာတယ်လေ။ အမှားတွေ ပါလာတယ်။ အဲဒီပုဂ္ဂိုလ်တွေလည်း မှားတယ်။ ဒီသုံးယောက်က မင်းဟာ ပြည်သူ့ရဲဘော် အနေနှင့် တောခိုလာတယ်။ သူတို့ စည်းရုံးလို့ မရရင် တောခိုမယ်ဆိုတာ သခင်စိုးမှာ ရှိပြီးသား။ အဲဒါကို ခြေမြန်၊ လက်မြန် သခင်သန်းထွန်းက ဦးအောင်ယူပြီးတော့ သူအရင် တောခိုလိုက်တယ်။ နောက်က လိုက်တာကြီးပဲ။ ရှေ့က မသွားဘူး။ နောက်ပိုင်း သခင်စိုးလည်း မှားတာတွေ ပါလာတယ်။ နောက်ပိုင်း သူမှားတာတွေ ၀န်ခံတယ်လေ။ မြန်မာပြည်မှာတော့ ရှင်းရှင်းပြောရင် ကိုယ့်အမှားကို ကိုယ်ဝန်ခံတဲ့ ခေါင်းဆောင် မရှိဘူး။ သူပဲရှိတယ်။
သခင်စိုးဝန်ခံတဲ့ ၀န်ခံချက်လေးတွေ အန်တီမှတ်မိသေးလား။
ထောင်ထဲမှာ နေရတဲ့ အခါကျတော့ အကုန်လုံး အပြည့်အစုံ သိရတယ်။ ကျွန်မထောင်ကို ပတ်ပတ်လည် နေတာပဲ။ ကျွန်မနှစ်ခါ အဖမ်းခံရတယ်။ ရန်ကုန် ထောင်မှာနော်။ မြန်မာတစ်ပြည်လုံး ကိုကိုးကျွန်းကို ပို့တယ်။ အကျဉ်းသားတွေကို။ သခင်ဖေဌေး ညောင်ဦး ထောင်ကနေပြီးတော့ ကိုကိုးကျွန်းကို ပါသွားမှ ကျွန်မ တစ်ယောက်တည်း မန္တလေး ထောင်ကနေပြီးတော့ အနူထောင်ကို ပို့တာ။ အနူ ရာဇ၀တ်သားတွေကို ဖမ်းပြီး ထည့်ထားတဲ့ထောင်။ မိန်းမထောင်၊ ယောက်ျားထောင် ရှိတယ်။ မိန်းမထောင်ကတော့ သေးတယ်။ ယောက်ျား ထောင် ကတော့ကြီးတယ်။
ကိုကိုးကျွန်းကို အမျိုးသမီး ပို့လို့မရလို့ ဗမာပြည် ကွန်မြူနစ် ပါတီက ရဲနီမေတွေ ရှိတယ်။ အဲဒီထဲမှာမှ ဘာလို့ ကျွန်မကို ရွေးထုတ်လဲ။ ရွေးပြီးတော့ချလဲ။ ထောင်ထဲမှာလည်း အကျဉ်းသူတွေ ဆင်းရဲသားတွေ။ သူ့အကျိုး ကျွန်မ ရပ်ရမယ်။ ဗမာပြည် ကွန်မြူနစ် ပါတီက ဆိုရင် ဘယ်သူမှ မရပ်ရဲဘူး။ ထောင်ဝတ်စုံ တစ်နှစ်ကို သုံးစုံပေးရမှာ။ နှစ်စုံပဲပေးတယ်။ ဖြတ်စားတယ်။နောက်ပြီးတော့ ကျွေးတဲ့ဟာကို အဲဒါတွေကို တိုက်တဲ့အတွက် ကျွန်မဟာ လူဆိုးဖြစ်တယ်။ အဲဒါနဲ့ မထားချင်တဲ့အတွက် ကျွန်မကို မန္တလေးထောင်ကို ပို့တယ်။ အနူထောင်ကို ပို့တာ။ အနူထောင်က တစ်ထပ်ကလေး။ အဲဒီ ဘေးပတ်ပတ်လည်မှာ အနူမ၊ အနူတွေရဲ့ လက်တွေမှာ ပတ်ထားတဲ့ အ၀တ်တွေ အကုန်လုံး အဲဒီမှာ ပြန့်ကျဲနေတာပဲ။ ဒီလို နေရာကို ပို့တာ။ စိတ်ဓာတ်တွေကျပြီး သေ သွားအောင် လုပ်တာ။ တကယ် စိတ်ဓာတ်ကျစရာပဲ။
လွတ်လပ်ရေးတုန်းကလည်း ပါခဲ့ရဲ့သားနှင့် အဲဒီလို အပို့ခံရတဲ့ ကိစ္စကို အပေါ်က မသိလို့လား။
ဂျပန်ခေတ်မှာ ပါခဲ့ပေမယ့် ဦးနေ၀င်း ကိုယ်တိုင် အသက်ကို ကယ်ခဲ့ရတာပါ။ ဦးနေ၀င်း၊ ဗိုလ်အောင်ငြိမ်း အောက်မှာ ဂျပန်တွေကို အသံကြားတယ်နော် ဆိုပြီး ဒေးဒရဲမှာ —။ နောက်တစ်ခါ ကိုမောင်ငယ် ဂျပန်တွေ အသံကြားတယ်ဆိုပြီးတော့ ပြောတယ်။ အဲဒီနောက်မှ ဗိုလ်နေ၀င်း ကျွန်မနောက်ကနေ လိုက်လာလို့ သူလိမ့် ကျမှာစိုးလို့ မီးခွက်ကလေးပြပြီးတော့ အောက်ကို လိုက်လာတာ။ အဲဒီမှ ဗိုလ်နေ၀င်းက သခင်စိုးကို သွားခေါ် ခိုင်းတာ။ဆရာကြီး သွားခေါ်ပါ။ ကျွန်တော်တို့ တပ်နေရာ ရွှေ့ရအောင်။
ကျွန်မကို ဦးက သေချာ မှာသွားတယ်။ သေချာကို ဂရုစိုက်နော် သူတို့က လူကြီးတွေလို့ ပြောတယ်။ အဲဒါနှင့် အိမ်ရှင် ကျွန်မက ဦးအောင်သိန်း၊ ကိုထွန်းမောင်တို့ အိမ်မှာပဲ သူကလူကြီးပဲ ဒီနေမှာ။ ကိုထွန်းမောင်အိမ်ကို သွားကြည့်ပါ။ အဲဒီမှာရှိလိမ့်မယ်။ ခေါ်ခိုင်းတယ်။ အဲဒီမှာ ကိုလှမြိုင်၊ ချာလီတို့ရှိတယ်။ ကိုလှမြိုင်က လက်နှိပ်စက် ပုံနှိပ်စက်ကလေးနှင့် ဦးရေးပေးတဲ့ စာတွေကို အဲဒါကိုယူသွား သူက ပုံနှိပ်စက်လေးနဲ့ လှည့် ရတယ်။ အန်တီကတော့ သတင်းပို့ရတယ်။ ကိုတင်စိုး၊ ကိုဘသန်းတို့က ကျွန်မခေါ်လို့ ကျွန်မနောက်မှာ ဗိုလ်နေ၀င်း လိုက်လာတယ်။
အဲဒီမှာသခင်စိုးက ပထမအသံကမြင်းခြံ ဗိုလ်ကျော်လင်းက ကျွန်မတို့က ဒီဘက်ကခြံ၊ ဗိုလ်ကျော်လင်းက ကျွန်မတို့ရှိတဲ့ ဘက်ကို မြေပုံလေး ကိုင်ပြီးတော့အလာ။ အဲဒီအလာမှာ ဂျပန်တွေကလည်း ၀င်အလာ။ ပထမအသံက ဗိုလ်ကျော်လင်းကို သေနတ်နဲ့ ထုသတ်တာ။ တစ်ရွာလုံး သိတယ်။ ဗိုလ်ကျော်လင်း အလောင်းကို ဖျောက်ပစ်ရတယ်။ သခင်စိုး အလောင်းလို ဘာလိုလိုနဲ့။ သူ့ကို လာခေါ်တဲ့ ဦးအောင်သိန်းက မဆွဲခင် ဆရာကြီး ခဏနေအုံး။ သစ်ပင်ကြီးကလည်း အကြီးကြီး။ အဲဒီနားကို ကျွန်တော် သွားကြည့်မယ်။ ကင်းချတဲ့ ထားတဲ့ ဘစိန်တို့အုပ်စု။ ရွာထိပ်မှာ ကင်းချထားတယ်။ အဲဒါမှတ်လို့ သွားပြီးတော့ ဦးအောင်သိန်းက ရှေ့ကနေ သွားတယ်။ အဲဒီမှာ ဦးအောင်သိန်း ခြေထောက်ကို ထိသွားတယ်။ သခင်စိုး ပစ်လိုက်တာ။ ဂျပန်က ခြောက်ယောက် ကျသွားတယ်။ ဗိုလ်နေ၀င်း အသက်ကို ကယ်လိုက်တာ။
ဗိုလ်နေ၀င်း အသက်ကို ကယ်လိုက်တာပေါ့။ ညဘက်ကြီး။
တခါတည်း။ သူလည်း ထွက်ပြေးတာ။ ကိုအောင်ကြီးက ရေးထားလိုက်တာ။ သက်စွန့်စံဖျား ပြေးလွှားခဲ့ရသူများ၊ ဂျပန်တစ်ကောင်မှ သတ်ခဲ့တာ မဟုတ်ဘူး။ ထွက်ပြေးတာ။
အန်တီတို့ကို ဗိုလ်နေ၀င်းက အာဏာရတဲ့ အချိန်မှာ ထောင်တွေကို ပြောင်းပြီးတော့ ထည့်ခဲ့တာပေါ့နော်။
ထည့်တယ်လေ သူတို့နဲ့ တူမှမတူဘဲကိုး။ သူတို့လမ်းစဉ်ကိုမှ မလိုက်ဘဲနဲ့။
လူအနည်းစုလေးကို ထောင်ထဲ ထည့်ပြီးတော့ စိတ်ဓာတ်တွေ ပျက်ပြားအောင် လုပ်တယ်ဆိုတော့။
ဗိုလ်ဘစိန်ဆို ကြားမှာလေ။ စစ်တပ်က ဘစိန်တပ်က —– မှာ။ အဲဒီတုန်းက ကျွန်မက ပခုက္ကူ အချုပ်ထဲမှာ။ နှိပ်စက်တာရှင် တစ်ခါတည်း။ ဖမ်းတဲ့လူတွေကို။ စကောရှိတယ် မဟုတ်လား စကောအလယ်က ဖောက်ပြီးတော့ အဲဒီစကောနဲ့ လည်ပင်း စွပ်ပြီးတော့ အမလေး အော်လိုက်ကြတာ ဆူညံနေတာပဲ။ ရှကုန် တာပေါ့။ အဲလောက်ထိ နှိပ်စက်ခဲ့တယ်နော်။
အောက်ခြေကရှိတဲ့ တပ်မတော်သားတွေကရော အဲလိုမျိုး ….။
စိတ်ဓာတ်ကောင်းတဲ့ တပ်မတော်သားတွေ ကျတော့ ခုနကျွန်မတို့နဲ့ပါတဲ့ ကိုတင်စောတို့၊ ကိုဘသန်းတို့ လုံးဝ ထွက်ပစ်လိုက်တယ်။ တပ်ထဲလည်း မ၀င်ဘူး။
ဗိုလ်နေ၀င်းက အာဏာရတဲ့ အချိန်မှာ ကွန်မြူနစ်ဝါဒကို —-။
ကွန်မြူနစ်ဝါဒကို လိုလားပါတယ် ဆိုပြီးတော့ ကိုချစ်လှိုင်ကို သူက တစ်ခါတည်း ဆရာကြီး တင်ပြီးတော့လေ။ အဲဒီတော့ ကျွန်မတို့ကလည်း သိတယ်မဟုတ်လား။ အ,အ။ ၂၁ ချက် ဖတ်တော့ ဒီ ၂၁ ချက်က တို့လိုချင်တဲ့ အချက်တွေ ပါပါလား။ ဒီလိုမျိုး အောက်မေ့တာ။ ဘယ်ဟုတ်မလဲ။
အဲလို ဆွဲတယ်ဆိုတော့ ဦးချစ်လှိုင်ကို  ဦးနေ၀င်းက အသုံးချတာပေါ့။
အသုံးချတာပေါ့။ ကောင်းကောင်း အသုံးချတာ။
အမှန်ကတော့ ဦးနေ၀င်းက သူကိုယ်တိုင်ရေးလို့ မကောင်းလို့လား။
သူက ဘာရေးတတ်လို့လဲ။ ဘာမှ မရေးတတ်ဘူး။ သခင်စိုးဆီ လာတက်တာ ဦးဘဆွေရယ်၊ ဦးကျော်ငြိမ်းရယ်၊ ဗိုလ်နေ၀င်းရယ် ဒေးဒရဲမှာ။ ကျွန်မက လိုက်ရတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ရော ဆုံသေးလား။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက တကယ်တော်တာပဲ။ ကျွန်မနဲ့ကတော့ မမီတော့ဘူး။

ချောက် အချုပ်ထဲမှာ ရဲအချုပ်ထဲမှာ ထားတဲ့အခါကျတော့ ကျွန်မကို မျက်နှာသုတ်ပုဝါ၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ထဘီ၊ အင်္ကျီ၊ လူ့အသုံးအဆောင် အကုန်လုံးပဲ လာပို့တာ။ အဲဒါကို တစ်ခါတည်း မောင်တင့်ဆွေ  (ဗိုလ်မှူးချုပ်တင့်ဆွေ)က သူ့မိန်းမကို သူတို့အဖော် နှစ်ယောက်နဲ့  အချုပ်ထဲကို လာတွေ့ ပြီးတော့ ကျွန်မကို လာပေးရှာတယ် . . . စကားတွေ ဘာတွေ သူနဲ့တော့ ပြောရတာပေါ့လေ။ မခင်စန်းက ကျွန်မတို့ထက် အသက်ကြီးတယ်။ မောင်တင့်ဆွေထက်လည်း ကြီးတယ် . . . 
ယခင်အပတ်မှအဆက်-
လွတ်လပ်ရေးမော်ကွန်းဝင် အလံနီကွန်မြူနစ်ပါတီ
ဗဟိုကော်မတီဝင် ဒေါ်နှင်းမေ
ဆရာကြီး သခင်စိုးတို့လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ တပည့်တွေလား။
ရိုသေတယ်။ လေးစားတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကလည်း မကြာခဏ ခေါ်ပြီးတော့ ဆွေးနွေးတယ်၊ ဆုံးမတယ် ကြားတယ်လေ။
ဆွေးနွေးတယ်၊ ဆုံးမတယ်ဆိုတာ ကျွန်မတို့ မုံရွာ ဗိုလ်မှူးသိန်းတို့ တပ်ရင်းက နေပြီးတော့ ကာနယ်ကြည်ဝင်းက ခေါ်တော့ ကာနယ်ကြည်ဝင်းက ရေနံချောင်းတပ်မှာ သူက အကြီးဆုံးလေ။ သူ့ဆီ ရောက်တော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း လမ်းစဉ်ကို ကျွန်မကို လက်ခံပါတဲ့။ အဲဒီတုန်းက ကျွန်မက ငြိမ်းချမ်းရေး လမ်းစဉ်ဆိုတော့ —– အောက်မေ့တာ စိတ်က အဲလို ပထမ ထင်လိုက်တယ်။ အဲဒီ သဘောတရားတွေ လျှောက်ပြောတာ ပေါ့ရှင်။ အဲဒီမှာ တစ်ခါတည်း ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ ဘာညာပေါ့ ဂျပန်ခေတ်တုန်းက သူ့နေရာနဲ့သူ ပါကြတဲ့ ဟာတွေပေါ့။ ဘယ်တိုင်းမှာ ပါတဲ့လူ၊ ဘယ်တိုင်းမှာ ပါတဲ့လူ။ ကျွန်မတို့က မြစ်ဝကျွန်းပေါ် တိုင်း၊ တိုင်းလေးခု။ ကျွန်မတို့က ငယ်ငယ်လေးတည်းက။ အခုဗိုလ်ချုပ် တင့်ဆွေပေါ့။ မောင်တင့်ဆွေတို့က ဖျာပုံသား တစ်အိမ်တည်း ခြားတယ်။ကျွန်မတို့ အိမ်ခေါင်းရင်း တစ်အိမ် ကျော်က။ မောင်တင့်ဆွေ အစ်မနဲ့ ကျွန်မနဲ့က ကျောင်းနေဖက် သူငယ်ချင်း။ … လေးတန်းတည်းက အတူတူပဲ။ မောင်တင့်ဆွေကို ကာထားတယ် သိလား။ ရယ်စရာလို လုပ်တာပေါ့လေ။ ကျွန်မကို အဲဒီမှာ ထိုင်ခိုင်းပြီးတော့ ပြောဆိုပြီးတော့ ထွက်လာတော့ ကာနယ်ကြည်ဝင်းက အစ်မကြီး သူ့ကိုသိလားတဲ့ ကလေးဘ၀ တုန်းက နာမည် မင်းမောင်တုတ် မဟုတ်လားလို့။ မောင်တုတ်လို့ ခေါ်တာ ငယ်ငယ်လေးတည်းက မောင်တုတ်လို့ခေါ် တော့ စားပွဲမှာ ထိုင်နေတဲ့ ဗိုလ်မှူးတွေ၊ ဗိုလ်ကြီးတွေ အကုန်လုံး ၀ိုင်းရယ်ကြတာ။ ဗိုလ်ချုပ်တင့်ဆွေရဲ့ ငယ်နာမည်က မောင်တုတ်။ ငယ်ငယ်တည်းက ကျွန်မတို့က မောင်တုတ်ပဲ ခေါ်တယ်။သူ့ အစ်မကလည်း မသန်းကြည်ပဲ၊ ကျွန်မ နာမည်ကလည်း မသန်းကြည်ပဲ။
အဲဒီလို ဗိုလ်မှူးချုပ်တင့်ဆွေ တို့တောင် တပ်ထဲမှာ ရှိတဲ့ဟာကို အန်တီတို့က နှိပ်စက်ခံခဲ့ရတယ်။
အခု သူ့ခမျာ သနားစရာ။ ကျွန်မ အကြောင်းလည်း သူရေးထားတယ် သူဟာတဲ့ ချောက်တုန်းက ကူညီခဲ့ တယ်တဲ့။ သူ့ မိန်းမ မခင်စန်းက ကျွန်မကို အဲဒီချောက် အချုပ်ထဲမှာ ရဲအချုပ်ထဲမှာ ထားတဲ့ အခါကျတော့ ကျွန်မကို မျက်နှာသုတ်ပုဝါ၊ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ထဘီ၊ အင်္ကျီ၊ လူ့အသုံးအဆောင် အကုန်လုံးပဲ လာပို့တာ။ အဲဒါကို တစ်ခါတည်း မောင်တင့်ဆွေ  (ဗိုလ်မှူးချုပ်တင့်ဆွေ)က သူ့မိန်းမကို သူတို့အဖော် နှစ်ယောက်နဲ့ အချုပ်ထဲကို လာတွေ့ပြီးတော့ ကျွန်မကို လာပေးရှာတယ်။ စကားတွေ ဘာတွေသူနဲ့တော့ ပြောရ တာပေါ့လေ။ မခင်စန်းက ကျွန်မတို့ထက် အသက်ကြီးတယ်။ မောင်တင့်ဆွေ ထက်လည်း ကြီးတယ်။
ဒါဆိုရင် ကွန်မြူနစ်ဝါဒကို ဗိုလ်နေ၀င်းတို့က ကြောက်နေတာလား။
ကြောက်တာပေါ့။
ကွန်မြူနစ်ဝါဒ အစစ်သာ အောင်မြင်သွားရင် ဒီတိုင်းပြည်က ဘာဖြစ်မလဲ။
စတာလင်လို ကွန်မြူနစ်လို ဟာမျိုးတော့ ဘယ်ဖြစ်မလဲ။ တကယ်အစစ် ဖြစ်ခဲ့ရင်တော့ ဒါဘာပဲဖြစ်ဖြစ် ဆင်းရဲသားတွေ အဆင့်မြင့်လာမှာပေါ့။
အခုကကော ဆင်းရဲသားတွေ အဆင့်မြင့်လာတယ်လို့ ထင်လား။
မထင်ဘူး။
အခု ဆင်းရဲသားတွေ ဘ၀က ဘယ်လိုမျိုးမြင်လဲ။ ပတ်ဝန်းကျင်မှာ တွေ့မြင် ရသလောက်လေ။
ပြတင်းပေါက်ကနေ ကြည့်တဲ့အခါ ကျတော့ လယ်ကွင်းထဲမှာ ကောက်စိုက် နေကြတာတွေ ကြည့်ပြီးတော့ ဟိုမှာကြည့်စမ်းတဲ့ အဲဒါမှ ဆင်းရဲသားတွေတဲ့။
အဲဒီတော့ ဆင်းရဲသားတွေက ဒီဘက် ခေတ်မှာလည်းပဲ ခံစားနေရတုန်းပဲ သူတို့တွေရဲ့ ဘ၀တွေကလည်း တိုးတက်မလာသေးဘူး ဖြစ်နေတယ်။
ခံစားနေရတုန်းပဲ ကျွန်မမြေးလေးတွေကို အဲဒီအသိလေးတွေ သင်ပေးပြောပေး နေရတယ်။
ကွန်မြူနစ်ဝါဒကလည်း တကယ်တမ်းကျတော့ လူတွေကို အကျိုးပြုတဲ့ဝါဒ တစ်ခုလို့ပဲ ဆိုနိုင်လား။
ဟုတ်တယ် ကျွန်မတို့ ယုံကြည်ချက်ကတော့ အဲဒါပဲ။ လူတန်းစားမခွဲ၊ အတန်းအစား မခွဲဘဲ တစ်ပြေးညီ အဲဒါကို ကျွန်မတို့က လူတန်းစားမခွဲတဲ့ အသိနဲ့ ကွန်မြူနစ်ဝါဒ သဘောကျတယ်။
အဲဒီတုန်းက တော်လှန်ရေးကောင်စီ တက်တော့ ဗိုလ်နေ၀င်းတို့က သူတို့က ကွန်မြူနစ်ဝါဒကိုရော ခေါင်းဆောင်ပိုင်းတွေကိုရော နှိပ်ကွပ်ပစ်တဲ့ သဘော ဖြစ်သွားတာပေါ့။
သူတို့က ကျွန်မတို့ကို ရန်သူတွေပဲ သူတို့လုပ်ချင်တာ။ သူတို့က ပါးစပ်ကပြောတဲ့ ကွန်မြူနစ် သူတို့က။ လက်တွေ့လုပ်တဲ့ ကွန်မြူနစ် မဟုတ်ဘူး။
အဲဒါဆိုရင် သူတို့က ငြိမ်းချမ်းရေးလို့ ပြောပြီးတော့ ဘာလို့ လူတွေကို ဖမ်းပြီးတော့ ထောင်ချလဲ။
ဘာငြိမ်းချမ်းရေးတုန်း။ ဘာငြိမ်းချမ်း ရေးရလဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကိုတောင်မှ —-။ ကျွန်မကို သုံးကြိမ် တိတိနော် ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးရယ်၊  သူတို့က လက်နက်ချ ၀င်လာခဲ့ပြီ။ သူတို့လိုပဲ ကျွန်မကလည်း အဲဒီဟာတွေကို လက်ခံပါတယ် ဆိုပြီး အချက်သုံးချက် ကျွန်မကို ရေးခိုင်းတယ်။ ဗိုလ်ကြီးမြတ်ကျော် ကိုယ်တိုင် လာပြီးတော့ ကျွန်မက အဲဒီချောက် အချုပ်ထဲမှာ။ ဒီဟာသုံးချက်ကို ဒေါ်နှင်းမေ လက်ခံပါတယ် ဆိုရင် ကျွန်မကို အခုလွှတ်မယ်။ တကယ်က အစစ်အမှန်မှ မဟုတ်တာဘဲ။
အန်တီ လက်မှတ်တော့ ထိုးပေး လိုက်တယ်ပေါ့။
မထိုးဘူး။ ကျွန်မ ဆင်းရဲ ဒုက္ခအရောက်ဆုံး ဖြစ်ခဲ့တာ ညောင်ငူထောင်ပဲ။
အဲဒီမှာ ဘယ်လောက်လောက် ကြာခဲ့လဲ။
ခြောက်လ။ ရွံစရာ၊ အော့နှလုံးနာစရာ အနူအကျဉ်းသားတွေနဲ့။
အဲဒီမှာ အကျဉ်းသား ဘယ်နှယောက် လောက်ရှိလဲ။ အနူအကျဉ်းသားတွေ။
အနူအကျဉ်းသားတွေကို ဖယ်ပြီးတော့ ကျွန်မ တစ်ယောက်တည်း ထားတာ။ ယောက်ျားလေးတွေ ကတော့ သူတို့ထောင်မှာ သူတို့ ရှိတယ်လေ။ မိန်းမတွေကိုတော့ ဘယ်ပို့တယ် မသိဘူး။ ကျွန်မ တစ်ယောက်တည်း။ ကျွန်မ သုံးရက် အစာအငတ်ခံတယ်။ အဲဒီထောင် ရောက်တည်းက သုံးရက် အစာငတ်ခံတာ။ အဲတော့မှ DSP အကုန်ဝင်လာတာ ထောင်ထဲကို။ ဘာဖြစ်လို့ ထမင်းမစားသလဲ ဆိုတော့ ကျွန်မလို မိန်းကလေး တစ်ယောက်ကိုဖြင့် အနူထောင်ကိုလည်း ပို့တယ်။ အဲဒီအနူတွေ ချက်တဲ့ ထမင်းတွေ၊ ဟင်းတွေ ကျွန်မကို ကျွေးခိုင်းတယ်။ ကျွန်မ အသေခံ လိုက်မယ် မစားဘူး။ အဲဒီတော့မှ သူတို့ ပျာယာခတ်ပြီး အခြေအနေကို သူတို့ သိသွားပြီလေ။ အစည်းအဝေး ထိုင်ပြီးတော့ ပြန်လာကြတယ်။ အဲဒီလိုဆိုရင် ဘယ်လို လုပ်ပေးရမလဲတဲ့။ ကောင်းပြီ ကျွန်မပြောမယ် ကျွန်မကို အိုးအသစ်၊ ပန်းကန်အသစ်၊ လူတွေ မသုံးသေးတဲ့ အသစ်ဝယ်ပြီး ဆန်ပေး ကျွန်မ ကိုယ့်ဘာသာကိုယ် ချက်စားမယ်။  ထောင်ထဲမှာ။ ကျွန်မ တံခါးအပေါက်ဝကို အမျိုးသမီး နှစ်ယောက် လာထားပေးတယ်။ သူတို့ကတော့ အနူတွေမဟုတ်ဘူး အကောင်းတွေ။ ကျွန်မ အပေါက်ဝကို အနူလာပြီးတော့ မတ်တတ် ရပ်တာကို ကျွန်မ လက်မခံဘူး။ အဲဒီလို ကျွန်မပြောတယ်။ အဲဒီတော့ သူတို့ နောက်နေ့လည်းကျရော အကုန်လုံး တစ်ခါတည်း ကျွန်မက အနူတွေ ထမ်းတဲ့ ရေဆို ထောင်ထဲ မသွင်းရဘူး။ အပြင်ကလှည်းနဲ့ တိုက်ပြီးတော့ သွင်းပေးတယ်။ အဲဒီထောင်ပိုင်က ဦးအုန်းတဲ့။ အဲဒီထောင်ပိုင် ဦးအုန်းက အင်္ဂလန် ကနေပြီးတော့ အောင်လာခဲ့တာ။ ထောင်ပိုင်သင်တန်းကို။ မြက်ပင်တွေက အဲလောက်ကြီး ရှိတာကို ငါလို့ ငါ့ အသက်ကို မသေအောင်နေမှ ငါလိုချင်တာကို ရမှာဆိုတဲ့ စိတ်ကို တင်းပြီးတော့ ကျွန်မက ထွန်ခြစ်၊ ပေါက်ပြား ကျွန်မ တောင်းတာလေ။ အကုန်ပေးတယ်။ အဲဒီမြက် ပတ်လည်ကြီးက တစ်နေ့ ကျွန်မ ဘယ်နှပေ ရှင်းမယ် ဆိုပြီးတော့ ပထမကတော့ အရှင်းမခံဘူး မလုပ်ပါနဲ့။ ကျွန်မ လက်မခံဘူး။  ကျွန်မ အဲလိုရှင်းခဲ့တာ။ ရှင်းပြီး အဲဒီအမှိုက်တွေ ပုံထားတဲ့ ဟာတွေကို ထောင်ပိုင်တွေ၊ ထောင်မှူးတွေဝင်တဲ့ တံခါးဝမှာ သွားပုံတာ။ အဲဒီ ထောင်ပိုင်က လက်ဖျားခါတယ်။ သူသာ အင်္ဂလန်မှာ ထောင်ပိုင် သင်တန်း ကျောင်းသားဘ၀နဲ့ နေလာတာ ဒီလို အမျိုးသမီးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။
ညောင်ဦး ထောင်ထဲမှာရှိတုန်းက အသက်ဘယ်နှ နှစ်လောက်ရှိပြီလဲ။
သုံးဆယ်တော့ ကျော်ပြီပေါ့။ ရီရီစိုးရော မီမီစိုးရောနှစ် ယောက်စလုံးက တောထဲမှာ ကျန်ခဲ့တာ။ ဒါကြောင့် မို့လို့သူ့အဖေက နောက်မိန်းမယူတော့ ကျွန်မဆီ စာရေးတာ သမီးနှစ်ယောက်ကို ပြုစုဖို့ရာ မရှိဘူးပေါ့။ ဒါကြောင့် မို့လို့ နောက်အိမ်ထောင် ပြုရတဲ့အကြောင်း။
လွတ်လပ်ရေး ကြိုးပမ်းတဲ့ သူတွေကို မော်ကွန်းဝင်ပေးတော့ အန်တီတို့ပါလား။
ပါတယ်။
အန်တီတို့ကို လွတ်လပ်ရေးမော်ကွန်းဝင် ပထမဆင့်ပေး လိုက်တဲ့ အခါကျတော့ ဦးနေ၀င်းက ပြေငြိမ်းတဲ့ စကားတွေ ဘာတွေ ပြောသေးလား။
ဘယ်တော့မှ အဲလိုမျိုး မပြောဘူး။ မပါဘူး။
ကျွန်တော်တို့လည်း ကြားဖူးတယ် ကွန်မြူနစ်ဝါဒက တကယ် ယုံကြည် သက်ဝင်တယ်ဆိုရင် အရိုးကတောင် တွန်တယ်လို့ ကြားဖူးတယ်။ ကွန်မြူနစ်ဝါဒကို ယုံကြည် သက်ဝင်တဲ့ သူတွေပေါ့လေ။ တိုင်းပြည် အကျိုးပြုနိုင်တဲ့ သူတွေ လက်ရှိနိုင်ငံထဲမှာပေါ့ ရှိနိုင်သေးလား။
ဒါကတော့ ကွန်မြူနစ် ၀ါဒရယ် မဟုတ်ဘူး အမှန်ကတော့ ကျွန်မတို့က ကွန်မြူနစ် ၀ါဒရယ်လိုသာ တပ်တာ ကျွန်မတို့ အကျိုးပြုချင်တာက ဆင်းရဲသားတွေကို အကျိုးပြုချင်တယ်။ ဒါပဲ။ တစ်တိုင်းပြည်လုံးက တစ်ဖက်က စားချင်တိုင်းစား၊ နေချင်သလိုနေ သဘောကျ နေကြတယ်။ တစ်ဘက်မှာ ဆင်းရဲဒုက္ခ ရောက်နေကြတယ်။ ဟိုတလောက ကျွန်မသူငယ်ချင်း၊ ဂျပန်တော်လှန်ရေး လုပ်ခဲ့တာ အတူတူ သူက အမေရိကားမှာ၊ အဲဒါ စာရေး လိုက်သေးတယ် သူငယ်ချင်းရေလို့ အခြေအနေတွေကတော့ ပြောင်းလဲသွားပြီ ဆိုပြီးတော့ အကောင်းမထင်နဲ့ လို့။  ကလေးက ဒီအိမ်က သူ့အဖေက လယ်သွားလုပ်တယ်။ ဟိုအိမ်က အဖေက ငါးသွားရှာတယ် ဆိုတော့ မအေကြီးက ကလေးလေးတွေကို နို့တိုက်ပြီးတော့ ပုခက်ထဲ ထည့်ပြီးတော့ သူ့ယောက်ျားကလည်း ပြန်မလာ။ ဒီကလေးတွေအတွက် ချက်ဖို့ရာကလည်း ဆန်ကလည်း အိုးထဲမှာ ကြည့်တော့မရှိ။ အဲဒီတော့ ငါ့သားရယ် သားတို့အတွက် ဆန်လည်းမရှိပေါ့။ မင်းအဖေလည်း ပြန်မလာဘူး။ ညတည်းကပေါ့။ သူ့သားလေးက ဘာပြော လဲ ဆိုတော့ မပီကလာ ပီကလာနဲ့ တစ်နပ်တလေ သားတို့ ငတ်ပါစေ၊ အမေမငိုနဲ့ ငတ်ပါစေ။ အဲဒီလို ပြောတဲ့ ခေတ်ကြီး ဖြစ်နေတယ် တိုးတိုးရေ ဆိုပြီးတော့ ကျွန်မသူငယ်ချင်းက တိုးတိုးလို့ ကျွန်မခေါ်တာကိုး။ ကျွန်တော်တို့ တစ်နပ်တလေ ငတ်ပါစေတဲ့ အမေမငိုပါနဲ့တဲ့။ အဲဒီလို ခေတ်ကြီး ရှိသေးတယ်။
ကွန်မြူနစ်ပါတီ စထောင်တုန်းက ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေအတွင်းရေးမှူး ပထမဆုံး လုပ်လိုက် သေးတယ်လေ။
အဲဒီတုန်းက ကျွန်မ မမီဘူး။
အဲဒီတုန်းက ဖွဲ့စည်းပုံမှာ သခင်စိုးက ဥက္ကဋ္ဌ၊ သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှူး။
ဗိုလ်ချုပ် အောင်ဆန်းတို့ အသတ်ခံရတော့ ကျွန်မတို့က သခင်ကျော်စိန် ခြံထဲမှာလေ။ သခင်ကျော်စိန် မိန်းမက သူနာပြုဆရာမ။ ကျွန်မတို့က လျှို့ဝှက် ပုန်းနေရ တယ်။ အဲဒီတုန်းက မတရားအသင်း ကြေညာ ခံထားရတာ။ အဲဒီတုန်းက သူတို့ကတော့ ထင်တာပေါ့လေ ဆိုရှယ်လစ်တွေ လုပ်တာလို့။ နောက်တော့မှ သတင်းလာတာ။
ဦးစောက ဆိုရှယ်လစ်လား။
ဦးစောက ဆိုရှယ်လစ်တွေ၊ ကွန်မြူနစ်တွေ လုံးဝမရှိဘူး။
နိုင်ငံရေး ပင်စင်တွေကော ရလား။
ရိုးရိုးပင်စင်တော့ ရပါတယ်။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် စိန်လွင်၊ ကိုတင်မြ ခေါ်သွားတာ။ အဲဒီမှာက ကိုတင်မြက ဆရာပေါ့။ ကျွန်တော်တို့ ဘယ်လောက်ပေးပေး ဒီလောက်တောထဲမှာ ဒုက္ခတွေနှင့် မလွယ် ပါဘူးတဲ့။


No comments: