Thursday, December 26, 2013

မော်ကွန်း မဂ္ဂဇင်း မှ အင်တာဗျူး-ခင်မမမျိုး

မော်ကွန်း မဂ္ဂဇင်း မှ အင်တာဗျူး-

(၁) ယခုလက်ရှိ အစိုးရသက်တမ်းမှာ ဘာတွေအပြောင်းအလဲလုပ်နိုင်ခဲ့

ပြီးတော့ ဘာတွေက စိန်ခေါ်မှုတွေအဖြစ် ကျန်နေသေးလဲဆိုတာ အရင်ဆုံး သုံးသပ်ပေးပါခင်ဗျာ။

ဖြေ။  ။ ယခုလက်ရှိအစိုးရသက်တမ်းမှာ နိုင်ငံရေးဖြေလျှော့မှု (political liberalization) ကို စတင်အကောင်အထည် ဖော်ဆောင်ခဲ့ပါတယ်။ Political Liberalization ဆိုတာ အာဏာရှင်တို့ဘက်မှ လူမှုလွတ်လပ်ခွင့်များကို စတင်ခွင့်ပြုပေးခြင်းနှင့် ဖိနှိပ်မှုများ လျှော့ချခြင်း (ease of repression) လုပ်ခြင်းများကို ဆိုလိုပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ စိန်ခေါ်မှုတွေ အများအပြား ရှိပါတယ်။ political liberalization ကို အကောင်အထည်ဖော်ခဲ့တဲ့ နိုင်ငံအများစုမှာ civil society အဖွဲ့ အများစုကို အာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားပါတယ်။ လူ့အဖွဲ့အစည်းအတွင်းမှာ civil society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့် အဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနဲ့ လူပုဂ္ဂိုလ်များဟာ အာဏာရှင်တို့နဲ့ ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမယ့် အခြေအနေရှိမရှိကို အကဲဖြတ်လေ့ရှိပါတယ်။ အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပပြီး နိုင်ငံတကာ ရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများရဲ့ ရပ်တည်မှုကို ထိခိုက်လာနိုင်မယ်လို့ ယူဆပါက public space ကို ပြန်လည်ကန့်သတ်လေ့ရှိပါတယ်။ ဒါက civil soceity ဆိုင်ရာ စိန်ခေါ်မှုဖြစ်ပါတယ်။ ဒုတိယစိန်ခေါ်ချက်ကတော့ နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ စိန်ခေါ်မှု ဖြစ်ပါတယ်။ ဖံွ့ ဖြိုးဆဲနိုင်ငံများရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ရှေးနှစ်ပေါင်းများစွာကပင်“
patrimonialism” ဆိုသော သဘောတရားက လွှမ်းမိုးထားပါတယ်။“patrimonialism” ဆိုတာ နိုင်ငံရေးခေါင်းဆောင်များက အလုပ်အတူ တွဲလုပ်ရမယ့် နိုင်ငံရေးခေါင်းဆောင်ငယ်များ၊ အုပ်ချုပ်ရေး ၀န်ထမ်းများကို သူတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်း အတွင်းမှ မိသားစုဝင်များနဲ့ ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသူဟု ယူဆထားသူ များကိုသာ ရွေးချယ်တာဝန် ပေးအပ်ခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးရာများမှာ အရည်အသွေးက အဓိကမကျပဲ မည်သူ့သားသမီး၊ မည်သူ့ဆွေမျိုးသားချင်း ဆိုတာက အရေးပါလာပါတယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများကသာ များပြီး၊ ဝေဖန် ပိုင်းခြားဥာဏ်ဖြင့် သတိပေးနိုင်သူများက အနီးတွင် မရှိတဲ့အခါ ခေါင်းဆောင်များရဲ့ ငါတကော ကောကာ လုပ်ဆောင်မှုများ ပေါ်ထွက်လာတတ်ပါတယ်။တတိယစိန်ခေါ်မှုကတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်ချက် ဖြစ်ပါတယ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းမှာ economic liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်ပါတယ်။ အသွင်ပြောင်းကာလ စီးပွားရေး အခြေအနေကို မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် လိုအပ်ပါတယ်။ Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရပြီး၊ supplier-buyer relationship ကို ဖရိုမရဲ မဖြစ်စေရန် ထိန်းကျောင်းပေးရန် လိုအပ်ပါတယ်။အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ အရေးကြီးသော ဧရိယာ သုံးမျိုးဖြစ်တဲ့ liberalization of internal markets, liberalization of external markets, privatization and restructuring စသည်တို့မှာ သင့်လျော်သော မူဝါဒများ ချမှတ်ရန် လိုအပ်ပါတယ်။ အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ နှစ်မျိုးဖြစ်တဲ့ shock therapy နှင့် gradual reform strategy တို့အနက် အချိန်ကာလနဲ့ ကိုက်ညီတဲ့ မဟာဗျူဟာကို ရွေးချယ်နိုင်မှုကလည်း အရေးကြီးပါတယ်။

(၂) လာမယ့် ၂၀၁၄ နိုင်ငံရေးအခင်းအကျင်းမှာ အစိုးရအတွက် အဓိကစိန်ခေါ်မှုက ဘာဖြစ်မလဲ။ အရေးတကြီးဖြေရှင်းရမယ့် ပြဿနာက ဘာတွေဖြစ်မလဲ။

ဖြေ။   ။ အစိုးရအတွက် အဓိက စိန်ခေါ်မှုကတော့ ရွှေသမင်ဘယ်ကထွက်၊ မင်းကြီးတာကထွက် ဆိုသလို ယခင်အာဏာရှင်အစိုးရ အဆက်ဆက်က အမွေပေးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပြဿ
နာတွေ၊ လယ်ယာမြေသိမ်းဆည်းထားမှုပြဿနာတွေ၊ စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးဖျက်ဆီးထားမှု ပြဿနာတွေ၊ စစ်မှန်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲထားမှု အားနည်းခဲ့ခြင်း ပြဿနာတွေ၊ ပြည်တွင်းစစ်ပြဿနာတွေ၊ နိုင်ငံ့ဝန်ထမ်း တပ်မတော်သားတွေကို လွှတ်တော်ထဲ ထည့်သွင်းထားခဲ့တဲ့ ပြဿနာတွေ စတဲ့ အမွေဆိုး စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ အရေးတကြီးဖြေရှင်းရမယ့် ပြဿနာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။- NLD နဲ့ အခြားနိုင်ငံရေးအင်အာစုဖြစ်တဲ့ ၈၈ မျိုးဆက်တွေအတွက်စိန်ခေါ်မှုတွေကရော ဘာတွေဖြစ်မလဲ။ဒီချုပ်နဲ့ ၈၈ မျိုးဆက်တွေအတွက် စိန်ခေါ်မှုတွေကတော့ ကွဲပြားမှုတွေကို ခြားနားမှုဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခံရပြီး အင်အားစုများ ဖြိုခွဲခံရခြင်း၊ ခေါင်းဆောင်များရဲ့ ကိုယ်ရေးကိုယ်တာရေးရာများကို တိုက်ခိုက်ခံရခြင်း၊ လှုပ်ရှားဆောင်ရွက်မှုများမှာ အနှောင့်အယှက်ပေးခံရခြင်း၊ လူထုနဲ့ အင်အားစုများအကြား အထင်အမြင်လွဲနိုင်စေသော သတင်းစကားများ ဖြန့်ဝေခံရခြင်း၊ နိုင်ငံရေးဘောင်များ တဘက်သတ်ရေးဆွဲချမှတ်ပြီး နည်းမျိုးစုံသုံး၍ ပါဝင်လာစေရန် သိမ်းသွင်းခံရခြင်း စတာတွေ ဖြစ်ပါတယ်။-

 (၃) အကြီးဆုံးအတိုက်အခံအင်အားစုဖြစ်
နေတဲ့ NLD ကလည်း အခြေခံဥပဒေပြင်ဆင်မယ်လို့ ပြောနေတာကရော ဘယ်လောက်အထိခရီးရောက်နိုင်ပါသလဲ

ဖြေ။   ။ အခြေခံဥပဒေပြင်ဆင်ဖို့အရေးမှာ ဒီအခြေခံဥပဒေဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရေးအတွက် အရေးကြီးသော အုတ်မြစ်တခုရဲ့ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူးဆိုတာကို တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးသာမက စစ်တပ်ကပါ သိရှိပြီး၊ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပူးပေါင်းပါဝင်လာမယ်ဆိုရင် ခရီးအတော်ပေါက်သွားမှာ ဖြစ်ပါတယ်။-

(၄)  လွှတ်တော်ဥက္ကဌကြီးကလည်း သမ္မတဖြစ်ချင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဖြစ်ချင်တယ်လို့ ပေါ်ပေါ်တင်တင်ပြောထားကြတော့ သူတို့ရဲ့ ဆန္ဒတွေကရော လက်တွေ့မှာ တစ်ထပ်တည်းကျနိုင်ပါ့မလား။

နိုင်ငံရေးပါတီတိုင်းဟာ နိုင်ငံရေးနှစ်မျိုးကို လုပ်ဆောင်ကြရပါတယ်။ ပထမနိုင်ငံရေးက ပါတီနိုင်ငံရေး (နိုင်ငံရေးအာဏာ ရယူရန် ကြိုးပမ်းမှု) ဖြစ်ပြီး၊ ဒုတိယနိုင်ငံရေးကတော့ အမျိုးသားနိုင်ငံရေး (အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်မှု) ဖြစ်ပါတယ်။ ဦးရွှေမန်းကလဲ ပါတီတရပ်ရဲ့ အကြီးအကဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလဲ ပါတီတရပ်ရဲ့ အကြီးအကဲဖြစ်ပါတယ်။ ပါတီများရဲ့ အကြီးအကဲများအနေနဲ့ သက်ဆိုင်ရာပါတီကို ရွေးကောက်ပွဲမှာ လူထုက ရွေးချယ်ရင် အစိုးရအကြီးအကဲအနေနဲ့ အစိုးရအဖွဲ့ဖွဲ့ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတဖြစ်ချင်တယ်လို့ ပေါ်ပေါ်တင်တင်ပြောထားကြခြင်းဟာ ဆန္ဒမဟုတ်ပဲ၊ ပြောကို ပြောရမယ့် တာဝန်ဝတ္တရားဖြစ်ပါတယ်။ အခြားပါတီများမှ အကြီးအကဲများကလဲ ပေါ်ပေါ်တင်တင် ထပ်ပြောကြဖို့ လိုအပ်ပါတယ်။ ဒါက ပါတီအကြီးအကဲတိုင်းရဲ့ တာဝန်ပါ။ လက်တွေ့နဲ့ တထပ်တည်းကျနိုင်ပါ့မလား ဆိုတာကတော့ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲပေါ်ထွက်လာခြင်း၊ လူထုမှ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ရှိခြင်း၊ ဖိနှိပ်ချုပ်ခြယ် မဲလိမ်မဲခိုးမှုနှင့် တိုက်ခိုက်မှုများ ကင်းမဲ့ခြင်း ဆိုတာတွေပေါ်မှာ မူတည်လာမှာ ဖြစ်ပါတယ်။-

 (၅) သူတို့ထဲကတစ်ယောက်ယောက်သမ္မတဖြစ်
သွားရင်ရော နိုင်ငံတော်က တကယ်ပဲ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အဆင်ပြေပြေရောက်သွားနိုင်ပါသလား

ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့က ဒီမိုကရေစီ စံနှုန်းစံထားများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စစ်တပ်ကို အရပ်သားမှ ထိန်းချုပ်အမိန့်ပေးနိုင်ခြင်း (Democratic Civilian Control)၊ ဒီမိုကရေစီ အတွေးအခေါ်များအပေါ် အခြေခံသော ဒီမိုကရေစီယဉ်ကျေးမှု အကောင်အထည်ဖော်ဆောင်ခြင်း စတာတွေအပေါ် မူတည်ပါတယ်။ -

 (၆) ၂၀၁၄ မှာ အာဆီယံဥက္ကဌ လည်းလုပ်ရမယ်ဆိုတော့ အဲဒီအခြေအနေက နိုင်ငံအတွက် ဘာတွေရလာနိုင်ပါသလဲ။ ဘယ်ဟာတွေကိုသတိထားဖို့ လိုပါမလဲ။

အာဆီယံနဲ့ ပတ်သက်ပြီး ဒေသတွင်းနိုင်ငံရေး၊ စီးပွားရေးရာ ကိစ္စတွေကို ထိရောက်စွာ ဦးဆောင်နိုင်မယ် ဆိုရင်တော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ တက်လာမှာ ဖြစ်ပါတယ်။ ဦးဆောင်နိုင်ခြင်း မရှိရင်တော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ သတိထားဖို့ကတော့ အာဆီယံဆိုတာ မြန်မာပြည်တခုတည်း မဟုတ်ဘူး ဆိုတာပါပဲ။ တိုင်းပြည်အုပ်ချုပ်ရေး နားမလည်ပဲ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်ခြင်း၊ စီးပွားရေးမူဝါဒတွေ နားမလည်ပဲ စိတ်ထဲတွေ့ကရာ မူဝါဒများ ချမှတ်ခြင်း၊ ပညာရေးမူဝါဒတွေကို နားမလည်ပဲ စမ်းသပ်ပညာရေး စနစ်များ ကျင့်သုံးခြင်း ဆိုတာကို သည်းခံခြင်းတရား မြင့်မားတဲ့ မြန်မာပြည်သူပြည်သားတွေကသာ လက်ခံပေးနေကြပေမယ့်၊ နိုင်ငံတကာ ဇာတ်ခုံကတော့ လက်ခံမှာ မဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ။ တိုင်းပြည်ဂုဏ်ကို မဆောင်နိုင်ရင်တောင် မကျဆင်းသွားအောင် အထူးဂရုပြုဖို့ လိုအပ်ပါလိမ့်မယ်။-

 (၇) ယခင်အစိုးရလက်ထပ်ကတည်းက သဘောထားတင်းမာတဲ့ ၀န်ကြီးတွေလည်း အခုထိအားကောင်းနေတုန်း၊ အစိုးရသစ်ကိုလည်း အကြပ်အတည်းဖြစ်အောင်လုပ်ဆောင်ေ
နတယ်လို့ အချို့ကလည်း သုံးသပ်တာတွေရှိနေတယ်။ သူတို့ရဲ့အနေအထားကရော စိုးရိမ်စရာဘယ်လောက်ရှိမလဲ

။နိုင်ငံရေးအသွင်ကူးပြောင်းမှု
တိုင်းမှာ သဘောထားတင်းမာသူနဲ့ သဘောထားပျော့ပြောင်းသူတွေ ပေါ်ထွက်လာစမြဲပဲ ဖြစ်ပါတယ်။ အစိုးရသစ်က သဘောထားပျော့ပြောင်းမှုကြောင့် ပေါ်ထွက်လာတာလား၊ သဘောထားတင်းမာသူတွေကပဲ နောက်ကွယ်က ဆက်လက်ကြိုးကိုင်ထားပြီး၊ နိုင်ငံတကာ ဖိအားလျော့လာအောင် မျက်လှည့်ပြခြင်းလားဆိုတာ လက်ရှိအစိုးရသစ်မှာ တာဝန်ထမ်းဆောင်နေသူများ ကိုယ့်ဘာသာကိုယ် အသိဆုံးဖြစ်ပါလိမ့်မယ်။ အမှန်တကယ် သဘောထားပျော့ပြောင်းမှုကြောင့် ပေါ်ထွက်လာတာဆိုရင်တော့ ဒီမိုကရေစီ မဟာမိတ်များဖွဲ့ပြီး၊ သဘောထား တင်းမာသူများဘက်မှ အားလျော့လာအောင် ကြိုးပမ်းသင့်ပါတယ်။ ဒါမှလဲ အကြပ်အတည်းများကို ထိရောက်စွာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

(၈)  ပြီးခဲ့တဲ့နှစ်ကစပြီး အရှိန်ပြန်ရလာတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေရဲ့ ဇစ်မြစ်တွေကိုရော အစိုးရအနေနဲ့ ထိန်းနိုင်ပါ့မလား။  “နောက်ကွယ်မှ အင်အားစုများ” ရှိနေတယ်လို့လည်း သမ္မတရဲ့ အမည်မဖော်လိုတဲ့ အကြံပေးတစ်ဦးကလည်းပြောထားတော့ သူတို့ရဲ့စိုးရိမ်စရာအနေအထားကို
လည်း သုံးသပ်ပေးပါဦး။

ပဋိပက္ခတိုင်းမှာ ဖြစ်ပွားရတဲ့ အကြောင်းရင်းများ ရှိသလို၊ ကြီးထွားလာအောင် လုပ်ဆောင်တဲ့ အင်အားစုများလဲ ရှိတတ်လေ့ ရှိပါတယ်။ အမည်မဖော်လိုသော အကြံပေးပြောထားတဲ့ နောက်ကွယ်မှ အင်အားစုများ ဆိုတာက ဘယ်သူတွေလဲဆိုတာ တိကျခြင်း မရှိတဲ့အတွက် စိုးရိမ်စရာ အနေအထားကို သုံးသပ်ပေးဖို့ ခဲယဉ်းပါတယ်။-

(၉)  ဒီမိုကရေစီစနစ်ကိုသွားဖို့ လက်ရှိအခြေအနေမှာ တပ်မတော်က ဘယ်လိုကဏ္ဍမှာရှိနေပြီး ဘယ်လောက်အရေးကြီးနေသလဲဆိုတာလေး
လည်း ဒေါ်ခင်မမမျိုးရဲ့အမြင်ကို သိပါရစေ။

ဒီမိုကရေစီ စနစ်ကို သွားရမှာ တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေး အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ ဒီကဏ္ဍမှာ တပ်မတော်က ရှိနေပြီး၊ ဒီမိုကရက်တစ် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး တည်ဆောက်ဖို့ လိုအပ်ပါတယ်။

လက်ရှိအခြေအနေမှာ တပ်မတော်က ဒီလို အခန်းကဏ္ဍမှာ မဟုတ်ပဲ ပါတီနိုင်ငံရေးရဲ့ နေရာဖြစ်တဲ့ လွှတ်တော်ထဲမှာလဲ ပါဝင်နေပါတယ်။ အရပ်သား ကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်ပေးမှုအောက်မှာ တပ်မတော်အကြီးအကဲက မရှိနေပဲ၊ တပ်မတော်အကြီးအကဲက ကာကွယ်ရေးဝန်ကြီးကို ပြန်ခန့်ထားတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့် အခန်းကဏ္ဍထဲလဲ ပါဝင်နေပြန်ပါတယ်။ ဒါက အာဏာရှင် ပီနိုချေးလုပ်ဆောင်ခဲ့ဖူးတဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပုံဖျက်ခြင်း ဖြစ်ပါတယ်။ တပ်မတော်သားများအနေနဲ့ ဒီလိုပုံဖျက်ထားမှုဟာ ဒီမိုကရေစီစနစ်ရဲ့ အဟန့်အတားဖြစ်နေတယ်ဆိုတာကို သိမြင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလိုသိမြင်လာပြီး၊ တပ်မတော်ရဲ့ နိုင်ငံတော်ကာကွယ်ရေး အခန်းကဏ္ဍမှာ ပြန်ရှိသွားမယ်ဆိုရင် တပ်နဲ့ပြည်သူ မြဲကြည်ဖြူပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ဆောက်သွားနိုင်မှာ ဖြစ်ပါတယ်။-

(၁၀)  လောလောဆယ်မှာ အရင်က စစ်အာဏာရှင်တွေရဲ့ မြေးတွေလည်း အပြင်ပြန်ရောက်လာပြီ။ သူတို့နဲ့ အနေနီးခဲ့တဲ့ ယခင်ထောက်လှမ်းရေးအကြီးအကဲနဲ့ နောက်လိုက်အချို့လည်း အပြင်မှာရှိနေပြီဆိုတော့ သူတို့ကရော နိုင်ငံရေးအခင်းအကျင်းထဲမှာ ဘယ်လိုပုံစံနဲ့ပါလာနိုင်ပါသလဲ။

 ဦးခင်ညွန့်ကတော့ သူနိုင်ငံရေးမလုပ်တော့ပါဘူးလို့ သူ့အင်တာဗျူးစာအုပ်မိတ်ဆက်ပွဲမှ
ာတော့ တရားဝင်ပြောသွားတယ်။ပထမလူတွေကတော့ တရားဝင်မပြောကြသေးတဲ့အတွက် ခန့်မှန်းဖို့ ခက်ပါတယ်။ ၂၀၁၄ ထဲမှာ လှမ်းလာမယ့် ခြေလှမ်းတွေကို စောင့်ကြည့်ရဦးမှာပါ။ ဦးခင်ညွန့်က တရားဝင်ပြောသွားတာကိုတော့ ဂျာနယ်ထဲမှာ ဖတ်လိုက်ရပါတယ်။-

 (၁၁) ခရိုနီလို့ အများကပြောနေကြတဲ့ အရင်စစ်အစိုးရခေတ်မှာ တဟုန်ထိုးကြီးပွားလာခဲ့တဲ့သူတွေ
ရဲ့ သက်ရောက်မှုရော ဘယ်လောက်အရေးပါမလဲခင်ဗျ။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အရင်းအမြစ် ခွဲဝေမှုက ၈၀-၂၀ သဏ္ဍာန် ဖြစ်နေပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးအရင်းအမြစ်နဲ့ ပိုင်ဆိုင်မှုရဲ့ ၈၀ ရာခိုင်နှုန်းက ခရိုနီတွေ၊ အာဏာရှင်ဟောင်းတွေ နဲ့ အငြိမ်းစားအရာရှိများ လက်ထဲမှာပါ။ ဒီလူတွေက ၂၀ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကတော့ ၈၀ ရာခိုင်နှုန်းသော မိဘပြည်သူများရဲ့ လက်ထဲမှာပါ။ ဖွံ့ဖြိုးတိုးတက်မှုဆိုတာက စီးပွားရေး တန်းတူညီမျှမှု (economic equality) ပေါ်မှာလဲ မူတည်တာဖြစ်ပါတယ်။ ဒါကြောင့် ၈၀-၂၀ သဏ္ဍာန်ဟာ စီးပွားရေး တန်းတူညီမျှမှု မရှိခြင်း (economic inequality) ဖြစ်စေပြီး၊ တိုင်းပြည်ဖွံ့ဖြိုးရေးကို နှောင့်နှေးစေတဲ့ သက်ရောက်မှု ထွက်လာမှာ ဖြစ်ပါတယ်။

(၁၂)  ဒီမိုကရေစီစနစ်ကို ပီပီပြင်ပြင်သွားနိုင်ဖို့ ပြည်သူတွေအနေနဲ့ရော ဘယ်လိုအခန်းကဏ္ဍတွေကနေ ပါသင့်တယ်၊ ဘယ်လိုပုံစံမျိုးနဲ့ပါသင့်တယ်ဆိ
ုတာလည်း ပြောပေးပါဦး

။နိုင်ငံသားတယောက်ဟာ နိုင်ငံရဲ့ vision ကို သိမြင်နားလည်ရမှာဖြစ်ပါတယ်။ အမျိုးသားအကျိုးစီးပွားကို နားလည်ပြီး ကာကွယ်စောင့်ရှောက်တတ်ရပါမယ်။ နိုင်ငံတော်အစိုးရ အုပ်ချုပ်သူများရဲ့ မူဝါဒတွေကို ဆန်းစစ်ဝေဖန်နိုင်စွမ်း ရှိရပါမယ်။ အများပြည်သူရဲ့ အကျိုးစီးပွားနဲ့ ကိုယ်ပိုင်အကျိုးစီးပွား ယှဉ်တွဲလာ တဲ့အခါမှာ အများပြည်သူအကျိုးစီးပွားကို ဦးစားပေးလိုတဲ့ civic virtue  ရှိရပါမယ်။ ဒီမိုကရေစီစနစ်ရဲ့ civic virtue ဆိုတာမှာ Civic dispositions            (ဒီမိုကရေစီ စနစ် ထွန်းကားရှင်သန်ရေးကို ဆောင်ရွက်လိုသော နိုင်ငံသားအမြင်၊ အလေ့အထနှင့် စိတ်ထားများ ရှိခြင်း) နဲ့ Civic commitments (ဒီမိုကရေစီစနစ်၏ အခြေခံ တန်ဖိုးများနှင့် စည်းမျဉ်းများအပေါ်တွင် အလေးပေးအာရုံစိုက်မှု)  ဆိုတာတွေ ပါဝင်ပါတယ်။ဒီမိုကရေတစ် နိုင်ငံသားတွေဟာ မူဝါဒရေးရာတွေမှာ ကျွမ်းကျင်ပညာရှင်ဖြစ်စရာ မလိုဘူး ဆိုပေမယ့် နိုင်ငံရေးရာနဲ့ပတ်သက်ပြီး reasonable civic judgement ကို လုပ်နိုင်မယ့် အခြေခံ ဗဟုသုတနဲ့ အရည်အချင်းကိုတော့ နိုင်ငံသားတိုင်း ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒါကြောင့် civic virtue ရှိလာအောင် လေ့လာသင်ယူဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီစနစ်ဆိုင်ရာ အသိပညာဗဟုသုတများကိုလဲ နားလည်ကျွမ်းကျင်သူများက ပြန်လည်မျှဝေပေးပြီး၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အတူတကွ ၀ိုင်းဝန်းတည်ဆောက်ကြဖို့ လိုအပ်ပါတယ်။

ခင်မမမျိုး

No comments: