--------------
၁။ လောကကြွေး
၂။ သာသနာကြွေး
၃။ သံသရာကြွေး
လောကကြွေး
--------------
လောကကြွေးဆိုတာကတော့ ထင်ရှားပါတယ်။ သူတစ်ပါးထံက ချေးငှားထားပြီး မဆပ်တာပါပဲ။ ယူမိထားတဲ့ လောကကြွေးကို ဒီဘဝမှာတင် အကြေအလည် ပေးဆပ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကကြွေးကို ဒီဘဝမှာဆပ်ရတာက နောက်ဘဝမှာဆပ်ရတာလောက် အပန်းမကြီးလို့ဘဲ။
ဒီဘဝမှာဆပ်ရတာက ငွေချေးထားရင် ငွေပဲဆပ်လို့ရတယ်။ ပစ္စည်းချေးထားရင် ပစ္စည်းပဲဆပ်လို့ရတယ်။ နောက်ဘဝကျမှဆိုရင်တော့ ဘာပဲချေးထားချေးထား ခန္ဓာကိုယ်နှင့်ပဲ ပြန်ဆပ်ရတယ်။ တစ်ခဏ အသာရမှုလေးကြည့်ပြီး သူတစ်ပါးအကြွေး ပြန်မဆပ်ချင်တဲ့သူတွေ အထူးသတိထားသင့်တဲ့ အတွေးအခေါ်တစ်ခုပါ။
မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူထားတဲ့ မောင်ညို ဆန်တစ်စလယ်ဆိုတဲ့ ဖြစ်ရပ်လေးဟာ အကြွေးယူထားသူတွေအတွက် အင်မတန်မှ သင်ခန်းစာ ရစရာကောင်းပါတယ်။
အညာဒေသတစ်ခုမှာ သူငယ်ချက်းနှစ်ယောက် ရှိကြတယ်။ မောင်ဖြူနှင့် မောင်ညိုပဲ ထားကြပါစို။ တစ်နေ့ မောင်ဖြူက မောင်ညိုဆီကနေ အခက်အခဲဖြစ်နေလို့ ဆန်တစ်စလယ် ချေးယူလိုက်တယ်။ အကြွေးမဆပ်ရမီ တစ်ခုသောရက်မှာ မောင်ဖြူဟာ ပိုးထိပြီး ရုတ်တစ်ရက် သေဆုံးသွားတယ်။ ဆန်တစ်စလယ်ဆိုတဲ့ လောကကြွေးလေး ပါသွားတာကြောင့် မောင်ဖြူဟာ မောင်ညိုအိမ်မှာ တိုက်ကြက်တစ်ကောင် သွားဖြစ်ပြီး ခန္ဓာနှင့်အကြွေးဆပ်ရတယ်။ မောင်ညိုကတော့ အရင်ဘဝက သူငယ်ချင်းမှန်း ဘယ်သိမလဲ။ မောင်ဖြူနှင့်ပဲ ကြက်တိုက်စားနေတာပေါ့။
နိုင်တဲ့ပွဲချည်းပဲပေါ့။ တစ်နေ့တော့ မောင်ဖြူဟာ ဘယ်လိုပင် ကြိုးစားခွပ်သော်လည်း တစ်ဖက်ကြက်က သူ့ထက်သာနေတာက တစ်ကြောင်း ပွဲဆက်တွေများလိုးလို့ နာနေတာကတစ်ကြောင်း ရှုံးသွားတယ်။ မောင်ညိုလည်း လောင်းကြေးတွေ အတော်ကုန်သွားတာပေါ့။ ဒါကြောင့် အရင်ပွဲတွေ နိုင်အောင်ခွပ်ပေးခဲ့တာတွေကို မထောက်ထားတော့ပဲ။ အိမ်ပြန်ရောက်တာနဲ့ မောင်ဖြူရဲ့ခြေထောက်နှစ်ချောင်းကို ကိုင်ပြီး တိုင်နှင့်ရိုက်သတ်လိုက်ပြီး မြေကြီးပေါ်ပစ်ချထားလိုက်တယ်။
မောင်ဖြူအသက်ထွက်ခါနီး ဆန့်ငင်ဆန့်ငင် ဖြစိနေချိန်မှာ အိမ်မှာမွေးထားတဲ့ နွားမကြီးတစ်ကောင်က မောင်ဖြူကို လာနမ်းကြည့်သတဲ့။ ဒါကြောင့် မောင်ဖြူကြက်ဘဝက သေတာနဲ့ နွားဘဝရောက်သွားတယ်။ နွားထီးလေးအဖြစ် မွေးလာပြန်တာပေါ့။ ဒုတိယအကြိမ် ခန္ဓာနှင့်ကြွေးဆပ်ရဦးမယ်။ တစ်နေ့မြို့ပေါ်က အရာရှိလင်မယားနှင့် မောင်ညိုရဲ့ အသိမိတ်ဆွေ အတော်များများဟာ မောင်ညိုအိမ်ကို အလည်လာကြတယ်။ ဧည့်သည်တွေကို တခြားကျွေးစရာ အသားဝယ်မရတာနဲ့ မောင်ညိုဟာ မောင်ဖြူရဲ့ငယ်ထိပ်ကို ထုသတ်လိုက်ပြန်တယ်။ ဒီအချိန်မှာ မောင်ဖြူဟာ ခပ်ငယ်ငယ်ပဲ ရှိသေးတယ်။ မြေကြီးပေါ် ပစ်လဲကျသွားပြီး အသက်ထွက်ခါနီး ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ မောင်ဖြူကို အရာရှိကတော်က သွားကြည့်မိတယ်။
ကိုယ့်အိမ်မှာ မွေးထားတဲ့နွားလေးကို ဒီလိုပဲ ရက်ရက်စက်စက် လုပ်ရမလားဆိုပြီး မောင်ညိုကို အပြစ်တင်တယ်။ သနားလွန်းလို့ အဲဒီနေ့ကချက်တဲ့ မောင်ဖြူရဲ့ အသားကိုလည်း မစားဘူး။မောင်ဖြူဟာ နွားဘဝကသေတော့ မြို့ကလာတဲ့ အရာရှိကတော်ဝမ်းထဲမှာ လူသွားဖြစ်ပြန်တယ်။
မောင်ဖြူလေးမွေးပြီးတော့ စကားပြောတတ်တဲ့ အရွယ်ရောက်တာနဲ့ မောင်ညိုဆန်တစ်စလယ် ဆိုတဲ့စကားတစ်လုံးကိုပဲ ခဏခဏပြောနေလို့ မိဘများက သေချာမေးကြည့်မှ ဖြစ်ကြောင်းကုန်စင် သိရတယ်။ အဲဒီတော့မှ ဆန်အိတ်လိုက် လှည်းပေါ်တင်ပြီး မောင်ညိုအိမ်ကို သုံးဘဝတိတိ တင်ခဲ့တဲ့အကြွေးကို သွားဆပ်ကြတယ်။
မောင်ညိုအိမ်ရောက်လို့ ဖြစ်ကြောင်းကုန်စင်လည်း သိရရော ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရယ်ဆိုပြီး မောင်ညိုဟာ မောင်ဖြူဘဝကလာတဲ့ ကလေးလေးကို ဖက်ငိုရှာတယ်။ ဒါက လောကကြွေးပေါ့။
သာသနာကြွေး
သံသရာကြွေး
-----ဆက်ရန်------
(မေတ္တာရှင် ရွှေပြည်သာ)

No comments:
Post a Comment