မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
မြန်မာ့တပ်မတော်(ရေ) သမိုင်း......... အပိုင်း(၂)
ဗမာ့လွတ်လပ်ရေး ရေတပ်မတော်(Burma Independence Navy - B.I.N)
ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army BIA) အား ၁၉၄၁ ခုနှစ်
ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဂျပန်တပ်မတော်နှင့်အတူ
မြန်မာပြည် စစ်မျက်နှာအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗြိတိသျှတို့
အိန္ဒိယသို့ ဆုတ်ခွာခဲ့ရသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ၁၉၄၂ ခုနှစ်
မတ်လ(၈)ရက်နေ့တွင် ရန်ကုန်မြို့အား သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အတူ ဗမာပြည်ဘုရင့်အပျော်တမ်း အရန်ရေတပ်သည် အိန္ဒိယသို့ ဆုတ်ခွာခဲ့ရာ
ထိုစဉ်က မြန်မာတပ်ဖွဲ့ဝင် အရာရှိ/ စစ်သည် အများစုသည် ရန်ကုန်မြို့တွင်
ကျန်ရစ်ခဲ့ပါသည်။အရာရှိ/စစ်သည်အင်အား (၁၀၀)ခန့်သာ အိန္ဒိယသို့ပါရှိခဲ့ပြီး
မာတာပင်မြို့တွင် စခန်းချကာ ပြန်လည်ဖွဲ့စည်း၍ ပြန်လည်ထိုးစစ်မဆင်မချင်း
လေ့ကျင့်မှုများ ဆက်လက်လုက်ဆောင်ခဲ့သည်။ အိန္ဒိယပြည်တွင် ၁၉၄၃ ခုနှစ်မှ ၁၉၄၅
ခုနှစ်အထိ လေ့ကျင့်ရေးနှင့် ကင်းလှည့်တိုက်ခိုက်ရေးတာဝန်များ
ထမ်းဆောင်ခဲ့သည်။
ဂျပန်ခေတ်၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A)
ကို အမြဲတမ်းတပ်အဖြစ် ပြန်လည်ဖွဲ့စည်းရန် အသေးစိတ်ဆွေးနွေးကြစဉ်
မြန်မာပြည်ကာကွယ်ရေးအတွက် ဗမာ့လွတ်လပ်ရေး ရေတပ်မတော်(Burma Independence
Navy - B.I.N) ကိုပါ ဖွဲ့စည်းရန် စီမံခဲ့သည်။ဗိုလ်မှူးကြီး ဆူဇူကီး
(ဗိုလ်မိုးကြိုး)သည် ၁၉၄၂ ခုနှစ် ဇွန်လဆန်းတွင် ဘုရင့်အပျော်တမ်း
အရန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်တင်ကြည်အား တွေ့ဆုံကာ ဂျပန်ခေတ်
ရေတပ်ဖွဲ့စည်းရေးအတွက် တာဝန်ပေးအပ်ခဲ့သည်။ ယခင်ဗြိတိသျှခေတ်
ရေတပ်ဖွဲ့ဝင်ဟောင်းများအား စုရုံးဖွဲ့စည်းခဲ့ရာ အရာရှိ(၆)ဦးနှင့်
အခြားအဆင့် (၂၅) ဦး ရရှိခဲ့ပြီး ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင်
ဗမာ့လွတ်လပ်ရေး ရေတပ်မတော်အား စတင်ဖွဲ့စည်းခဲ့သည်။ ဗမာ့ လွတ်လပ်ရေး
ရေတပ်မတော်ရုံးအား အမှတ်(၃၉၂-၃၉၆) ကုန်သည်လမ်း ရန်ကုန်မြို့တွင်
ဖွင့်လှစ်ခဲ့ပြီး အင်အား တိုးချဲ့စုဆောင်းခဲ့ရာ အရာရှိ (၂၂) ဦးနှင့်
အခြားအဆင့် (၈ဝဝ)ဦးအထိ စုဖွဲ့နိုင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး ရေတပ်မတော်တွင်
ဗိုလ်မှူးကြီး တင်ကြည်သည် တာဝန်ခံဗိုလ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး
အခြားအရာရှိများနှင့်အတူ ဗိုလ်ကြီး ချစ်လှိုင်သည်လည်း ပါဝင်
အမှုထမ်းဆောင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး ရေတပ်မတော်သည် ရေယာဉ်ငယ်များဖြင့်
မြစ်ဝကျွန်းပေါ်ဒေသတွင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။
ဗမာ့ လွတ်လပ်ရေး ရေတပ်မတော်အား ၁၉၄၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့ရာ ဗမာ့
လွတ်လပ်ရေး ရေတပ်မတော်မှ တပ်ဖွဲ့ဝင်အချို့သည် ဗမာ့ ကာကွယ်ရေးတပ်မတော်
(Burma Defence Army - BDA)သို့ ဝင်ရောက် အမှုထမ်းဆောင်ခဲ့ကြသည်။
တကြော့ပြန် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်
၁၉၄၅ ခုနှစ် ဇန်န၀ါရီလဆန်းတွင် စတင်ခဲ့သော မဟာမိတ်တပ်ပေါင်းစု၏ မြန်မာပြည်
ပြန်လည်ထိုးစစ်နှင့်အတူ ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်သည်
ရခိုင်ပြည်နယ် မေယုမြစ်ကြောင်းတွင် တိုက်ပွဲများဆင်နွှဲပြီး ရခိုင်
ကမ်းရိုးတန်းတစ်လျှောက်အား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ၁၉၄၅ ခုနှစ်
မေလ(၁၀)ရက်နေ့တွင် HDML (၉) စင်းနှင့်အတူ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်အား ပြန်လည်ဖွဲ့စည်းခဲ့ရာ
ရက်သတ္တပတ် အနည်းငယ်အတွင်း လူအင်အား (၁၅၀၀)ကျော်မျှ
လာရောက်လျှောက်ထားခဲ့သည်။ ရန်ကုန်မြို့ သိမ်ဖြူလမ်းနှင့်
အနော်ရထာလမ်းထောင့်ရှိ စိန်ပေါကျောင်းဝင်းတွင် အရာရှိ (၄၅) ဦးနှင့်
အခြားအဆင့် (၃၅၉)ဦးဖြင့် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်ရုံးအား
ပြန်လည်စတင်ဖွင့်လှစ်ခဲ့သည်။ Fair Mile ML ရေယာဉ်စုနှင့် HDML
(၁၃)စီးအပါအဝင် စစ်ရေယာဉ် (၃ဝ)စီးကျော် ရှိခဲ့သည်။
ဗြိတိသျှ
အစိုးရသည် ၁၉၄၇ ခုနှစ်တွင် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်မတော်အား
အရာရှိ(၇၄)ဦးနှင့် အခြားအဆင့်(၇၆၃)ဦးဖြင့် အမြဲတမ်း ရေတပ်မတော်အဖြစ်
ဖွဲ့စည်းပေးရန်၊ ဖရီးဂိတ် စစ်ရေယာဉ်(၂)စီးနှင့် HDML (၁၃)စီးတို့ဖြင့်
ပါဝင်ဖွဲ့စည်းရန် စီမံခဲ့သည်။ Fair Mile ရေယာဉ်များမှာ
အိုမင်းဟောင်းနွမ်းနေပြီဖြစ်၍ တပ်တော်ဝင်စာရင်းမှ ဖျက်သိမ်းပြီး
ဖရီးဂိတ်များ အစားထိုးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း လက်ခံခဲ့သော သမိုင်းဝင်စစ်ရေယာဉ်-မေယု
ပထမဦးစွာ ဖရီးဂိတ်စစ်ရေယာဉ် HMS.Fal အား ၁၉၄၇ ခုနှစ်၊ မေလ(၂၅)ရက်နေ့တွင်
ရန်ကုန်မြစ်လယ်၌ ဗြိတိသျှရေတပ်မတော်မှ ဗမာပြည် ဘုရင့်အပျော်တမ်း
အရန်ရေတပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ထိုအခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း
တက်ရောက်လက်ခံ၍ မိန့်ခွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းက Fal
သင်္ဘောမှာ စစ်အတွင်းက အမှုထမ်းခဲ့သည့်အပြင် ရခိုင်ပြည် မေယုမြစ်တစ်လျှောက်
ဗမာ့တပ်မတော်သားများ ဂျပန်အား နှိမ်နင်းခဲ့သည်ကို မမေ့နိုင်သည့်အတွက်
နာမည်ထင်ရှားစေရန် “မေယု”ဟု အမည်ပြောင်းလိုက်ကြောင်း၊ထို့အတွက် မိမိသည်
မြန်မာလူမျိုးအနေဖြင့် ဂုဏ်ယူကြောင်းဖြင့် အခမ်းအနား၌ မိန့်ကြားခဲ့သည်။
စစ်ရေယာဉ်-မေယု၏ စစ်ရေယာဉ်မှူးအဖြစ် မေယု တိုက်ပွဲစဉ်များတွင်
စွမ်းစွမ်းတမံ ပါဝင်ခဲ့သော ဗိုလ်မှူးခင်မောင်ဘိုမှ
လွှဲပြောင်းလက်ခံယူခဲ့သည်။
ထိုအခမ်းအနားကျင်းပရာတွင်
ရေတပ်ထုံးစံအရ ရေယာဉ်ပိုင်ဆိုင်သောနိုင်ငံ၏ ရေတပ်အလံကို လွှင့်ထူရသည်ဖြစ်ရာ
ရေယာဉ်ဦးပိုင်းရှိ ဗြိတိသျှ ရေတပ်အလံအားချ၍ ဗမာပြည်ဘုရင့်အပျော်တမ်း
အရန်ရေတပ်အလံအား လွှင့်ထူခဲ့ရာ ဤအတိတ်နိမိတ် ပုံရိပ်သည်ပင် ၁၉၄၈ ခုနှစ်၊
ဇန်နဝါရီလ (၄)ရက်နေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိမည့်
ရှေ့ဆောင်နိမိတ်ကောင်း ဖြစ်ခဲ့ပေသည်။ ယခုအခါ ၎င်းဗြိတိသျှ ရေတပ်အလံအား
နေပြည်တော်ရှိ တပ်မတော်သမိုင်းပြတိုက်တွင် ထားရှိပြီး သမိုင်းဝင်
စစ်ရေယာဉ်မေယုအား အမှတ်(၁)ရေတပ်လေ့ကျင့်ရေးကျောင်း (ဆိပ်ကြီး၊သံလျင်)တွင်
ပြတိုက်အဖြစ်ထားရှိပါသည်။
ဗမာ့ရေတပ်မတော် နှင့် မြန်မာ့တပ်မတော်(ရေ)နေ့
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် ရက်ပိုင်းအလို “၁၉၄၇ ခုနှစ်၊ဒီဇင်ဘာလ
(၂၄)ရက်နေ့”တွင် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်အား “ဗမာ့ရေတပ်မတော်”
အဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ ရေတပ်ဦးစီးချုပ်အဖြစ်
ဒုတိယဗိုလ်မှူးကြီးခင်မောင်ဘိုသည် ဗမာပြည် ဘုရင့်အပျော်တမ်း အရန်ရေတပ်
ဦးစီးချုပ်အဖြစ် ဆောင်ရွက်နေသော အင်္ဂလိပ်ဗိုလ်မှူးကြီးကေအက်စ်လိုင်းထံမှ
တာဝန်လွှဲပြောင်း လက်ခံခဲ့သည်။ ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘိုသည် ၁၉၄၅
ခုနှစ်ကာလအတွင်း မြန်မာပြည်အား ပြန်လည်ထိုးစစ်ဆင်ချိန်တွင် ရခိုင်ပြည်
မေယုမြစ်ဝှမ်း၌ စစ်ရေးစွမ်းဆောင်မှု များစွာရှိခဲ့သူဖြစ်သည်။
လွှဲပြောင်းလက်ခံရာ၌ စစ်သည်အင်အား၊ ရေယာဉ်အင်အား၊ လက်နက်အင်အား
အစရှိသည်တို့ပါဝင်ရာ စစ်ရေယာဉ်-မေယု၊ မိုင်းရှင်းရေယာဉ် (၂)စီးနှင့်
တိုက်ရေယာဉ် (၁၂) စီးသာ လွှဲပြောင်းပေးခဲ့၏။ ကျန်တိုက်ရေယာဉ်များကိုမူ
အိုမင်းယိုယွင်း ပျက်စီးနေသည်ဟု အကြောင်းပြလျက် လွှဲပြောင်းပေးအပ်ရာ၌
မထည့်သွင်းဘဲ ချန်လှပ်ထားခဲ့၏။ လက်ခံရရှိသော တိုက်ရေယာဉ်များဖြစ်သည့်
Harbour Defence Motor Launches (HDMLs) များကို နောင်တွင် Motor Gun Boats
(MGBs) များအဖြစ် သတ်မှတ်ခဲ့သည်။ လူအင်အားအနေဖြင့် နုတ်ထွက်ခွင့်များ
ပေးလိုက်၍ စစ်သည်အင်အား (၄၀၀) ကျော်ခန့်သာ ကျန်ခဲ့ပေသည်။
ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလ
လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှု အခြေအနေဆိုးများကြောင့်
ဗမာ့ရေတပ်မတော်အနေဖြင့် စစ်သည်စုဆောင်းခြင်း၊ ရေယာဉ်တိုးချဲ့ခြင်း ၊
ကမ်းတက်တိုက်ခိုက်ရေးတပ်များ ဖွဲ့စည်းခြင်း၊ ရေယာဉ်ငယ်များအား
လက်နက်ငယ်များ တပ်ဆင်ခြင်း စသည်တို့ကို ဒေသန္တရအစီအစဉ်များ ရေးဆွဲ
အကောင်အထည်ဖော်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက်
ကြိုးပမ်းခဲ့ရသည်။
ဗမာ့ ရေတပ်မတော်အနေဖြင့်
ပထမဆုံးဆင်နွှဲရသော စစ်ဆင်ရေးမှာ ဧရာဝတီမြစ်ဝကျွန်းပေါ် ဖျာပုံနယ်တ၀ိုက်၌
ထကြွနေသော ကွန်မြူနစ်သောင်းကျန်းသူများအား ဗမာ့တပ်မတော်နှင့်ပူးပေါင်းလျက်
နှိမ်နင်းသော တိုက်ပွဲဖြစ်သည်။ ဒုတိယစစ်ဆင်ရေးတာဝန်မှာ ပဲခူးနယ်တစ်ဝိုက်
က၀၊ ခရမ်း၊ မြစ်ကျိုး၊ အပြောင်ရွာများတွင် U.B ရေယာဉ်များပေါ် အော်လီကွန်
စက်အမြောက်တင်လျက် ကွန်မြူနစ်သောင်းကျန်းသူများအား ချေမှုန်းသော
တိုက်ပွဲဖြစ်သည်။ တဖန် မန္တလေးနှင့်သရက်မြို့ကို အခြေပြုလျက်
မြန်မာပြည်မြောက်ပိုင်းနှင့် အလယ်ပိုင်းများတွင်
ကွန်မြူနစ်နှိမ်နင်းရေးများ လုပ်ရသည့်အပြင် ရခိုင်ပြည်နယ်တ၀ိုက်
သောင်းကျန်းနေသောကွန်မြူနစ်များကို တိုက်ခိုက်ခဲ့ပါသည်။
ထိုအချိန်တွင် ဗမာ့ ရေတပ်မတော်၌ စစ်သည်အင်အား (၂၀၀၀)ခန့်ရှိ၍
စစ်ရေယာဉ်အင်အားအနေနှင့် တိုက်ရေယာဉ်များ၊ မြစ်တွင်းတိုက်ရေယာဉ်နှင့်
နှစ်ထပ်သင်္ဘောများ၊ လက်နက်တပ်ဆင်ထားသော U.B တိုက်ရေယာဉ်များနှင့်
ကမ်းတက်တပ်များ ရှိနေပါသည်။ ပြည်တွင်းသောင်းကျန်းမှုကို
လက်နက်ကြီးများနှင့်အတူ ရှေ့တန်းမှနေ၍ ကြည်းတပ်၊ လေတပ်တို့နှင့်
ပူးပေါင်းလျက် တိုက်ခိုက်ဖြိုခွင်းခဲ့ကြသည်။ ရေကြောင်းနှင့်ပတ်သက်၍
မြစ်ကြောင်းပိတ်ဆို့ရှင်းလင်းမှုများ၊ မြစ်ကြောင်းသယ်ယူပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ကြရသည်။
ကြည်းကြောင်းစစ်ဆင်ရေးများတွင် (၄၀)မမ အမြောက်များ၊ (၂၀)မမ အမြောက်များကို
ဘီးတပ်ယာဉ်များတွင် တပ်ဆင်လျက် ရန်သူများအား တစ်ဖက်တစ်လမ်းမှ
ဖြိုခွင်းခဲ့သည်။ ထို့အပြင် ပြည်တွင်း/ ပြည်ပ ခဲယမ်းမီးကျောက်
သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။
လွတ်လပ်ရေးရပြီးခေတ် ရေတပ်ကို အဘက်ဘက်မှ ကျားကန်တည်ဆောက်ခဲ့၇ာ
ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေးကာလတွင် ဗမာ့ ရေတပ်မတော်သည် အင်အားအရ
လည်းကောင်း၊ အတွေ့အကြုံအရ လည်းကောင်း များစွာတိုးတက်ခိုင်မာ လာခဲ့ပါသည်။
လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းသောင်းကျန်းမှုများသည် နိုင်ငံတစ်ဝှမ်းလုံး
ပေါ်ပေါက်ခဲ့ရာ ရေတပ်သည် တပ်မတော်(ကြည်း)နှင့် ပူးပေါင်းလျက်
တစ်ဘက်တစ်လမ်းမှ တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ပါသည်။ မြစ်ဝကျွန်းပေါ်
တိုက်ပွဲများ၊ ရခိုင်ကမ်းရိုးတန်း တိုက်ပွဲများနှင့် တနင်္သာရီကမ်းရိုးတန်း
တိုက်ပွဲများစွာကို အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပါသည်။
ထင်ရှားခဲ့သော တိုက်ပွဲစဉ်များ
လွတ်လပ်ရေးရပြီးခေတ် ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်ဒေသ၌ အင်းစိန်တိုက်ပွဲ၊
ဝက်ကော်တိုက်ပွဲ၊ ပုသိမ်တိုက်ပွဲ၊ တွံတေးတိုက်ပွဲ၊ သလပ်ခွာ
ရွာသိမ်းတိုက်ပွဲ၊ တွံတေးမြို့သိမ်းတိုက်ပွဲ နှင့် တွံတေးဝ
ရွာသိမ်းတိုက်ပွဲ၊ ကျိုက်ပါမြို့တိုက်ပွဲ၊ ထန်းတပင်တိုက်ပွဲ၊
ရွှေလောင်းတိုက်ပွဲ၊ လှိုင်းကာတိုက်ပွဲ၊ ညောင်တုန်း၊ ခေါင်ကြီး၊ ဇလွန်မြို့
တိုက်ပွဲများ၊ ဓနုဖြူတိုက်ပွဲ၊ ရခိုင်ကမ်းရိုးတန်းဒေသ၌ ရသေ့တောင်တိုက်ပွဲ၊
မြို့ဟောင်းတိုက်ပွဲ၊ ပလောင်ခေါင်းတုတ်တိုက်ပွဲ၊ တောင်ကုတ်တိုက်ပွဲ၊
မင်းဝံချောင်းတိုက်ပွဲ၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာသိမ်းတိုက်ပွဲ၊
ဥဒေါင်းအင်းဒင်တိုက်ပွဲ၊ တနင်္သာရီကမ်းရိုးတန်းဒေသတွင်
မော်လမြိုင်-ရွှေဂွန်စစ်ဆင်ရေး၊ ထုံးအိုင်ရွာနှင့် ၀င်းခြံရွာတိုက်ပွဲ၊
ကျုံဒိုး- ကော့ကရိတ် ရွာသိမ်းတိုက်ပွဲများသည် ဗမာ့ရေတပ်မတော်၏
ထူးချွန်ပြောင်မြောက်သော စစ်ရေးစွမ်းရည်ကို ထင်ရှားစေခဲ့ပါသည်။
အင်းစိန်တိုက်ပွဲ။ အင်းစိန်မြို့ကို သိမ်းပိုက်ထားပြီး ရန်ကုန်မြို့ကို
ဆက်လက်ထိုးစစ်ဆင်သိမ်းယူရန် အင်းအားစုစည်းကြိုးပမ်းလာသော KNDO တပ်များအား
ဗမာ့တပ်မတော်မှ အောင်ပွဲခံခဲ့သော တိုက်ပွဲဖြစ်သည်။ ရန်သူ၏
ထိုးစစ်အဟုန်ကြောင့် ကြည်းတပ်ခံစစ်ကြောင်းများ အဆင့်ဆင့်
ဆုတ်ပေးနေရချိန်တွင် ဗမာ့ရေတပ်မတော်မှ စစ်ရေယာဉ်မေယုသည် မြစ်ကြောင်းမှ
(၄)လက်မ အမြောက်ဖြင့်လည်းကောင်း၊ ရေတပ်ပိုင် ဘီးတပ်(၄၀)မမ
အမြောက်တပ်ဖွဲ့များသည် ကုန်းပေါ်မှလည်းကောင်း ဆီးကြိုဖြတ်တောက်
တိုက်ခိုက်မှုကြောင့် ရန်သူ့ဘက်မှ အကျအဆုံးများစွာဖြင့်
အရေးနိမ့်သွားခဲ့ပါသည်။ ၄င်းတိုက်ပွဲတွင် ရေတပ်အနေဖြင့်
စစ်ရေယာဉ်များအပြင် ကုန်းပေါ်မှလည်း ဘီးတပ်အမြောက် တံမြက်စည်း၊ ရေဘီလူး ၊
ရေသူရဲ၊ ရေသဘက် စသည်တို့ဖြင့် စွမ်းစွမ်းတမံ ပါဝင်တိုက်ခိုက်ပြီး
အောင်ပွဲခံနိုင်ခဲ့ပါသည်။
ဝက်ကော်တိုက်ပွဲ။ ကြိုးပင်ကောက်အလွန်
ဝက်ကော်တွင် တပ်စွဲထားသော KNDO တို့အား နှိမ်နင်းရာတွင်
ကြည်းတပ်စစ်ကြောင်းများနှင့်အတူ ရေတပ်အမြောက် (တံမြက်စည်း) တပ်ဖွဲ့တို့
ပါဝင်ခဲ့ပါသည်။ ရေတပ်မှ တံမြက်စည်းအမြောက်၏ စစ်နည်းဗျူဟာမြောက် လှုပ်ရှား၍
ထိရောက်စွာ ပစ်ခတ်ချေမှုန်းမှုကြောင့် ရန်သူတို့ ဖရိုဖရဲဖြစ်ပြီး
အရှေ့ရိုးမဘက်သို့ ဆုတ်ခွာခဲ့ရသည်။
တွံတေးတိုက်ပွဲ။ ၁၉၄၉ ခုနှစ်
ဧပြီလ(၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော တွံတေးတိုက်ပွဲတွင်
မြစ်တွင်းတိုက်ရေယာဉ်-ရွှေပုစွန်၊ တိုက်ရေယာဉ်(၁၄၅၆)တို့ ပါဝင်ခဲ့ရာ
ရွှေပုစွန်စစ်ရေယာဉ်မှူး ဗိုလ်ကြီးထွန်းတင်မျက်နှာတွင် ရန်သူ့ကျည်ထိမှန်၍
ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော်လည်း တိုက်ပွဲအောင်မြင်သည်အထိ
သက်စွန့်ကြိုးပမ်းကွပ်ကဲနိုင်ခဲ့သဖြင့် နိုင်ငံတော်မှ “သီဟသူရဘွဲ့”
ချီးမြှင့်ခဲ့ပါသည်။ ထို့ကြောင့် ဗိုလ်ကြီးထွန်းတင်အား အစဉ်လေးစား
အားကျနေစေရန်အလို့ငှာ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင်
''သီဟသူရထွန်းတင်ခန်းမ'' အဖြစ် ဂုဏ်ပြု ကင်ပွန်းတပ် ထားရှိပါသည်။
ဗမာ့ရေတပ်မတော်သည် ပြည်တွင်းသောင်းကျန်းသူများအား
ရေကြောင်းမှတိုက်ခိုက်ရန် စစ်သည်စုဆောင်းခြင်း၊ စစ်ရေယာဉ်
အင်အားတိုးချဲ့ခြင်း၊ ကမ်းတက်တိုက်ခိုက်ရေးတပ်များ ဖွဲ့စည်းခြင်းနှင့်
ရေယာဉ်ငယ်များ လက်နက်တပ်ဆင်အသုံးပြုခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ထို့ကြောင့် သောင်းကျန်းသူများထကြွချိန်တွင် ဗမာ့ရေတပ်မတော်၌
စစ်ရေယာဉ်အင်အားမှာ ဖရီးဂိတ် (၁)စီး၊(ခ) အတန်းအစားရေယာဉ် (၂)စီး၊
ရေမြှုပ်ဗုံးရှင်း ရေယာဉ်(၂ )စီးနှင့် ဆိပ်ကမ်းကာကွယ်ရေးရေယာဉ်
(၁၃)စီးသာရှိရာမှ အရပ်ဘက်ရေယာဉ်များဖြစ်သော ဆီတွဲသင်္ဘောများ၊
“ယူဘီ”ရေယာဉ်ငယ်များနှင့် “အက်စ်” အမျိုးအစား နှစ်ထပ်သင်္ဘောများကို
မြစ်တွင်းတိုက်ရေယာဉ်များအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်။
( ဆက်လက်ဖော်ပြပါမည်)
ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် ကျရောက်မည့် (၆၆)နှစ်မြောက် တပ်မတော်(ရေ)နေ့ကို ဂုဏ်ပြုကြိုဆို ဖော်ပြပါသည်။
Myanmar Navy
No comments:
Post a Comment