Thursday, December 19, 2013
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အိုးမဲသုတ်လိုက်ခြင်း
မနက်ဖန်ထုတ်မယ့်
သတင်းစာအတွက် ခေါင်းကြီးကို ဒီနေ့ တင်လိုက်တယ်။ တရားဝင်သိသိချင်း
တုံ့ပြန်ဖို့ လိုတယ်လို့ ယူဆတဲ့အတွက် တတ်နိုင်သလောက် ချစ်ခြင်း၊
မုန်းခြင်းကင်းကင်းနဲ့ ရေးထားတယ်။
ပုံမှန်အားဖြင့် ကျနော်က ကိုယ်နဲ့ သက်ဆိုင်တဲ့ နယ်ပယ်ထဲက
လူတစ်ယောက်ယောက်ကို ထိခိုက်တာမျိုး၊ တိုက်ခိုက်တာမျိုးကို အကျိုးအကြောင်း
သေချာမသိဘဲ ရမ်းသမ်းပြီး ဘာဖြစ်ဖြစ် ကိုယ့်နယ်ပယ်ထဲကလူဖက်ကနေ မျက်စိမှိတ်
ရှေ့နေလိုက်တတ်တဲ့ အမျိုးအစားထဲမှာ မပါဘူး။ ပြောရရင်
ကျီးလိုဝိုင်းမအာတတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့နိုင်ငံမှာ
နယ်ပယ်တိုင်း လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ မသမာမှုတွေ၊
ကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိနေသေးလို့။ ကိုယ့်နယ်ပယ်မှာလည်းရှိမှာပဲ။
ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မပဲ။ တချို့ကတော့ အဲလိုမဟုတ်ဘူး။
ကိုယ့်နယ်ပယ်၊ ကိုယ့်လောကထဲက ကျင့်ဝတ်သိက္ခာမဲ့တဲ့ လူအနည်းစုအကြောင်း
ထောက်ပြမိရင်တောင် ကြားက မချိအောင်နာပြီး ကျီးများလို ဝိုင်းအာကြတယ်။
တချို့ဆို ပြောတဲ့၊ ရေးတဲ့ မီဒီယာကိုတောင် သပိတ်မှောက်ဖို့ ဆော်သြသူ၊
ဆော်သြနဲ့ အတော် တရားကျဖို့ကောင်းတယ်။ လက်ဘက်ရည်ဆိုင်မှာ မန်ယူအကြောင်း
မကောင်းပြောတဲ့သူကို ဝိုင်းရိုက်ကြသလိုပေါ့။
တကယ်တော့ မီဒီယာဆိုတဲ့ ပရောက်ဖက်ရှင်နယ်လတီ၊ ပရော်ဖက်ရှင်နယ်လစ်ဇင်၊
မီဒီယာရဲ့ တာဝန်နဲ့ ဝတ္တရား၊ မီဒီယာရဲ့ အခန်းကဏ္ဍကို ကောင်းကောင်း
သဘောမပေါက်ကြသေးတာလည်း ပါတယ်။ မပေါက်တာလည်းမပြောနဲ့ ကျနော်တို့နိုင်ငံမှာ
မီဒီယာဆိုရင် လွယ်အိတ်တစ်လုံးလွယ်၊ နာမည်ကြီး မင်းသား၊ မင်းသမီး၊
အဆိုတော်တွေနောက်လိုက်၊ ရီကော်ဒါလေးထိုးမေး၊ ပြေသမျှပြန်ရေး ဒါမှမဟုတ်
လိုတဲ့အပိုင်းလေးပဲဖြတ်ရေး၊ ပေးတာယူ၊ ကျွေးတာစား၊
ဆက်ဆံတာကောင်းရင်ကောင်းသလို၊ လိုရင် လိုသလိုရေး၊ မကောင်းရင်၊ မလိုရင်
မလိုသလို အပုတ်ချရေး၊ ကိုယ့်လောကထဲက သြဇာချင်းပြိုင်၊
အခွင့်အရေးချင်းပြိုင်နေတဲ့ သူအချင်းချင်း စာမျက်နှာပေါ်မှာ အပြန်အလှန်ခွပ်၊
ကိုယ့်ပုံ၊ ကိုယ့်အကြောင်း စာမျက်နှာတိုင်းထည့်ကြော်ငြာနေတဲ့
စာနယ်ဇင်းသမားနာမည်ခံ တွေကိုပဲ မီဒီယာသမားလို့ ထင်ကြတာကလား။ နောက်ပြီး
တခြားနိုင်ငံတွေမှာလို သတင်းစာပညာကို အလယ်တန်း၊ အထက်တန်းလောက်ကတည်းက
လူထုဆက်ဆံရေးဘာသာရပ်နဲ့ တွဲပြီး အခြေခံကစ သင်ပေးတာမျိုးမရှိတဲ့အပြင်
အစိုးရကောင်းကြောင်း၊ ဗိုလ်ချုပ်ကြီးများရဲ့ စွန့်လွှတ်စွန့်စားမှုတွေနဲ့
ရွှေပြည်တော်ကြီး သာယာဝပြောပြီး ပြည်သူလူထု ချမ်းသာပတိ
ကျန်းမာစွာရှိနေကြောင်းတွေချည်း ဖော်ပြတဲ့ ဝါဒဖြန့် မီဒီယာနဲ့ပဲ
ရင်းနှီးလာခဲ့တာကိုး။ ဒီဖက်ခေတ်ရောက်မှ သတင်းမီဒီယာတွေ အားကောင်းလာတော့
မီဒီယာကဏ္ဍကို သတိပြုမိလာကြတာ။ နောက်တော့ နည်းနည်းနေရာပိုရလာတယ်။ သြဇာလည်း
အထိုက်အလျောက်ကြီးလာတယ်။ တာဝန်ကျေတဲ့ ပရော်ဖက်ရှင်နယ် သတင်းသမားတွေလည်း
ပေါ်လာတယ်။ အဲတော့ ဘယ်သူတွေက မျက်စိပါးမွှေးစူးမလဲ တွေးကြည့်ပေါ့။ ဒီကြားထဲ
မီဒီယာခုတုံးလုပ်ပြီး အခွင့်အရေးယူချင်တဲ့သူ၊ တလွဲဆံပင်ကောင်းချင်တဲ့သူ၊
မလျော်သြဇာသုံးချင်တဲ့သူ စုန်းပြူးတချို့လည်း ရှိမှာပေါ့။ ဒါက
နယ်ပယ်တိုင်းမှာ ရှိတာပဲ။ ဆိုးတာက မီဒီယာလောကကို သိက္ခာချချင်တဲ့
ရည်ရွယ်ချက်နဲ့ တမင်ဝင်လာတဲ့သူတွေ ရှိနေတာပဲ။ အဲဒီလို မီဒီယာတွေက
သိပ်ဝေးဝေးရှာစရာမလိုဘူး။ ရဲရဲတောက် လက်သီးလက်မောင်းတန်းတာတွေ၊
အာဏာရှင်တချို့နဲ့ ခရိုနီတချို့ကို အသားလွတ် ဆော်တာ၊ နှက်တာတွေကို
မျက်နှာဖုံးမှာ ပြူးတူးပြဲတဲထည့်ပြီး ဒီမိုကရေစီ အလံလွှင့်လာတတ်တယ်။
နောက်ကွယ်က ထုတ်ဝေသူကိုသွားကြည့်တော့ ပြည်သူ့အချစ်တော်တွေထဲက ဖြစ်နေတယ်။
ဒီဖက်ပိုင်း မီဒီယာတွေ ဖော်ပြရေးသားနေတာတွေ အများစုက လွှတ်တော်၊ အစိုးရ၊
တပ်မတော်နဲ့ တခြားနယ်ပယ်တွေအကြောင်း များတယ်။ ပြောရရင် အချုပ်အခြာ အာဏာ
သုံးရပ်ထဲက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အာဏာအကြောင်းပဲ အများဆုံး
ဝေဖန်ထောက်ပြနေကြတာများတယ်။ တရားစီရင်ရေးအာဏာကို သိပ်အများကြီး
မထိကြသေးဘူး။ မထိသေးတာလည်းမပြောနဲ့ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်ရေးအာဏာ
ပါဝါပြိုင်လွန်ဆွဲတာကလည်း အတောမှ မသတ်ပဲကိုး။ အဲတော့
အကျင့်ပျက်လာဘ်စားမှုအများဆုံးလို့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့အပြင်
လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီရဲ့ ကွင်းဆင်းစစ်ဆေးမှုတွေအရ
တရားစီရင်ရေးမဏ္ဍိုင် ပြိုလဲသလိုဖြစ်နေပြီလို့တောင် ပြောယူရတဲ့အထိပဲ။ ဒါပေမဲ့
သူတို့ကံကောင်းတာက တခြားပွဲဆူစရာသတင်းတွေ တခုပြီး တစ်ခု တက်တက်လာတော့
သူတို့ဘက် မလှည့်နိုင်ဘူးဖြစ်ဖြစ်သွားတာပေါ့။ မြို့တော်စည်ပင်လည်း ဒီလိုပဲ။
သူတို့က ကြားကလွတ်နေတာ။ မီဒီယာတွေက ဘယ်လောက်ရေးရေး၊ ဘယ်လောက်အကြံပြုပြု၊
ဘယ်လောက် ထောက်ပြပြ အများစုကတော့ ပန်းပန်လျှက်ပဲ ဆိုရမလိုဖြစ်နေတယ်။
ဖြစ်တာလည်းမပြောနဲ့လေ တရားသူကြီးတချို့ဆို စစ်ဗိုလ်အကြီးအငယ်တွေ၊
အာဏာပိုင်အသစ်၊ အဟောင်းတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်သူတွေချည်းကိုး။
အဲတော့ တခါတလေစဉ်းစားမိတယ်။ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့ ဆောင်ပုဒ်က
မြန်မာပြည်ရဲ့ တခြားတခြားသော ဆောင်ပုဒ်တွေလိုပဲလို့။
အဲတော့ ဘယ်လောက် ပြုပြင်ပြောင်းလဲရေးတွေ၊ တည်ဆောက်ရေးတွေ၊ ဖြေလျော့မှုတွေ
လုပ်နေပါတယ်ပြောပြော သာမန်ပြည်သူလူထုနဲ့ နေ့စဉ်ထိတွေ့နေရတာက အောက်ခြေက
မြို့နယ်အဆင့် ဗြူရိုကရက်တွေ၊ ဗြူရိုကရေစီယန္တရားတွေနဲ့ တရားရုံး၊
တရားသူကြီးတွေနဲ့ ဥပဒေဝန်ထမ်းတွေ။ “တရားဥပဒေမျက်နှာမှ တစ်ပါး
မည်သည့်မျက်နှာကိုမျှ ထောက်ထားရန်မလို” လို့ ဆိုနိုင်တဲ့ ဥပဒေကျင့်ဝတ်တွေ၊
ကျမ်းကျိန်မှုတွေ ရှိနေပေမယ့် လက်တွေ့ ပြည်သူတွေ ရင်ဆိုင်နေရတာက အဲဒါတွေနဲ့
ဆန့်ကျင်ဘက်တွေချည်း။ အဲတော့ ကျနော်တို့ ဒီမိုကရေစီလူ့ဘောင်သစ်ကြီး၊
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး
တည်ဆောက်နေပါတယ်လို့ အသံဝင်အောင် ပြော၊ လိပ်ခေါင်းထွက်အောင် အော်နေလည်း
လက်တွေ့ မတရားခံနေရတဲ့ လယ်သမား၊ အလုပ်သမားနဲ့ အောက်ခြေပြည်သူလူထုက
ဘယ်လိုလုပ် ယုံကြည်ရမလဲ။
ဒါတွေပြောနေရင်တော့ ပြီးမှာမဟုတ်ဘူး။ တကယ်တော့ ကျနော့်ပင်ကိုယ်စရိုက်က
အခြေခံအားဖြင့် အကောင်းမြင်စိတ်ကဲတယ်။ အရာအားလုံးကို အကြောင်း၊
အကျိုးသဘောနဲ့ ဆင်ခြင်ကြည့်ဖို့ အမြဲကြိုးစားတယ်။ တတ်နိုင်သလောက် မျှတအောင်
မြင်ဖို့၊ ကြည့်ဖို့၊ ရပ်ဖို့၊ ရေးဖို့ ကြိုးစားတယ်။
သိပ်လွန်သလိုဖြစ်လာရင်တော့ ကျနော်မြင်တဲ့ ရှုထောင့်ကနေ ထောက်ပြဝေဖန်ဖို့
လက်တွန့်မနေတော့ဘူး။ အဲတော့ တခါတလေ ခပ်စူးစူး၊ ခပ်ရှရှ၊ ခပ်မာမာလေးတွေ
ဖြစ်သွားတတ်တယ်။
တကယ်တော့ ကျနော်နဲ့ ကျနော်တို့မီဒီယာအပါအဝင် ကျနော်တာဝန်ယူနေတဲ့ အများနဲ့
ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုကို လိုရင်လိုသလို ပင့်လိုက်၊ မလိုက်၊
တင်လိုက်လုပ်ပြီး မလိုရင်မလိုသလို အပုတ်ချ၊ အပြစ်တင်၊ အဆိုးပြော၊ စွပ်စွဲ၊
တိုက်ခိုက်၊ ရှုံ့ချနေတဲ့ ပုဂ္ဂိုလ်မျိုး၊ အဖွဲ့အစည်းမျိုးနဲ့
မီဒီယာမျိုးတချို့ ရှိပေမယ့်
တကယ်အရေးကြုံလာရင် မဖြစ်သင့်၊ မလုပ်သင့်တာမျိုးကြောင့်
အဲဒီတစ်ဖက်သားထိခိုက်တာမြင်ရင်၊ အဲဒီထိခိုက်မှုက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊
အဖွဲ့အစည်းတစ်ခုတည်းအတွက်မဟုတ်ပဲ နယ်ပယ်တစ်ခုလုံး ပြည်သူတစ်ရပ်လုံး၊
လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ ဆိုင်လာရင် ကျနော် အဲဒါတွေ မကြည့်တော့ဘူး။
ဖြစ်သင့်ဖြစ်ထိုက်တဲ့ဘက်တစ်ခုကနေ ရိုးရိုးသားသား ရပ်ပြီး ထောက်ပြ၊ ဝေဖန်၊
အကြံပြုတယ်။ ဒါ ကျနော်နဲ့ ကျနော့်မီဒီယာရဲ့ ရပ်တည်မှုပဲ။ အဲဒီအတွက်
ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိဘူး။ လူတစ်ဦးတစ်ယောက်၊
တစ်ဖွဲ့ထက် သန်းခြောက်ဆယ်မျက်နှာကိုပဲကြည့်တယ်။ သတင်းလွတ်လပ်ခွင့်နဲ့
သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ တာဝန်က သန်းခြောက်ဆယ်သော ပြည်သူတွေရဲ့ နား၊
မျက်စီတွေ ဖွင့်ပေးဖို့။ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ အဟန့်အတားဖြစ်လာရင်
သန်းခြောက်ဆယ်ရဲ့ နား၊ မျက်စိတွေကို ပိတ်ဖို့ ကြိုးစားလာတယ်လို့မြင်တယ်။
တစ်ဆက်တည်းမှာပဲ အဲလို ဟန့်တားဖို့ကြိုးစားနေတဲ့သူတွေက သန်းခြောက်ဆယ်ရဲ့
ကောင်းရာကောင်းကျိုးအတွက် နိုင်ငံတည်ဆောက်ရေး၊
ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး
တည်ဆောက်မှုတွေ အားသွန်ခွန်စိုက် လုပ်နေသူတွေကို မထေမဲ့မြင်ပြုလိုက်တာ။
တည့်တည့်ပြောရရင် စော်ကားလိုက်တာပဲ။
အဲဒီအတွေးနဲ့ အကြောင်းအရင်းတွေကြောင့် မနက်ဖန်ထုတ် သတင်းစာအတွက် ရေးထားတဲ့
ခေါင်းကြီးကို ဒီနေ့ ကြိုတင်လိုက်တယ်။ ဝေဖန်ဖို့၊ လွတ်လပ်စွာ
သဘောထားကွဲလွဲဖို့နဲ့ ဆင်ခြင်သတိပြုမိကြဖို့ မျှဝေပါတယ်။
ဒီမိုကရေစီကို အိုးမဲသုတ်ခြင်း
ကယားပြည်နယ်မြို့တော် လွိုက်ကော်မြို့၊ မြို့နယ်တရားရုံးသည် ပုံမှန်
သတင်းလိုက်သည့် တာဝန်ထမ်းဆောင်နေသူ Eleven Media Group မှ နယ်ခံသတင်းထောက်
နော်ခိုင်ခိုင်အေးချို(ခ)မခိုင်ကို ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၅၁)၊
အသရေဖျက်မှု (ပုဒ်မ ၅၀၀)၊ ညစ်ညမ်းစွာပြောဆိုမှု (ပုဒ်မ ၂၉၄-ခ)တို့ဖြင့်
စွဲချက်တင်လက်ခံကာ ပုဒ်မတစ်ခုချင်းစီအတွက် တစ်ပေါင်းတစည်းတည်း ထောင်ဒဏ်(၃)လ
ကျခံရန် ဒီဇင်ဘာလ(၁၇)ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
သတင်းမီဒီယာတစ်ခုတွင် သတင်းထောက်အဖြစ် ပုံမှန်သတင်းလိုက်
တာဝန်ထမ်းဆောင်နေသူတစ်ဦးကို ဤသို့သော ပုဒ်မများတပ်၍ စွဲချက်တင်ခြင်း၊
အမိန့်ချမှတ်ခြင်းမှာ မြန်မာသတင်းမီဒီယာလောကတစ်ခုလုံး၏ သတင်းသမားတာဝန်နှင့်
ဝတ္တရားများ၊ သတင်းလွတ်လပ်ခွင့်၊ ပြည်သူလူထု၏ သတင်းသိခွင့်တို့ကို
ပြောင်ပြောင်တင်းတင်း ပိတ်ပင်ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု The Voice က
ယူဆသည်။
အစိုးရနှင့် လူပုဂ္ဂိုလ်များ၏ အတင်းအဖျင်းများဖြင့် လူထုကို
ဒေါသမီးတောက်လောင်စေရန်နှင့် သက်ဆိုင်ပတ်သက်သူများ၏
ဂုဏ်သိက္ခာညှိုးနွမ်းစေရန် တမင်ရည်ရွယ်ချက်ဖြင့် ရေးသားထုတ်ဝေနေသော
ကျင့်ဝတ်သိက္ခာမဲ့ စာစောင်များကိုမူ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီထံ
ခေါင်းလွှဲသည့်သဘောဖြင့် ထိုက်သင့်သလို ဆောင်ရွက်ရန်
အသိပေးအကြောင်းကြားမှုမျှသာ ဆောင်ရွက်ခဲ့သော်လည်း ပြည်သူလူထုအား
သတင်းပြန်ကြားပေးရန် သတင်းမီဒီယာတာဝန်ထမ်းဆောင်နေသူ သတင်းထောက်တစ်ဦးကိုမူ
ကာယကံရှင်၊ သက်ဆိုင်ရာ မီဒီယာနှင့် စာနယ်ဇင်းကောင်စီတို့ထံ အသိပေး၊
ညှိနှိုင်းဖြေရှင်းခြင်းနှင့် ယဉ်ကျေးစွာ ဖြေရှင်း၍ရသော
အခြားနည်းလမ်းများစွာရှိသော်လည်း ဤသို့ တိုက်ရိုက် တရားစွဲ အရေးယူခြင်းမှာ
များစွာ တစ်ဖက်သတ်ဆန်သည့်အပြင် သတင်းမီဒီယာများအပေါ် များစွာ ရန်လိုသည့်သဘော
သက်ရောက်ကြောင်း The Voice က သုံးသပ်သည်။
ထို့အပြင် ဥပဒေဘောင်အတွင်းမှ တာဝန်ထမ်းဆောင်နေသော သတင်းမီဒီယာသမားတစ်ဦးကို
နိုင်ငံတော်နှင့် နိုင်ငံသားများအား အကာအကွယ်ပေးရန် ပြဋ္ဌာန်းထားသော
ဥပဒေများဖြင့် နိုင်ငံတော်၏ တရားရေးမဏ္ဍိုင်က ရန်လိုစွာ တရားစွဲ ထောင်ချ
အပြစ်ပေးသော လုပ်ရပ်မျိုး ယနေ့ဒီမိုကရေစီအသွင်ပြောင်းကာလတွင်
ပေါ်ပေါက်လာခြင်းမှာ များစွာသံသယဖြစ်စရာ ကောင်းပေသည်။
ယခုကဲ့သို့ သတင်းသမားတစ်ဦးအပေါ် ပြင်းထန်စွာ အရေးယူလိုက်ခြင်းသည်
မြန်မာသတင်းမီဒီယာလောကတစ်ခုလုံး၏ အခန်းကဏ္ဍ၊ ပွင့်လင်းမြင်သာမှုရှိသော
ဒီမိုကရေစီလူ့ဘောင်တစ်ခုနှင့် ယဉ်ကျေးသောလူ့အဖွဲ့အစည်းတစ်ရပ်ကို
ပြောင်ပြောင်တင်းတင်း စိန်ခေါ် ခြိမ်းခြောက်သည့် လုပ်ရပ်တစ်ခုဖြစ်သည့်အပြင်
လက်ရှိအာဏာသုံးရပ်အပါဝင် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် တပ်မတော်တို့
အကောင်အထည်ဖော်နေသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို
အိုးမဲသုတ်လိုက်ခြင်းဟု The Voice က ရှုမြင်သည်။
အယ်ဒီတာ(၁၉-၁၂-၂၀၁၃)
Labels:အတိတ်က မြိတ်သမိုင်း
အယ်ဒီတာအာဘော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment