Monday, December 23, 2013

“ကြင်ကြင်”

December 23, 2013 at 3:15pm
          အိမ်ဖော်၊ ဒရိုင်ဘာ၊ မာလီ၊ ထမင်းချက်ဆိုတာမျိုးဟာ ပြည့်စုံလာတဲ့အိမ်ထောင်စုတွေအတွက် တီဗီ၊ ရေခဲသေတ္တာ၊ အဲယားကွန်း၊ အ၀တ်လျှော်စက်တို့လို မရှိမဖြစ်လိုအပ်သော ခန်းဝင်အသုံးအဆောင်လူသားများ ဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ ကျေးတွေကျွန်တွေ ပုံစံမျိုးနဲ့ ရှိခဲ့ကြပေမယ့် ခေတ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း လိုအပ်ချက်အရ အိမ်အကူလုပ်သားအဖြစ်နဲ့ ဆက်လက်တာဝန်ထမ်းဆောင်နေရဆဲပါပဲ။ ကွန်မြူနစ်နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်တို့၊ ရုရှားတို့မှာတောင် မကင်းနိုင်ဘူး။ အနောက်နိုင်ငံတွေမှာဆိုရင်တော့ ခါးစည်းအေပရွန်အဖြူ၊ ခေါင်းဆောင်းအဖြူကလေးနဲ့ မျက်စိထဲမြင်ယောင်မှတ်မိစေတဲ့ ယူနီဖောင်းကလေးတောင် ဆင်ထားသေး။ အာဖရိကတိုက်က လူမည်းတွေအများစုဟာ အဲသည်လုပ်သားဈေးကွက်ကြီးရဲ့ လိုအပ်ချက်အရ ဖမ်းဆီးကုန်ကူးရောင်းချခြင်း ခံကြရတာပေါ့။ “Gone with the wind” ဇာတ်ကားထဲမှာဆို စကားလက်အိုဟားရားကို မြီးကောင်ပေါက်အရွယ်ကတည်းက ဂါဝန်ခါးစည်းကြိုးကလေး တင်းနေအောင် ချည်ပေးခဲ့တဲ့ မာမီကပ္ပလီကြီး မှတ်မိတယ် မဟုတ်လား။ အနောက်တိုင်းယဉ်ကျေးမှုနယ်ပယ်မှာတောင် သူတို့တတွေကို ဖယ်ထားလို့ မရခဲ့ဘူး။ သမိုင်းမှာလည်း တူတူပဲ။ အေဘရာဟင်လင်ကွန်းကြီးလက်ထက်မှာ အမေရိကန်တောင်ပိုင်းနဲ့ မြောက်ပိုင်း စစ်ဖြစ်ကြရတာဟာ ကျွန်တွေကို မတရားဖိနှိပ်ရာက အစပြုတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြောချင်သေးလား။ မာတင်လူသာကင်းဆိုတာ လူမည်းတွေအတွက် ကျွန်တွေအတွက်၊ တန်းတူအခွင့်အရေး ရှိသင့်တယ်လို့ အဲသည်အချိန်တုန်းက ဘုရားမကြိုက်တဲ့ အတွေးအခေါ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်သွားခဲ့သူပေါ့။

            လူသားအချင်းချင်း သာတူညီမျှတဲ့ အခွင့်အရေးတွေ ရသင့်တယ်လို့ ချွင်းချက်မရှိ သဘောတူလာခဲ့တဲ့ သည်ကနေ့ခေတ်မှာတော့ ထိုထိုဆိုအပ်ခဲ့ပြီးသော အိမ်အကူလုပ်သားများကို အခြားအခြားသော အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်က ကာယဥာဏလုပ်သားများနဲ့ တန်းတူရည်တူထား စဉ်းစားပေးခဲ့ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘ၀မှာ သူတို့ကို ကိုယ်နဲ့တန်းတူထား စဉ်းစားပေးနိုင်ဖို့ဆိုတာကတော့ အိပ်မက်တောင် မက်လို့မရပါဘူး။ ကိုယ့်အိမ်ကိုယ့်စည်းကမ်းနဲ့ အိမ်ရှင်စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ခြေ/ဥကို ဘာအကြောင်းပြချက်နဲ့မှ ပြင်ဖို့ မစဉ်းစားနဲ့။ သူ့ဆန်စားထားတယ်။ ရဲရဲ မရဲရဲ ရဲ။ ဘယ်လောက်ပဲ သဘောကောင်းလို့ အဆင့်အတန်း မခွဲခြားပါဘူး ဆိုတဲ့အိမ်ပဲဖြစ်ဖြစ်၊ သူတို့သုံးဖို့အိမ်သာကသပ်သပ်၊ သနပ်ခါးကျောက်ပျဉ်ကသပ်သပ်၊ သီးသန့်နေစရာ တန်းလျားကလေးပေးရင်တောင် တော်တော်ကံကောင်းလှပြီ။ သူနေတဲ့အိမ်အဆင့်အတန်းကိုလိုက်လို့ အ၀တ်အစားကလေး မညှိုးမနွမ်းရအောင် ဆင်တာတော့ ဆင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကြမ်းတပြေးတည်းအတူထိုင်ဖို့တောင် မသင့်တော်ဘူးလို့ ခံစားကြလိမ့်မယ်။ တကယ်လည်း မသင့်တော်တာအမှန်ပါ။ အိမ်ရှင်ဦးဦးက သမီးသမီးနဲ့ အရေးပေးဆက်ဆံတာမြင်ရုံနဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် သည်လူကြီးခြေတော်တင်နေပြီလို့ မပြေးသော်ကန်ရာရှိ သင်္ကာမကင်းဖြစ်ပလိုက်ပြီ။ ဒါကြောင့် သူတို့နဲ့အိမ်ရှင်ဆက်ဆံရေးဟာ တခြားသောလုပ်ငန်းခွင်က အလုပ်ရှင်အလုပ်သမား ဆက်ဆံရေးလို ဒွေးရောယှက်တင် နေလို့မရဘူး။ စည်းတစ်ခုခြားနေရတယ်။ မဟုတ်ရင် ကိုယ်တွေက ဘာမှမဖြစ်တောင် စောစောကပြောသလို မသင့်တော်လို့။

             ဘယ်လိုပဲ စဉ်းစားစဉ်းစား၊ အိမ်ဖော်အလုပ်ဆိုတာ အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ ပါးစပ်က ကြွေးကြော်နေပေမယ့်လည်း အင်မတန်အောက်ကျနောက်ကျ မျက်နှာငယ်ရတဲ့ အသက်မွေးဝမ်းကျောင်းမှု တစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းသဘောသဘာဝအရ ဤသို့ဤနှယ် ရှိရတဲ့အထဲ လူသားများရဲ့ ပွေလီသောစိတ်နေစိတ်ထားများကြောင့် သူတို့ဘ၀များဟာ လူမပီသတော့လောက်အောင်ကို နှိမ့်ချအနိုင်ကျင့်ခြင်းခံရတတ်ပါတယ်။ ဒါကတော့ အိမ်ရှင်ရဲ့ စိတ်နေစိတ်ထားနဲ့ပဲ ဆိုင်ပါတယ်။ တောကမရှိဆင်းရဲတဲ့ ကလေးအရွယ် လူမမယ်ကလေးတွေကို ကြိမ်တ၀င့်ဝင့်နဲ့ မသေရုံကျွေးပြီး ကုတင်ပေါ်က ခြေထောက်တွဲလောင်းချလိုက်ရင် ဖိနပ်လာစီးပေးခိုင်းတဲ့၊ တီဗီကြည့်ရင် ဘေးနားက ယပ်တောင်တချောင်းနဲ့ တဖြတ်ဖြတ်ထိုင်ယပ်ခတ်ခိုင်းတဲ့ ဘုရားအကျယ်ကြီး အော်ရှိခိုးတတ်သူ အထည်ကြီးပျက်များလည်း မြင်ဖူးပါတယ်။ ဆယ်နှစ်မပြည့်သေးတဲ့ ကလေးမလေးကို မတော်တလျော် မဟားဒယားလုပ်ပြီး ရိုက်နှက်နှိပ်စက်ထားလို့ သွေးခုနှစ်လုံးသွင်းရတဲ့ မတရားမှုကိုလည်း ၁၉၉ ခေါ်ဖူးပါတယ်။ မြန်မာရုပ်ရှင်ဒရာမာတွေထဲမှာဆိုရင် သူတို့ဇာတ်လမ်းတွေ မကြည့်ချင်မှအဆုံး။
သင့်တင့်လျှောက်ပတ်သော ဥပဒေဖြင့်ကာကွယ်ပေးမှုဆိုတာက ပြည်တွင်းမှာတောင် ကျားရဲရာ ကြမ္မာ မရိုးသာဖြစ်နေတာ။ သူများရပ်ရွာ သူများတိုင်းပြည်ဆိုရင်တော့ ပြီးပါလေရော။ သူတို့ရဲ့ လုံခြုံရေး လူ့အခွင့်အရေးအတွက်ဆိုတာက သူတို့ကိုယ်တိုင် အသိစိတ်ကလေးနဲ့ ကာကွယ်စောင့်ရှောက်နိုင်မှသာ စိတ်ချရပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကျတော့ သူတို့ကိုယ်တိုင်တောင် ငါတို့အလုပ်လုပ်နေရပါကလားလို့ နားလည်နိုင်လိမ့်မယ် မထင်ပါဘူး။ ငါတို့မှာ စားစရာနေစရာ မရှိလို့ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတို့က ခေါ်မွေးစားထားတာ လို့ပဲ အောင့်မေ့ကြပါလိမ့်မယ်။ အထူးသဖြင့်တော့ မိဘမဲ့ကျောင်းက ကလေးလေးတွေကို မွေးစားဖို့လာတောင်းတဲ့အခါ ကျောင်းအနေနဲ့ အများကြီး စဉ်းစားစုံစမ်းရတာ အဲသည်လို ကိစ္စမျိုးတွေပါ။

            ဒါဖြင့်လည်း ဘာစဉ်းစားစရာရှိသလဲ။ အဲသလောက် အန္တရာယ်များပြီး အောက်ကျနောက်ကျနိုင်တဲ့အလုပ်။ ဂုဏ်သိက္ခာ ညှိုးနွမ်းတဲ့အလုပ်ကို မလုပ်ရုံပဲ ရှိတာပေါ့ လို့ မေရီအန်တွိုင်းနက်တွေက ပြောကြပါလိမ့်မယ်။ အိမ်ဖော်လုပ်ရတာ ၀ါသနာပါလို့၊ ပျော်လွန်းလို့၊ လခကောင်းလို့ လုပ်နေတယ်ဆိုတဲ့သူ တစ်ယောက်မှ မရှိပါဘူး။ ဒါပေမယ့် အပြင်မှာနေရင် အိမ်ဖော်လုပ်သလောက်တောင် အမိုးအကာနဲ့အစားအစာ မသေချာတဲ့သူတွေအတွက် ဒါကလွဲရင် တခြားရွေးစရာ မရှိပါဘူး။ အဲသလိုလူတွေ ကိုယ့်တိုင်းပြည်ထဲမှာ ဘယ်လောက်များနေပြီလဲဆိုတာ အိပ်ချင်ယောင်ဆောင်နေတဲ့သူတွေကို အနှိုးရခက်ပါတယ်။ အိမ်ဖော်လုပ်လို့ အနှိမ်ခံရမယ်။ အနိုင်ကျင့်ခံရမယ်ဆိုတာ မြန်မာပြည်မှာပဲလုပ်လုပ်၊ နိုင်ငံခြားမှာပဲလုပ်လုပ် အတူတူပဲလို့ ထင်သလား။ အိမ်ဖော်တွေကို မတရားသဖြင့်အနိုင်ကျင့်ပြီး နှိမ့်ချဆက်ဆံတဲ့သူတွေက ကိုယ့်ပြည်တွင်းမှာ ပိုများတာပါ။ သူများနိုင်ငံတွေမှာ မရှိဘူးတော့ မဟုတ်ပါဘူး။ ရှိတာကို အကာအကွယ်ပေးမယ့်သူ မရှိတာပါ။ ကိုယ့်ဆီက ဥပဒေလက်တံက သူတို့ဆီထိ မမီဘူး။ ပြည်တွင်းမှာကျတော့ ကာကွယ်ပေးရကောင်းမှန်းကို မသိတာ။

              ကိုယ်တိုင် အိမ်ဖော်မလုပ်ဖူးပဲနဲ့ နိုင်ငံခြားမှာ အိမ်ဖော်လုပ်ရတဲ့ ဒုက္ခ၊ လူကုန်ကူးခံရတဲ့ ဒုက္ခကို ဘယ်နားလည်နိုင်ပါ့မလဲ။ ဒါပေမယ့် သခင်မျိုးဟေ့ တို့မပါတော့တာ အဲသလောက်တောင် ကြာနေမှပဲဟာ ကျေးလက်ဒေသက မြန်မာလူငယ်ကလေးတွေ ဘယ်ရောက်ကုန်သလဲ လူတိုင်းသိပါတယ်။ စာရင်းဇယားကြီးတက်လာမှသာ ရှက်သလေး ရွံ့သလေးနဲ့။ တကယ်တော့ ကိုယ့်လူမျိုးတွေလောက် ကျွန်ထွက်ခံရတာ ကိုယ့်လူမျိုးတွေပဲ ရှိပါတယ်။ ခါးသီးလည်း မတတ်နိုင်ဘူး။ မြိုသာချ ကျောင်းအမ။ အဲဒါ အမှန်တရားပဲ။ ဘာဖြစ်လို့ဆိုတော့ သူ့ကျွန်ခံရတာက ကိုယ့်ကျွန်ခံရတာထက်စာရင် ၀မ်းဝတယ်။ ခါးလှတယ်။ မိသားစုပါ လူမွှေးလူတောင် ပြောင်အောင်ထားနိုင်တယ်။ ဒီ့ထက်အသည်းနာအောင် ငိုချင်းချရရင် သူများဆီကျွန်ခံရတာက ကိုယ့်ဆီမှာ ကျွန်ခံရသလောက် အနှိမ်မခံရဘူး။ အနိုင်ကျင့်မခံရဘူး။ ကံမကောင်း အကြောင်းမလှတဲ့သူတွေ အနည်းနဲ့အများ ရှိပေမယ့်လည်း တစ်ရွာလုံး ကျွန်တွေချည့်ပါအေ။ အိမ်ပေါက်စေ့ လိုက်မေးစမ်းပါ။ မလွှဲသာလို့ သည်လိုပဲ အရဲစွန့်ပြီး ထွက်လုပ်ကြရပါတယ်။ ပါပီမဇာတ်ကားရိုက်သလို ဟိုဘက်ကမြေနင်းလိုက်တာနဲ့ အကုန်ဖာဖြစ်ကုန်တာတော့ မဟုတ်ပါဘူး။ ကာကွယ်ပေးနိုင်မယ့် ဥပဒေ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းရှိရင် ကြိုဆိုပါတယ်။ အားကိုးပါတယ်။ မထွက်နဲ့လို့တော့ တားရမှာ မဟုတ်ဘူး။ မထွက် ငတ်သေတော့ ဘယ်သူမှ လာမကျွေးဘူး။ တကယ်လိုအပ်တာက သူတို့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးမယ့် တရားဥပဒေစိုးမိုးမှု၊ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်း၊ မတရားမှုရှိရင် တိုင်ကြားဖြေရှင်း မားမားမတ်မတ် ရပ်တည်ပေးမယ့် ကျောထောက်နောက်ခံတစ်ခုသာဖြစ်တယ်။

             သူများနိုင်ငံမှာ အိမ်ဖော်ထွက်လုပ်ရတယ်ဆိုတာ မှန်စာတိုက်ရင်း အာဂျီနိုမိုတိုကြော်ငြာတဲ့ အင်ဂျင်နီယာမမလေးလိုတော့ ဘယ်ဂုဏ်သရေရှိပါ့မလဲ။ သူတို့ခမျာ ဖေ့စ်ဘုတ်တောင် သုံးတတ်မှာ မဟုတ်ဘူး။ သနားပါတယ်။ ဒါပေမယ့် သူတို့တတွေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့၊ တန်ဖိုးထားတတ်ဖို့အတွက် မာန်ကလေးတစ်ခုတော့ မွေးထားမှ ရမယ်။ မရှိလို့လုပ်စားတာ ရှက်စရာ မဟုတ်ဘူး။ သူများအိမ်မှာလိုအပ်တဲ့ ကိုယ့်ရဲ့ လုပ်အားကိုပဲ အချိန်နဲ့တိုင်းတာပြီး ရောင်းချနိုင်မယ်။ အရှက်တွေ၊ သိက္ခာတွေ၊ လူ့တန်ဖိုးတွေကိုတော့ အဆစ်ပေးစရာ မလိုဘူး။ ဒီအတွက်ကြောင့်သူတို့ကို အသက်မွေးဝမ်းကြောင်းမှုဆိုင်ရာ ကျွမ်းကျင်မှုတွေရှိနေဖို့နဲ့ ရိုးဂုဏ်ရှိရင် ဘယ်သူ့ကိုမှ မှုစရာမလိုတဲ့အကြောင်း ရေးခဲ့တာပါ။ အိမ်ဖော်ပွဲစား တောဆင်းပြီး လူခေါ်သလို မစားရ၀ခမန်း ဆွယ်ထားတာ တစ်လုံးမှ မပါဘူး။
မလွှဲမရှောင်သာ အိမ်ဖော်ဖြစ်ရပြီဆိုရင်လည်း အိမ်ဖော်ပီပီသသပဲ အဖြစ်ခံရမယ်။ အိမ်ဖော်အသွင်ယူထားတဲ့ ကာမကျေးကျွန်အဖြစ် အရောက်မခံရဘူး။ အဲဒါ ဘယ်သူလာကယ်ကယ် မကယ်ကယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမှာ။ အိမ်ဖော်တောင်မှ အဲသလို အိမ်ဖော်မာနရှိရင် အစိုးရမင်းကြီးကိုယ်တိုင်က အိမ်ဖော်ပွဲစားခသက်သာအောင် ကိုယ်တိုင်ထွက်ပြီး လူကုန်ကူးနေတာဆိုတဲ့ အမြင်ကတော့ အစွန်းရောက်လွန်းပါတယ်။ တစ်ဦးတစ်ယောက်တည်း လုပ်နေတဲ့အလုပ်လည်း မဟုတ်။ အစိုးရဆိုရင် ဌာနဆိုင်ရာအားလုံးပါတယ်။ နိုင်ငံတော်အဆင့် လူပွဲစားလုပ်နေပါတယ်လို့ စွပ်စွဲတာဟာ အစိုးရသက်သက်ကို စော်ကားတာ မဟုတ်ဘူး။ တိုင်းပြည်ကို စော်ကားတာ။ State က State၊ Government က Government ဆိုတာ ခွဲမှ မမြင်ပဲနဲ့။

             ကိုယ့်ဆီကလူတွေ သူများဆီမှာ ထွက်ထွက်ပြီးကျွန်ခံနေတာ သည်လောက်များနေမှတော့ သူများနိုင်ငံကလူတွေက မြန်မာဟေ့ လို့ဆိုလိုက်ရင် အိမ်ဖော် အလုပ်ကြမ်းသမားတွေ လို့ပဲ မြင်မှာ ရှက်စရာကြီး လို့ တွေးတဲ့သူက တွေးပါတယ်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါလည်း ခါးသီးတယ်။ မြိုချလိုက်ပါဦး။ ဆီးဂိမ်းမှာ အိမ်ရှင်နိုင်ငံဖြစ်လျက်သားနဲ့ သူများတွေက နှိမ်တာ အနိုင်ကျင့်တာဟာ အဲဒါကြောင့်လို့ စိတ်ထဲမှာ ခံစားမိတဲ့အတွက် ကိုယ့်လူမျိုးစိတ်ဓါတ်ကို ကိုယ်မြှင့်တင်ပေးဖို့ “လူနေခြုံကြား” ကို ရေးခဲ့တာပါ။ သူတို့ကတော့ သူတို့မြင်ဖူးတဲ့ မြန်မာတွေနဲ့ ဆုံးဖြတ်တာ မမှားပါဘူး။ ဒါကြောင့် သူတို့နဲ့ထိတွေ့ဆက်ဆံနေရတဲ့ ကိုယ့်မြန်မာတွေ အောက်ကျနောက်ကျ စိတ်ထားမရှိအောင်၊ အထင်သေးဖွယ် အမူအကျင့်ကင်းအောင် ပြုပြင်ယူချင်တဲ့စေတနာပဲ ရှိပါတယ်။ သည်ကနေ့သည်အချိန်ထိ ပင်ပန်းတကြီးရေးနေတဲ့စာတွေဟာ တစ်ဦးတစ်ယောက်ကို ချီးမြှောက်ဖို့၊ ကိုယ်ကိုယ်တိုင်ရဲ့ အမည်ဂုဏ်သတင်းကြော်ကြားဖို့၊ ငွေကြေးအခွင့်အရေး တစုံတရာမျှော်ကိုးလို့ ရေးမိတဲ့စာ တစ်လုံးမှ မပါသေးပါဘူး။ အဲဒါကတော့ ကိုယ့်ဘာသာ အစဉ်တစိုက်ထိမ်းသိမ်းထားတဲ့ ကလောင်တစ်ချောင်းရဲ့ ရိုးဂုဏ်ပါပဲ။ ယုံချင်ယုံ မယုံချင်နေပါ။ ကိုယ့်ဘာသာ ယုံကြည်နေဖို့ အရေးကြီးပါတယ်။

              အိမ်ဖော်နဲ့ပတ်သက်ပြီး နိဂုံးသတ်ရရင် အမ်းမှာတုန်းက မွေးစားထားတဲ့ သားတော်မောင် တစ်ယောက်ရှိပါတယ်။ ရန်ကုန်ကို ပြောင်းမိန့်ကျတဲ့အခါ သူနဲ့ပတ်သက်ပြီးစဉ်းစားစရာတွေ ပေါ်လာတယ်။ သွေးမစပ်ပေမယ့်လည်း သားတော်ထားတော့ သံယောဇဉ်တော့ ရှိတာပေါ့။ ဒါပေမယ့် သူ့ကို ရန်ကုန်ခေါ်လာဖို့ မဖြစ်ပါဘူး။ ကိုယ်တိုင်က မိန်းမအိမ်၊ သမီးအိမ်ကပ်နေရတာဆိုတော့ သူလည်း အဲသည်အိမ်လိုက်နေမှပဲ ရပါမယ်။ တောကကောင်လေးတစ်ကောင် ခေါ်လာတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူရောက်သွားမယ့်နေရာဟာ ကြင်ကြင်နေရာပါပဲ။ သည့်ထက်ပိုပြီး နေရာပေးလို့ မသင့်တော်ပါဘူး။ အဲသလိုဇာတ်လမ်းမျိုးတွေ မြန်မာကားထဲမှာ အပ်ကြောင်းထပ်နေလို့ ကြည့်တောင် မကြည့်ချင်။ တောမှာနေအစား ဆင်းရဲတယ်ဆိုပေမယ့် လွတ်လပ်ပါတယ်။ မြို့မှာတော့ မျက်နှာရိပ်မျက်နှာကဲ ကြည့်နေရရင် အင်မတန် အနေကျဉ်းကျုပ်တာပါ။ ကိုယ်ကိုယ်တိုင် သူ့နေရာက ၀င်ပြီး စဉ်းစားကြည့်ပါတယ်။ ရန်ကုန်ဆိုတာ သူ့ရွာကလေးနဲ့စာရင် ထူးခြားဆန်းကြယ်လွန်းတယ်။ အလည်လာရရင်တော့ ကောင်းသားပေါ့။ အမြဲနေဖို့ကတော့ ရွာလို နေပျော်စရာ မရှိပါဘူး။

              ပညာရေးနဲ့ကြည့်မယ်ဆိုရင်တော့ သူ့ရွာကလေးအသိုင်းအ၀ိုင်းမှာ ဘွဲ့တစ်ခုရဖို့ဆိုတာတောင် လူတစ်ရာတစ်ယောက် မဖြစ်နိုင်ဘူး။ မိဘလက်ငုတ်၊ လယ်အလုပ်၊ ရေအလုပ်ကလေးနဲ့မှ ၀မ်းဝခါးလှမယ်။ သူ့ဇာတိသူ့ရပ်ရွာမှာ အခုအတိုင်းပဲ ဆက်နေသွား။ ဘာပြဿနာမှ မရှိဘူး။ ကိုယ်ခေါ်သွားလို့ အဆင်မပြေရင် တောမှာလည်း သူနေပျော်တော့မှာ မဟုတ်ဘူး။ မခေါ်ချင်လို့ ရမယ်ရှာတာတော့ မဟုတ်ပါဘူး။ ခေါ်ချင်တဲ့သူနဲ့ လိုက်ချင်တဲ့သူကြားမှာ နောင်ရေးကို ဌာန်ကုန်အောင်တွေးမိရင် နှစ်ရာရောက်မှာစိုးမိတယ်။ ကိုယ်ကသူ့ကို ဘာဖြစ်စေချင်တာတုန်းလို့ အပြန်ပြန်အလှန်လှန် စဉ်းစားပါတယ်။ ဆရာဝန်ကြီး၊ ပညာတတ်ကြီး။ မထင်ပါဘူး။ သူ့ကို မထင်တာ မဟုတ်ဘူး။ ကိုယ်လုပ်ပေးနိုင်လိမ့်မယ်လို့ မထင်တာ။ ဘ၀တက်လမ်းကလေး အယောင်ပြ၊ မွေးစားပါ့မယ် အမည်ခံပြီး အိမ်မှာ စိတ်ချရတဲ့ ကြင်ကြင်တစ်ယောက်ရဖို့ ကလေးတစ်ယောက်ကိုရော၊ ကိုယ့်ကိုယ်ကိုရော လှည့်စားရမလား။ မလုပ်ရက်ပါဘူး။

              နောက်ဆုံးမှာ သူ့ဆီက ကိုယ်အလိုချင်ဆုံး ကတိတစ်ခုကိုပဲ ရအောင်တောင်းခဲ့တယ်။ ဘ၀မှာ ဘာဖြစ်ရဖြစ်ရ၊ ဘယ်နေရာရောက်ရောက်၊ ဘာအလုပ်ပဲလုပ်လုပ်၊ အကျင့်စာရိတ္တကောင်းတဲ့၊ ရိုးသားတဲ့လူတစ်ယောက် ဖြစ်အောင် ကြိုးစားဖို့။ အဲ့ဒါရှိရင် ဘာမဆို အားလုံးဖြစ်နိုင်ပြီး အဲဒါမပါရင် ဘာမဆို အားလုံး အစစ်အမှန် မရနိုင်တော့ဘူး။ ကိုယ်ကိုယ်တိုင်တောင်မှ သည်အသက်သည်အရွယ်ရောက်မှ ငါ့ဘ၀ကို ခြေမဲ့လက်မဲ့ကနေ ကြိုးစားရုန်းကန်ရမယ်ဆိုရင် ဘယ်ဟာကို အရင်ဆုံး ရအောင်မွေးဖို့လိုမလဲလို့ စဉ်းစားကြည့်ပြီး သဘောပေါက်လာတာပါ။ အဲဒါ ကိုယ့်ဘ၀နဲ့ရင်းပြီး သိလာခဲ့တဲ့ အသိဥာဏ်။ ဒါလေး သူ့ကို အမွေပေးခဲ့ချင်တယ်။ အဲ့ဒါလေး သူ့ခေါင်းထဲကျန်ရင် သူနဲ့ကိုယ်နဲ့ ရေစက်ဆုံရတာ တန်တယ်။ ကိုယ့်ကိုယ်ကိုယ် လူရိုးတစ်ယောက်ပါလို့ ပဏ္ဏာမယူချင်ပါဘူး။ ဒါပေမယ့် ကိုယ်ဘာကို တန်ဖိုးအထားဆုံးလဲဆိုတာတော့ အဲသည်အချိန်ကျမှ သဘောပေါက်တာပါ။ ဒီလောက်ဆိုရင်တော့ အိမ်ဖော်လုပ်တာ ဂုဏ်ယူစရာလို့ သဘောမထားတဲ့ ကိုယ့်စိတ်ရင်းကို အကဲခတ်နိုင်မယ် ထင်ပါတယ်။

No comments: