သူတို့ ရွှေဥာဏ်တော် စူးရောက်ခဲ့စဉ်က .....
ဦးဝင်းထိန် (NLD) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်ရေးသားသည့် The SUN Rays ဂျာနယ်ပါ ဆောင်းပါး ။ (ကူးယူ ပြန်တင်နိုင်ပါသည်
။ ရှယ်နိုင်ပါသည် ။ နောင်လာနောင်သားများ မျိုးဆက်သစ်များ ဖတ်ရှုနိုင်စေရန်
သိမ်းထားနိုင်ပါသည်။)
တကယ်တော့ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာခဲ့ပါပြီ။ ကျွန်တော်ကြုံတွေ့ခဲ့ရတာက
မြန်မာ ပြည်နိုင်ငံရေးအတွက် အလွန်အရေးပါတဲ့ဖြစ်ရပ်လေး တစ်ခုပါ။
အဲဒီဖြစ်ရပ်လေးဖြစ်ပွားတဲ့အခါ ကျွန်တော်က အနီးကပ်မြင်တွေ့ခဲ့ ရတဲ့အတွက်
“အော် ငါဟာ အရေးကြီးတဲ့ သမိုင်းအတွေ့တစ်ခုကို
ကိုယ်တိုင်ကိုယ်ကျတွေ့နေရပါပကော” လို့ အတွေး ပုံရိပ်လေးတစ်ခု ပေါ်လာခဲ့တဲ့
အထိပါပဲ။ ဒီအကြောင်းကို ကြုံတဲ့သူ တချို့ကို ပြောပြမိခဲ့ပေမဲ့
အလုပ်တာဝန်တွေကများ၊ ခရီးဝေး (တကယ်ဝေးတဲ့ ခရီးတွေပါ) တွေကလည်း ခဏခဏ
သွားခဲ့ရလို့ မရေးဖြစ်ခဲ့တာ။ ညီတော်မောင် “မောင်မိုးဟိန်း” ရဲ့
တိုက်တွန်းချက်ကြောင့် အခုမှပဲ ချရေးဖြစ်ပါတော့တယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ NLD က ၈၆ ရာနှုန်းကျော် အပြတ်အသတ်နိုင်ခဲ့တဲ့
၁၉၉၀ ခုနှစ် ရွေးကောက် ပွဲကာလမှာ ကျွန်တော်ကအင်းစိန်ထောင်ထဲမှာပါ။
၂၀.၇.၁၉၈၉ ရက်နေ့က စပြီး ကျွန်တော့်ကို ဖမ်းထားခဲ့တာ။ အဲဒီနေ့က
ဒေါ်အောင်ဆန်းစုကြည် အိမ်ကို တပ်နဲ့ ဝိုင်းပြီး ခြံထဲမှာရှိတဲ့ လူတွေအားလုံး
သိမ်းကြုံးဖမ်းတဲ့ထဲမှာရှိတဲ့ လူတွေအားလုံး သိမ်းကြုံး ဖမ်းတဲ့ထဲမှာ
ကျွန်တော်ပါ သွားတာလေ။ ဘာပြစ်မှုမှ ရှာလို့မရတော့ ၁၀(က) ပုဒ်မတပ်ပြီး
ထိန်းသိမ်း ထားတာပေါ့။ ၁၉၉၀ ရွေးကောက်ပွဲနီးလာတော့ တချို့ကိုပြန်လွှတ်ပေမဲ့
ကျွန်တော့်ကို ပြန်မလွှတ်ဘူးလေ။ ဘာ့ကြောင့်လဲ ဆိုတော့ ရွေးကောက်ပွဲပြီးရင်
တပ်မတော်က ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီကို အာဏာလွှဲမှာ မဟုတ်ဘူးလို့
ပြောခဲ့လို့ပဲ။
ဟုတ်တယ်လေ။ သူတို့မေးတဲ့မေးခွန်းကို
ကျွန်တော်ကစိတ်ထဲရှိတဲ့အတိုင်းဖြေခဲ့တာ။ အဲဒီလိုဖြေရတဲ့ အကြောင်းကလည်း
ထင်ထင်ရှားရှား ရှိပါတယ်။ ရွေးကောက်ပွဲလုပ်နေတဲ့ ကာလမှာတောင်
မာရှယ်လောခေါ်တဲ့ စစ်အုပ်ချုပ်ရေးကဆက်ရှိနေဆဲ၊ ပြီးတော့ NLD ရဲ့အဓိက
ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ကိုလည်း နေအိမ်
အကျယ်ချုပ်နဲ့ ထားပြီး ပြန်မလွှတ်သေးဘူး။ အဲဒီအကြောင်းတွေကြောင့် ကျွန်တော်က
အမှန် အတိုင်းဖြေတော့ ကျွန်တော့်ကို လွှတ်မပေးတော့ဘူးပေါ့။
ထောင်ထဲ ရောက်ခါစတော့ (၂)တိုက်၊ (၃)တိုက်နဲ့
(၅)တိုက်တို့ကိုလှည့်ပိတ်ထားနေခဲ့ပေမဲ့ ၈၉ မကုန်ခင်မှာပဲ အထူးတိုက်ကို
ရောက်သွားပြီး အဲဒီမှာမြဲနေတော့တာပါ။ အထူးတိုက် ဆိုတာ အရင်ခေတ်အဆက်ဆက်ကလေး
အကျဉ်းသားတွေကို ထားတဲ့နေရာလေ။ န၀တ ခေတ်ကျမှ အထူးဆောင်ရယ်လို့
ပြောင်းပြီးထောက်လှမ်းရေးက VIP အကျဉ်းသားလို့ သတ်မှတ်တဲ့ သူတွေလို ထားတာ။
ကျွန်တော့်အပြင် ဦးဝင်းတင်၊ပေါ်ဦး(မင်းကိုနိုင်)နဲ့ ကျန် ယူဂျီတွေဖြစ်တဲ့
ကိုသက်နိုင်၊ ကိုတင်အောင်(ဒေါင်းဖြူ)၊ ဦးခင်မောင်မြင့်(ကွယ်လွန်) နဲ့
ဒေါက်တာမောင်ဇော်နဲ့ KNU ဗုံးခွဲသမား ကိုကိုနိုင်၊ အထူးဆိုတဲ့အတိုင်း
ကျွန်တော်တို့ကို အပြင်နဲ့ လုံးဝ အဆက်အသွယ်ဖြတ်ထားတယ်လေ။
ဒါ့ ကြောင့် ထောင်ထဲမှာရှိတဲ့ တခြားတိုက်တွေ၊ အဆောင်တွေမှာ
ဘာဖြစ်နေတယ်ဆိုတဲ့ သတင်းတွေက ကျွန်တော် တို့ အထူးတိုက်ကို
ရောက်မလာသလောက်ပဲ။ ဒါပေမဲ့ ဦးဝင်းတင်၊ ကိုတင်အောင်နဲ့ ကိုမော်ဇင်တို့က
ထောင်ဝင်စာ ရှိတော့ အပြင်ကသတင်းတွေ အနည်းနဲ့ အများရတတ်ပါတယ်။ ဒါ့ကြောင့်
ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်တဲ့ သတင်းလည်း ချက်ချင်းသိရပါတယ်။
အဲဒီ သတင်းကြားခါစကတော့ ရုတ်တရက် ၀မ်းသာ သလိုဖြစ်ခဲ့ပေမဲ့
ကျွန်တော့်အနေနဲ့တော့ ရုတ်တရက် ၀မ်းမသာရဲသေး ပါဘူး။ ပေါ်ဦး ကလည်း
အဲဒီတုန်းက ၁၀(က) ဆိုတော့ ထောင်ဝင်စာမရှိဘူးလေ။
ကျွန်တော်က အခန်း (၁)၊ သူက အခန်း(၃)၊ အခန်း(၂)ကို လွှတ်ထားတယ်။ ဒါမှ သူနဲ့
ကျွန်တော်တို့ပြောတဲ့စကားတွေ သူတို့ကြားဖြတ် နားထောင်နိုင်အောင်လို့ ။ သူက
ရွေးကောက်ပွဲသတင်းကို ကြားရတော့ ကျွန်တော့်ကို “ဦးထိန် ဘယ်လိုထင်လဲ”
လို့မေးတဲ့အခါ ကျွန်တော်က “ပြဿနာ အခုမှစတော့မယ် ထင်ပါရဲ့ကွာ”လို့
ဖြေမိပါတယ်။
အဲလိုပြောမိတဲ့ အတိုင်းပါပဲ၊ ထောင်ထဲမှာရော၊ အပြင်မှာပါ
ပြဿနာတွေဖြစ်လိုက်ကြတာ။
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲဟာ ဘယ်သူ့ကို ဖမ်းရမလဲဆိုတဲ့ လူဖမ်းပွဲကြီး
လုပ်လို့ဖို့ အကြို ကျင်းပခဲ့ပုံနဲ့ သွားတူနေတာပေါ့။ အထူးတိုက်ကိုလည်း
အပြင်မှာ အကျယ်ချုပ်ထားတဲ့ ဦးတင်ဦး အပြင် NLD ရွေးကောက်ပွဲမှာ
ဦးဆောင်ခဲ့တဲ့ ဦးကြည်မောင်နဲ့ ဦးချစ်ခိုင်တို့ပါ အထူး
တိုက်ထဲရောက်လာကြပါရောလား။ တကယ်တော့ ကျွန်တော်တို့ အများစုက “ကျောမချ
ခင်ကတည်းက ဓားပြ” မှန်းသိကြပြီးသားပါ။ သို့သော်
အနာဂတ်မြန်မာပြည်ကောင်းစားရေး အတွက် မှန်ကန်တယ် လို့ ယုံကြည်တဲ့လမ်းစဉ်ကို
နှလုံးရည်နဲ့ အနာခံပြီး တိုက်ပွဲ ၀င်နေခဲ့ကြသူတွေပါ။ အဲဒီတုန်းကတည်းက
ကျွန်တော်တို့ ရပ်တည်ကျင့်သုံးခဲ့တဲ့မူဟာ ယနေ့လွှတ်တော်ထဲ ရောက်တဲ့ အထိ
ကိုင်ဆွဲကျင့်သုံးနေဆဲပါ။
....
....
စိတ်ပိုင်းဆိုင်ရာ ခံစားမှုနဲ့ ပတ်သက်လို့ရှိရင် တော့ ထောင်ထဲမှာ သာမန်ထက်
ခံစားချက် ပိုပြင်းထန်လေ့ရှိပါတယ်။ ကျွန်တော့် အတွေ့အကြုံအရပြောရမယ်ဆိုရင်
တော့ ၁၉၉၁ ခုနှစ် အကုန် ၁၉၉၂ အကူး ကာဖြစ်ပါတယ်။ ထောင်ဝင်စာကတဆင့် အပြင်က ဘာ
သတင်း ၀င်လာသလဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို NLD က
ထုတ်ပစ်လိုက်ပြီ ဆိုတဲ့သတင်းပါပဲ။ အဲဒီအချိန်မှာ အပြင်ကကျန်တဲ့ NLD
တွေကိုဥက္ကဋ္ဌအဖြစ် ဦးအောင်ရွှေနဲ့ အတွင်းရေးမှူးအဖြစ် ဦးလွင်တို့
တာဝန်ယူနေကြတာပါ။ အဲဒီ သတင်းလဲကြားရော အခြား လူတွေတော့ မပြောတတ်ဘူး။
ကျွန်တော့် အနေနဲ့တော့ ဒေါသမီးတွေ အလိပ်လိပ် ထွက် လာပြီပေါ့။ စိတ်ထဲမှာလည်း
ဦးအောင်ရွှေနဲ့ ဦးလွင်တို့က ဘာလို့ ဒီအမိန့်ထုတ်ရတာလဲ၊ န၀တက
ဖိအားပေးတယ်ဆိုရင်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ တစ်ခုလုံးအောင်မြင်အောင်
လူထု အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်တွေကို အဲဒီလို လုပ်ရက်ကြ သလား။
န၀တဆိုတဲ့ကောင်တွေကလည်း ပက်စက်တဲ့အကြံနဲ့ ဒီလို လုပ်တာ ဘာသဘောလဲ စတဲ့
ဒေါသဆန်တဲ့ အတွေးတွေရဲ့ ဖိစီးနှိပ်စက်မှုတွေကို အလူးအလဲခံရပါတယ်။ တစ်ဆက်
တစပ်တည်း စဉ်းစားကြည့်တဲ့အခါကျတော့ “သြော် …ဒင်းတို့အကြံက ဒါပဲကိုး၊
ဒေါ်စုနဲ့ ဦးတင်ဦးကို ထုတ်လိုက်ခြင်းအားဖြင့် NLD မှာ သူတို့ကို
လိုလားတဲ့အုပ်စုက တစ်အုပ်စု၊ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို
လက်ခံတဲ့အုပ်စုကတစ်အုပ်စု၊ အဲလို အုပ်စုကွဲ သွားအောင် လုပ်တဲ့
အကြံပေးပဲကို” လို့ တရေးရေးမြင်လာပါတယ်။ ရိုးရိုးစကားနဲ့ပြောရရင်တော့ NLD
ကို နှစ်ခြမ်းခွဲပစ်မယ့် အစီအစဉ်ပါပဲ။
ထောင်ထဲမှာရှိတဲ့ ကျွန်တော်တို့ NLD အုပ်စု ဦးဝင်းတင်တို့ ကျွန်တော်တို့
ဘယ်လိုခံစားရမလဲ ဆိုတာ စဉ်းစားသာကြည့်ကြပါတော့ခင်ဗျာ။ ကျွန်တော်တို့
ထင်တဲ့အတိုင်း ပါပဲ။ ထောင်က လွတ်ပြီးမှ ပြန်ကြားရတာက
အဲဒီအမိန့်လည်းထွက်ပြီး NLD ဗဟိုက စပြီးတော့ အောက်ခြေ ရပ်/ကျေး အထိ
ပွက်လောထအောင် ဂယက်ရိုက်ကြပါသတဲ့။ အချို့မြို့နယ်တွေမှာဆို
ဆိုင်းဘုတ်တွေဖြုတ်ချ၊ တချို့တိုင်း/မြို့နယ်တွေမှာကျတော့ အဲဒီအမိန့်ကို
လက်မခံဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေချ၊ အမိန့်ထုတ်တဲ့ သူတွေကို ရှုတ်ချ၊
တချို့ကတော့လည်း၊ အဲဒီ အမိန့်ကို သဘောမတူတဲ့အတွက် အုစုလိုက်
အပြုံလိုက်နှုတ်ထွက်ကြ စသဖြင့် ပရမ်းပတာ ဖြစ်ကုန်ကြ ပါသတဲ့။ အဲဒီသတင်းတွေကို
နောက်ကျမှကြားရသော်လည်းပဲ ကျွန်တော် တော်တော် ခံစား ရပါတယ်။
တချိန်တည်းမှာပဲဒီအကွက်ကိုဖန်တီးခဲ့ ကြတဲ့ န၀တ ထိပ်သီးခေါင်းဆောင်
များဖြစ်တဲ့ ဦးစောမောင်၊ ဦးသန်းရွှေ၊ ဦးခင်ညွန့်နဲ့ ဦးတင်ဦးတို့ကတော့
သူတို့ လုပ်လိုက်လို့ဖြစ်သွားပြီဟလို့ ကျေကျေနပ်နပ်ကြီးပြုံးနေမယ့်
မျက်နှာတွေကို မြင်ယောင်လာ မိပါတယ်။
နောက်ဖြစ်ရပ်တစ်ခုကတော့ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို NLD တက်တယ်ဆိုတဲ့
သတင်း ပါဘဲ။ ဒီ ကြားထဲမှာ အရေးကြီးဖြစ်စဉ်တစ်ခုကိုတော့ မဖြစ်မနေ
ရေးပြချင်ပါသေး တယ်။ ကျွန်တော့်ကို ၁၀(က)နဲ့ ထိမ်းသိမ်းထားတာ အရင်က
ရေးခဲ့ပြီးပါပြီ။ အဲဒီတုန်းက ၁၀ (က) အကျဉ်းသားဆိုရင်
အလွန်ဆုံး(၃)နှစ်ပြည့်ရင် လွှတ်ပေးရိုး ထုံးစံရှိပါတယ်။ ဥပဒေ အရပေါ့။
အဲဒီတော့ ကျွန်တော့်ကို ၁၉၈၉ ဇူလိုင်မှာ ဖမ်းခဲ့တဲ့အတွက်ကြောင့် ၁၉၉၂
ဇူလိုင်မှာ လွှတ်ပေး ရမယ်ပေါ့။ ၁၉၉၂ ရောက်ပြီဆိုတာနဲ့ အကျဉ်းသားတွေရဲ့
သဘာဝအတိုင်း ကိုယ်လွတ်ချိန် နီးပြီဆိုပြီး လွတ်ရက်ကိုမျှော်ရင်း ၀မ်းသာနေ
ခဲ့တာပါ။ ဒါပေမဲ့ မတ်လ လည်းရောက်ရော ထောင်မှူးက ကျွန်တော်တို့ကို အပြင်
ခေါ်သွားပြီးစစ်ခုံရုံးကိုတင်၊ စစ်ခုံရုံးက ကျွန်တော့်ကို ပုဒ်မ
၅(ည)နဲ့ထောင်ဒဏ် (၇)နှစ်ဆိုပြီး ချလိုက်ပါတယ်ဗျာ။
န၀တ လုပ်ပုံက အဲလို။ ကျွန်တော်တင်မကဘူး။ ပေါ်ဦးလဲ ဒီဇာတ်လမ်း
အတိုင်းဖြစ်ခဲ့တာ ပါဘဲ။ ဒီလိုနဲ့ ဦးစောမောင်
ဆီကဦးသန်းရွှေအာဏာယူပြီးတဲ့အခါ အမိန့် ၁၁/၉၂ ထုတ်ပြန်ပြီး နိုင်ငံရေး
အကျဉ်းသားတွေကိုအလီလီလွှတ် ပေးမယ့် ကျွန်တော့်ကိုတော့ လွှတ် မပေးခဲ့ပါဘူး။
၁၉၉၃ ခုနှစ်၊ အမျိုးသားညီလာခံကို NLD တက်မယ်ဆိုတုန်းကလည်း ကျွန်တော့်မှာ
ဒေါသလှိုင်းတွေ တရိပ်ရိပ် တက်ရပြန် ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည် က အကျယ်ချုပ်၊ ဦးတင်ဦး၊ ဦးကြည်မောင်နဲ့ NLD လွှတ်တော်
ကိုယ်စားလှယ်တွေက အများကြီးထောင်ထဲမှာရှိနေခိုက်မှာ သူတို့က အမျိုးသား
ညီလာခံကို တက်ရက်တယ်ဆိုတဲ့ အတွေးကြောင့်ပါ။ အဲဒီအခါမှာလည်း NLD တစ်ခုလုံး
သဘော ထားတွေ ကွဲတယ်။ လူတွေလည်း ကွဲတယ်။ အင်အားတွေ ပြုန်းတီးကုန်တယ်
ဆိုပါတော့။ န၀တ ဆင်တဲ့ အကွက် အတိုင်း ကျွန်တော်တို့က လိုက်ကနေပါရောလား။
အဲဒီလိုနေ ရင်းနဲ့ တွေးမိတာ ကတော့ ဒေါ်စုနဲ့ ဦးတင်ဦးတို့ကိုထောက်ခံတဲ့ NLD
အုပ်စုက တစ်ပိုင်း၊ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ ခေါင်းဆောင်တဲ့ NLD က
တစ်ပိုင်း နှစ်ပိုင်းကွဲဖို့ သေချာသွားပြီးပေါ့။
ကျွန်တော်က ၁၉၉၅ ခု၊ ဖေဖော်ဝါရီမှာ ပြန်လွတ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့
တပ်မတော်နှစ် ၅၀ ပြည့် အထိမ်းအမှတ်နဲ့ ထောင်တွင်းရှိ တပ်မတော်သားတွေကို
လွှတ်ပေး တဲ့ သဘောပေါ့။ အိမ်ပြန်ရောက်တော့ သိသိသာသာချို့တဲ့နေတဲ့
ကျန်းမာရေးကို ပြန် လည်ပြုစုရင်း အိမ်မှာပဲ အနေများ ခဲ့ပါတယ်။ NLD
ရုံးကိုလည်းသွားသတင်းမပို့ဘူး။ ဦးအောင်ရွှေနဲ့ ဦးလွင် တို့ကိုလည်း
သွားမတွေ့ဘူး။ ဘာပြုလို့လဲဆိုတော့ ၁၊ အချက်က ထောင်ကျခဲ့တဲ့
အဖွဲ့ချုပ်ဝင်တွေကိုလည်း ပါတီက ထုတ်ပစ်သတဲ့။ ဟုတ်မဟုတ် မေးမကြည့်ဖူးပါဘူး။ ၂
အချက် ကတော့ ခေါင်းဆောင်တွေကို ထုတ်ပစ်ပြီး အမျိုးသား ညီလာခံ တက်ဖို့
သဘောတူခဲ့တဲ့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကိုလည်း စိတ်ထဲမှာ မကြည်ဘူး။
ကျွန်တော်တစ်ခု ကံကောင်းတာက အဲလိုမကျေ နပ်တာတွေကို စာနဲ့ရေးသား
ဖြန့်ပေးခြင်း မပြုခဲ့သလို နှုတ်အားဖြင့်လည်း သူတို့ကို မပြောမိအောင်
ထိန်းသိမ်းနိုင်ခဲ့တဲ့လအဖြစ်ပဲ။
၁၉၉၅ ဇူလိုင်လ ၁၀ ရက် မှာဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်ကြောင်း
ကြေညာချက် ထွက်ပါတယ်။ ကျွန်တော်လည်း အဲဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့ကို
နေ့ခင်း ၁၁ နာရီ လောက် ရောက်သွားပါတယ်။ ဂိတ်ဝမှာတော့ NLD လူငယ်တွေက
လုံခြုံရေး တာဝန်ယူနေကြပါပြီ။ ကျွန်တော် ရောက်ကြောင်း သတင်းပို့တဲ့အခါမှာ
ကျွန်တော် ၀င်ခွင့်ရပါတယ်။ အထဲရောက်တော့ ဦးတင်ဦးနဲ့ ဦးကြည်မောင်
လည်းရောက်နေကြ ပါပြီ။ ခြံပြင် မှာတော့ နိုင်ငံခြား သတင်းထောက်တွေ
အများကြီးရောက်နေပါပြီ။ သံတမန်တွေလည်း ရောက်လာတဲ့အတွက်ကြောင့်မို့
သူတို့ကို ၀င်ခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်လည်း ၁၉၉၈/ ၈၉ ကာလကဒေါ်စုခြံထဲမှာ
တာဝန်ယူခဲ့တဲ့အတိုင်း ဆက်ပြီး တာဝန်ယူ ခဲ့ပါတယ်။ နေ့ ခင်း ၁၂
နာရီကျော်လောက်ကျတော့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ ဂိတ်မှာ ရောက်ကြောင်း
သတင်းရောက်လာပါတယ်။
ကျွန်တော် အရမ်း စိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ တာဝန်ရှိတဲ့ အတိုင်း
ဒေါ်စုကို သတင်းပို့တော့ သူက ၀င်ခွင့်ပြုလိုက်ပါလို့ ပြန်ဖြေပါတယ်။ ဒေါ်စု
အမူအရာကို အကဲခတ်ကြည့် မိပါတယ်။ သူ့ မျက်နှာ အမူအရာမှာ ဘာအရိပ်အရောင်မှ
မတွေ့ရပါ။ ၀မ်းသာတဲ့ အမူအရာ မတွေ့ရသလို စိတ်ဆိုးတဲ့ အမူအရာလည်း မတွေ့ရပါ။
ဒါနဲ့ ဦးအောင်ရွှေ နဲ့ ဦးလွင်တို့ ၀င်လာပါတယ်။ သူတို့ကို ဒေါ်စု၊
ဦးတင်ဦးနဲ့ ဦးကြည်မောင်တို့က အိမ်ဝက ကြိုဆိုပါတယ်။ သူတို့ချင်းလည်း
တွေ့တော့ ဦးအောင်ရွှေက ဒီလိုပြောပါတယ်။
“စုစုရေ အန်ကယ် တို့ကတော့ ကိုယ်စွမ်းရှိသ၍ ဥာဏ်စွမ်းရှိသ၍ လုပ်ခဲ့တာပါ။
စုစု အပြင်ရောက်တယ်ဆိုတာနဲ့ NLD တစ်ခုလုံကို စုစု လက်ထဲ အပ်ပါတယ်”
“ရပါတယ် အန်ကယ်။ ကျွန်မတို့အရင်အတိုင်းပဲဆက်လုပ်ကြတာပေါ့”
ကျွန်တော်အရမ်းကို အံ့သြသွားပါတယ်။ လုံးဝ မျှော်လင့်မထားတဲ့ အနေအထားပါ။
ကျွန်တော်က အနီးကပ်နေခဲ့ဖူးတော့ ဒေါ်စုဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင်
ပြတ်သားတယ်။ အားမနာတတ်ဘူး ဆိုတဲ့ အချက်တွေ သိပြီးသားပါ။ သူ့ကိုပါတီက
ထုတ်ပယ်တဲ့အပြင် အများ သဘောမတူတဲ့ အမျိုးသား ညီလာခံတက်တဲ့ကိစ္စတွေနဲ့
ပတ်သက်ပြီး တစ်ဖက်သား ကို အပြစ်တင်တဲ့လေသံ တစ်ချက်မှ မတွေ့လိုက်ရပါ။
စိတ်ထဲမှာတော့ ဒေါ်စုအနေနဲ့ NLD အနာဂတ်အတွက် အကောင်းဆုံးလမ်းကို
ရွေးချယ်လိုက် ပြီပဲလို့ ချက်ချင်းပဲသဘောပေါက်လိုက်မိပါတယ်။
တစ်ပြိုင်နက်ထဲမှာတော့ အတွေးရိပ်တွေ ဖြစ်ပေါ်လာပါတယ်။ ဘာလဲဆိုတော့ NLD
နှစ်ခြမ်းကွဲရော့ဟဲ့ လို့ သူတို့ ကြိုးစားပမ်းစားလုပ်ခဲ့တဲ့ အကွက်တွေ ကတော့
သဲထဲရေသွန်ဖြစ်ကုန် ပါပကောလားလို့ ရင်ထုမနာ ဖြစ်နေကြမယ့် န၀တ
ခေါင်းဆောင်တွေရဲ့အဖြစ်တွေပါ။ နှစ်ပေါင်းများစွာ NLD ကို
ဖြိုခွဲဖို့လုပ်ခဲ့တဲ့ သူတို့အကြံတွေ ထင်တိုင်း မပေါက်ဖြစ်
သွားပြီပေါ့ဆိုတဲ့ အတွေးနဲ့ ကျွန်တော်ဟာ ကျေနပ်နေမိပါတယ်။
ဝမ်းသာပီတိလည်းဖြစ်မိပါတယ်။
မကြာမီမှာပဲ နိုင်ငံခြားသံတမန်တွေနဲ့ သတင်းထောက်တွေကို
ဝင်ခွင့်ပြုလိုက်ပါတယ်။ အင်အား ကတော့ ၈၀ နဲ့ ၁၀၀ ကြားရှိပါလိမ့်မယ်။ သူတို့
ကိုဒေါ်စုနဲ့ ဧည့်ခန်းထဲ ကိုခေါ်သွင်း လိုက်ပါတယ်။ ထိပ်က ထိုင်ခုံမှာတော့
ဒေါ်စုက အလယ်မှာထိုင်ပါတယ်။ ဦးတင်ဦးနဲ့ ဦးကြည်မောင်က ဒေါ်စုရဲ့ ညာဘက်မှာ
ထိုင်ပြီးဦးအောင်ရွှေနဲ့ ဦးလွင် တို့ကတော့ ဒေါ်စုရဲ့ ဘယ်ဘက်မှာထိုင်ပါတယ်။
ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို ကြည့်ရတာ လွတ်လပ်ပေါ့ပါးနေကြ တယ်လို့
ကျွန်တော်မြင်ရပါတယ်။ သူတို့အနေနဲ့လည်း ဒေါ်စု အကျယ်ချုပ်ကာလမှာ လုပ်ခဲ့
သမျှတွေကို အပြစ်တင်ရင်လည်း ခံမယ်ဆိုပြီး အတူတကွ လာခဲ့ကြတာပါ။
ဒီကိုရောက်တော့ ဒေါ်စုက သူတို့ကိုဒေါသနဲ့ မတုံ့ပြန်တဲ့ အပြင် အရင်အတိုင်းဘဲ
ဆက်လုပ် ကြဖို့ ပြောလိုက်တဲ့အခါမှာ သူတို့ရဲ့ စိတ်တွေဟာ အရမ်းကို
လွတ်လပ်ပေါ့ပါးသွား ကြတယ်လို့ ယူဆရပါတယ်။ အဲဒီလိုနဲ့ ဧည့်ပရိသတ်စုံတဲ့
အခါမှာ ပရိသတ်ထဲက မေးချင်တာ မေးဖို့ အခမ်းအနားမှူးလုပ်တဲ့ ကျွန်တော့်အနေနဲ့
ဖိတ်ခေါ် လိုက်ပါတယ်။ အဲဒီအချိန်မှာ နိုင်ငံခြားသံတမန်တစ်ဦးက
(အမေရိကန်သံရုံးမှလို့ ယူဆ ရပါတယ်။ သေသေချာချာ မမှတ်မိပါ)
အောက်ပါအတိုင်းမေးပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးအောင်ရွှေနဲ့ ဦးလွင်တို့အပေါ် ဘယ်လို သဘောထား
ပါသလဲ”
“အခုမြင်ကြတဲ့အတိုင်းပါပဲ။ ဦးကြည်မောင်နဲ့ ဦးတင်ဦးက ညာဘက်မှာ
ထိုင်နေကြပါတယ်။ ဦးအောင်ရွှေနဲ့ ဦးလွင်တို့ကို ဒီဘယ်ဘက်မှာထိုင်နေ
ကြပါတယ်။ ခုလို တစ်ပြေးညီ ထိုင်နေကြသလိုနောင် NLD ကိစ္စအ၀၀တွေကိုလည်း
အခုလိုပဲညီညီညွတ်ညွတ် ဆက်လုပ် သွားကြမှာပါ”
ကျွန်တော့်စိတ်ထဲမှာတော့ ပွဲပြတ်ပြီပေါ့ ဟုယူဆလိုက်ပါတယ်။ အဲဒီတွေ့ဆုံပွဲဟာ
တစ်နာရီခွဲ ခန့်ကြာသော်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီတုံ့ပြန်ချက်
သာလျှင် ထိုတွေ့ဆုံပွဲ တစ်ခု လုံးရဲ့ အဓိကအနှစ်သာရဖြစ်တယ်လို့
ကျွန်တော်သတ်မှတ်လိုက်မိပါတော့တယ်။
ဒါပါပဲခင်ဗျား။ ကျန်းမာချမ်းသာကြပါစေ။
-- ၀င်းထိန် --
No comments:
Post a Comment