by Lwin Aung Soe on Saturday, April 14, 2012 at 10:16am ·
ကိုမျိုးဆက် ရေးတဲ့ “ဘာခေါင်းစဉ် ပေးရမှန်းတော့ မသိဘူး။ ဖတ်ကြည့်ပေးဗျာ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးတဲ့နောက် ကျနော်လည်း အခုလို လွတ်လွတ်လပ်လပ်ပဲ ရေးချလိုက်မိပါတော့တယ်။
နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာရင်
ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြဌာန်းပြီးနောက် နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာရင် တကယ်တမ်း စိုးရိမ်နေသူတွေက ခရိုနီတွေရဲ့ အသိုင်းအဝိုင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ငွေရင်းအင်အား အလုံးအရင်း ကြီးမားစွာနဲ့ ဝင်ရောက်လာပြီး ကော်ပိုရေးရှင်းတွေ ထူထောင်လာကြတဲ့အခါ မယှဉ်ပြိုင်နိုင်မှာကို စိုးရိမ်နေပုံ ရှိနိုင်ပါတယ်။ ဒီလိုစိုးရိမ်မှုရဲ့ ထွက်ပေါက်အဖြစ် ရှင်းရှင်းပြောရရင် ခရိုနီတွေပာာ ခေတ်စနစ်နဲ့ မလျော်ညီတော့တဲ့ အာဏာပိုင်ဆိုသူတွေနဲ့ပေါင်းပြီး လယ်ယာသိမ်း မြေသိမ်း အိမ်သိမ်းတွေ အမြန်လုပ်ရင်း အရင်းအနှီး ကြီးထွားလာအောင် ဖန်တီးနေတာပဲလို့ ဆိုရမလို ဖြစ်နေပါတယ်။
စိုးရိမ်နေတဲ့ နောက်အမျိုးအစားတခုကတော့ မြန်မာနိုင်ငံမှာ ကွန်မြူနစ်စနစ် ပြန်လည်ခေါင်းထောင်လာအောင် (သို့) အနည်းဆုံး နိုင်ငံရေးပါတီတရပ်အနေနဲ့ လူရိုသေ (ရှင်ရိုသေ-မပါ) အောင် ခြေကုပ်ယူချင်သူတွေ ဖြစ်ပါလိမ့်မယ်။ ကွန်မြူနစ်ထုံးစံအတိုင်း ကွန်မြူနစ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်တဲ့ အရင်းရှင် (စီးပွားရေး)စနစ်ကို ခုတလော သိသိသာသာ အသံပေးလာလို့ ဖြစ်ပါတယ်။ တတိယအမျိုးအစားကတော့ လက်ရှိအရပ်သား အစိုးရကို အရင် စစ်အာဏာရှင် အစိုးရရဲ့ မူအတိုင်း ဆက်ခံတယ်လို့ ယူဆနေကြသူတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တကယ်လို့ နောက်တမျိုး ရှိနေရင်လည်း ကျနော့်အနေနဲ့ မငြင်းပါဘူး။ စဉ်းစားသုံးသပ်ရလွယ်ကူအောင် အမျိုးအစား ခွဲပေးတာပါ။
နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာရင် ပြည်သူတွေ အထူးသဖြင့် လက်လုပ်လက်စား ဆင်းရဲသားတွေနဲ့ လူလတ်တန်းစားတွေအတွက် ကောင်းတဲ့အလားအလာတွေ ရှိနေလို့ ပိုတောင်မှ ဝမ်းသာရမယ့်အဖြစ်ပါ။ ဘာကြောင့်လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေမှာ ဘဏ်လုပ်ငန်းလို ဝန်ဆောင်မှုတွေကအစ စတိုးဆိုင်တွေ အဆုံး အလုပ်အကိုင်သစ် အများကြီကို ဖန်တီးနိုင်မယ့် အမျိုးအစားတွေ ဖြစ်လာမှာကြောင့်ပါပဲ။ ဒီအကြောင်းတွေကို နောက်ထပ် ရေးပါဦးမယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို နိုင်ငံရေးလောကထဲ မဝင်စေချင်သူတွေ
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို နိုင်ငံရေးလောကထဲ မဝင်စေချင်လို့ (သူတို့အခေါ် အာဏာရသွားမှာစိုးလို့) ပိတ်ပင်ဟန့်တား နှောင့်ယှက်သူတွေ အမြဲ ရှိနေခဲ့ကြပါတယ်။ သူတို့ကတော့ ခုရောနောင်ရော အခွင့်အရေး ရသမျှ အမြဲတမ်း ထော်လော်ကန့်လန့် ဆက်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ဘယ်တော့မှလည်း အကောင်းမမြင်တတ်တဲ့ သူတွေလို့ ဆိုရမှာဖြစ်ပါတယ်။
ပိတ်ပင်ဟန့်တားလိုသူစာရင်းမှာ ထိပ်ဆုံးက ပါနေသူတွေကတော့ နိုင်ငံရေးမှာ ဖြတ်လမ်းလိုက်ပြီး အချောင် နာမည်ကြီးချင်သူတွေ၊ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေဖြစ်ပြီး သူတို့နည်းလမ်းကတော့ နောက်ကျောကို ဓါးနဲ့ ထိုးတတ်တာပဲ ဖြစ်ပါတယ်။ ကိုယ်ကျိုးသက်သက်သာ ကြည့်တဲ့သူတွေ ဖြစ်ကြပါတယ်။
နောက်အမျိုးအစားတခုကတော့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းခွင့်ရတာကို အကြောင်းပြုပြီး မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက်နေသူတွေ ဖြစ်ပါတယ်။ သူတို့ပာာ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်တဲ့အလုပ်ကို မလုပ်ကြပါဘူး။ ရွေးကောက်ပွဲမှာ မဲလိုချင်တဲ့ နိုင်ငံရေးပါတီတွေဟာ သမဂ္ဂတွေ၊ အသင်းအဖွဲ့တွေအပေါ် အားပြုရတာကို သူတို့က အခွင့်ကောင်းယူပြီး မဲပေးဖို့အတွက် အကြပ်ကိုင်တတ်ကြပါတယ်။ (မှတ်ချက် -- ရိုးသားစွာ ပါဝင်နေကြသူ၊ ရိုးသားစွာ ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်းတွေကို မဆိုလိုပါ။ အခြားတိုင်းပြည်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောကို ဖော်ပြလိုရင်းဖြစ်ပြီး အနာဂတ်အတွက် ခန့်မှန်းတွက်ဆခြင်းသာ ဖြစ်ပါတယ်။)
ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး
လက်ရှိအရပ်သားအစိုးရရဲ့ အားနည်းချက်တခုကတော့ ဆန္ဒပြပွဲတွေအပေါ်မှာ လုံခြုံရေးရှုထောင့်နဲ့ ဖိအားပေးခံရမယ့် ရှုထောင့်ကနေ အကြည့်လွန်ပြီး စိတ်ချလက်ချ လွှတ်မပေးရဲသေးတာ ဖြစ်ပါတယ်။ လက်ရှိ ပြဌာန်းပြီးဖြစ်နေတဲ့ ဆန္ဒပြခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေဟာ အစိုးရအတွက်ရော ပြည်သူတွေအတွက်ပါ အတော်အသင့် ကောင်းမွန်ပြီး လက်ခံနိုင်လောက်တဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါကို ခွင့်ပြုထားရင် တောင်းဆို ဆန္ဒပြပွဲတွေ အထိုက်အလျောက် ရှိနေမှာ ဖြစ်ပေမယ့် အစိုးရအနေနဲ့ ခေါင်းခဲရလောက်အောင် ဖိအားမျိုးနဲ့ လုံခြုံရေး ထိခိုက်မှုတွေ ဖြစ်လာစရာ သိပ်မရှိနိုင်ပါဘူး။
အစိုးရအနေနဲ့ ဖြေရှင်းနိုင်လောက်တဲ့ အနေအထားကိုသာ အများအားဖြင့် ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပိုမိုထွန်းကားလာတာနဲ့အမျှ သိန်းသောင်းချီတဲ့ လူထုဆန္ဒပြပွဲတွေ ရှိနေစေဦးတော့၊ အမြဲတမ်း ဆန္ဒမပြနိုင်တဲ့ အကြောင်းရင်းတွေလည်း ရှိပါတယ်။ နဲနဲချင်း တောင်းဆိုလာတာကို လစ်လျူရှုနေရင်တော့ များများကြီး တောင်းဆိုလာတာကို ရင်ဆိုင်ရနိုင်ကြောင်း ဥာဏ်လွှာပြီး စဉ်းစားသင့်ပါတယ်။ အာရပ်ကမ္ဘာလို လူထုအုံကြွမှုကို ရင်ဆိုင်ချင်ရင်တော့ အာဏာရှင်စနစ်ဘက်ဆီကို နောက်ပြန်ဆုတ်မှ ဖြစ်လာမယ့်ကိန်းပါ။
လူထုနိုးကြားမှုအပိုင်းမှာဆိုရင် နိုးကြားတဲ့ အကြောင်းရင်းနဲ့ ရည်မှန်းချက်ဟာ ပြောင်းလဲသွားပြီလို့ ဆိုရမလားပါပဲ။ အရင်ကလို စနစ်တခု ဖျက်သိမ်းရေးအတွက် အုံကြွတဲ့ Regime change မျိုးကို လုပ်ချင်တာထက် လက်ရှိ အနေအထားကိုသာ ပိုမိုတိုးတက် ကောင်းမွန်စေချင်တဲ့ဘက်မှာ အလေးသာလာတယ်လို့ ထင်ပါတယ်။ ဒါကလည်း အစိုးရရဲ့ ဥာဏ်လွှာသုံးအပ်ပါတယ်။ လူထုကို ဘယ်လောက်ထိ အလေးအနက်ထားနိုင်မလဲ ဆိုတဲ့ မေးခွန်းအပေါ် မူတည်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုလို့ …
အခုကြားရသလောက် မြန်မာနိုင်ငံရဲ့ Foreign Investment Law မှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေတာမျိုး၊ အမှိုက်စွန့်ပစ်တဲ့ အစီအစဉ်မျိုးတွေကအစ ပါလာမယ်လို့ သိရပါတယ်။ (ကျနော့်အနေနဲ့) အခြားဘာမှ မသိရသေးတဲ့အတွက် သုံးသပ်ဖို့ ခက်ခဲနေပါတယ်။ တကယ်လို့ လွှတ်တော်မှာတင်တဲ့ ဥပဒေကြမ်းတွေကို ပြည်သူတွေ ပြည့်ပြည့်ဝဝ လေ့လာခွင့်ရမယ်ဆိုရင် (အဲဒီလိုအခွင့်အရေး ရှိနေလား မသိပါ) လူထုရဲ့ သုံးသပ် အကြံပေးချက်တွေနဲ့ ထည့်ပေါင်းတဲ့အခါမှာ အချိန်ကုန် သက်သာရုံမက ပိုအကျိုးရှိနိုင်မယ်လို့လည်း ထင်ပါတယ်။
Foreign Investment Law အရ နိုင်ငံခြားကုမ္ပဏီတွေ စီးပွားရှာလာကြတဲ့အခါမှာ အလုပ်သမားဥပဒေနဲ့ ထိပ်တိုက်တိုးကြတာ ဓမ္မတာပါပဲ။ ဥပမာ- အနိမ့်ဆုံး လစာငွေကို မဖြစ်မနေ သတ်မှတ်ရဖို့ ရှိနေပြီး ဥပဒေ နှစ်ရပ်စလုံးအတွက်ရော လခစား အလုပ်သမားဝန်ထမ်းတွေအတွက်ပါ မျှတအောင် စီစဉ်ပေးနိုင်ရင် ပြဿနာ ဖြေရှင်းဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။
တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး …
တရားဥပဒေ စိုးမိုးရေးကို နားလည်ဖို့က အရင်ဆုံး လိုအပ်ချက် ဖြစ်ပါလိမ့်မယ်။ တရားဥပဒေ စိုးမိုးရေး (Rule of law) ဟာ ငြိမ်ဝပ်ပိပြားရေး (သို့) အမိန့်ကို တသွေမတိမ်း လိုက်နာရေး (Law and order) နဲ့ ရောထွေးနေတာကို အရင်ခွဲခြား ရှင်းထုတ်ရပါမယ်။ Law and order ဟာ ပြည်သူတွေ လိုက်နာရမယ့်ကိစ္စသာဖြစ်ပြီး ဥပဒေထုတ်သူနဲ့ အဲဒီဥပဒေဘက်တော်သားတွေက သူတို့အတွက်ရှိပြီးသား စည်းကမ်းကလွဲလို့ လိုက်နာစရာ မလိုပါဘူး။ လွန်ခဲ့တဲ့ ၂၃ နှစ်တာကာလရဲ့ ပြည်သူတွေကို ထိန်းချုပ်ပုံမျိုး ဖြစ်ပါတယ်။ နဝတ နဲ့ နအဖ ဆိုတာ တကယ်တော့ နာမည်သာကွဲပေမယ့် ဖိနှိပ်ချုပ်ချယ်ပုံ ဘာမှမကွဲတာကို ကြည့်နိုင်ပါတယ်။
တရားဥပဒေ စိုးမိုးရေး (Rule of law) ကတော့ ဘယ်သူမဆို ရှိသမျှ ဥပဒေတွေကို လိုက်နာရပါတယ်။ တိုင်းပြည်ရဲ့ အမြင့်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေတွေကအစ အနိမ့်ဆုံး ခိုးမှု၊ လိမ်လည်မှု စတဲ့ ဥပဒေတွေအထိ လိုက်နာရပြီး မလိုက်နာသူမှန်သမျှ ကျူးလွန်ဖောက်ဖျက်တာနဲ့အညီ ပြစ်ဒဏ်စီရင်ခံရမှာ ဖြစ်ပါတယ်။
ဒါကြောင့် တရားဥပဒေ စိုးမိုးရေး (Rule of law) ကို သမ္မတကလည်း လိုက်နာရမှာ ဖြစ်သလို ဝန်ကြီးတိုင်းကလည်း လိုက်နာရပါတယ်။ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကလည်း လိုက်နာရသလို တပ်မတော် တခုလုံးကလည်း လိုက်နာရပါတယ်။ ပြည်သူတဦးချင်းကလည်း လိုက်နာရမှာ ဖြစ်ပါတယ်။ ဒီလို လိုက်နာနေခြင်းကိုက ဥပဒေအထက်မှာ ဘယ်သူမှ မရှိတာကို သက်သေပြရာရောက်နေပြီး ဥပဒေဟာ ပြည်သူတွေအပါအဝင် လူတိုင်းလူတိုင်းကို ကာကွယ်ပေးထားတယ် ဆိုတဲ့သဘောလည်း ဖြစ်သွားပါတယ်။ ဒီအတိုင်းပဲ စီးပွားရေးလုပ်တဲ့ ဘယ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ် သူနဲ့ဆိုင်ရာ ဥပဒေတွေကို လိုက်နာလာရဖို့ ရှိပါလိမ့်မယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင်တော့ မီဒီယာတွေကတဆင့် အရင်ဆုံး သိလာကြတဲ့အခါ အင်အားကောင်းတဲ့ ဘက်တွေဆီက (ဥပမာ - လွှတ်တော်ပြင်ပ နိုင်ငံရေး) လိုအပ်သလို ဖိအားပေးလာကြမှာ ဖြစ်ပါတယ်။
မြန်မာနဲ့ တရုတ် ဆက်စပ်မှုအပေါ် ဒီလိုမြင်မိပါတယ် …
အမေရိကန်က ကမ္ဘာ့စစ်အင်အားကြီးဆုံး နိုင်ငံအဖြစ် ရပ်တည်နေသရွေ့ တရုတ်နိုင်ငံအနေနဲ့ ခေတ်သစ်မှာ အခြားနိုင်ငံငယ်လေးတွေကို ကိုလိုနီနိုင်ငံဖြစ်အောင် နယ်ချဲ့ဖို့ မလွယ်ပါဘူး။ ဒီတော့ အင်ပါယာချဲ့ဖို့ အမြဲ ရည်မှန်းချက်ကြီးတဲ့ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုသာမက အခြားနိုင်ငံငယ်လေးတွေ၊ ဆင်းရဲတဲ့နိုင်ငံတွေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို သူ့လက်အောက်ခံအဖြစ် သိမ်းသွင်းဖို့ စီးပွားရေး (သို့) စစ်ရေး (သို့) သံတမန်ရေး (သို့) သုံးမျိုးစလုံးပါဝင်တဲ့ အကူအညီပေးရေး နည်းလမ်းကို သုံးလာတာ တွေ့ရပါတယ်။ တရုတ်ပာာ လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ပေမယ့် လူသိသွားရင် ဗြောင်ကျကျ ရန်စွာစွာလည်း လုပ်တတ်ပါတယ်။ (ဘာကြောင့် အင်ပါယာချဲ့လဲဆိုတော့ ပြိုကွဲသွားမှာ ကြောက်လို့ပါပဲ။)
စီးပွားရေး (သို့) စစ်ရေး (သို့) သံတမန်ရေး (သို့) သုံးမျိုးစလုံး အကူအညီပေးပြီး သိမ်းသွင်းခံရတဲ့ နိုင်ငံ (Client state) တွေဟာ တရုတ်နိုင်ငံကို မှီခိုရဖို့ ဖြစ်လာပါတယ်။ (တရုတ်ပြည် အနောက်နဲ့ အနောက်မြောက်ဘက်က တိဘက်ဒေသနဲ့ Uyghur ဒေသအကြောင်းလည်း ကြားသိကြပြီး ဖြစ်ပါလိမ့်မယ်။) ရည်မှန်းချက် အလွန်အကျွံ ကြီးမားတဲ့ တရုတ်ကို မှီခိုရတဲ့အတွက် တရုတ်ရဲ့ စည်းဝိုင်းထဲက ထွက်ခွာဖို့ ခက်ခဲမယ် ဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဒီကြားထဲမှာ ယဉ်ကျေးမှု လွှမ်းမိုးတာနဲ့ သွေးနှောတာတွေလည်း ထပ်ဆင့် ရှိနေပါသေးတယ်။ ဒါက တရုတ်နဲ့ ပတ်သက်ပြီး ကျနော်တို့ မြန်မာတွေ သိထားသင့်တဲ့ အခြေခံအချက်ပါ။
ဒီလိုအနေအထားမှာ တရုတ်လွှမ်းမိုးမှုအောက်က လွတ်မြောက်ဖို့ တကမ္ဘာလုံးက ကြိုးပမ်းလာကြတာတွေ ရှိပါတယ်။ ဥပမာ - Made in China ထုတ်ကုန်တွေကို မသုံးစွဲဘဲ သပိတ်မှောက်တာတွေ ရှိနေခဲ့ပါတယ်။ အရင်မြန်မာအစိုးရ လက်ထက်မှာ တော်တော်ကို ခြေလွန်လက်လွန် ဖြစ်ခဲ့တာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခုချိန်မှာ ခံစားနေကြရတာ ရှိပါတယ်။ ဒါတွေကို အမြော်အမြင်ရှိရှိ ဖောက်ထွက်ဖို့ ကြိုးပမ်းသူတွေကို ချီးကျူးရပါမယ်။ အားပေးရပါမယ်။ ထင်ရှားတဲ့ ရလဒ်တခုကတော့ ပြည်သူတွေရဲ့ တခဲနက် တောင်းဆိုမှုကြောင့် မြစ်ဆုံဆည် စီမံကိန်းကို သမ္မတ ဦးသိန်းစိန်ရဲ့ သူ့သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားနိုင်တာ ဖြစ်ပါတယ်။
ဒီလိုအနေအထားမှာပဲ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်တာကြောင့် မြန်မာဘက်က ကြိုတင်ကာကွယ်မှုတွေ လုပ်လာကြရတယ်လို့ မြင်မိပါတယ်။ ဒါကတော့ မြန်မာနိုင်ငံပာာ တရုတ်လွှမ်းမိုးမှုကို စိုးရိမ်နေရတဲ့ အခြားနိုင်ငံတွေနဲ့ ပိုမိုစည်းလုံးလာစေဖို့နဲ့ အင်အားကြီး အနောက်နိုင်ငံတွေကို ပြန်လည်ပေါင်းစည်းဖို့ အခြေအနေကို တွန်းပို့လာရတာပါပဲ။ လက်ရှိနဲ့ နောင် မြန်မာအစိုးရ အဆက်ဆက်ကလည်း တရုတ်အရေးနဲ့ ပတ်သက်လာရင် အထူးဂရုစိုက်နေရဖို့ ဖြစ်လာပါပြီ။ တပြည်လုံး ငြိမ်းချမ်း ညီညွတ်နေဖို့ အထူး အရေးတကြီး လိုအပ်နေသလို တရုတ်အလိုကျ မြန်မာနိုင်ငံကို အသားထဲ လောက်ထွက်စေသူတွေလည်း မရှိစေသင့်ပါဘူး။
တရုတ်ပာာ မြန်မာနိုင်ငံကို Client state အဖြစ် ထားရှိလိုတဲ့ ရည်ရွယ်ချက်က သိပ်ရှင်းနေပါတယ်။ ဒါကြောင့် စစ်အာဏာရှင် အုပ်ချုပ်ရေးကနေ အရပ်ဘက် အစိုးရကို ပြောင်းလဲစေတဲ့ကိစ္စမှာ တရုတ်လွှမ်းမိုးမှုကို ရှောင်ထွက်ဖို့ကလည်း အဓိကအချက် တချက်အနေနဲ့ ရှိနေခဲ့လိမ့်မယ်လို့ ထင်ပါတယ်။
တရုတ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အထူးသဖြင့် အနောက်နိုင်ငံတွေက လာရောက် အခြေချတာကို သဘောမကျတဲ့ အရိပ်အရောင် မပြပေမယ့် ဖြစ်နိုင်ရင် မရှိစေချင်ဘူးလို့ ထင်ပါတယ်။ အရိပ်အရောင် မရှိတာက သူကိုယ်တိုင် လုပ်စရာမလိုဘဲ နောက်ကွယ်ကနေ ကြိုးဆွဲပေးနေသလား ဆိုတာကတော့ ကြိုက်သလို တွေးဆယူနိုင်ပါတယ်။
တရုတ်ပာာ မြန်မာ့ စီးပွားရေးဈေးကွက်ကြီးတခုကို လွှမ်းမိုးထားတာဖြစ်လို့ အရည်အချင်း ပြည့်မီတဲ့ အထူးသဖြင့် အနောက်နိုင်ငံက ကုမ္ပဏီတွေနဲ့ ဈေးကွက်ယှဉ်ပြိုင်ရင် တရုတ်ကလည်း သူတို့ရဲ့ ပေါချောင်ပျက်လွယ်တဲ့ ထုတ်ကုန် အရည်အသွေးကို မဖြစ်မနေ မြှင့်တင်ရတော့မှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ လက်ရှိမှာ သူတို့လုပ်နေကျ ခေတ်မမီတော့တဲ့၊ ဈေးကွက်မရနိုင်တော့တဲ့ ပစ္စည်းတွေ၊ အညံ့စားပစ္စည်းတွေကို မြန်မာနိုင်ငံထဲမှာ လာရောက် ရောင်းချပစ်ဖို့ အခက်အခဲလည်း ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ ဥပမာအနေနဲ့ တခုတည်းကို ရွေးထုတ် သုံးသပ်တာဖြစ်ပြီး တကယ်တမ်းဆို ပြောစရာတွေ အများကြီး ရှိနေတာ လူအတော်များများက ခန့်မှန်းမိကြမှာပါ။
လွင်အောင်စိုး
၁၄-၄-၂ဝ၁၂
No comments:
Post a Comment