တူမောင်ညို ။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်
“ကြားဖြတ်ရွေးကောက်ပွဲ” နဲ့ပတ်သက်ပြီး ဆက်ပြောရအုံးမယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ “ကြားဖြတ်ရွေးကောက်ပွဲ” ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင် ကထုတ်ပြန်ကြေညာလိုက်ပါပြီ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် တွေမှာ သက်ဆိုင်ရာလွှတ်တော်အလိုက်လစ်လပ်နေတဲ့ မဲဆန္ဒနယ် (၄၈) နေရာကို ထုတ်ပြန်ကြေညာထားပါပြီ။
လစ်လပ်နေတဲ့နေရာ (၄၈) နေရာကိုလေ့လာစိစစ်ကြည့်တဲ့အခါ ပထမအချက်အနေနဲ့ လစ်လပ်သွားတဲ့ နေရာအားလုံးဟာ ကြံ့ဖွံ့ပါတီ (USDP) က အနိုင်ရထားခဲ့တဲ့ နေရာတွေဖြစ်တယ်။
ဒုတိယအချက်က အဲဒီနေရာ(၄၈)နေရာက ရွေးချယ်ခံရသူ(၄၈)ဦး အနက်(၃၅) ဦးဟာ လက်ရှိအစိုးရ အုပ်ချုပ်ရေးယန္တယား ထဲက အဓိကနေရာတွေကို ရယူထားကြသူတွေဖြစ်ပါတယ်။
သမ္မတ ၁ ဦး နဲ့ ဒုတိယသမ္မတ ၂ ဦး၊ ပြည်ထောင်စုဝန်ကြီး ၂၂ ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ၁ ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ၁ ဦး နဲ့ ဒုတိယဝန်ကြီး ၈ ဦး အဖြစ် အုပ်ချုပ်ရေးယန္တယားထဲမှာ ပါဝင်နေကြပါတယ်။
တတိယအချက်က ကြံ့ဖွံ့ပါတီ(USDP)က လစ်လပ်သွားတဲ့ သူ့ရဲ့နေရာအားလုံးမှာ ပါဝင်ယှဉ်ပြိုင်မှာလား/မယှဉ်ပြိုင်ဘူးလား ဆိုတာကလည်း အခုအချိန်အထိ ပြောသံဆိုသံမကြားရသေးဘူး။ ဒီတိုင်းတော့ လက်ပိုက်ကြည့်နေမယ်မထင်ပါဘူး။
သမ္မတဦးသိန်းစိန်ရဲ့မဲဆန္ဒနယ်ဖြစ်တဲ့၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးရဲ့ မဲဆန္ဒ နယ်ဖြစ်တဲ့၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်/ဆည်ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ရဲ့နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင်ရဲ့နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွေမှာ ဘယ်ပါတီက၊ ဘယ်သူတွေဝင်ရောက်ယှဉ်ပြိုင် အရွေးခံကြ မလဲ။
ဝန်ကြီးဌာန၂ခုစီကို ကိုင်တွယ်ထားတဲ့ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းရဲ့ပုလဲမြို့နယ်မဲဆန္ဒနယ် နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ရဲ့မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် တွေမှာ ဘယ်ပါတီတွေက၊ ဘယ်သူတွေဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမလဲ။
ဒီတော့ ရှေ့လျှောက် (၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မတိုင်ခင်အထိ) ဘယ်ပါတီတွေက ဘယ်လိုနေရာတွေမှာ ဘယ်လိုအရေအတွက်နဲ့ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမလဲဆိုတာတွေကြားရသိရတော့မှာပါ။
ကုန်ကျစရိတ် ရှုဒေါင့်ကနေကြည့်ရင်ပဲ၊ (၄၈) နေရာလုံးဝင်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင် ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေး က ချည်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးကျပ် ၅ သိန်းနှုန်းနဲ့ သိန်းပေါင်း (၂၄၀) ကုန်ကျမှာပါ။
အဲဒီ ကျပ် ၅ သိန်းက ရွေးကောက်ပွဲမှာ နိုင်-နိုင်/ရှုံး- ရှုံး ပြန်ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် ခရီးစရိတ်အပါအဝင် အခြားသော မဲဆွယ်ရေးဆိုင်ရာ ကုန်ကျစရိတ်တွေ မပါသေးပါဘူး။
ကြံ့ဖွံ့ပါတီနဲ့ (တစည)တို့ကလွဲရင် အခြားပါတီတွေအတွက်ငွေရေးကြေးရေးဆိုတာ ကြီးမားလှတဲ့အခက်အခဲတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကြံ့ဖွံ့ပါတီနဲ့ (တစည)တို့သာ (အဆောက်အအုံ၊ ငွေကြေးစတဲ့) တိုင်းပြည်ပိုင်ပစ္စည်းတွေကို စာရင်းမရှင်းပဲ မောင်ပိုင်စီးခဲ့ကြ တာလည်းဖြစ်တယ်။
ကြံ့ဖွံ့ပါတီဟာ စစ်အုပ်စု/စစ်အစိုးရထိပ်သီးတွေခေါင်းဆောင်ပြီး ၁၉၉၃ ခုနှစ်ကတည်း “အသင်း” ဆိုတဲ့ အမည်နဲ့ လူစုခဲ့တာဖြစ် ပါတယ်။ ဒါကြောင့် ငွေကြေးဘက်ကရော၊ စည်းရုံးဖွဲ့စည်းမှုဖက်ကရော “ရှင်ဘုရင့်ပုဆိုး ပိုးချည်း” ဖြစ်နေတဲ့ ကြံ့ဖွံ့ပါတီ တဖြစ်လဲ အသင်း ဖြစ်ပါတယ်။
အခုမှစတင်ဖွဲ့စည်းကြရတဲ့နိုင်ငံရေးပါတီများအတွက်တော့ နိုင်ငံရေးပါတီတစ်ခုအဖြစ် “တရားဝင်”ရပ်တည်နိုင်ဖို့ “တည်ထောင် ခွင့်”၊ “မှတ်ပုံတင်ခွင့်” စတဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အဆင့်အမျိုးမျိုးသော အခက်အခဲ၊ရွေးကောက်ပွဲဝင်ပြန်တော့လည်း ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေး၊အထွေအထွေမဲဆွယ်စရိတ်စတဲ့ ငွေကြေး ဆိုင်ရာအခက်အခဲ၊ မဲဆန္ဒရှင်ပြည်သူလူထုကို အိမ်တိုင်ရာရောက်သွားရောက် စည်းရုံးရာမှာကြုံတွေ့ကြရတဲ့ ပိတ်ပင်ကန့်သတ်မှု အခက် အခဲ စတဲ့အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။
ဒါ့ကြောင့် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းမယ့် “ကြားဖြတ်ရွေးကောက်ပွဲ” ဟာ “၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ” မှာ ပါတီငယ်တွေ ခါးသီးစွာကြုံတွေ့ခဲ့ကြရတဲ့ “ညနိုင်/မနက်ရှုံး” ဖြစ်ရတဲ့ “ကြိုတင်မဲ” မသမာမှုတွေ ကင်းရှင်းပါ့မလား။
“ရွေးကောက်ပွဲ” မှန်သမျှ ( ပုံမှန် ၅ နှစ် ၁ ကြိမ်ရွေးကောက်ပွဲ/ ကြားဖြတ်ရွေးကောက်ပွဲ) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး လက်ထဲမှာဖြစ်ပါတယ်။ ဦးတင်အေး ဟာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ကရွေးချယ်ခံရတဲ့ ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ပါတယ်။
ယခင် (နအဖ)စစ်ကောင်စီဝင်တစ်ဦးဖြစ်ပြီး၊ ဒုတိယဗိုလ်ကြီးဟောင်းတစ်ဦး ဖြစ်တယ်ဆိုတာကိုလည်းသတိပြုကြရပါမယ်။
“ပါတီစွဲ” ကင်းရမယ်လို့ တဖောင်ဖောင်ပြောနေပေမယ့် “အုပ်ချုပ်ရေးနဲ့ဥပဒေပြုရေးကဏ္ဍတွေ”ထဲက သော့ချက်ကျတဲ့ နေရာ မှန်သမျှကို ကြံ့ဖွံ့ပါတီဝင် လွှတ်တော်အမတ်မင်းများကသာ ချုပ်ကိုင်ရယူထားပါတယ်။
၂၀၁၂ ခုနှစ်၊ ဧပြီလ “ကြားဖြတ်ရွေးကောက်ပွဲ” မှာ ဘယ်သူတွေပြိုင်လို့ ဘယ်သူတွေနိုင်မှာပါလိမ့်။
No comments:
Post a Comment