အာဏာရှင်နှင့် ပေါင်းသင်းခြင်း
ဂါမဏိ
မြောက်ကိုရီးယား၊ ဇင်ဘာဘွေနဲ့ မြန်မာနိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အဆိုးသွမ်းဆုံး အာဏာရှင်နိုင်ငံ ဘွဲ့ထူးဂုဏ်ထူးကို သူတလှည့် ငါတလှည့် အပြိုင်အဆိုင် ဆွတ်ခူးနေကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ ၃ နိုင်ငံထဲမှာ ဇင်ဘာဘွေနဲ့ မြန်မာတို့မှာတော့ လောက်လောက်လားလား အတိုက်အခံတွေ ရှိနေပြီး အာဏာရှင်နဲ့ အတိုက်အခံ နိုင်ငံရေးကစားကြတာတွေ၊ နိုင်ငံတကာရဲ့ ကစားကွက်တွေကို တွေ့ရပါတယ်။ အထူးသဖြင့် အာဏာရှင်တွေက ပြည်တွင်းအခြေအနေတွေကို နိုင်နင်းအောင် မကိုင်တွယ်နိုင်တော့တဲ့အခါ အတိုက်အခံအင်အားစုတွေနဲ့ အပေးအယူလုပ် ကစားတာတွေ ရှိတတ်ပါတယ်။ (ဒါပေမယ့် အာဏာရှင်တွေဟာ သူတို့ အကျပ်အတည်း ဆိုက်တာကို ဘယ်တော့မှ ဝန်ခံလေ့မရှိပါဘူး။)
*****
ဇင်ဘာဘွေနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၃,၀၀၀,၀၀၀,၀၀၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ် (ဇင်ဘာဘွေဒေါ်လာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ တန် ငွေစက္ကူ ထုတ်ခဲ့ရတယ်)။ အလုပ်လက်မဲ့ ၉၅ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ လူဦးရေ ၁၂ သန်းရှိတဲ့ နိုင်ငံမှာ ပြည်သူ ၃ သန်း နိုင်ငံခြားထွက် အလုပ်လုပ်ကြရပါတယ်။ ကျန်းမာရေးစနစ် ပြိုလဲနေလို့ ကာလဝမ်းကပ်ဘေး တနှစ်ကြာ ဆိုက်ပြီး လူတသိန်း ဝမ်းရောဂါဖြစ်၊ ၅၀၀၀ လောက် သေခဲ့ပါတယ်။၂၀၀၈ ခု မတ်လ ပါလီမန်ရွေးကောက်ပွဲမှာ ရှဗန်ဂီရိုင် ခေါင်းဆောင်တဲ့ အတိုက်အခံ အမ်ဒီစီပါတီက ၉၉ နေရာ၊ မူဂါဘီ ခေါင်းဆောင်တဲ့ အစိုးရပါတီ ဇာနူး-ပီအက်ဖ်က ၉၇ နေရာ၊ အမ်ဒီစီခွဲထွက်အဖွဲ့က ၁၀ နေရာရခဲ့ပြီး သမ္မတရွေးကောက်ပွဲမှာတော့ ရှဗန်ဂီရိုင်က ၄၇.၉ ရာခိုင်နှုန်း၊ မူဂါဘီက ၄၃.၂ ရာခိုင်နှုန်း ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဆိုပြီး မဲ ၅၀ ရာခိုင်နှုန်း မရလို့ ဒုတိယအကြော့ ရွေးကောက်ပွဲ ထပ်လုပ်ခိုင်းခဲ့ပါတယ်။ တကယ်တော့ ရှဗန်ဂီရိုင်ဟာ ၅၀.၃ ရာခိုင်နှုန်းရခဲ့ပေမယ့် မူဂါဘီက မဲလိမ်ခဲ့တာဖြစ်လို့ ဒုတိယအကြော့ ရွေးကောက်ပွဲကို အတိုက်အခံပါတီက သပိတ်မှောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကာလအတွင်း မူဂါဘီရဲ့ပါတီနဲ့ လုံခြုံရေးတွေက အတိုက်အခံနဲ့ ပြည်သူလူထု ၂၀၀ ကျော်ကို သတ်ခဲ့ပါတယ်။
ဒီလိုနဲ့ တယောက်တည်းပြိုင်တာ ၈၅ ရာခိုင်နှုန်းကျော် မဲရပြီး သမ္မတဖြစ်လာပေမယ့် အဘက်ဘက်က အကျပ်ဆိုက်နေတဲ့ အာဏာရှင် မူဂါဘီဟာ ၂၀၀၈ စက်တင်ဘာ ၁၅ ရက်မှာတော့ အာဖရိကတောင်ပိုင်း အသင်းရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အာဏာခွဲဝေရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ရပါတယ်။ လက်မှတ်ထိုးပြီး တလအကြာမှာ ဇင်ဘာဘွေစစ်တပ်က နိုင်ငံပိုင် စိန်တွင်းကို အဓမ္မ ဝင်သိမ်းပိုက်ခဲ့ပါတယ်။
၂၀၀၉ ဖေဖော်ဝါရီလမှာပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာ မူဂါဘီက သမ္မတ၊ ရှဗန်ဂီရိုင်က ဝန်ကြီးချုပ်၊ ဇာနူး-ပီအက်ဖ်ပါတီက ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ တရားရေး၊ ရဲ၊ အကျဉ်းဦးစီး၊ ထောက်လှမ်းရေး ... စတဲ့ ဌာနများ၊ အမ်ဒီစီက ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ အခြေခံဥပဒေရေးရာ ... စတဲ့ ဝန်ကြီးနေရာများ ရပြီး ပြည်ထဲရေးဝန်ကြီးနေရာမှာ တပါတီကို တယောက်နဲ့ ၂ ယောက် ထားပါတယ် (ပြည်ထဲရေးဝန်ကြီး ၂ ယောက်ထားတာ ကမ္ဘာမှာ ဒီတနိုင်ငံပဲ ရှိမယ်ထင်ပါတယ်)။ မကြာခင်မှာပဲ မူဂါဘီက အမ်ဒီစီ ပြန်ကြားရေးဝန်ကြီးကို ဖြုတ်ပစ်လိုက်ပါတယ်။ အမ်ဒီစီ ပြည်နယ်အုပ်ချုပ်ရေးမှူး (ပြည်နယ်ဝန်ကြီးချုပ်) တွေကိုလည်း အသိအမှတ်မပြု၊ အာဏာလွှဲမပေးခဲ့သလို ဗဟိုဘဏ်ဥက္ကဌနဲ့ ရှေ့နေချုပ်နေရာတွေကိုလည်း ဇွတ်အတင်း ရယူခဲ့ပါတယ်။ တကယ်တော့ အမ်ဒီစီပါတီကို စီးပွားရေးချွတ်ခြုံကျမှု ကယ်တင်ရေး၊ စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေးအတွက်ပဲ အဓိကအားဖြင့် နေရာပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်းမယ့် သဘောတူညီချက်ကို အမ်ဒီစီပါတီထဲမှာ အဲဒီအချိန်က ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။
*****
ကောင်းကွက်တွေကတော့ သတ်တာ ဖြတ်တာတွေ နည်းသွားတယ်။ တခြားအကြမ်းဖက်မှုတွေ ဖမ်းဆီးထောင်ချမှုတွေ အရင်ထက်စာရင် လျော့သွားပါတယ်။ ဖမ်းရင်လည်း ခဏနဲ့ပြန်လွတ် သို့မဟုတ် အာမခံပေးပါတယ်။ ၂၀၀၉ ဇူလိုင်လမှာ ဘီဘီစီနဲ့ စီအဲန်အဲန် သတင်းဌာနတွေကို ဖွင့်ပေးလိုက်တာ၊ ဖေဖော်ဝါရီလမှာ အတိုက်အခံခေါင်းဆောင် ဘီတီကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲထားတာကို ပလပ်လိုက်တာ၊ ကမ္ဘာ့ဒုက္ခသည်များနေ့ ဆန္ဒပြပွဲတုန်းက အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံရ ကိုယ်ထိလက်ရောက် စော်ကားခံရမှုကို ဇူလိုင်လမှာ တရားရုံးက စုံစမ်းစစ်ဆေးခိုင်းတာ၊ အောက်တိုဘာလမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ၈ ယောက်ကို တရားသေ လွှတ်လိုက်တာတွေ ရှိပါတယ်။ ၂၀၁၀ မေလမှာ အမ်ဒီစီအမတ် ရွိုင်ဘင်းနက်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲထားရာက တရားသေ လွှတ်ပေးလိုက်တယ် (ဒါပေမယ့် ဝန်ကြီးရာထူး ပေးဖို့ကိုတော့ မူဂါဘီက ဆက်လက် ပိတ်ပင်နေပါတယ်)။၂၀၀၉ နှစ်ဆန်းမှာ ဇင်ဘာဘွေဒေါ်လာကို တရားဝင် ဖျက်သိမ်းလိုက်ပြီး တောင်အာဖရိကငွေနဲ့ အမေရိကန် ဒေါ်လာတွေနဲ့ အစားထိုး သုံးစွဲလိုက်တဲ့အတွက် စီးပွားရေးတိုးတက်လာသလို အရင်က ပိတ်ဆို့ထားတဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ပြန်ဝင်လာတာတွေကြောင့်လည်း စီးပွားရေး နည်းနည်း အဆင်ပြေလာပါတယ်။ (ဇာနူး-ပီအက်ဖ် ခေါင်းဆောင်ပိုင်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေတော့ မရုပ်သိမ်းသေးပါဘူး။) အလုပ်လက်မဲ့နှုန်းကတော့ ‘၇၀ ရာခိုင်နှုန်း’ ကို ကျသွားပါတယ်။
မီဒီယာကော်မရှင်သစ်ကလည်း သတင်းစာသစ်၊ သတင်းဌာနသစ်လိုင်စင် ၈ ခုလောက် ချပေးခဲ့ပါတယ် (ကန့်သတ် ချုပ်ချယ်တဲ့ မီဒီယာဥပဒေဟောင်းတွေကိုတော့ မပယ်ဖျက်သေးပါဘူး)။
၂၀၁၀ ဖေဖော်ဝါရီမှာတော့ အခြေခံဥပဒေအသစ် ရေးဆွဲရေးလုပ်ငန်းစဉ် စတင် အသက်ဝင်လာပါတယ် (ဒါပေမယ့် အကြမ်းဖက် ဟန့်တားနှောင့်ယှက်မှုတွေကြောင့် အောက်တိုဘာလမှာ ရပ်နားလိုက်ရတယ်)။ ၂၀၁၂ ရွေးကောက်ပွဲအမီ အခြေခံဥပဒေအသစ် ထွက်ဖို့ နှစ်ဘက်သဘောတူထားပါတယ်။
*****
၂၀၀၉ ခုနှစ်ထဲမှာ အမ်ဒီစီ လွှတ်တော်အမတ် အနည်းဆုံး ၁၆ ယောက်ကို ဓားပြမှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှု၊ ဓာတ်မြေသြဇာရောင်းစားမှု ... စတဲ့ ရာဇဝတ်မှုပုဒ်မတွေနဲ့ ဖမ်းထားပါတယ်။ ဒီထဲက ၇ ယောက်ကို ထောင်ချလိုက်ပြီး ၄ ယောက်ကို အမတ်အဖြစ်က ပယ်ဖျက်လိုက်ပါတယ်။ အမ်ဒီစီ ဒု-ဝန်ကြီး မာလန်ဂူကို လက်ကိုင်ဖုန်း ခိုးမှုနဲ့ တရားစွဲထားပါတယ်။ အထက်လွှတ်တော်အမတ် ရွိုင်ဘင်းနက်ကို တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့နဲ့ တရားစွဲခဲ့ပါတယ်။နှစ်ဘက်သဘောတူစာချုပ်အရ အခြေခံဥပဒေသစ်ဆွဲဖို့ ဆွေးနွေးညှိနှိုင်းတာကိုလည်း ဇာနူး-ပီအက်ဖ် စွမ်းအားရှင်တွေက ပုလိပ်တွေ ရှေ့မှောက်မှာပဲ အကြမ်းဖက် ဖြိုခွဲပိတ်ပင်ခဲ့ပါတယ်။ အမ်ဒီစီ ခေါင်းဆောင်တယောက်ရဲ့အမေ အသက် ၇၃ နှစ်အရွယ် မလီလိုကိုလည်း ဝိုင်းရိုက်ခဲ့လို့ ဆေးရုံတင်ရပါတယ်။ ဒါပေမယ့် အကြမ်းဖက်သူ ဘယ်သူမှ အရေးမယူခံရပါဘူး။ အမ်ဒီစီက ဘဏ္ဍာရေးဝန်ကြီး ဘီတီရဲ့ ခြံစောင့်ကို သြဂုတ်လမှာ စစ်သား ၃ ယောက်က ဝိုင်းထိုးခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဆီကိုလည်း စာအိပ်ထဲ ကျည်ဆံထည့်ပို့တာ ရှိခဲ့ပါတယ်။
အမ်ဒီစီပါတီဝင်တင်မက လူ့အခွင့်အရေး အဲန်ဂျီအိုအဖွဲ့ဝင် ၁၂ ယောက်လည်း အဖမ်းခံခဲ့ရပါတယ်။ လွတ်လပ်တဲ့ သတင်းစာတွေ ထုတ်ဝေခွင့်မရအောင် အမျိုးမျိုး ညစ်တာတွေ ဆက်လုပ်ခဲ့ပါတယ်။ ၂၀၀၉ သြဂုတ်လမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင် ၄ ယောက်ကို တရားဟောနေတုန်း ဖမ်းခဲ့ပါတယ်။ နယ်တွေမှာ မဲရုံစောင့်လုပ်ခဲ့ဖူးတဲ့ ကျောင်းဆရာတွေ၊ သပိတ်မှောက်ရာမှာ ပါခဲ့တဲ့ ကျောင်းဆရာ ဆရာမတွေကို ရိုက်နှက်တာ၊ ခြိမ်းခြောက်နှောင့်ယှက်တာတွေ တောက်လျှောက်လုပ်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ လယ်ယာလုပ်သားသမဂ္ဂ အတွင်းရေးမှူးအိမ်ကို စွမ်းအားရှင်တွေ ဝင်စီးခဲ့ပါတယ် (ကံကောင်းလို့ လွတ်သွားခဲ့ပါတယ်)။ အောက်တိုဘာလမှာ ဝန်ကြီးချုပ် ရှဗန်ဂီရိုင် ဖိတ်ခေါ်ထားတဲ့ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု စုံစမ်းရေးသမားကို မူဂါဘီက လေဆိပ်ကနေ ပြန်မောင်းထုတ်ခဲ့ပါတယ်။
၂၀၀၉ ခု ဖေဖော်ဝါရီလထဲမှာ လူ့အခွင့်အရေးရှေ့နေ ၂ ယောက်ကို ဖမ်းခဲ့ပါတယ်။ မေလမှာတော့ နာမည်ကြီး လူ့အခွင့်အရေးရှေ့နေ မုချဒယ်ဟာမာနဲ့ တရားစွဲခံနေရတဲ့ အမ်ဒီစီ အမတ်တယောက်ရဲ့ရှေ့နေ ဆင်ဂွင်နီကို ဖမ်းခဲ့ပါ တယ်။ အမ်ဒီစီ အထက်လွှတ်တော်အမတ် ရွိုင်ဘင်းနက်ကို အာမခံပေးလိုက်တဲ့ တရားသူကြီး ချီပတ်ဒ်ဇီကိုလည်း ရဲက မတ်လဆန်းမှာ ဖမ်းခဲ့ပါတယ်။
၂၀၀၉ မတ်လ ၃၁ ရက်မှာ အလွတ်သတင်းထောက် မူဆင်ဂီကို ဗီအိုအေက လွှင့်တဲ့ မြေသိမ်းမှု သတင်းကြောင့် ဖမ်းခဲ့ပါတယ်။ မေလထဲမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးလှုပ်ရှားသူ ၁၈ ယောက်ကို အကြမ်းဖက်မှုပုဒ်မတပ် ထောင်ချခဲ့ပါတယ်။ တရားရုံးသတင်းဖော်ပြခဲ့တဲ့ ဇင်ဘာဘွေ လွတ်လပ်ရေးစာစောင် အယ်ဒီတာ ချီမာကုရီနဲ့ ကာဟိယတို့ကို မေ ၁၁ ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီး တရားစွဲခဲ့ပါတယ်။ မူဂါဘီဟာ ဇာနူး-ပီအက်ဖ် စွမ်းအားရှင်တသောင်းကို လူငယ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းတွေအဖြစ် လစာပေးထားတာ အောက်တိုဘာလမှာ ပေါ်ထွက်လာပါတယ်။ ဇူလိုင်လမှာ အမ်ဒီစီလှုပ်ရှားသူ ကာတိယို ဆိုတဲ့ အမျိုးသမီးကို ဇာနူး-ပီအက်ဖ် ကြံ့ဖွတ်တွေက ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ကန်ကျောက်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ် အစောပိုင်းမှာ အလွတ်တန်းဓာတ်ပုံသတင်းထောက် အင်ဒါဆန်မန်ယေးရီကို ၃ ခါ ဖမ်းခဲ့ပါတယ်။ တကြိမ်က တရားရုံးရှေ့မှာ ဓာတ်ပုံရိုက်လို့၊ တကြိမ်က အမျိုးသမီးအဖွဲ့ ချီတက်ပွဲကို ဓာတ်ပုံရိုက်လို့၊ တကြိမ်က ဇင်ဘာဘွေ ကြံ့ဖွတ်တွေရဲ့ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်လို့ ဆိုပြီး ဖမ်းခဲ့တာတွေ ဖြစ်ပါတယ်။ ဇန်နဝါရီလထဲမှာပဲ တောင်အာဖရိကနိုင်ငံမှာ ထုတ်တဲ့ ဇင်ဘာဘွေသား အပတ်စဉ်ဂျာနယ်ဖြန့်ချိရေး ကုမ္ပဏီဒါရိုက်တာ မဒ်ဇီမူရီနဲ့ မုတန်ဒီရိုတို့ကို ဇင်ဘာဘွေပုလိပ်က ဖမ်းပြီး တရားရုံးတင်ခဲ့ပါတယ်။ ၂၀၁၀ ပထမလေးလအတွင်း သတင်းစာဆရာ အနည်းဆုံး ၁၅ ယောက် ဖမ်းဆီး သို့မဟုတ် ရိုက်နှက် သို့မဟုတ် နှောင့်ယှက်ခံခဲ့ရပါတယ်။ ဇန်နဝါရီလထဲမှာပဲ ပုလိပ်တွေက အမျိုးသမီး ဆန္ဒပြသမားတွေကို ရိုက်နှက်ခဲ့ပါတယ်။
လွတ်လပ်တယ်ဆိုတဲ့ မီဒီယာကော်မရှင်ကို ၂၀၁၀ ဖေဖော်ဝါရီကျမှ ထူထောင်ခွင့်ပေးခဲ့ပေမယ့် အရင်အစိုးရ ထိန်းချုပ်ခံ မီဒီယာကော်မရှင်ဟောင်းရဲ့ ဥက္ကဌကပဲ ကော်မရှင်သစ်မှာ ဥက္ကဌ လုပ်ပါတယ်။ ဖေဖော်ဝါရီလထဲမှာ ဇင်ဘာဘွေ အလုပ်သမားသမဂ္ဂရုံးကို ပုလိပ်တွေ ဝင်စီးခဲ့တဲ့အတွက် အလုပ်သမားခေါင်းဆောင် ဟမ်ဘီရာ ထွက်ပြေးပုန်းအောင်းခဲ့ရတယ်။
၂၀၁၀ မတ်လထဲမှာ ဝန်ကြီးချုပ်ကို အကြောင်းမကြား ခွင့်မတောင်းဘဲ ပြန်ကြားရေး၊ အခြေခံဥပဒေရေးရာ၊ သိပ္ပံနဲ့ နည်းပညာ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတို့ကို ကိုင်တဲ့ အမ်ဒီစီ ဝန်ကြီး ၄ ယောက်ကို ဖြုတ်ပစ်လိုက်ပြီး ဇာနူး-ပီအက်ဖ်ပါတီကို ဒီဝန်ကြီးဌာနတွေ ပေးလိုက်တယ်။ ဒီလထဲမှာပဲ ပန်းချီဆရာ မာဆီကိုကို ဆူပူမှုလှုံ့ဆော်တဲ့ ပန်းချီပြပွဲလုပ်လို့ ဆိုပြီး ၂ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဓာတ်ပုံပြပွဲ ၃ ပွဲကိုလည်း အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါတယ်။
အခြေခံဥပဒေရေးဆွဲရေး လူထုဆွေးနွေးပွဲတွေကို ဇာနူး-ပီအက်ဖ် စွမ်းအားရှင်တွေက အကြမ်းဖက်တာတွေ၊ အမ်ဒီစီပါတီဝင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတရားစွဲတာတွေ၊ အိုးအိမ်မြေယာ ဖျက်ဆီးမှုတွေ ၂၀၁၀ ခုနှစ်အတွင်း အကြိမ် ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ အမျိုးသမီးအရေးလှုပ်ရှားသူ ၈၃ ယောက် ဖမ်းခံရပါတယ်။ အခြေခံဥပဒေဆွေးနွေးပွဲကို ဇာနူးစွမ်းအားရှင်တွေ တိုက်ခိုက်ရာမှာ တယောက် သေခဲ့ပါတယ်။
၂၀၁၁ ခု ဖေဖော်ဝါရီ ၂၁ ရက်မှာ အာရပ်အုံကြွမှုလေ့လာရေးဆွေးနွေးပွဲကို ပုလိပ်တွေက စီးနင်းပြီး အစည်းအဝေး တက်သူ ၄၆ ယောက်ကို ဖမ်းခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့မှာ လူတသန်း ချီတက်ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ပုလိပ်တွေ အင်အားအလုံးအရင်းနဲ့ မြို့ထဲချထားပြီး ၂၈ ရက်နေ့မှာ ညမထွက်ရ အမိန့်ထုတ်ခဲ့လို့ ချီတက်ပွဲ မဖြစ်ခဲ့ပါဘူး။
ဇွန်လဆန်းမှာ အမ်ဒီစီပါတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဇင်ဘာဘွေဘဏ္ဍာရေးဝန်ကြီး ဘီတီရဲ့အိမ်ကို ဗုံးပစ်သွင်း တိုက်ခိုက်မှုဖြစ်ခဲ့ပါတယ် (အမ်ဒီစီ ဝန်ကြီးနေအိမ်တွေကို ရဲက လုံခြုံရေးအစောင့် ပေးမထားပါ)။
ဇင်ဘာဘွေ မီဒီယာစောင့်ကြည့်ရေးပရောဂျက်က ဒါရိုက်တာ အင်ဒရူးမွိုင်စီနဲ့ အရာထမ်း ၃ ယောက်ကို ၂၀၁၁ ဒီဇင်ဘာ ပထမပတ်ထဲမှာ ဖမ်းသွားခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ လွတ်လပ်တဲ့ စတင်းဒတ်သတင်းစာ အယ်ဒီတာ မဒန်ဟိုင်းယားနဲ့ သတင်းထောက် မတ်ရှာဇီတို့ကို ခိုးရာပါ ကျန်းမာရေးအာမခံကုမ္ပဏီ စာရွက်စာတမ်းတွေ လက်ခံထားရှိမှုနဲ့ ဖမ်းခဲ့ပါတယ်။ အဲဒီ ကျန်းမာရေးကုမ္ပဏီကို ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးရဲ့အကြံပေးအရာရှိ ကီရီကီ ပိုင်ပါတယ်။ လွတ်လပ်တဲ့ ဒေးလီးနယူးစ်သတင်းစာ အယ်ဒီတာ စတန်လီဂါမာနဲ့ သတင်းထောက် အင်စူဘီတို့ကိုလည်း မူဂါဘီရဲ့ ဝန်ကြီးချွမ်ဘိုကို အသရေဖျက်မှုနဲ့ ဖမ်းခဲ့တယ်။
၂၀၁၁ ခု နိုဝင်ဘာ ၁ ရက်နေ့မှာ ပုလိပ်တွေက အမ်ဒီစီပါတီ ဗဟိုဌာနချုပ်ရုံးကို မျက်ရည်ယိုဗုံးတွေ ပစ်ခတ် လူရှင်းပြီး ပိတ်ပစ်လိုက်ပါတယ်။ ဒီဇင်ဘာလဆန်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ၃ ယောက်ကို ဖမ်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ အမျိုးသမီးသမဂ္ဂဝင် ၂၁ ယောက် အဖမ်းခံခဲ့ရပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြတဲ့ အမျိုးသမီး ၄၀ ကို ပုလိပ်တွေက ရိုက်နှက်ဖြိုခွဲခဲ့ပါတယ်။
*****
ဇာနူး-ပီအက်ဖ်ပါတီက လူထုစည်းဝေးပွဲတွေ အလွယ်တကူ လုပ်နေနိုင်ချိန်မှာ အမ်ဒီစီပါတီဟာ ပုလိပ်ခွင့်ပြုချက်ရဖို့ မနည်းတောင်းနေရပါတယ်။ တခါတလေလည်း အမ်ဒီစီဝန်ကြီးတွေကို ရဲက ဆဲရေးတိုင်းထွာတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ထိန်းထားတာ ရှိတတ်ပါတယ်။ ထောက်လှမ်းရေးတွေဟာ နိုင်ငံထဲ ကြီးစိုးနေဆဲဖြစ်ပြီး ပြည်တွင်းရေဒီယိုနဲ့ ရုပ်သံလွှင့်လုပ်ငန်းတွေကိုလည်း မူဂါဘီကပဲ ဆက်ထိန်းချုပ်ထားသလို မာတာဘီလီ (အဲန်ဒီဘီလီ) တိုင်းရင်းသားတွေကို နိုင်ငံရေး စီးပွားရေးဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။ သဘောတူချက်မှာပါတဲ့ ခြစားမှုတိုက်ဖျက်ရေး ကော်မရှင်ကိုတော့ ၂၀၁၁ စက်တင်ဘာကျမှ ဖွဲ့စည်းခဲ့ပြီး ဘယ်လောက်လှုပ်ရှားနိုင်မလဲ မသိသေးပါဘူး။ မတရား ချုပ်ချယ်တဲ့ မီဒီယာဥပဒေတွေ၊ လုံခြုံရေးဥပဒေတွေကိုလည်း မဖျက်သိမ်းသေးပါ။၂၀၀၉ ခု နိုင်ငံရေးဖြေရှင်းချက်အပြီး နိုင်ငံထဲ အလုအယက် တန်းစီဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ဇာနူး-ပီအက်ဖ်ရဲ့ လက်ဝါးကြီးအုပ် စီးပွားရေးပေါ်လစီကြောင့် အခုတော့ ပြန်ထွက်နေကြပါပြီ။
လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ အားကြိုးမာန်တက် ကြွေးကြော်လုံးပမ်းခဲ့တဲ့ အမ်ဒီစီဝန်ကြီးတွေ-အမတ်တွေ အတော်များများဟာလည်း အာဏာရှင် မူဂါဘီအုပ်စုရဲ့ အဟန့်အတား အခက်အခဲတွေကို ရေရှည်ဆက်ရင်မဆိုင်ချင်တော့ဘဲ လက်ရှိ အနေအထားလေးကို ထိန်းသိမ်းထားဖို့လောက်ကိုပဲ အာရုံစိုက်လာပါတော့တယ်။ ဒါပေမယ့် အများပြည်သူကိုတော့ အာဏာရှင်နဲ့ အာဏာခွဲဝေရေးတွေ အောင်မြင်နေကြောင်း ချဲ့ကား ပြောနေကြပါတယ်။
*****
ကမ္ဘောဒီးယားနိုင်ငံမှာလည်း ၁၉၉၃ ခုမှာ ကုလသမဂ္ဂရဲ့ ရှေ့ဆောင်ကြီးကြပ်မှုနဲ့ အာဏာရှင်နဲ့ အတိုက်အခံ ပေါင်းသင်းခဲ့ပေမယ့် ဒီနေ့အထိ သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မလာဘဲ အာဏာရှင်ဟောင်းက သဏ္ဍာန်နောက်တမျိုးနဲ့ ဆက်လက်ကြီးစိုးနေတဲ့အကြောင်း နောင်အလျဉ်းသင့်တဲ့အခါ တင်ပြပါဦးမယ်။ကိုယ့်သဘောနဲ့ကိုယ် ပလ္လင်ပေါ်က အေးအေးဆေးဆေး ဆင်းသွားတဲ့ အာဏာရှင် ကမ္ဘာပေါ်မှာ တယောက်မှ မရှိဘူးလို့ ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်း ပြောတာ ကြားဖူးသလိုလိုပဲ။
ဂါမဏိ
No comments:
Post a Comment