Saturday, May 10, 2014

စိန်ခေါ်မှုတွေကို ဖော်ပြနေတဲ့ ချည့်နဲ့သော မြန်မာ့ဂေဟစနစ်




စိန်ခေါ်မှုတွေကို ဖော်ပြနေတဲ့ ချည့်နဲ့သော မြန်မာ့ဂေဟစနစ်
  နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အံ့အားသင့်ဖွယ် အလျင်အမြန် ပြုလုပ်လာတဲ့ မြန်မာကို ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတို့က အရေးယူပိတ်ဆို့မှုတွေ လျော့ချပေးလိုက်ပါတယ်။ ဒါဇင်နဲ့ချီတဲ့ နိုင်ငံခြားကုမ္ပဏီတွေလည်း နိုင်ငံတွင်းကို ရောက်ရှိလာခဲ့ပါတယ်။ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ၂၀၁၃ ခုနှစ်ထဲမှာ ၁၆၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ပါတယ်။ သို့သော်လည်း လွတ်လပ်ပွင့်လင်းတဲ့ နိုင်ငံတစ်နိုင်ငံကို အသွင်ကူးပြောင်းနိုင်ဖို့ တော်တော်လေး ခရီးဆက်ရဦးမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ဂေဟစနစ် ပျက်စီးနေတာကြောင့် တိုးတက်မှုတွေ ဆက်ရှိနေဖို့ တော်တော်လေး ကြိုးပမ်းရပါဦးမယ်။
ပဋိပက္ခများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး
လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းစစ်က တိုင်းပြည်တွင်းမှာ ချစားမှုတွေ၊ စနစ်တ ကျဖိနှိပ်မှုတွေ၊ စီးပွားရေးတိုးတက်မှု တုံ့ဆိုင်းခြင်းတွေ ပေါ်ပေါက်လာဖို့ကို တွန်းအားပေးခဲ့ပါတယ်။
ငြိမ်းချမ်းရေးဟာ စစ်ပွဲတွေထက် သဘာဝပတ်ဝန်းကျင်ကို ပိုဆိုးစေတယ်ဆိုတဲ့အချက်က လူတိုင်းမတွေး မိတဲ့ အချက်တစ်ချက်ပါ။ ဂျက်ဖ်မက်နီလီရဲ့ အဆိုအရ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသေးတဲ့ လူမှုအသိုင်းအ၀ိုင်းတွေထဲက စစ်ပွဲတွေဟာ သမိုင်းအစဉ်အလာအားဖြင့် ကြီးမားကျယ်ပြန်တဲ့ ကြားခံနယ် တွေအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေပြီး အဆိုပါကြားခံနယ်တွေဟာ ဇီဝသက်ရှိများစွာနားခိုရာ ဒေသတွေအ ဖြစ် ပေါ်ထွက်လာပါတယ်။ ထို့အတူ ခေတ်သစ်စစ်ပွဲတွေကလည်း အလားတူ ကြားခံနယ်တွေ ထွက်ပေါ် လာစေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဇီဝသက်ရှိမျိုးကွဲတွေအတွက် အကျိုးဖြစ်ထွန်းစေပါ တယ်။ ဒါပေမဲ့လည်း အဆိုပါအကျိုးကျေးဇူးတွေက “တိုက်ဆိုင်မှု သို့မဟုတ် မတော်တဆ” ဖြစ်ပေါ်လာရ ခြင်းသာ ဖြစ်တယ်လို့ မက်နီလီက အလေးအနက် ထည့်သွင်း ပြောကြားသွားပါတယ်။
စစ်အေးခေတ်ကာလ သီးခြားရပ်တည်ခြင်းက တောင်-မြောက်ကိုးရီးယား နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မှာ ဇီဝမျိုးကွဲမျိုးစုံ နားခိုနိုင်တဲ့ ကြားခံနယ်တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း စစ်ရိပ်စစ်ငွေ့ တွေ ကွယ်ပျောက်သွားတဲ့အခါမှာ အဆိုပါနေရာတွေဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ သဘာ ၀ပတ်ဝန်းကျင်အတွက် အန္တရာယ်အရှိဆုံးအချိန်က ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးခါစအချိန် ဖြစ်တယ်လို့ ဂျူဒီ အော်ဂလီသရုပ်က မှတ်ချက်ပြုခဲ့ဖူးပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေက သဘာဝသယံဇာတတွေ ရရှိနိုင်တဲ့ နေရာသစ်ပေါ်မှာ အလျင်အမြန် အမြတ်ထုတ်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ထို့အတူ ပဋိပက္ခခေတ်လွန် အစိုး ရတွေဟာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေအတွက် သဘာဝသယံဇာတနဲ့ဆိုင်တဲ့ ရေရှည်စီမံကိန်းတွေကို စတေး လေ့ရှိပါတယ်။
ဒီလိုအခြေအနေမျိုးကို မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၀ ပြည့်နှစ်များ အလယ်လောက်က ပြုလုပ်ခဲ့တဲ့ အပစ် ရပ်သဘောတူညီချက်တွေမှာ တွေ့မြင်နိုင်ပါတယ်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုပြုလုပ်ခဲ့ပြီး နောက်ပိုင်း မှာ စစ်ဗိုလ်ချုပ်တွေက လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေကို သဘာဝသယံဇာတတွေနဲ့ဝယ် ခဲ့ကြပါတယ်။ အထူးသဖြင့် စစ်အစိုးရက အပစ်ရပ်သဘောတူညီချက်တချို့အတွက် သစ်ခုတ်ခွင့်ကို ထိ ရောက်စွာ အသုံးချခဲ့ပါတယ်။
သို့သော် ယခုလို စစ်ရေးခြိမ်းခြောက်မှုနဲ့ စီးပွားရေးမက်လုံးတွေကို ပေါင်းစပ်ပြီး အပစ်အခတ်ရပ်စဲခြင်းက ရေရှည်တည်တံ့ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေးမျိုး မြန်မာနိုင်ငံမှာ မရရှိနိုင်ပါဘူးလို့ ကာရင်ဘယ်လင်တိုင်း နဲ့ ဟီကိုနစ်ဇစ်စကီတို့က ဆိုပါတယ်။ တစ်ဘက်မှာလည်း စစ်ဖြစ်ရာဒေသတွေအတွင်းက ပဋိပက္ခစီးပွား ရေးဟာ “အပစ်ရပ်စီးပွားရေးအသွင်”ကို ပြောင်းလဲသွားပြီး တရားမ၀င်သစ်ခုတ်မှုတွေ ထွန်းကားလာစေ ပါတယ်။ ဥပမာ - ၁၉၉၄ ခုနှစ်မှာ စစ်ဗိုလ်ချုပ်တွေနဲ့ ကေအိုင်အိုတို့အကြား အပစ်ရပ် သဘောတူညီချက် တစ်ရပ် ရရှိပြီးတဲ့နောက်မှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ စစ်ရေးအ ရလှုပ်ရှားခဲ့တဲ့နေရာတွေဟာ တရားမ၀င် သစ်မှောင်ခိုကူးတဲ့ အဓိကဒေသ ဖြစ်လာခဲ့ပါတယ်။
မညီမျှမှုနဲ့ ခုခံနိုင်စွမ်းမရှိမှု
မြန်မာရဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကတစ်ဆင့် ပေါ်ပေါက်လာတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက သတိထားလောက်ဖွယ်ရာ ခြိမ်းခြောက်မှုတွေ မဟုတ်ပါဘူး။ မြန်မာ့သဘာဝပတ်ဝန်းကျင်က ဆိုးရွားစွာထိခိုက်နေပြီး ဖြစ်လို့ပါ။ အစိုးရအနေနဲ့ ကြိုတင်အသိပေးမှုမရှိဘဲ၊ လုံလောက်တဲ့ နစ်နာကြေး ပေးမှုမရှိဘဲ မြေတွေသိမ်းပြီး ပုဂ္ဂလိကကို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့မူဝါဒတွေက အလုံးအရင်းနဲ့ မြေ၀ယ်တာ တွေ မြေသိမ်းတာတွေကို ဖြစ်စေခဲ့ပါတယ်။
တရားမ၀င် သစ်မှောင်ခိုတင်သွင်းမှုတွေကို ထိန်းချုပ်ဖို့ အစိုးရက ကြိုးပမ်းနေပေမယ့်လည်း တရားမ၀င် သစ်တင်ပို့မှုတွေက မြင့်တက်နေဆဲပါ။ ၂၀၁၃ ခုနှစ်အတွင်း မြန်မာ့ကျွန်းသစ်တင်ပို့မှုဟာ မက်ထရစ်မီ တာပေါင်း လေးသိန်းကျော်ရှိခဲ့ပြီး အစိုးရခွင့်ပြုမှုရဲ့ နှစ်ဆ ဖြစ်ပါတယ်။ သစ်ထုတ်လုပ်ရေးလုပ်ငန်းမှာ အ စိုးရနဲ့ဆက်ဆံရေးအရ ပြေလည်နေတဲ့ကုမ္ပဏီတွေကို ဆက်လက် ချုပ်ကိုင်ခွင့် ပြုထားတုန်းပါပဲ။ ဒါဟာ တိုင်းပြည်တွင်း ကျန်ရှိနေတဲ့ သစ်တောတွေနဲ့ မျှတမှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေပါတယ်။
“သစ်တောမြေတွေ ခုတ်ထွင်ရှင်းလင်းခြင်းက သဘာဝသယံဇာတကြွယ်ဝတဲ့ တိုင်းရင်းသား လူနည်းစု တွေနေထိုင်ရာ ပဋိပက္ခဒေသတွေမှာ ဖြစ်ပါတယ်။ မြန်မာရဲ့နောက်ဆုံးလက်ကျန် သစ်တောတွေလည်း ဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာဖို့၊ သဘာဝသယံဇာတတွေ ပိုမိုရရှိဖို့ ကြိုးပမ်းနေတဲ့ အစိုး ရရဲ့အစအစဉ်တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်” လို့ Forest Trends အဖွဲ့မှ ကီဗင်ဝု(ဒ်) က အစီရင်ခံ စာတစ်ခုမှာ ရေးသားခဲ့ဖူးပါတယ်။
“အဆိုပါ သစ်တောမြေတွေကို ခုတ်ထွင်အသုံးပြုတဲ့ စီမံချက်တွေကို ငြိမ်းချမ်းရေးနဲ့ စီးပွားရေးတိုးတက်မှု အတွက် ပြုလုပ်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေသခံလူနည်းစု တိုင်းရင်းသားအသိုင်း အ၀ိုင်းနဲ့ လွှတ်တော်အမတ်တွေကို ပေးထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီလိုဖွံ့ဖြိုးရေးစီမံချက် တွေဟာ ဗဟိုအစိုးရနဲ့ ဒေသခံအစိုးရတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေထက် အစိုးရနဲ့ ဆက် ဆံရေးပြေလည်ပြီး သစ်ခုတ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ ပိုမိုပတ်သက်ပါတယ်”လို့လည်း ကီဗင် က ဆိုပါတယ်။
ဒီလိုအနေအထားတွေဟာ “မြန်မာနိုင်ငံတွင်းမှ လတ်တလော မူဝါဒအပြောင်းအလဲတွေဟာ နိုင်ငံတစ် လွှားက သဘာဝဂေဟစနစ်အပေါ်ကို ဆိုးရွားပြီး အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ဆက် ရှိစေတယ်”လို့ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလအတွင်းမှာရေးသားခဲ့တဲ့ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ဆောင်းပါးထဲမှာ အက်ဒ၀ပ်ဝက်ဘ်က သုံးသပ်ထားပါတယ်။ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ပေါ်မှာရှိတဲ့ လက် ကျန်ဒီရေတောတွေဟာ ၂၀၁၉ ခုနှစ်မတိုင်မီမှာ ပျောက်ကွယ်သွားနိုင်တယ်လို့လည်း သုံးသပ်ထားပါ တယ်။ အဆိုပါအခြေအနေက ဧရာဝတီမြစ်ဝှမ်းလွင်ပြင်မှာ နေထိုင်နေသူ ၇ ဒသမ ၇ သန်းရဲ့ စားဝတ် နေရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်သလို ဆိုးရွားတဲ့အပူပိုင်းဒေသ ဆိုက်ကလုန်းမုန်တိုင်းတွေလည်း ဖြစ်ပေါ်လာစေပါတယ်။
လူပေါင်း ၁၃၀,၈၀၀ ကျော် သေဆုံးစေခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်ဆိုက်ကလုန်းဟာ ဒီရေတောတွေ ဆုံးရှုံး ခြင်းနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးစေတဲ့ တခြားအကြောင်းရင်းတွေကြောင့် ဖြစ်ပေါ်လာရတယ်လို့လည်း ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်အစီအစဉ်က မှတ်ချက်ပြုခဲ့ပါတယ်။
ဘက်ပေါင်းစုံထိတွေ့ဆက်ဆံရေးနဲ့ ဖြေရှင်းနိုင်
ငြိမ်းချမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးတို့က တိုင်းပြည်ရဲ့ဂေဟစနစ် အလွန်ဆိုးရွားနေခြင်းကို ပျောက် ကွယ်စေမယ်မဟုတ်ဘူးဆိုတာကတော့ ထင်ရှားတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ယင်းတို့ဟာ ထွက်ရပ်လမ်းတွေဖြစ်သလို မြန်မာနိုင်ငံဟာ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးရလဒ်တွေရဲ့ လမ်းလေး ခွဆုံကို ရောက်ရှိနေပါပြီ။ အဆိုပါရလဒ်တွေက မြန်မာ့အနာဂတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လုံခြုံရေး တို့အတွက် ပုံဖော်ပေးပါလိမ့်မယ်။
အစိုးရမဟုတ်တဲ့ သဘာဝပတ်ဝန်းကျင်ရေးရာအဖွဲ့တွေ၊ နိုင်ငံတကာအလှူရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံခြင်းက အကျိုးရှိစေနိုင်မှာပါ။ သမ္မတဦးသိန်းစိန်ကလည်း ဥရောပသမဂ္ဂရဲ့ သစ်တောဥပဒေ အကောင်အထည်ဖော်ရေး၊ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ အစီအစဉ်နဲ့ သဘာဝသယံဇာတတူးဖော် ရေးနှင့် ဆက်စပ်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်နေသည့် (EITI) အဖွဲ့တို့ကို ၀င်ဖို့ အတွက် ဆန္ဒရှိတယ်ဆိုတာကို ပြသပြီးပါပြီ။ ဒါ့အပြင် ကမ္ဘာထိန်းသိမ်းရေးအဖွဲ့ကလည်း မြန်မာအစိုးရနဲ့ လက်တွဲလုပ်ကိုင်နေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို နှစ်ဆတိုး လုပ်ကိုင်နိုင်ခဲ့ပါပြီ။ ဒါတွေ ဟာ အလားအလာကောင်းတွေကို ဖော်ပြနေတာပါ။ သို့သော်လည်း တရားမ၀င် သစ်မှောင်ခိုကူးခြင်း တွေ၊ မြေသိမ်းခြင်းအန္တရာယ်တွေနဲ့ ဧရာဝတီမြစ်ဝှမ်းဒေသ ထိလွယ်ရှလွယ် ဖြစ်နေတာတွေက ကြီးမား တဲ့ စိန်ခေါ်မှုတွေအဖြစ် ဆက်လက် တည်ရှိနေတုန်းပါပဲ။
လတ်တလောပြောင်းလဲမှုတွေက ပြည်တွင်းစစ်နဲ့ အထီးကျန်ဆန်မှု လမ်းကြောင်းကနေ ငြိမ်းချမ်းရေး၊ တိုက်ရိုက်ထိတွေ့ဆက်ဆံရေး လမ်းကြောင်းဆီကို ဦးတည်နေတဲ့ အရေးပါပြီး အပေါင်းလက္ခဏာ ဆောင်တဲ့ ပြယုဂ်ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကြိုတင်ပြင်ဆင် ကာကွယ်တာတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုင်းအ ၀ိုင်းနဲ့ ဂရုတစိုက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး နှစ်ခုစလုံးကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုမရှိခဲ့တဲ့ ၁၉၉၀ နှစ်များအတွင်းက အပစ်ရပ်မှုတွေကနေ သင်ခန်းစာယူပြီး လျင်မြန်စွာ စီးပွားရေးတိုးတက်ရေးထက် စစ်မှန်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစား ပေးဖို့ မလုပ်နိုင်ဘူးဆိုရင်တော့ အတိတ်ကာလတုန်းကလို မထူးဇာတ်ခင်းရဦးမှာပါပဲ။
ဤဆောင်းပါးမှာnewsecuritybeat.org တွင် ဖော်ပြထားသည့်Time Kovach၏ “Not There Yet: Burma’s Fragile Ecosystems Show Challenges for Continued Progress”အား ဆီလျော်သလို ကောက်နုတ် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ။
မင်းထောင်း ( Mizzima )
PHOTO - Aye Mar

No comments: