by Burmese Buddhist Society, BC on Thursday, June 28, 2012 ·
မှတ်ချက်။ ။ လူစတင်ဖြစ်ပေါ်လာပုံကို ဗုဒ္ဓနည်းအရတင်ပြရလျှင် ကမ္ဘာကြီး စတင်ဖြစ်ပေါ်လာပုံနှင့်ဆက်စပ်တင်ပြမှ ပြည့်စုံပါတယ်။ အလျင်းသင့်သလို ကမ္ဘာကြီးဖြစ်ပေါ်လာပုံကိုလည်း တင်ပြပါဦးမည်။
သိပ္ပံပညာရှင်များ( ဒါဝင် ) လေ့လာတွေ့ရှိသော "လူသားအစ မြောက်က" ဆိုသော အရာသည် ပုံပန်းသဏ္ဍန်ကို ဆိုဟန်ရှိသည်။ ဗုဒ္ဓဘာသာ နည်းအရလည်း ကံအကျိုးပေးအရ မြောက်မှလည်း လူဖြစ်လာနိုင်သည် သို့သော် တိုက်ရိုက်မဟုတ်။
ကမ္ဘာကြီး ပျက်ပြီးနောက် ကမ္ဘာသစ်ကြီးလည်း ပြန်လည်ပေါ်ပေါက်လာပြန်ပါတယ်။ ထိုနောက် လူဘုံ၊ နတ်ဘုံ၊ ဗြဟ္မာဘုံတို့လည် တည်မိသောအခါ အထက်ဗြဟ္မာဘုံ၌ရှိသော ဗြဟ္မာတိုတွင် သက်တန်းစေ့၍ဖြစ်စေ၊ ကံကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏။ ထိုစုတေသူတို့တွင် တချို့ အောက်ဗြဟ္မာဘုံမှာ ဖြစ်ကြ၏။ တချို့ကား နတ်ဘုံမှာဖြစ်ကြ၏၊ တချို့ကာ ဤလူဘုံဝယ် လူဖြစ်လာကြလေသည်။
ထိုကဲ့သို့ ဗြဟ္မာဘုံမှစုတေ၍ လူပြည်၌ဖြစ်ကြသော ကမ္ဘာဦးလူတို့၌ မိဘများမရှိကြ။ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူပြည်၌လည်း ကံ၏အစွမ်းကြောင့် လူကိုယ်ကြီး အထင်အရှားဖြစ်လာကြသည်။ ထိုကမ္ဘာဦး လူတို၌ ယောက်ျား၊ မိန်းမဟု ခွဲခြားဖို့ရာ ယောက်ျားအင်္ဂါ ၊ မိန်းမအင်္ဂါများလည်း မပါကြသေးချေ၊။ မည်သည့်အစာ ကိုမျှလည်း မစားသောက်ဘဲ နေနိုင်ကြ၏။ နေ၊လနက္ခတ်တို့လည်း မရှိကြသေး။ မိမိတို့၏ ကိုယ်ရောင် ကိုယ်ဝါဖြင့်သာ ထွန်းလင်းတောက်ပကုန်လျှက် ဗြဟ္မာဖြစ်တုန်းကဲသို့ ကောင်းကင်၌ လှည့်လည် သွားလာနိုင်ကြလေသည်။
ရှေးဦးစွာ စားသောက်ကြ
ကိုယ်ရောင် ကိုယ်ဝါဖြင့် ကောင်းကင်၌ လှည့်၍ နေကြစဉ် မြေအပြင်၌ မလိုင်တက်သလို အလွန်ဝါဝင်းသော မြေဆီများဖြစ်ပေါ်လာ၏။ ထိုမြေဆီကို လက်မငြိမ်သူ တစ်ယောက်က “ အဆင်းကဖြင့် လှပါပေသည် အရသာမှာ ဘယ်လိုနေပါလိမ့်” ဟု လက်ဖြင့်တို့၍ လျက်ကြည့်လေသော် အလွန်ချိုဆိမ့်သော အရသာရှိသော ကြောင့် “ ကောင်းမှန်သိ - သာအိတစိုစို” ဖြစ်နေသည်ကို အခြားလူတို့မြင်လျှင် “အတုမြင် - အတတ်သင်ကာ” လက်ဖြင့် ကော်၍ ကော်၍ လျက်ရာမှ အားမရသဖြင့် ဆုပ်ကာ ဆုပ်ကာ လွေးကြလေ၏။ ထိုအခါ အရသာကို တတ်မက်သော တဏှာ၏ ပူလောက်မှုကြောင့် ကိုယ်ရောင် ကိုယ်ဝါ ကွယ်ပျောက်၍ အမိုက်မှောက်ကြီး ကျရောက် လေတော့သည်။
နေ၊လ ပေါ်ပုံ
ထိုအမှောင်ကြီး ကျရောက်သောအခါ ကမ္ဘာဦးလူတို့ အလွန်ကြောက်ရွံ့ကြလေသော် ထိုသူတို့သည် ကံအားလျော်စွာ ရဲရင့်ခြင်းကိုဖြစ်စေ၍ “သူရိယ” ဟုခေါ်အပ်သော ယူဇနာ ( ၅၀)အဝန်းကျယ်သော နေဗိမာန်ကြီးသည် အရှေ့လောကဓာတ်မှ ထွက်ပေါ်လာ၏။ ထိုနေဝန်ကြီးက နေ့အဖို့ ထွန်းလင်း၍ တောင်စွယ်ကွယ်သွားသောအခါ “အရောင်တစ်ခုပေါ်လျှင် ကောင်းလေစွ”ဟု အလိုဆန္ဒဖြစ်သဖြင့် ဆန္ဒအားလျော်စွာ ၄၉ ယူဇနာ အဝန်းရှိသော လဗိမာန် ပေါ်လာပြန်သည်။ ( ဆန္ဒအတိုင်း ပေါ်ထွက်လာသော ကြောင့် လကို “ဆန္ဒ၊ ဆန္ဒဟု” ဟုခေါ်ကြရာမှ ကလာကြာသဖြင့် “ စန္ဒ၊ စန္ဒ” ဟု အခေါ်တစ်မျိုး ပြောင်းရွေ့လာ သတဲ့။) ထိုနေလတို့ နက္ခတ်များလည်း တပါတည်းပါလာ၏။ ထိုနေ၊လ၊ နက္ခတ်တို့လှည့်လည်သွားလာရာ ပထမဆုံးအခါသည် မဇ္ဈိမဒေသ အခေါ်အားဖြင့် တပေါင်းလကွယ်နေ့ဖြစ်၏။ ထို့ကြောင့် ကမ္ဘာ၏ လဆန်းစအခါသည်။ တခူးလဖြစ်ရကား “ ကမ္ဘာတည်ဦး - တန်ခူးရက်မစုံ” ဟုပြောစမှတ်ပြုကြရသည်။
ထမင်းပေါ်ပေါက်လာပုံ
ထိုကဲ့သို မြေဆီကို စားခဲ့ကြရာမှ ရသတဏှာ ( အကုသိုလ်) အတွက် မြေဆီများ ယုတ်လျော့၍ အလှပ်လှပ် အလွှာလွှာဖြစ်နေသော မြေလွှာများကို စားသောက်ကြ၏ ။ ထိုမြေလွှာများလည်း တဖြည်းဖြည်းလျော့ပါး၍ အစိတ်စိတ် အမွှာအမွှာ နွယ်ချောင်းကလေးများကဲ့သို့ဖြစ်လာ၏။ ထိုမြေနွယ်များကို နွယ်ချိုဟု ခေါ်၏။ ထိုနွယ်များ ကွယ်ပသောအခါ အခွံမပါသော သလေးဆံပေါ်လာ၏။ ထိုဆန်ကို အို၌ထည့်၍ “ ဇောတိပါသာဏ” ခေါ် ကျောက်တုံးပေါ်သို့တင်လိုက်လျှင် မီးအလိုလို တောက်၍ ကျက်ချိန်ရောက် အလိုလို မီးငြိမ်းလေသည်။
ယောက်ျား၊ မိန်းမ စတင်ဖြစ်ပေါ်လာပုံ
မြေဆီ ၊ မြေလွှာ ၊ မြေနွယ်တို့ကို စားသုံးသောအခါဝယ် ခန္ဓာကိုယ်တွင် အဆီအသားများဖြစ်ပြီးနောက် အဖက်၊အကာ အနည်းငယ်သာ ကြွင်းကျန်၏။ ထိုကြွင်းကျန်သော အဖက်အကာလေးများမှာ ဝမ်းမီးလောင်ရုံမျှ ဖြင့် ကုန်းခန်းနိုင်ကြလေသည်။ သလေးထမင်းကို စားသုံးသောအခါကား ဝမ်းမီးလောင်ရုံဖြင့် မကုန်ခမ်းနိုင်ဘဲ အရည်အဖက် ( ကျင်ကြီး ၊ကျင်ငယ်) များစွာကြွင်းကျန်၏။
ကမ္ဘာဦးလူတို့ဖြစ်စက ၊ ကျင်ငယ်လမ်း ၊ ကျင်ကြီးလမ်းများလည်း မပါခဲ့ကြချေ။ ယခုအခါ ခန္ဓာကိုယ်တွင်းမှာရှိသော ဝါယောဓာတ်က ထိုအရည် အဖက်များကို မှုတ်ထုတ်နေလေပြီ။ သို့ဖြစ်၍ ထိုအရည်အဖက်မျာထွက်ဖို့ ကျင်ငယ်လမ်းပေါက် ၊ ကျင်ကြီးလမ်းပေါက်များ ပေါ်ပေါက်လာရလေသည်။ ထိုသို့ ပေါ်ပေါက်လာရာ၌ ဗြဟ္မာပြည်သို့ မရောက်မီက မိန်းမဖြစ်ခဲ့သူမှာ ဣတ္ထိဘာဝရုပ်ပေါ်လာ၍ ယောက်ျားဖြစ်ခဲ့သူများမှာ ပုရိသဘာဝရုပ်ပေါ်လာသတဲ့။
အိမ်ထောင်ကျပုံ
ကိုယ်အင်္ဂါ ပေါ်ပေါက်လာပုံမတူကြသဖြင့် တစ်ယောက်ဥစ္စာကို တစ်ယောက်က တစိမ့်စိမ့်ကြည့်ရှုလျက် စိတ်ကို မချုပ်တည်းနိုင်ဘဲ ကာမကိစ္စမှိဝဲမှုကြောင့် ပညာရှိလူတစ်စုက တားမြစ်၍ မရသဖြင့် ကဲ့ရဲ့ရှုတ်ချ ၊ခဲ တုတ် စသည်ဖြင့် ပစ်ခတ်ကြလေရာ ပုန်းအောင်း ခိုကပ်ဖို့ရာ အိမ်နေရာများကို တည်ဆောက်ကြရလေသည်။
( ကမ္ဘာဦးက ဤအလေ့အထကိုစွဲ၍ ယခုကာလ မင်္ဂလာဆောင်၌ ခဲပေါက်ရိုးပြုကြသည်)
ဤနည်းအားဖြင့် လူများဖြစ်ကြပြီးနောက် ကံအားလျှော်စွာ တိရစ္ဆာန်သတ္တဝါတို့လည်း ပေါ်ပေါက်ကာ ကမ္ဘာသစ်တည်မိလေသည်။
အရှင်ဇနကာဘိဝံသ ( ကိုယ်ကျင့်အဘိဓမ္မာမှ)
No comments:
Post a Comment